ကားလ် ဝုစ်ဟာ ၁၉၆၄ ခုနှစ်မှာ အီလီနွိုင်းပြည်နယ်၊ အာဘားနားမြို့က အီလီနွိုင်းတက္ကသိုလ်ဆီ ရောက်လာခဲ့ပါတယ် — ဇပ်ကာကန်းဒဲလ်တစ်ယောက် ရတ်ဂျားစ်တက္ကသိုလ်မှာ သူ့စာတမ်းကို ဖတ်ကြားတဲ့နှစ်နဲ့ တူတူပါပဲ။ နောက်ပိုင်းမှာ ‘မော်လီကျူးဆိုင်ရာ ဆင့်ကဲဇာစ်မြစ်လေ့လာရေး’ (Molecular phylogenetics) ဖြစ်လာမဲ့ ဒီနယ်ပယ်သစ်ဟာ အဲဒီအချိန်မှာ တခြားနာမည်တွေနဲ့ တစ်စတစ်စ လူသိများလာတယ်။ ခရစ်ခ်က ‘ပရိုတိန်း အမျိုးအစားခွဲခြားခြင်း’ လို့ ခေါ်သလို ပေါလင်းနဲ့ ဇပ်ကာကန်းဒဲလ်တို့ကလဲ ‘ဓာတုဗေဒဆိုင်ရာ မျိုးဗီဇဟောင်းလေ့လာရေး’ လို့ အမည်ပေးထားကြတာ။ ဝုစ်ကတော့ ဒီပညာရပ်ရဲ့ နက်ရှိုင်းကွယ်ရှိုးနေတဲ့ အလားအလာကို တခြားသူအားလုံးထက်ပိုပြီး ထိုးထွင်းသိခဲ့တယ်။ မော်လီကျူးတွေရဲ့ စဉ်တန်းအချက်အလက်တွေကို သုံးပြီး အတိတ်သမိုင်းကို တူးဆွဖော်ထုတ်နိုင်မှန်း သူ ကောင်းကောင်း သဘောပေါက်ခဲ့တာပါ။
ဝုစ်က အဲတုန်းက အသက် ၃၆ နှစ်ပဲ ရှိသေးပေမဲ့ အစကတည်းက တက္ကသိုလ်ရဲ့ အမြဲတမ်းနေရာဆီ ခန့်အပ်ခံရတာမို့ စာတမ်းတွေ ခပ်သွက်သွက်ထုတ်နိုင်ဖို့ထက် အချိန်ပေးရတဲ့၊ စိန်ခေါ်မှုများတဲ့ သုတေသနတွေကို နောက်ကြောင်းအေးအေးနဲ့ စိတ်ကြိုက်လုပ်ခွင့် ရခဲ့တာပေါ့။ အဏုဇီဝဗေဒဌာနမှာ ပါမောက္ခလုပ်နေပေမဲ့ တကယ်တမ်းမှာ ဝုစ်က အဏုဇီဝဗေဒပညာရှင် မဟုတ်ဘဲ ဇီဝရူပဗေဒပညာရှင် (Biophysicist) အဖြစ် လေ့ကျင့်သင်ကြားခဲ့သူ။ ဘက်တီးရီးယားတွေနဲ့ တခြားပိုးမွှားလေးတွေကို အဏုကြည့်မှန်ပြောင်းနဲ့ ထိုင်ကြည့်နေရတဲ့ အလုပ်မျိုးကိုလဲ သူ စိတ်မဝင်စားသလောက်ပဲ။ ဝုစ်က အဲအချိန်မှာ အစပျိုးကာစပဲ ရှိသေးတဲ့ မော်လီကျူး ဇီဝဗေဒ (Molecular biology) ဘက်ကို ပိုပြီး စိတ်အားထက်သန်နေခဲ့တာ။ နည်းစနစ်အသစ်တွေ၊ အခြေခံမူတွေနဲ့ အခုမှ စပြီး ပုံပေါ်စပြုနေတဲ့ စိတ်လှုပ်ရှားစရာ ပညာရပ်နယ်ပယ်အသစ်ဖြစ်လို့ သူကလဲ ဒီထဲ ပါဝင်ချင်နေတာပေါ့။ ဒါပေမဲ့ အဲအချိန်မှာ ‘မော်လီကျူးနာရီ’ ဆိုတာ ဝုစ်ရဲ့ စိတ်ဝင်စားမှု မဟုတ်သေးသလို မော်လီကျူးအဆင့်ထိဆင်းပြီး သက်ရှိသစ်ပင်ဆွဲဖို့ဆိုတာလဲ သူ့အတွေးထဲ မဝင်သေးဘူး။ သူက မျိုးဗီဇကုဒ်ဘက်ကိုပဲ အာရုံစိုက်နေခဲ့တယ် — သူပြောတဲ့ ‘ကုဒ်ဖော်တဲ့ အပိုင်း’ (Crypographic aspect) လို ဘယ်ဘေ့စ်တွေ ပေါင်းစပ်ရင် ဘယ်အမိုင်နိုအက်ဆစ်ထွက်မလဲလောက်ကိုပဲ သူက ကြည့်နေတာ မဟုတ်။ ဝုစ်ဟာ အချိန်ကာလအရရော အနှစ်သာရပိုင်းမှာပါ ဒီ့ထက်ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်ချင်နေခဲ့တာ — ဒီကုဒ်တွေ ဘယ်လိုနည်းနဲ့များ ဆင့်ကဲပြောင်းလဲလာခဲ့သလဲ ဆိုတာကို။
ဖရန်စစ် ခရစ်ခ်နဲ့ တခြားပညာရှင်တွေ (အဲထဲ နယ်ပယ်စုံ နှံ့စပ်တဲ့ ရုရှားရူပဗေဒပညာရှင် ဂျော့ဂျ်ဂါးမိုးလဲ အပါ) ဟာ ဒီမျိုးဗီဇကုဒ်ဖော်တဲ့ကိစ္စကို သီအိုရီဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ်ရော၊ စိတ္တဇဆန်တဲ့ ဉာဏ်စမ်းကစားပွဲတစ်ခုလိုပါ သဘောထားပြီး လေ့လာနေကြတယ်ဆိုတာ ဝုစ် ကောင်းကောင်းသိတယ်။ ခရစ်ခ်ရဲ့ ၁၉၅၈ စာတမ်းနောက်ပိုင်းမှာ အာအန်န်အေဟာ ဒီအန်န်အေဆီက ညွှန်ကြားချက်တွေကို ဆဲလ်တွင်း ပရိုတိန်းထုတ်လုပ်တဲ့ နေရာဆီ သယ်ဆောင်ပေးတဲ့ ‘သံတမန်မော်လီကျူး’ မှန်း သိလာရတဲ့အတွက် ဒီပဟေဠိက လမ်းစနည်းနည်းပွင့်လာပေမဲ့ လုံးဝဥဿုံတော့ အဖြေမထွက်သေးပါဘူး။ ဒါပေမဲ့ အာအန်န်အေ တည်ဆောက်ပုံက အတိအကျ ဘယ်လိုရှိလဲ၊ သူက ဒီအလုပ်ကို ဘယ်လိုလုပ်သလဲ — ဂါးမိုးတို့အုပ်စုအတွက်တော့ ဒါက ဇဝေဇဝါနိုင်သလို တစ်ဖက်မှာလဲ သိပ်အသည်းယားစရာ ဂိမ်းတစ်ပွဲလို ဖြစ်နေခဲ့တယ်။ သူတို့က ကုဒ်ဖော်ဖို့နဲ့ ပရိုတိန်းထုတ်လုပ်မှုတွေအကြောင်း အတွေးအခေါ်တွေ သီးသန့်ဖလှယ်ဖို့တောင် အထက်တန်းလွှာဆန်ဆန် ခပ်နောက်နောက်နိုင်တဲ့ ကလပ်လေးတစ်ခု ဖွဲ့ထားကြသေး။ သက်ရှိဖြစ်တည်မှုအတွက် အခြေခံကျတဲ့ အမိုင်နိုအက်ဆစ် အမျိုး ၂၀ ကို ကိုယ်စားပြုပြီး အသင်းဝင်ကိုတောင် အယောက် ၂၀ ပဲ ကန့်သတ်ထားတာ။ အဲဒီအသင်းနာမည်က ‘RNA နက်ကတိုင်ကလပ်’ (RNA Tie Club) တဲ့။ အာအန်န်အေလို့ နာမည်ပေးထားတာက ဒီမော်လီကျူးဟာ အဲဒီအချိန်ထိ ပဟေဠိဆန်တဲ့ ကြားခံပစ္စည်းလို ဖြစ်နေလို့ရယ်၊ နက်ကတိုင်ကတော့ အိုးစကူး ကလပ်အသင်းတွေမှာ နက်ကတိုင်ဝတ်ပြီး ဂိုဏ်းဂဏဆန်ဆန် သိုင်းဝိုင်းကြတာကို ဟန်တုနောက်ပြောင်ချင်လို့ပါ။ အသင်းဝင်အမှတ်သားအဖြစ် သူတို့မှာ ချည်တံဆိပ်ထိုး နက်ကတိုင်ဆင်တူတွေ ရှိကြသလို အမိုင်နိုအက်ဆစ် တစ်မျိုးစီကို ကိုယ်စားပြုတဲ့ နက်ကတိုင်ကလစ်လေးတွေလဲ ရှိကြတယ်။ အချင်းချင်းလဲ ‘ဆာရင်း’ တို့၊ ‘လိုင်စင်း’ တို့ ‘အာဂျင်းနင်း’ တို့ စသဖြင့် အမိုင်နိုအက်ဆစ် နာမည်တွေနဲ့ နောက်ပြောင်ပြီးလဲ ခေါ်ဝေါ်တတ်ကြသေး — ချစ်စရာလေးပါပဲ။ ဝုစ်ကတော့ အဲဒီအသင်းဝင်ထဲ မပါဘူး။
ဂါးမိုး၊ ခရစ်ခ်နဲ့ တခြားသူတွေရဲ့ အာရုံကို သိပ်ဖမ်းစားနိုင်ခဲ့တဲ့ ကုဒ်ပဟေဠိက ဒါပါပဲ — A, C, G နဲ့ T ဆိုတဲ့ ဒီအန်န်အေရဲ့ အခြေခံအက္ခရာလေးလုံးကို (အဖြတ်တွေ အရပ်တွေ ပါပါ မပါပါ) အနည်းဆုံး သုံးလုံးတွဲစီ ဘယ်လိုပေါင်းစပ်လိုက်ရင် အမိုင်နိုအက်ဆစ် အမျိုး ၂၀ ကို ထုတ်ပေးနိုင်မလဲ ဆိုတာပေါ့။ ဝုစ် ဒီပြဿနာကို တစ်ဦးတည်း အဖြေရှာခဲ့ပါတယ်။ အမေရိကန် အမျိုးသားကျန်းမာရေးအသင်း (NIH) က ဇီဝဓာတုဗေဒပညာရှင်လူငယ် မာရှယ် နီရင်ဘာ့ဂ် (Marshall Nirenberg) ဦးဆောင်တဲ့အဖွဲ့က လက်တွေ့စမ်းသပ်မှုတွေကတစ်ဆင့် RNA နက်ကတိုင်ကလပ်ရဲ့ ဝိုင်းဝန်းသီအိုရီထုတ်နေတာထက် ပိုပြီး ခရီးရောက်နေပြီဆိုတာကို သူ သိတယ်။ ဒါပေမဲ့ ဝုစ်က ဒီ့ထက်ပိုတူးဆွချင်သေးတာ။
“ကျွန်တော် သူတို့အားလုံးနဲ့ မတူခဲ့ဘူး” လို့ ဝုစ်က ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက်မှာ ရေးပါတယ်။ “မျိုးဗီဇကုဒ်တွေရဲ့ သဘာဝကို အဲဒီကုဒ်တွေ ပြန်ဖော်ပေးတဲ့ ယန္တရားရဲ့ သဘောတရားနဲ့ မူလအစပြဿနာကနေ ခွဲခြားစဉ်းစားလို့ မရဘူးလို့ ကျွန်တော် မြင်ခဲ့တာပါပဲ” တဲ့။ ကုဒ်ဖော်တဲ့ ယန္တရားက ဘာလဲ . . . ?။ ဒီအန်န်အေထဲက အချက်အလက်တွေကို တကယ့်ရုပ်ပိုင်းဆိုင်ရာ ပရိုတိန်းတွေအဖြစ် ပြောင်းလဲပေးတဲ့ ဘယ်လိုအင်္ဂါအစိတ်အပိုင်း၊ မော်လီကျူးကိုမဆို ရည်ညွှန်းတာပါ။ အဲဒါရဲ့ မူလအစကရော ဘာလဲ . . . ?။ အဲအချိန်တုန်းက ဒါဟာ ဝုစ်အတွက်တော့ ဇီဝဗေဒနယ်ပယ်မှာ အဓိကဇောင်းပေးရမဲ့ ကိစ္စကြီးတစ်ရပ် ဖြစ်နေခဲ့တာပဲ။ သူက ကုဒ်ဖော်တဲ့ ယန္တရားကြီး ဘယ်လိုအလုပ်လုပ်သလဲကိုတင် သိချင်တာ မဟုတ်၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၄ ဘီလျံလောက်မှာ ဒါတွေ ဘယ်လိုပေါ်ပေါက်ခဲ့သလဲဆိုတာကိုပါ နားလည်ချင်နေတာ။ ဒီအန်န်အေထဲက အချက်အလက်တွေကို လက်တွေ့ရုပ်လုံးသွင်းနိုင်မဲ့ ဘာသာပြန်စနစ်တစ်ရပ်သာ ရှိမနေရင် သက်ရှိတွေဟာ အရိုးရှင်းဆုံး ရှေးဦးပုံစံတွေကနေ ကျော်လွန်တိုးတက်လာနိုင်မှာ မဟုတ်မှန်း ဝုစ်က တခြားသူတွေထက် ခေါင်းတစ်လုံးကျော်မြင်ခဲ့တယ်။
“ကျွန်တော် ဒီလူတွေအကုန်လုံးနဲ့ မတူသွားတဲ့ အချက်က” ဆိုတဲ့ စကားထက် ဝုစ်စရိုက်ကို ထင်ဟပ်ပေါ်လွင်စေတာမျိုး မရှိလောက်ဘူး — ခေါင်းမာဂွကျပြီး သိပ္ပံနယ်ပယ်ရဲ့ အပြင်လူလို ခံယူထားသူ ဝုစ်ဟာ ပင်ကိုဗီဇကိုက တစ်ယောက်တည်း နေတတ်သူ ဖြစ်ပြီး သူများမလျှောက်တဲ့လမ်းကို ရွေးချင်သူပါ။ ဟိုအထက်တန်းလွှာကလပ်ထဲ သူမပါသလို အာအန်န်အေ နက်ကတိုင်လဲ သူ့ဆီ မရှိ။ သူက Nature ဂျာနယ်မှာ မျိုးဗီဇကုဒ်နဲ့ ပတ်သက်တဲ့ စာတမ်းတချို့နဲ့ Science ဂျာနယ်မှာ မှတ်ချက်တွေ ရေးခဲ့ဖူးပြီး ဒါတွေကိုလဲ ဘယ်သူနဲ့မှ တွဲမလုပ်၊ သူ့နာမည်နဲ့ပဲ ရေးခဲ့တာပါ။ အဲဒီထဲ ဝုစ်တစ်ယောက် အကြံပြုချက်အသစ်တွေ ပေးတတ်သလို တခြားသူတွေ လုပ်သမျှကိုလဲ ဝေဖန်ဆန်းစစ်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်ရောက်တော့ သူက သူ့ရဲ့ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ အမြင်အလုံးစုံကို The Genetic Code အမည်ရ စာအုပ်နဲ့ တင်ပြခဲ့တယ်။ ဒီစာအုပ်ဟာ အမြော်အမြင်ရှိပြီး ရည်မှန်းချက်ကြီးသလို ယုတ္တိလဲ အားကောင်းခဲ့တယ်၊ သို့သော် အများစုက မှားနေခဲ့တာ။ ဒါပေမဲ့ သိပ္ပံမှာ ‘မှားနေတာ’ က ‘အသုံးမကျတာ’ မဟုတ်ဘူး။ မျိုးဗီဇကုဒ်ရဲ့ မူလအစကို စိတ်ကူးပုံဖော်ကြည့်ဖို့ ကြိုးစားရင်းနဲ့ ဝုစ်လဲ နောက်ဆုံးကျ မတတ်သာတော့ဘဲ သက်ရှိသစ်ပင်ဆီပဲ စိတ်မပါလက်မပါနဲ့ ရောက်သွားရရှာပါတယ်။
သက်ရှိဖြစ်တည်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ဒီအန်န်အေကနေ ပရိုတိန်းဆီ ပြောင်းလဲတဲ့ စနစ် (Translation system) ကို နားလည်ဖို့က အားလုံးခြုံငုံတဲ့ အခြေပြဇယားတစ်ရပ် ရှိမှ ရမယ်မှန်း ကားလ်ဝုစ် သဘောပေါက်လာခဲ့တယ်။ သက်ရှိတွေရဲ့ နက်နဲတဲ့ ဖြစ်တည်မှုကို နားလည်ဖို့ဆိုရင် သူတို့ရဲ့ ရှည်လျားလျား သမိုင်းကြောင်းကိုပါ သိဖို့ လာတာကိုး။ ဒီအချက်ကို အပင်မျိုးဗီဇပညာရှင်ကနေ ဇီဝသမိုင်းသမားဖြစ်လာသူ ဝုစ်မိတ်ဆွေ ဂျန်ဆပ် (Jan Sapp) က “သက်ရှိအားလုံးပါတဲ့ သစ်ပင်ကြီးကသာ သူတို့ရဲ့ တည်ရှိမှု လျှို့ဝှက်ချက်ကို ဖော်ထုတ်ပေးနိုင်လိမ့်မယ်” လို့ သေသေသပ်သပ် မှတ်ချက်ပြုခဲ့ဖူးပါတယ်။ သမိုင်းနဲ့ ဇီဝဗေဒက အပြန်အလှန် ပုံဖော်ခြယ်မှုန်းနေကြတာပါပဲ။ တကယ်တော့ ဆင့်ကဲဇီဝဗေဒကိုက သမိုင်းတစ်ရပ်ကိုး။ ဒါပေမဲ့ ဒီနေရာမှာ ပြဿနာ ရှိနေတယ် — ဘက်တီးရီးယားနဲ့ တခြားဆဲလ်တစ်လုံးသက်ရှိတွေလို အဏုဇီဝပိုးမွှားတွေအတွက် ဆင့်ကဲဖြစ်စဉ်ပြ သစ်ပင်ဆိုတာ အဲဒီအချိန်ထိ ရှိမနေသေးတာပဲ။ အဲတုန်းက သိထားတဲ့ သစ်ပင်တွေမှာ ဒီလို အဏုဇီဝသက်ရှိတွေရဲ့ စုံလင်ကွဲပြားမှုကို အားရကျေနပ်လောက်စရာ ထည့်သွင်းပုံဖော်ထားနိုင်တာမျိုး မရှိခဲ့ဘူး။ တိရစ္ဆာန်တွေကိုတော့ လင်းနီးယပ်နဲ့ ဒါဝင်တို့ လုပ်ခဲ့သလို သူတို့ရဲ့ အပြင်ပန်းသဏ္ဌာန်နဲ့ အမူအကျင့်ကို ကြည့်ပြီး မျိုးစိတ်တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်လို့ ရတယ်၊ အပင်တွေနဲ့ မှိုတွေလဲ ထိုနည်းလည်းကောင်းပဲ — အပြင်ပန်းမြင်ရတဲ့ အထောက်အထားတွေပေါ် အခြေခံပြီး သူတို့ကြားက ဆက်နွယ်မှုကို သစ်ပင်ပုံစံနဲ့ ဖော်ပြလို့ ရတာပေါ့။ ဒါပေမဲ့ အဏုဇီဝပိုးမွှားတွေအတွက်တော့ ဒါက လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပဲ။ အကြောင်းက အင်အားကောင်းလှတဲ့ အဏုကြည့်မှန်ပြောင်းနဲ့ ကြည့်ရင်တောင် သူတို့အချင်းချင်းက သိပ်ကို ဆင်တူနေကြပါတယ်။
ဘက်တီးရီးယားတွေမှာ အခြေခံအားဖြင့်က အချောင်းပုံ၊ အလုံးပုံ၊ အမျှင်ပုံနဲ့ ခရုတ်ပတ်ပုံလို သဏ္ဌာန်နည်းနည်းပဲ ရှိတာပါ။ ဒီပုံစံတွေကို ကြည့်ပြီးတော့ပဲ ဘက်တီးရီးယားအုပ်စုကြီးတွေကို (စိတ်ချရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ) ခွဲခြားသတ်မှတ်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ပိုအနုစိတ်တဲ့ ‘မျိုးစိတ်’ အဆင့် ရောက်လာချိန်မှာတော့ သူတို့ကြားက ဆင့်ကဲဖြစ်စဉ် ဆက်စပ်မှုကို သဘာဝကျကျ ခွဲခြားပြဖို့ရာ အတော်ခက်ခဲသွားပါပြီ။ မဖြစ်နိုင်ဘူးလို့တောင် ဆိုနိုင်တယ်။ ပညာရှင်တချို့ဆိုရင် နောက်ဆုံး လက်လျှော့လိုက်ကြတဲ့အထိပဲ။ သူတို့ရဲ့ အပြင်ပန်းပုံစံ၊ အမူအကျင့်ကို ကြည့်ပြီးတော့လဲ ခွဲခြားလို့ မရဘူး။ ဇီဝကမ္မဗေဒဆိုင်ရာ လက္ခဏာရပ်တွေ (အဏုဇီဝသက်ရှိတွေမှာတော့ ဒါက သူတို့ အမူအကျင့်လို့တောင် ပြောနိုင်တယ်) ကို ကြည့်ပြီးတော့လဲ မဖြစ်နိုင်ပြန်။ ပြောရရင် တစ်ယောက်ယောက်က လမ်းသစ်တစ်ခု မဖောက်မချင်းတော့ ဒါဟာ လုံးဝမဖြစ်နိုင်ခဲ့တဲ့ ကိစ္စကြီးပဲ။ စ
“ကျွန်တော့်ရဲ့ သုတေသနလမ်းကြောင်းကို နည်းနည်းလေး ခွဲထွက်ဖို့ လိုလိမ့်မယ်” လို့ ဝုစ်က နောက်ပိုင်း ပြန်ပြောင်းပြောပြခဲ့ပါတယ် — ကိုယ့်ဘာသာကိုယ် အားမလို အားမရနဲ့ ရယ်ကျဲကျဲပြောလိုက်တဲ့ စကားပေါ့။ အကြောင်းက အဲဒီ ‘နည်းနည်းလေး ခွဲထွက်လိုက်တဲ့ လမ်းကြောင်း’ ဟာ နောက်ထပ်ဆယ်စုနှစ် နှစ်ခုစာ ထပ်ကြာသွားခဲ့လို့ပါ။
အခန်း ၂၊ အပိုင်း ၃
ပြီးပါပြီ