အင်မတန် မြင့်မားတဲ့ အပင်ကြီးတွေက စလို့ ကမ္ဘာ့အတော်ဆုံး လူသားတွေ၊ အဆိပ်အရှိဆုံး မှိုတွေ၊ အသေးငယ်ဆုံး ဘက်တီးရီးယားတွေအထိ စကြ၀ဠာကြီးထဲက သက်ရှိအပါအဝင် အရာ၀တ္ထုအားလုံးကို ဆဲလ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ဆဲလ်တစ်လုံး သက်ရှိအဆင့်ကနေ ဆင့်ကဲပြောင်းလဲလာခဲ့လိုက်တာ အခုဆိုရင် ဆဲလ်တွေ အများကြီးနဲ့ ဖွဲ့စည်းထားတဲ့ လူသားတွေ၊ သက်ရှိမျိုးစိတ်တွေအဖြစ် တဖြည်းဖြည်းဆင့်ကဲပြီး ပေါက်ဖွားလာကြပါပြီ။ ဒီသက်ရှိတွေဟာ မျိုးစိတ်တူပေမဲ့ ပုံပန်းသဏ္ဌာန်နဲ့ သွင်ပြင်လက္ခဏာတော့ မတူကြဘူး။ ဒါပေမဲ့ သက်ရှိတွေအားလုံးမှာ အခြေခံအကျဆုံး တူညီချက်တစ်ချက်တော့ ရှိပါတယ်။ အဲဒါကတော့ ‘ကမ္ဘာပေါ်က သက်ရှိတွေအားလုံးဟာ ကာဗွန်ကို အခြေပြုပြီး ဖြစ်တည်ကြရတယ်’ ဆိုတာပါပဲ။
တကယ်တော့ ကမ္ဘာပေါ်က သက်ရှိမျိုးစိတ်တွေမှာ အခြားတူညီချက်တွေလဲ ရှိနေပါသေးတယ်။ သက်ရှိတွေဟာ ကာဗွန်ကနေ အခြေပြုပြီး ဖြစ်တည်တယ် ဆိုတာ အဲဒီတူညီချက်တွေထဲက တစ်ခုပဲပေါ့။ အခု စာဖတ်နေသူကိုယ်တိုင်၊၊ ဒါမှမဟုတ် စာဖတ်သူ မျက်တစ်ခတ် ငဲ့ကြည့်လို့ တွေ့လိုက်ရတဲ့ သက်ရှိမှန်သမျှက ကာဗွန်အခြေပြုသက်ရှိတွေချည်းပါ။ ဒါဆိုရင် –
– သက်ရှိတွေက ဘာဖြစ်လို့ ကာဗွန်ကိုမှ အခြေပြုတာလဲ . . . ?
– သက်ရှိတွေရဲ့ ဖြစ်တည်မှုက အခြားဒြပ်စင် (ဥပမာ – အောက်ဆီဂျင်၊ နိုက်ထရိုဂျင်) တွေ ရှိနေရက်နဲ့ ဘာလို့များ ကာဗွန်အပေါ်ကိုမှ မှီခိုနေကြတာလဲ. . .?
– ကာဗွန်ကရော သက်ရှိဖြစ်တည်မှုတွေအတွက် ဘယ်လောက်တောင် အရေးပါနေလဲ. . .?
စတာတွေကို သိရဖို Fact Hub နဲ့အတူ ဆဲလ်တွေ၊ အက်တမ်တွေနဲ့ ဒြပ်စင်တွေရဲ့ သေးငယ်တဲ့ ကမ္ဘာလေးထဲကို အလည်အပတ် ခရီးထွက်လိုက်ရအောင် . . . ။
ပထမဆုံးအနေနဲ့ ကာဗွန်က သက်ရှိဖြစ်တည်မှုအတွက် ဘယ်လောက်အရေးပါလဲ ဆန်းစစ်ကြည့်ကြမယ် . . . ။
လူသားတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အတော်များများမှာ ရေ ပါ၀င်တယ်ဆိုတာ သိပြီးကြမှာပါ။ လူ့ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကို ရေတွေ ပါ၀င်ဖွဲ့စည်းထားပြီး အခြားအစိတ်အပိုင်းတွေကိုတော့ ကာဗွန်နဲ့ ဖွဲ့စည်ထားတယ်လို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုရင် လူသားတွေအပါအ၀င် သက်ရှိတိုင်းက မက်ခရိုမော်လီကျူး (ဇီ၀မော်လီကျူး)၊ ဒါမှမဟုတ် အော်ဂဲနစ်ဒြပ်ပေါင်းတွေနဲ့ ဖွဲ့စည်းထားလို့ပါပဲ။ အော်ဂဲနစ်ဒြပ်ပေါင်း၊ ဒါမှမဟုတ် မက်ခရိုမော်လီကျူးတိုင်းမှာ ကာဗွန် ပါ၀င်ပြီး သူ့ရဲ့ ဖွဲ့စည်းပုံတိုင်းမှာလဲ ကာဗွန်က အခြေခံဒြပ်စင်အဖြစ် ထပ်ပြီး ပါ၀င်နေပါသေးတယ်။ ဒါကြောင့်ပဲ မက်ခရိုမော်လီကျူး (ဇီ၀မော်လီကျူး) တွေနဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိတွေရဲ့ ဖြစ်တည်မှုအတွက် ကာဗွန်က အရေးပါလာရတာပေါ့။
ဒါဆို မက်ခရိုမော်လီကျူးဆိုတာ ဘာတွေလဲ . . . ?
သူတို့ဆီမှာ ကာဗွန်က ဘယ်လိုများ ပါ၀င်ပတ်သက်နေတာလဲ . . . ?
မက်ခရိုမော်လီကျူးတွေက နေ့စဉ်စားနေကျ အစားအစာတွေထဲမှာတောင် ပါ၀င်ပါတယ်။ ခဏလောက် အချိန်ပေးပြီး စာဖတ်သူရဲ့ အကြိုက်ဆုံးအစားအစာကို တွေးကြည့်လိုက်ပါ။ ပီဇာလား၊ ကြက်ကြော်လား၊ မုန့်ဟင်းခါးလား၊ ဒါမှမဟုတ် လက်ဖက်သုပ်လား။ အားလုံးမှာ မက်ခရိုမော်လီကျူးနဲ့ အော်ဂဲနစ်ဒြပ်ပေါင်းတွေ ပါ၀င်နေပါတယ်။ သက်ရှိတွေအတွက် မဖြစ်မနေ အရေးပါတဲ့ အဲဒီ မက်ခရိုမော်လီကျူးတွေကို –
၁။ ကာဗိုဟိုက်ဒရိတ် (Carbohydrate)
၂။ အဆီ (Lipid or fat)
၃။ ပရိုတိန်း (Protein)
၄။ Nucleic acid
ဆိုပြီး အုပ်စု ၄ စု ခွဲနိုင်ပါတယ်။
၁။ ကာဗိုဟိုက်ဒရိတ်
ကာဗိုဟိုက်ဒရိတ် ဆိုတာကို ဝိတ်ချနေသူတွေ ပြောလေ့ရှိတာ ကြားဖူးကြမှာပါ။ သူ့ကို မကြာခဏ စားနေတဲ့ ပေါင်မုန့်တွေ၊ အသီးအရွက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့နိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်မှာ ကာဗွန်၊ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်တို့ ပါ၀င်ပြီး အများအားဖြင့် ၁ : ၂ : ၁ အချိုးအတိုင်း မော်လီကျူးတွေကို ဖွဲ့စည်းလေ့ရှိပြီး သူ့ကို monosaccharide လို့ ခေါ်တဲ့ သကြားမော်လီကျူးလေးတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဥပမာဆိုရရင် ကာဗွန်အခြေပြုဖွဲ့ထားတဲ့ ဂလူးကို့စ် (C6H12O6) က ဆဲလ်အတွက် စွမ်းအင် (ATP) ကို ထုတ်ပေးပြီး အပင်တွေ၊ မှိုတွေရဲ့ ဆဲလ်နံရံ တည်ဆောက်ရာမှာ ကူညီပေးပါတယ်။ (လူတွေမှာ ဆဲလ်နံရံ မရှိပါဘူး။) ဒါ့အပြင် ကာဗိုဟိုက်ဒရိတ်ဟာ သက်ရှိတွေအတွက် စွမ်းအင်ရင်းမြစ်တစ်ခု ဖြစ်နေပြီး မာရသွန်အပြေးပြိုင်သူတွေဆိုရင် ပြိုင်ပွဲမတိုင်မီ ညမှာ ကာဗိုဟိုက်ဒရိတ် ပါတဲ့ အစားအစာတွေကို စားလေ့ရှိကြပါသေးတယ်။ ဒါကိုတော့ Pasta loading လို့ ခေါ်ပါတယ်။
၂။ အဆီ
အဆီမော်လီကျူးတွေကို ပုံစံမျိုးစုံနဲ့ တွေ့နိုင်ပြီး အများစုမှာ ကာဗွန်၊ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်တို့ ပါ၀င်ပေမဲ့ အချို့မှာတော့ နိုက်ထရိုဂျင်နဲ့ ဖော့စ်ဖိတ်တွေကိုပဲ တွေ့ရပါတယ်။ အများစုကို Fatty acids နဲ့ Glycerol တွေ ပါဝင်ဖွဲ့စည်းထားတာပါ။ အဆီတွေက ခန္ဓာကိုယ်ကာကွယ်မှုအတွက် အရေးပါသလို သက်ရှိတွေရဲ့ ဆဲလ်တွင်းအမြှေးပါးမှာလဲ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါ၀င်နေပါသေးတယ်။ အဆီမော်လီကျုးတွေက သက်ရှိတွေအတွက်တော့ ရေရှည်စွမ်းအင်အရင်းအမြစ်လဲ ဖြစ်နေပြန်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ကလဲ စွမ်းအင်အရင်းအမြစ် ဖြစ်နေပေမဲ့ ကုန်ခမ်းလွယ်တာမို့ အဆီလိုမျိုး ရေရှည်စွမ်းအင်အရင်းအမြစ်ကို သက်ရှိတိုင်း လိုအပ်နေတာပေါ့။
၃။ ပရိုတိန်း
ကြွက်သားတွေအတွက် အရေးပါတဲ့ ပရိုတိန်းမှာတော့ ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင်တို့ ပါ၀င်လေ့ ရှိပါတယ်။ အချို့မှာတော့ ဖော့စဖိတ်၊ ဆာလဖာ၊ အိုင်းရွန်း၊ ဇင့်နဲ့ မက်ဂနီဆီယမ်တို့လို ဒြပ်စင်တွေကို တွေ့ရတတ်ပါတယ်။ ပရိုတိန်းကို အမီနိုအက်ဆစ်တွေနဲ့ ဖွဲ့စည်းထားပြီး သူကလဲ ကာဗွန်အခြေပြု မော်လီကျူးတစ်မျိုးပါပဲ။ သူ့ကို ပဲအမျိုးမျိုး၊ ဥအမျိုးမျိူးနဲ့ အသားတွေမှာ ပေါပေါကြွယ်ကြွယ် တွေ့ရလေ့ရှိပါတယ်။ ခန္ဓာကိုယ်ခုခံမှုစနစ်၊ ဆံပင်၊ ကြွက်သားတစ်ရှူးနဲ့ ဇီ၀ရုပ်ဖြစ်စဉ်တွေမှာ အဓိကဇာတ်လိုက်ဖြစ်တဲ့ အန်ဇိုင်းကို ပရိုတိန်းတွေနဲ့ ပြုလုပ်ထားတာမို့ သက်ရှိတွေအတွက် မရှိမဖြစ်မော်လီကျူး ဖြစ်နေတာပါ။
၄။ Nucleic acid
ဒီမက်ခရိုမော်လီကျူးမှာ အဓိကအားဖြင့် မျိုးရိုးဗီဇတွေကို ထိန်းချုပ်တဲ့ DNA နဲ့ RNA တို့ ပါ၀င်ပါတယ်။ DNA က double helix လို့ ခေါ်တဲ့ ကြောင်လိမ်လှေကားပုံ နှစ်ပင်လိမ်သဏ္ဌာန်ရှိပြီး RNA ကတော့ single strand တစ်ပင်လိမ်သဏ္ဌာန်နဲ့ ရိုးရိုးရှင်းရှင်းပါပဲ။ သူတို့ကို နျူကလီယိုတိုက်ဆိုတဲ့ အလုံးလေးတွေနဲ့ စီတန်းဖွဲ့စည်းထားပြီး အဲဒီအလုံးလေးတွေထဲမှာ ဒီအောက်စီရိုင်ဗို့စ် (deoxyribose) ဆိုတဲ့ ကာဗွန်အက်တမ် ၅ လုံးပါ သကြားမော်လီကျူး၊ ဖော့စဖိတ်နဲ့ နိုက်ထရိုဂျင်ဘေ့စ် အတွဲလေးတွေနဲ့ ဖွဲ့စည်းထားတာပါ။
ဒါဆိုရင် အပေါ်မှာ ပြောပြခဲ့တဲ့ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ ပရိုတိန်းနဲ့ Nucleic acid တွေက သက်ရှိတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ မက်ခရိုမော်လီကျူး (ဇီ၀မော်လီကျူး) လေးတွေ ဖြစ်ကြောင်း သိပြီးကြရောပေါ့။ သူတို့အားလုံးရဲ့ ဖွဲ့စည်းမှုကို ကာဗွန်က အခြေပြုတည်ရှိပြီး မပါမဖြစ် ပါဝင်နေတဲ့ ဒြပ်စင်လဲ ဖြစ်တာကြောင့် သက်ရှိအားလုံးက ကာဗွန်အခြေပြု ဖွဲ့စည်းထားသလို ဖြစ်နေတာပါ။ ဒါပေမဲ့ ဘာလို့ ဒီမော်လီကျူးတွေက ကာဗွန်ဒြပ်စင်ကနေ အခြေပြုနေရတာလဲ၊ ကာဗွန်ဒြပ်စင်ကရော ဘာတွေများ ထူးခြားနေလဲ ဆက်ပြီး လေ့လာကြည့်ရအောင် . . . ။
ကာဗွန်က အောက်ဆီဂျင်လိုမျိုး ကမ္ဘာပေါ်မှာ အပေါများဆုံး ဒြပ်စပ်တစ်ခု မဟုတ်ပါဘူး။ ဟီလီယမ်လောက်လဲ တည်ငြိမ်မှု မရှိပါဘူး။ ဒါဆို ဘာကြောင့် သက်ရှိတွေရဲ့ အခြေခံဒြပ်စင် ဖြစ်နေရတာလဲ လေ့လာကြည့်တဲ့အခါမှာတော့ –
– ရှုပ်ထွေးတဲ့ မော်လီကျူးတွေကို ဖွဲ့စည်းနိုင်မှု (Complexity)
– ပေါများမှု (Abundance)
– သူ မတူတဲ့ တည်ငြိမ်မှု (Stability)
ဆိုတဲ့ အချက်တွေကြောင့် ဆိုတာကို တွေ့ရှိရပါတယ်။
ပထမအချက် – ရှုပ်ထွေးတဲ့ မော်လီကျူးတွေကို ဖွဲ့စည်းနိုင်မှု
သက်ရှိတွေ ဆင့်ကဲပြီး ပြောင်းလဲလာတာနဲ့အမျှ များပြားတဲ့ ဆဲလ်တွေ၊ ရှုပ်ထွေးတဲ့ မော်လီကျူးတွေနဲ့ အသက်ရှူတာ၊ အညစ်အကြေးစွန့်တာ၊ အစာချေတာနဲ့ မျိုးပွားတာတို့လို ဇီ၀ရုပ်ဖြစ်ပျက်မှုတွေအတွက် ရှုပ်ထွေးများပြားတဲ့ ဖွဲ့စည်းမှုတွေ လိုအပ်လာပါတယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက အမီးဘားလို သက်ရှိလေးတွေထက် လက်ရှိတိရစ္ဆာန်တွေမှာ ပိုရှုပ်ထွေးတဲ့ မော်လီကျူးတွေ ဖွဲ့စည်းပါ၀င်ပါတယ်။ ဒါကြောင့်ပဲ ကာဗွန်က သက်ရှိဖြစ်တည်မှုတွေအတွက် အသင့်တော်ဆုံး ဖြစ်လာတာပေါ့။
ဒြပ်စင်အက်တမ်တွေဟာ သူတို့ တည်ငြိမ်မှုရှိဖို့အတွက် အခြားအက်တမ်တွေနဲ့ အပြင်ဘက်ဆုံးပတ်လမ်းမှာ ရှိတဲ့ အီလတ်ထရွန်တွေကို မျှဝေသုံးစွဲတာဖြစ်ဖြစ်၊ ပေးကမ်းရယူတာဖြစ်ဖြစ် လုပ်ဆောင်ကြပြီး မော်လီကျူးတွေ ဖွဲ့စည်းကြပါတယ်။ ဖွဲ့စည်းပုံအရ အက်တမ်ရဲ့ အပြင်ဘက်ဆုံးပတ်လမ်းမှာ အီလတ်ထရွန် ၂ လုံး (သို့) ၈ လုံး ပြည့်ရင် တည်ငြိမ်သွားပြီလို့ ဆိုရမှာပါ။ ဒြပ်စင်အလှည့်ကျဇယား (periodic table) မှာဆိုရင် ညာဘက်အစွန်ဆုံး ဒေါင်လိုက်အတန်းက Noble gas လို့ ခေါ်တဲ့ ဒြပ်စင်တွေက အပြင်ဘက်ဆုံး ပတ်လမ်းမှာ အီလတ်ထရွန်တွေ ပြည့်နေပြီးသားမို့ မျှဝေတာ၊ ဆုံးရှုံးတာ၊ ရယူတာ မရှိတော့လို့ မော်လီကျူး ဖွဲ့စည်းဖို့ ခဲယဉ်းပါတယ်။ ဒါပေမဲ့ အခြားအက်တမ်တွေကတော့ သူတို့ရဲ့ ပုံစံအလိုက် အီလတ်ထရွန်မျှဝေမှုတွေ လုပ်ကြပါတယ်။ ဒီထဲကမှ အလှည့်ကျဇယားရဲ့ Group 4 မှာ ပါ၀င်တဲ့ ဒြပ်စင်တွေကတော့ အများဆုံးပမာဏအနေနဲ့ အီလတ်ထရွန် ၄ လုံးလောက် မျှဝေသုံးစွဲတာတွေ ပြုလုပ်ကြပါတယ်။ ဂရုရဲ့ ထိပ်ဆုံးမှာ ရှိတာကတော့ ကာဗွန်အက်တမ်ပေါ့။ ကာဗွန်အက်တမ်မှာ အီလတ်ထရွန် ၆ လုံး ရှိပြီး အပြင်ဘက်ဆုံး ပတ်လမ်းမှာ ၄ လုံး ရှိတာကြောင့် အခြားကာဗွန်အက်တမ်တွေ အပါအ၀င် မတူညီတဲ့ အခြားအက်တမ်တွေနဲ့ပါ ဓာတ်စည်း (chemical bond) တွေကို ပြုလုပ်နိုင်ပါတယ်။
ကာဗွန်ကို စာသင်ခန်းထဲက ဆိုရှယ်ကျတဲ့ အရပ်ပုပုကောင်လေး တစ်ယောက်အဖြစ် မြင်ကြည့်ပါ။ သူက တစ်တန်းလုံးနဲ့ ချောချောမွေ့မွေ့ ပေါင်းသင်းဆက်ဆံနိုင်သလို လွယ်လွယ်ကူကူပဲ သူငယ်ချင်းဖွဲ့နိုင်ပါတယ်။ ကာဗွန်ကလဲ ဒီလိုပါပဲ။ သူ့ရဲ့ ဖွဲ့စည်းပုံနဲ့ သေးငယ်တဲ့ အရွယ်အစားကြောင့် အခြားအက်တမ်တွေနဲ့ လွယ်လင့်တကူ ပေါင်းစည်းနိုင်ပြီး သက်ရှိတွေအတွက် လိုအပ်တဲ့ မော်လီကျူးတွေ (ဥပမာ – ဂလူးကို့စ်) ကို ဖွဲ့စည်းနိုင်လာပါတယ်။ အနီးစပ်ဆုံး အောက်ဆီဂျင်ကို ကြည့်မယ်ဆိုရင်တောင် အများဆုံး နှစ်ထပ်စည်း (double bond) ပဲ လုပ်ဆောင်နိုင်တာကြောင့် ရှုပ်ထွေးတဲ့ မော်လီကျူးတွေကို မတည်ဆောက်နိုင်ပါဘူး။ ဥပမာဆိုရရင် Lego ရုပ်လေးတစ်ရုပ်ကို နှစ်ဖက်ပဲ ဆက်လို့ ရတာထက် လေးဖက်ဆက်လို့ ရတာက အသုံး၀င်မှု ပိုဖြစ်စေပြီး ကြီးမားတဲ့ အဆောက်အအုံတွေ ဆောက်ဖို့ လွယ်ကူမယ် ဆိုတဲ့ သဘောပေါ့။
ကာဗွန်အခြေပြု မော်လီကျူးတွေဟာ တည်ငြိမ်တဲ့ ပေါ်လီမာကွင်းဆက်တွေကိုလဲ ဖန်တီးနိုင်ပါတယ် (ဥပမာ – DNA ဆီကို သတင်းအချက်အလက်တွေ သယ်ပေးတဲ့ ပေါ်လီမာကွင်းဆက်တွေလိုမျိုး) ။ ဒါ့အပြင် DNA မှာ ပါတဲ့ နျူကလီယိုတိုက်တွေက ရှုပ်ထွေးပေမဲ့ ကာဗွန်အက်တမ်ဟာ သူ့ရဲ့ ဖွဲ့စည်းပုံကြောင့်ပဲ ရှုပ်ထွေးတာတွေကို လုပ်ဆောင်နိုင်ပြီး အဓိကမဏ္ဍိုင်အဖြစ် တည်ရှိနေတာပါ။ ကာဗွန်ဟာ catenation လို့ ခေါ်တဲ့ ကာဗွန်အက်တမ်ချင်း ဖက်စပ်စည်း (covalent bond) တွေကို ပြုလုပ်နိုင်သလို တစ်ထပ်စည်း (single bond)၊ နှစ်ထပ်စည်း (double bond)၊ သုံးထပ်စည်း (triple bond) တွေ အနေနဲ့လဲ တွေ့ရလေ့ရှိပြီး အခြားရှုပ်ထွေးတဲ့ ring ပုံ ဖွဲ့စည်းမှုတွေအထိပါ ပြုလုပ်နိုင်ပါတယ်။
ဒုတိယအချက် – ပေါများမှု
ကာဗွန်က အပြင်ဘက်ဆုံး ပတ်လမ်းမှာ အီလတ်ထရွန် ၄ လုံး ရှိတာကြောင့် ဖက်စပ်စည်း (covalent bond) ၄ ခုလောက် လုပ်နိုင်တယ်ဆိုတာ သိခဲ့ပြီးပါပြီ။ ဒါဆိုရင် သူရဲ့ ဘယ်ဘက်က ဖက်စပ်စည်း ၃ ခုလောက် ဖွဲ့နိုင်တဲ့ ဒြပ်စင် ဘိုရွန်ကရော. . .? သူလဲ ဖက်စပ်စည်း သုံးခုနဲ့ ရှုပ်ထွေးတဲ့ မော်လီကျူးတွေ ဖွဲ့နိုင်တယ် မဟုတ်လား ဆိုပြီး မေးစရာရှိလာပါတယ်။ ဒါကပဲ ဒုတိယအချက် စတင်လေ့လာဖို့ ဖြစ်လာတာ။ အဖြေကတော့ ဘိုရွန်က ရှားပါးတဲ့ ဒြပ်စင်တစ်မျိုးမို့လို့ပါ။ နေအဖွဲ့အစည်းကြီးမှာ အပေါများဆုံး ဒြပ်စင်တွေကို ကြည့်မယ်ဆိုရင် (၁) Hydrogen၊ (၂) Helium၊ (၃) Oxygen၊ (၄) Carbon နဲ့ (၅) Nitrogen တွေ ဖြစ်ပြီး လူ့ခန္ဓာကိုယ်မှာ ပါ၀င်မှုအများဆုံး ဒြပ်စင်ကို ကြည့်မယ်ဆိုရင် (၁) Oxygen၊ (၂) Carbon၊ (၃) Hydrogen၊ (၄) Nitrogen နဲ့ (၅) Calcium တို့ ဖြစ်ပါတယ်။ နေအဖွဲ့အစည်းမှာ အပေါများဆုံးဒြပ်စင် ၄ ခုဟာ လူ့ခန္ဓာကိုယ်မှာပါ ပါ၀င်နေပါသေးတယ်။ ဒါကြောင့်ပဲ ကာဗွန်က သက်ရှိတွေအတွက် အရေးပါလာတာပေါ့။ နောက်ထပ် Lego ဥပမာနဲ့ပဲ ထပ်ပြောရရင် သင့်မှာ Lego လုံလုံလောက်လောက် မရှိဘူးဆိုရင် ရဲတိုက်ကြီးတစ်ခုကို တည်ဆောက်လို့ မရနိုင်ပါဘူး။ ကြီးမားတဲ့ Lego အဆောက်အအုံတွေ ဆောက်ချင်ရင် လုံလောက်တဲ့ Lego ပမာဏ လိုအပ်ပါလိမ့်မယ်။
ဒါဆို ဒီလိုပေါများတာက အရေးကြီးတဲ့ အချက်ဆိုရင် ကာဗွန်ရဲ့ အောက်က ဓာတ်စည်း (chemical bond) ၄ ခုကိုလဲ ဖွဲ့နိုင်ပြီး ပေါများတဲ့ ဆီလီကွန်ကရော ဘာလို့များ သက်ရှိအခြေပြုဒြပ်စင် မဖြစ်လာရတာလဲ . . . ? ကမ္ဘာ့လေထုရဲ့ ၇၈ ရာခိုင်နှုန်းကို နေရာယူထားပြီး ဓာတ်စည်း ၃ ခုလောက် ဖွဲ့နိုင်တဲ့ နိုက်ထရိုဂျင်ကရော ဘာလို့ မဖြစ်တာလဲ . . . ? ဒီအချက်တွေကို တတိယမြောက်အချက်မှာ ဆက်ပြီး လေ့လာကြည့်ပါမယ်။
တတိယအချက် – တည်ငြိမ်မှု
အလှည့်ကျဇယား (Periodic table) ရဲ့ ဂရုတစ်ခုချင်းစီက ဒြပ်စင်တွေမှာ ဆင်တူတဲ့ ဂုဏ်သတ္တိတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဥပမာ Group 4 မှာ ဆိုရင် ကာဗွန်လိုပဲ ဆီလီကွန်၊ Germanium တွေက ဆင်တူတဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။ ဆိုလိုတာကတော့ ဆီလီကွန်ကလဲပဲ အခြားအက်တမ်တွေနဲ့ ဖက်စပ်စည်း (covalent bond) ၄ ခု လုပ်နိုင်တာပေါ့။ အချက်အလက်တွေအရ ကမ္ဘာ့မျက်နှာပြင်ပေါ်မှာ ဆီလီကွန်က ကာဗွန်ထက် ပိုပြီး ပေါကြွယ်၀ပါတယ်။ ကျောက်တုံးကျောက်စိုင်တွေထဲမှာ ပိတ်မိနေတာမျိုးပါ။
ဒါဆိုရင် ဘာဖြစ်လို့ သက်ရှိတွေက ဆီလီကွန် အခြေပြု မဖြစ်တည်ရတာလဲ . . . ? အကြောင်းကတော့ ရှင်းပါတယ်။ ဆီလီကွန်က အရွယ်အစား ပိုကြီးတာကြောင့်ပါ။ ကာဗွန်ရဲ့ အီလတ်ထရွန်တွေဟာ ဒုတိယမြောက်ပတ်လမ်းထဲမှာ ရှိတာမို့ နယူကလီးယပ်ရဲ့ ဆွဲအားကြောင့် တည်ငြိမ်မှု ပိုရှိပေမဲ့ ဆီလီကွန်ရဲ့ အီလတ်ထရွန်တွေကတော့ တတိယမြောက်ပတ်လမ်းထဲမှာ ရှိတာမို့ နယူကလီးယပ်နဲ့ ဝေးပြီး ကာဗွန်ထက်စာရင် တည်ငြိမ်မှု ပိုအားနည်းပါတယ်။ ဒါကြောင့် ဆီလီကွန်က တခြားအက်တမ်တွေ ဓာတ်စည်း (chemical bond) လုပ်ရင် တည်ငြိမ်မှု ပိုအားနည်းနေပါလိမ့်မယ်။ ယှဉ်ပြောရရင် ဆီလီကွန်အက်တမ် ၂ ခု ပေါင်းထားတဲ့ ဓာတ်စည်းက ၁၉၆ kJ /mol ပဲ ရှိပြီး ကာဗွန်အက်တမ် နှစ်ခုပေါင်းထားတဲ့ ဓာတ်စည်းကတော့ ၃၃၄ kJ/mol အထိ ရှိပါတယ်။ ဒီဓာတ်စည်းဖွဲ့စည်းမှု အားနည်းတာကြောင့်ပဲ ဆီလီကွန်နည်းတူ နိုက်ထရိုဂျင်ကလဲ အဓိကအခြေပြု ဒြပ်စင် မဖြစ်စေတာပေါ့။ တကယ်ဆိုရင် သက်ရှိတွေရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ဒြပ်စင်၊ မက်ခရိုမော်လီကျူး၊ အော်ဂဲနစ်ဒြပ်ပေါင်းတွေရဲ့ ကျောရိုးဒြပ်စင်ဟာ အခြားအန်ဇိုင်းတွေ၊ မော်လီကျူးတွေရဲ့ ဖြိုခွဲမှု၊ ဓာတ်ပြုမှုတွေကို ခံနိုင်ဖို့အထိ အားကောင်းနေရမှာ မဟုတ်ပါလား . . . ။
အဆုံးသတ်အနေနဲ့ ပြောရရင် သက်ရှိတွေရဲ့ ဖြစ်တည်မှုအတွက် အခြေခံဒြပ်စင်ကို ရှာရာမှာ ရှုပ်ထွေးတဲ့ မော်လီကျူးတွေကို ဖွဲ့စည်းနိုင်ရမဲ့အပြင် လုံလောက်တဲ့ ပမာဏရှိအောင်လဲ ပေါများနေရမှာ ဖြစ်သလို ဖွဲ့စည်းပုံတည်ငြိမ်မှုလဲ ရှိရမယ်ဆိုတဲ့ အချက်အားလုံး ပေါင်းလိုက်မယ်ဆိုရင် ကာဗွန်ကပဲ အသင့်တော်ဆုံး ဖြစ်နေမှာကို တွေ့ရပါတယ်။ သက်ရှိအားလုံးအတွက် မက်ခရိုမော်လီကျူး (ဇီ၀မော်လီကျူး) တွေဟာ အင်မတန် အရေးပါပြီး ကာဗွန်အခြေပြု ဖွဲ့စည်းထားတာ ဖြစ်လို့ သက်ရှိဖြစ်တည်မှုတွေအတွက် ကာဗွန်က ဘယ်လောက် အရေးပါလဲ နားလည်သဘောပေါက်နိုင်ပါလိမ့်မယ်။ ဟိုးနှစ်သန်းပေါင်းများစွာကတည်းက ကာဗွန်အခြေပြုသက်ရှိတွေ ပေါ်ပေါက်နေခဲ့တာ ဖြစ်ပြီး ဆင့်ကဲပြောင်းလဲလာပေမဲ့ ဒီနေ့ထိတိုင် လူသားတိုင်းဟာ ကာဗွန်နဲ့ အတူရှိနေဆဲပါပဲ။ လူသားတွေ သေဆုံးသွားခဲ့ရင်တောင် မီးသင်္ဂြိုဟ်ပြီး ထွက်လာတဲ့ ပြာတွေဆိုတာ ကာဗွန်တွေပဲလေ။ ကာဗွန်တွေဆိုတာ လူတွေ မရှိတော့ရင်တောင် ဆက်လက်ကျန်ရှိနေမှာပါ။ ဒါကြောင့်ပဲ “လူသာ သေ၊ နာမည် ချန်ခဲ့” ဆိုတဲ့ လူတွေ ပြောနေကျ စကားအစား “ လူသာ သေ၊ ကာဗွန် ချန်ခဲ့” ဆိုပြီးတော့တောင် ပြောင်းလဲသင့်နေပြီမဟုတ်လား . . . ။ ။
