August 10, 2026 | မြန်မာ
Physics Article

“ဒြပ်ဆွဲငင်အားနှင့် အမေးအဖြေ (၁)”

မေး – ဒြပ်ဆွဲငင်မှုဆိုတာကို အရင်ဆုံး အဓိပ္ပါယ်ဖွင့်ပြပေးပါလား။ ဖြေ – နယူတန်ရဲ့ ရှုထောင့်ကနေ ဖြေရမယ်ဆိုရင် ဒြပ်ဆွဲငင်မှုဆိုတာ ‘အား’ ပဲ။ စကြဝဠာထဲက ဒြပ်ရှိတဲ့ အရာရာတိုင်းဟာ ဒြပ်ဆွဲငင်မှုဆိုတဲ့ အားကို ပိုင်ဆိုင်ကြတယ်။ ဒါကြောင့် သူတို့ဟာ အခြား ဒြပ်ရှိတဲ့ အရာဝတ္ထုတိုင်းကို ဆွဲငင်နိုင်ကြတယ်‌ပေါ့။ ဒီလိုပဲ စကြဝဠာကလဲ အဲဒီလို…

Text size

မေး – ဒြပ်ဆွဲငင်မှုဆိုတာကို အရင်ဆုံး အဓိပ္ပါယ်ဖွင့်ပြပေးပါလား။

ဖြေ – နယူတန်ရဲ့ ရှုထောင့်ကနေ ဖြေရမယ်ဆိုရင် ဒြပ်ဆွဲငင်မှုဆိုတာ ‘အား’ ပဲ။ စကြဝဠာထဲက ဒြပ်ရှိတဲ့ အရာရာတိုင်းဟာ ဒြပ်ဆွဲငင်မှုဆိုတဲ့ အားကို ပိုင်ဆိုင်ကြတယ်။ ဒါကြောင့် သူတို့ဟာ အခြား ဒြပ်ရှိတဲ့ အရာဝတ္ထုတိုင်းကို ဆွဲငင်နိုင်ကြတယ်‌ပေါ့။ ဒီလိုပဲ စကြဝဠာကလဲ အဲဒီလို အပြန်အလှန်ဆွဲငင်အားတွေကြောင့် သက်ဝင်လှုပ်ရှားနေရတယ်။ ဒီတော့ ဒီစကြဝဠာကြီးတစ်ခုလုံးကို ဇာတ်ခုံတစ်ခုလို့ တင်စားမယ်ဆိုရင် ဒြပ်ဆွဲအားဆိုတာ တေးသွားတစ်ပုဒ်ပဲ။ ဓာတ်ငွေ့တိမ်တိုက်တွေက သူတို့ရဲ့ ကိုယ်ပိုင်ဒြပ်ဆွဲငင်အားကြောင့် ကျုံ့ဝင်ပြိုပျက်ကုန်ကြပြီး အင်မတန်လှပတဲ့ ကြယ်တွေ ဖြစ်လာကြတယ်။ အဲဒီကြယ်တွေကလဲ သူတို့ရဲ့ ကိုယ်ပိုင်ဒြပ်ဆွဲအားကြောင့်ပဲ ထပ်မံပြိုပျက်ရပြန်တယ်၊ အရွယ်အစားကိုလိုက်ပြီး တချို့က ကြယ်ဖြူပု၊ တချို့က နျူထရွန်ကြယ်၊ တချို့ကတော့ ဘလက်ခ်ဟိုး (တွင်းနက်) တွေ ဖြစ်လာကြတယ်။ ကြယ်တွေရဲ့ အနီးအနားမှာ ကျန်တဲ့ ဓာတ်ငွေ့အကြွင်းအကျန်တွေက ကြယ်ဖြစ်ခွင့်တော့ မရလိုက်ပေမဲ့ ဂြိုလ်ဘဝ ရောက်သွားတယ်။ ဒြပ်ဆွဲအားကြောင့်ပဲ လုံးဝန်းတဲ့ ပုံသဏ္ဌာန်ရှိလာကြပြီး လေထုကိုလဲ ပိုင်ဆိုင်လာကြတယ်။ စိတ်ဝင်စားစရာကောင်းတာက အဲဒီထဲက ဂြိုဟ်တချို့ကတော့ သက်ရှိဖြစ်ထွန်းနိုင်တဲ့အထိ ကံကောင်းကြတယ်။ ဂြိုဟ်ဖြစ်ခွင့် မရလိုက်တဲ့ အာကာသဒြပ်ထည်တွေကတော့ ဂြိုလ်ရံလတွေ၊ ဂြိုလ်သိမ်တွေ၊ ကြယ်တံခွန်တွေ ဖြစ်လာကြပြီး ကောင်းကင်ယံကို အလှဆင်ကြတယ်။ ဒီတော့ စကြဝဠာထဲ မြင်နေရတဲ့ အရာဝတ္ထုအားလုံးဟာ ဒြပ်ဆွဲငင်အားရဲ့ ပဉ္စလက်ဆန်ဆန် ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာတယ်လို့ ပြောရမယ်။ တကယ်လို့သာ ကောင်းကင်ပေါ်က အရာဝတ္ထုတွေအားလုံးကို ဘုရားသခင်က အစိုးရတယ်ဆိုရင် အဲဒီဘုရားသခင်ဟာ ဒြပ်ဆွဲငင်အားဖြစ်မှာပေါ့။

―――――――

မေး – နယူတန်ရဲ့ အယူအဆအရ ဒြပ်ဆွဲငင်အားက အရာရာတိုင်းမှာ ရှိတယ်ဆိုရင် အခု စကားပြောနေကြတဲ့ သူနဲ့ ကျွန်တော့်ကြားမှာလဲ အဲဒီအား ရှိနေမှာပေါ့နော်၊ ဒါပေမဲ့ ကျွန်တော်တို့ အချင်းချင်းတော့ ဆွဲငင်နေကြတယ်လို့ မခံစားရပါလား။

ဖြေ – အင်မတန်အားပျော့လွန်းလို့ပါ။ သူ့ရဲ့ ပြင်းအားက ဒြပ်ထုနှစ်ခုကြား အကွာအဝေးရဲ့ နှစ်ထပ်ကိန်းနဲ့ ပြောင်းပြန်အချိုးကျတယ်လေ။ အကွာအဝေး များလာလေလေ၊ ကြားက ဒြပ်ဆွဲငင်မှုက အားပျော့လာလေလေပဲ။ အခု တို့နှစ်ယောက်က သုံးပေ (တစ်မီတာ) အကွာမှာ ရှိနေကြတယ်။ မင်းရဲ့ ဒြပ်ထုရော၊ ငါ့ရဲ့ ဒြပ်ထုရောက ၈၀ ကီလိုရှိတယ် ဆိုကြပါစို့။ ဒါဆိုရင် နှစ်ယောက်အကြားက ဒြပ်ဆွဲငင်အားက ၀.၀၀၀၀၀၀၄၂၆ နယူတန် ပမာဏပဲ ရှိတယ်။ ဒီပမာဏက တစ်ကီလိုရှိတဲ့ ပန်းသီးတစ်လုံးကို 1ms⁻² အရှိန်ရအောင်လုပ်ဖို့ လိုအပ်တဲ့ အားပမာဏရဲ့ နှစ်သန်းပုံ တစ်ပုံပဲ ရှိတယ်။ ဒါကြောင့်မို့ ဒီအား ရှိနေတယ်ဆိုတာကို လုံးဝ မသိကြတာ။ တစ်နည်းပြောရရင် ဒြပ်ဆွဲငင်အားဟာ ဒြပ်ထုသေးငယ်တဲ့အခါ မသိသာဘူးပေါ့။ ဒါပေမဲ့ နေလို ကြယ်တွေ၊ ကမ္ဘာလို ဂြိုဟ်တွေ၊ တွင်းနက်လို အာကာသဒြပ်ထည်တွေကတော့ ဒြပ်ထုအားဖြင့် အင်မတန်ကြီးမားကြတယ်။ ဒါကြောင့် သူတို့ရဲ့ ဒြပ်ဆွဲအားကို သိသိသာသာ ခံစားရနိုင်တယ်။ နေရဲ့ ဒြပ်ဆွဲအားကြောင့် ကမ္ဘာကြီးက အာကာသထဲ လွတ်ထွက်မသွားဘူး၊ ကမ္ဘာရဲ့ ဒြပ်ဆွဲအားကြောင့် တို့တွေ မြေကြီးပေါ်မှာ အဆင်ပြေပြေ ရပ်နေနိုင်တယ်။ တွင်းနက်တွေဆိုရင် ဒြပ်ဆွဲငင်အား ပြင်းထန်လွန်းလို့ အလင်းကိုတောင် မလွတ်တမ်း ဆွဲယူထားနိုင်တယ်။ ဒြပ်ဆွဲငင်အားဟာ အခုလိုမျိုး ဒြပ်ထုနည်းတဲ့ အခြေအနေမှာ မသိသာဘဲ နေလို၊ ကမ္ဘာလို ဒြပ်ထုများတဲ့ အခြေအနေမှာပဲ သိသာနိုင်တယ်။

―――――――

မေး – ဒြပ်ဆွဲအားက အရာဝတ္ထုနှစ်ခုကြားမှာ ဖြစ်ပေါ်တယ်ဆိုရင် ဘယ်သူက ဆွဲတာလဲဗျ။ ဥပမာ – ပန်းသီးကြွေကျတယ်ဆိုတာ ဒြပ်ဆွဲအားကြောင့် ဖြစ်ပေါ်တာ၊ ဒီဖြစ်ရပ်မှာ ကမ္ဘာကြီးကပဲ ပန်းသီးကို ဆွဲနေတာလား၊ ပန်းသီးကရော ကမ္ဘာကြီးကို မဆွဲဘူးလား။

ဖြေ – ဒြပ်ဆွဲအားဆိုတာကို အရာဝတ္ထုအားလုံးက ပိုင်ဆိုင်ထားတယ်။ မင်းရော၊ ငါရော၊ ဟော့ဒီကမ္ဘာကြီးရော၊ နေမင်းကြီးရော … အကုန်လုံးပေါ့။ အဆုံးစွန်ဆုံးပြောရရင် အတော် သေးငယ်တဲ့ ဖုန်မှုန့်လေးတွေကတောင် ‌ဒြပ်ဆွဲငင်အားကို ပိုင်ဆိုင်ထားကြတယ်။ နောက်ပြီး ဒြပ်ဆွဲငင်အားက နယူတန်ရဲ့ တတိယဥပဒေသကို အတိအကျ လိုက်နာတယ်။ ပြောရရင် ဒြပ်ဆွဲအားမှာ အပြန်အလှန်သက်ရောက်မှု ရှိတယ်။ မင်းက ငါ့အပေါ်ကို ဒြပ်ဆွဲအား သက်ရောက်နေသလို ငါကလဲ မင်းဆီကို တူညီတဲ့ အားတစ်ခုနဲ့ ပြန်ဆွဲနေတယ်။ မင်းပြောတဲ့ ဥပမာလိုပဲ၊ ကမ္ဘာနဲ့ ပန်းသီး ဖြစ်ရပ်ကို ကြည့်မယ်ဆိုရင် ကမ္ဘာ့ဆွဲအားကြောင့် ပန်းသီးကြွေကျတယ်လို့ လူအများစုက ထင်ကြတယ်။ တကယ်က ပန်းသီးရော ကမ္ဘာကြီးရောက ကြွေကျနေကြတယ်။ ကမ္ဘာကြီးက ပန်းသီးကို အားတစ်ခုနဲ့ ဆွဲချနေသလို ပန်းသီးကလဲ ကမ္ဘာကြီးကို တူညီတဲ့အားနဲ့ ပြန်ဆွဲယူတယ်။ ဘာကွာသွားတာလဲ ဆိုရင်တော့ ကမ္ဘာ‌မြေရဲ့ ဒြပ်ထုနဲ့ ပန်းသီးရဲ့ ဒြပ်ထုပဲ။ ကမ္ဘာ့ဒြပ်ထုက အင်မတန် ကြီးမားလွန်းတော့ သူ့ရဲ့အရှိန် /(အင်နားရှား)/ က အတော်နည်းတယ်။ ပန်းသီးကို ၁ ကီလိုဂရမ်လို့ ယူဆမယ်ဆိုရင် သူတို့ နှစ်ခုကြားက ဒြပ်ဆွဲငင်အားက ၉.၇၉ နယူတန် ပမာဏရှိတယ်။ ဒီအားကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာရဲ့ အရှိန်က ၀.၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၁၆ ms⁻² (ဒဿမနောက်မှာ သုည ၂၄ လုံး အရေအတွက်) ပဲ ရှိတယ်။ တစ်ဖက်က ပန်းသီးရဲ့ အရှိန်ကို ကြည့်ရင်တော့ ၉.၇၉ ms⁻² အထိ ရှိနေတာ။

ဒီတော့ နှိုင်းယှဥ်ကြည့်လိုက်ရင် ပန်းသီးရဲ့ အရှိန်က ကမ္ဘာကြီးရဲ့ အရှိန်ထက် 10²⁴ ဆ ပိုကြီးတယ်။ ဒါကြောင့် ကမ္ဘာကြီးက ပန်းသီးဆီကို သွားကပ်တယ်လို့ လုံးဝမထင်ရတာ။ ပန်းသီးရဲ့ အရှိန်ကပဲ သိသာနေတဲ့အတွက် ကမ္ဘာ့ဆွဲအားကြောင့် ပန်းသီးကြွေကျတယ်လို့ ထင်ကြတာပေါ့။ ရူပဗေဒ သဘောတရားနဲ့ဆိုရင် ကမ္ဘာ့ဒြပ်ဆွဲအားကြောင့် ပန်းသီးကြွေကျတယ်ဆိုတာထက် ကမ္ဘာနဲ့ ပန်းသီးကြားက ဒြပ်ဆွဲအားကြောင့် ပန်းသီးကြွေကျတယ်လို့ ပြောလိုက်တာက ပိုမှန်တယ်။

―――――――

မေး – ကျေးဇူးပါ။ အခုမှပဲ ရှင်းသွားတယ်။ ဒါဆိုရင် နယူတန်ရဲ့ နာမည်ကျော် မေးခွန်းလေးကို ထပ်မေးပါရစေဗျ။ ပန်းသီးက ကမ္ဘာ့ဆွဲအားကြောင့် ကြွေကျရတယ်ဆိုရင် လမင်းကြီးကရော ကမ္ဘာဆီကို ဘာကြောင့် ပြုတ်မကျရတာလဲ။

ဖြေ – မေးခွန်းကောင်းပဲ။ အဖြေကတော့ လမင်းကြီးက ကမ္ဘာဆီကို ပြုတ်ကျနေပါတယ်။ ဒါပေမဲ့ လမှာ ကိုယ်ပိုင် အလျင်တစ်ခု ရှိနေတယ်။ အဲဒီအလျင်ကြောင့် ကမ္ဘာဆီကို ပြုတ်မကျတော့ဘဲ အကွာအဝေးတစ်ခုကနေ လှည့်ပတ်နေတယ်။ စက်ဝိုင်းပုံစံ ပတ်လမ်းနဲ့ပေါ့။ တူညီတဲ့ ဥပမာတစ်ခုကို ပြောပြပါမယ်။ ဥပမာ သံလုံးတစ်လုံးကို ကြိုးနဲ့ချည်ပြီး လက်နဲ့ စက်ဝိုင်းပုံစံ လွှဲယမ်းလိုက်မယ် ဆိုပါစို့။ အဲဒီအချိန်မှာ သံလုံးက လှည့်ပတ်နေရင်း အလျင်တစ်ခု ရှိနေတယ်။ အကယ်၍သာ သူ့ရဲ့ အလျင်က တဖြည်းဖြည်း နည်းလာမယ်ဆိုရင် သံလုံးက စက်ဝိုင်းပုံစံ လွှဲယမ်းမနေတော့ဘဲ တဖြည်းဖြည်း ရပ်သွားလိမ့်မယ်။ တကယ်လို့ အလျင်များလာမယ်ဆိုရင်လဲ ကြိုးက ပြတ်ထွက်သွားပြီး သံလုံးက လွတ်ထွက်သွားလိမ့်မယ်။ အဲဒီလိုပဲ၊ လက ကမ္ဘာကို အကွာအဝေး တစ်ခုကနေ လှည့်ပတ်နေတယ်။ သူ့ရဲ့ အလျင်က သူနေတဲ့နေရာနဲ့ ယှဉ်ကြည့်မယ်ဆိုရင် မဝေးလွန်း၊ မနီးလွန်းဘူး။ ဒါကြောင့် ကမ္ဘာဆီကို ပြုတ်ကျမသွားသလို လွတ်လဲ လွတ်ထွက်မသွားဘူး။ စက်ဝိုင်းပုံစံအတိုင်း အဆင်ပြေပြေ လှည့်ပတ်နေတာပေါ့။ ခုနက သံလုံးဖြစ်ရပ်နဲ့ ထပ်တူညီတာက သံလုံးကို ကြိုးနဲ့ ဆွဲထားသလို လကိုလဲ ဒြပ်ဆွဲငင်အားနဲ့ ထိန်းထားတယ်။ ကြိုးနဲ့ ချည်ထားလို့ သံလုံးက စက်ဝိုင်းပုံစံ လွှဲယမ်းနေသလို ဒြပ်ဆွဲအားရှိနေလို့ လမင်းကြီးကလဲ ကမ္ဘာကို လှည့်ပတ်နေရတယ်။ ဒီသဘောပါပဲ။

―――――――

မေး – ဒါဆိုရင် လကရော ကမ္ဘာကြီးကို စက်ဝိုင်းပုံပတ်လမ်းကြောင်း ဖြစ်အောင် ပြန်မဆွဲနိုင်ဘူးလား။ ဒြပ်ဆွဲအားက အရာရာတိုင်းမှာရှိရင် ကမ္ဘာကိုလဲ စက်ဝိုင်းပုံပတ်လမ်းဖြစ်အောင် လုပ်နိုင်မှာမဟုတ်လား။

ဖြေ – ဒီမေးခွန်းကို ဖြေဖို့ဆိုရင်တော့ မက္ကင်းနစ်ဆိုင်ရာ ချဉ်းကပ်ပုံအသစ်တစ်ခုကို အသုံးပြုရမယ်။ ဒြပ်ထုဗဟိုချက် (Centre of Mass) ဆိုတဲ့ သဘောတရားပေါ့။ ဒီနေရာမှာ လက ကမ္ဘာကို ဗဟိုပြုလှည့်ပတ်တယ်လို့ မပြောတော့ဘူး၊ အဲဒါအစား လရော ကမ္ဘာရောက သူတို့ကြားက ဒြပ်ထုဗဟိုချက်ကို ဗဟိုပြုပြီး အသီးသီးလှည့်ပတ်နေတယ်လို့ပဲ ပြောမယ်။

ဒြပ်ထုဗဟိုချက်ဆိုတာက တည်နေရာ အကွာအ‌ဝေးအလိုက် ဒြပ်ထုပျံ့နှံ့ပုံ အားလုံးကို ထည့်သွင်းတွက်ချက်ပြီး ဒြပ်ထုအားလုံးရဲ့ ဗဟိုချက်ဟာ အမှတ်တစ်ခုမှာ ရှိတယ်လို့ အကြမ်းဖျင်း ယူဆလိုက်တယ်။ ဥပမာ – အထူအပါးညီညီ ချောမွတ်နေအောင် ပြုလုပ်ထားတဲ့ သစ်ပင် ပင်စည်ကို ယူကြည့်လိုက်မယ်၊ အဲဒီပင်စည်ရဲ့ အလယ်တည့်တည့်ကနေ ကြိုးနဲ့ ဆွဲကြည့်လိုက်မယ်ဆိုရင် ပင်စည်ရဲ့ အစွန်းတစ်ဘက်က အောက်ကို သိသိသာသာ စိုက်ကျသွားလိမ့်မယ်။ ဒီနည်းကိုသုံးတဲ့ သစ်ခုတ်သမားတွေဆိုရင်‌ အောက်ကို စိုက်ကျတဲ့အစွန်းက ပင်စည်ရဲ့ အရင်းပိုင်းဆိုတာကို တန်းသိကြတယ်။ ပင်စည်ရဲ့ အရင်းပိုင်းက ဒြပ်ထုပိုများတဲ့အတွက် ပိုလေးပြီး အောက်ကို စိုက်ကျရတာ၊ အဖျားပိုင်းကတော့ ဒြပ်ထုနည်းတဲ့အတွက် နည်းနည်းပဲလေးပြီး အောက်ကို စိုက်မကျဘူး။

အဲဒီအတိုင်းပဲ၊ ပင်စည်ကို ကြိုးနဲ့ ဆက်ဆွဲကြည့်အုံးမယ်၊ ဒီတစ်ခါတော့ အလယ်တည့်တည့် မဟုတ်တော့ဘဲ အလယ်ကနေ အရင်းပိုင်းဆီကို နည်းနည်းလေးရွေ့ပြီး ဆွဲမယ်။ ဒါဆိုရင်တော့ ပင်စည်တစ်ခုလုံးက ဟန်ချက်ညီသွားပြီး ဘယ်အစွန်းမှ အောက်ကို ပြုတ်မကျတော့ဘူး။ ရူပဗေဒအရ အဲဒီအမှတ်ကို ဒြပ်ထုဗဟိုချက် လို့ ခေါ်ကြတယ်။ ပင်စည်ဖြစ်ရပ်လိုပဲ ကမ္ဘာနဲ့ လကို အရင်းနဲ့ အဖျားရှိနေတဲ့ စနစ်တစ်ခုလို့ သတ်မှတ်နိုင်တယ်။ ကမ္ဘာက အရင်းဖြစ်ပြီး လကတော့ အဖျားဖြစ်မှာပေါ့။ ပင်စည်ဖြစ်ရပ်မှာ ဒြပ်ထုဗဟိုက အရင်းဘက်ကို နီးသလို ကမ္ဘာနဲ့ လဖြစ်ရပ်မှာလဲ ဒြပ်ထုဗဟိုချက်က ကမ္ဘာဆီကို သိသိသာသာ ယိမ်းနေတယ်။ ဘယ်လောက်တောင် ယိမ်းသလဲဆိုရင် အဲ့ဒီအမှတ်က ကမ္ဘာ့ဝတ်ဆံအလယ်ဗဟိုနဲ့ ကီလိုမီတာ ၆၀ လောက်ပဲ ကွာတယ်၊ ကျွန်တော့်တွက်ချက်မှု မမှားဘူးဆိုရင်ပေါ့။ တစ်နည်း ကမ္ဘာ့ဝတ်ဆံထဲမှာပဲ ရှိတယ်လို့တောင် ပြောလို့ရတယ်။ လအနေနဲ့ ကမ္ဘာ့ဝတ်ဆံထဲက ဒြပ်ထုဗဟိုချက်ကို လှည့်ပတ်နေတယ်ဆိုတာ ကမ္ဘာကို ဗဟိုပြုလှည့်ပတ်တယ်လို့ ပြောတာနဲ့ သဘောတရား တူညီလုနီးပါးပဲ။ ကမ္ဘာအတွက်ဆိုရင် ကိုယ့်ဗဟိုကိုယ် ပြန်လှည့်ပတ်နေရတာ ဖြစ်တဲ့အတွက် အရမ်းကြီးမသိသာတော့ဘူး။ ဒါကြောင့်မို့ လက ကမ္ဘာကို ဗဟိုပြုပြီး လှည့်ပတ်တယ်လို့ပဲ အကြမ်းဖျင်းပြောကြတာ။

ဒီသဘောတရားက နေအဖွဲ့အစည်း ပြင်ပဂြိုဟ် ရှာဖွေရာမှာတော့ အတော်အသုံး၀င်တယ်။ ကြယ်တွေကို လှည့်ပတ်နေတဲ့ တချို့ဂြိုလ်တွေက တယ်လီစကုပ်တွေနဲ့ တိုက်ရိုက်ထောက်လှမ်းလို့ မရဘူး။ ဂြိုဟ်ကိုယ်တိုင်က အရမ်းဖျော့လွန်းနေရင် တယ်လီစကုပ်မှာ ပုံရိပ်မပေါ်တော့ဘူး။ ဒါပေမဲ့ ကြယ်နဲ့ ဂြိုဟ်ကြားမှာ ဒြပ်ထု ဗဟိုချက်ရှိတဲ့အတွက် ကြယ်က အဲဒီအမှတ်ကို ဗဟိုပြုလှည့်ပတ်နေမှာပဲ။ ဒါကြောင့် ကြယ်ရဲ့ လမ်းကြောင်းက နည်းနည်းလေး ယမ်းခါနေရတယ်။ ဒီလို ယမ်းခါမှု (Wobbling) ကို တွေ့ရတယ်ဆိုရင် ကြယ်မှာ ဂြိုဟ်တစ်စင်းစင်း ရှိနေတယ်လို့ ကောက်ချက်ချနိုင်တယ်။ ယမ်းခါတဲ့ ပမာဏကို အသေးစိတ် တွက်ချက်ကြည့်မယ်ဆိုရင် ဂြိုဟ်ရဲ့ ဒြပ်ထုနဲ့ ပတ်လမ်းအချင်းဝက် စတာတွေကို ထပ်ပြီး တွက်ချက်နိုင်ပြီ။ နက္ခတ္တဗေဒ မော်ဒယ်ဇယားတွေကို အသုံးပြုပြီး အဲဒီဂြိုလ်ဟာ ကျောက်သားဂြိုဟ်လား၊ ဓါတ်ငွေ့ဘီလူးလားဆိုတာကို ခွဲခြားနိုင်ပြီပေါ့။ သိပ္ပံပညာရှင်တွေက နေအဖွဲ့အစည်း ပြင်ပဂြိုဟ်အရေအတွက် ရာဂဏန်းလောက်ကို ဒီနည်းလမ်းသုံးပြီး ရှာဖွေတွေ့ရှိထားကြတယ်။     ။

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.