စကြဝဠာကြီးထဲမှာ ရေတွက်မဆုံးတဲ့ ဂလက်ဆီတွေ၊ ကြယ်တွေနဲ့ ဂြိုဟ်ပေါင်းမြောက်များစွာ တည်ရှိနေပါတယ်။ များပြားလှတဲ့ ဂလက်ဆီတွေထဲကမှ စာဖတ်သူတို့ရဲ့ နေအဖွဲ့အစည်း တည်ရှိနေတဲ့ ဂလက်ဆီကိုတော့ နဂါးငွေ့တန်းဂလက်ဆီလို့ ခေါ်ကြပြီး များပြားလှတဲ့ ကြယ်တွေနဲ့အတူ ဓာတ်ငွေတွေ၊ ဂြိုဟ်တွေနဲ့ အာကာသဖုန်မှုန့်တွေက ဒီဂလက်ဆီကြီးထဲမှာ အတူတကွရောယှက် ပါ၀င်နေပါတယ်။ ဒီနေ့မှာတော့ နေအဖွဲ့အစည်းမှာ ဘယ်လိုဂြိုဟ်တွေ ပါဝင်ပြီး ဘယ်လိုမျိုး ဖွဲ့စည်းထားသလဲ ဆိုတာကို အတူလေ့လာကြည့်ကြပါမယ်။
နေအဖွဲ့အစည်းကို စပြီး ရှာဖွေတွေ့ရှိခဲ့တာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၆ ဘီလီယံခန့်ကပါ။ သူ့ရဲ့ အဓိကမဏ္ဍိုင်ကတော့ “နေ” ဆိုတဲ့ ကြယ်တစ်လုံးဖြစ်ပြီး နေအဖွဲ့အစည်းထဲမှာ အကြီးဆုံး ကြယ်လို့ ပြောနိုင်ပါတယ်။ နေရဲ့ ဆွဲအား (Gravitational Pull) ကြောင့် ဂြိုဟ်ကြီး ၈ လုံးဖြစ်တဲ့ မာကျူရီ၊ ဗီးနပ်စ်၊ ကမ္ဘာ၊ မားစ်၊ ဂျူပီတာ၊ စေတန်၊ ယူရေးနပ်စ်နဲ့ နက်ပကျွန်းဂြိုဟ်တွေက ကိုယ်ပိုင်ပတ်လမ်းတွေနဲ့ လမ်းကြောင်းမှန်မှန် လှည့်ပတ်နိုင်ကြတာပါ။
ဒါဆိုရင် နေရဲ့ အကြောင်းကို စပြီး ပြောပြပါမယ်။ နေကို အလွှာ ၆ ခုနဲ့ ဖွဲ့စည်းထားပြီး အလယ်၀တ်ဆံ Core ကတော့ အပူဆုံးပါ။ ဘယ်လောက်ထိ ပူသလဲဆိုရင် အပူချိန် ၂၇ မီလီယံ ဒီဂရီဖာရင်ဟိုက်ထက် အဆမတန် ကျော်လွန်ပြီး မျက်နှာပြင်အပူချိန်ကတော့ ၁၀၃၄၀ ဒီဂရီဖာရင်ဟိုက် ရှိပါတယ်။ ဆိုတော့ ဒီ၀တ်ဆံက ဘာလို့များ ဒီလောက်များတဲ့ အပူတွေ ရှိနေရသလဲဆိုရင် ၀တ်ဆံက အင်မတန် ဖိအားများတဲ့အခါ Nuclear Fusion ကို ဖြစ်ပေါ်စေပြီး ဟိုက်ဒြိုဂျင်တွေကနေ ပေါင်းစပ်လောင်ကျွမ်းပြီး ဟီလီယမ်ဒြပ်စင်သစ်ကို ဖြစ်ပေါ်စေကာ များပြားတဲ့ အပူစွမ်းအင်တွေကို ထုတ်လွှတ်ပါတယ်။ အခုလက်ရှိမှာ နေက ကြယ်ဝါပု (Yellow Dwarf) အဆင့်ကို ရောက်ရှိနေတာဖြစ်ပြီး Nuclear Fusion ကလဲ ဆက်ပြီး ဖြစ်နေအုံးမှာပါ။ နောက်လာမဲ့ နှစ်ပေါင်း ၅ ဘီလီယံကျော်လောက်ကျရင် ဟိုက်ဒြိုဂျင်လောင်စာ ကုန်သွားမှာဖြစ်ပြီး ဟီလီယံကို အစားထိုးအသုံးပြုပြီး လောင်ကျွမ်းမှုကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဲဒီအခါမှာတော့ နေဟာ ဟီလီယမ်တွေကို အသုံးပြုရလို့ ပိုပြီး တောက်ပလာပြီး ဧရာမကြယ်နီ (Red Giant) အဖြစ် ပြောင်းလဲသွားမှာပါ။ နာမည်အတိုင်း အရှိန်အဟုန်အပြည့်နဲ့ တောက်လောင်နေမှာ ဖြစ်ပြီး အဲအဆင့်ကနေ နောက်ထပ်နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာ အရွယ်အစားများစွာသေးငယ်တဲ့ ကြယ်ဖြူပု (White Dwarf) အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ကြယ်ဖြူပုဟာ ကမ္ဘာနဲ့အရွယ်အစားတူညီနိုင်ပေမဲ့ အရမ်းကို သိပ်သည်းတဲ့အတွက် ကမ္ဘာထက်ပိုပြီး အလေးချိန်များမှာ ဖြစ်ကာ အစဉ်တောက်လောင်နေတဲ့ နေဟာလဲ အဆုံးသတ်သွားမှာပါ။
နေနဲ့ ဂြိုဟ်တွေကြားက အကွာအဝေး၊ ဂြိုဟ်တွေရဲ့ သိပ်သည်းဆတွေပေါ် မူတည်ပြီး အတွင်းပိုင်းဂြိုဟ် (Inner Planets) နဲ့ အပြင်ပိုင်းဂြိုဟ် (Outer Planets) ဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်။ နေနဲ့ နီးတဲ့ အတွင်းပိုင်းဂြိုဟ်တွေကတော့ မာကျူရီ၊ ဗီးနပ်စ်၊ ကမ္ဘာနဲ့ မားစ်တို့ ဖြစ်ကြပြီး ကျောက်သားဂြိုဟ် (Terrestrial Planets) လို့လဲ ခေါ်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ကို ကျောက်သား (Rocks)၊ ဆီလီကိတ် (Silicate) နဲ့ အခြားသော သတ္ထုတွေနဲ့ ဖွဲ့စည်းထားလို့ပါ။ ဒီဂြိုဟ်တွေက ၁ ကုဗစင်တီမီတာကို ၃ ဂရမ်ထက် များတဲ့ သိပ်သည်းမှုရှိကြပြီး ဆန့်ကျင်ဘက်ဖြစ်တဲ့ ဂျူပီတာ၊ စေတန်၊ ယူရေးနပ်စ်နဲ့ နက်ပကျွန်းဆိုတဲ့ ဓာတ်ငွေ့ဂြိုဟ်တွေ (Gas Giants) မှာတော့ ၁ ကုဗစင်တီမီတာကို ၂ ဂရမ်အောက် လျော့နည်းကြပါတယ်။ ဓာတ်ငွေ့ဂြိုဟ်တွေကို ဟိုက်ဒြိုဂျင်၊ အမိုးနီးယား၊ ဟီလီယမ်တွေနဲ့ ဖွဲ့စည်းထားပြီး ယူရေးနပ်စ်နဲ့ နက်ပကျွန်းမှာတော့ ရေခဲတွေက အများဆုံး ပါ၀င်ပါတယ်။ နောက်ပြီး သူတို့တွေဟာ ကျောက်သားဂြိုဟ်တွေနဲ့ အရွယ်အစားချင်း ယှဉ်လိုက်မယ်ဆိုရင် ဓာတ်ငွေ့ဂြိုဟ်တွေက ပိုပြီး ကြီးမားပါတယ်။
ဓာတ်ငွေ့ဂြိုဟ်တွေရဲ့ ထူးခြားချက် တစ်ခုက ဂြိုဟ်ခါးပတ်ကွင်း (Planetary Rings) တွေ ရှိနေခြင်းပါ။ စေတန်ဂြိုဟ်ရဲ့ခါးပတ်ကွင်းကို ၁၆၁၀ ခုနှစ်မှာ ဂါလီလီယိုက သူ့ရဲ့ ပထမဆုံးသော တယ်လီစကုပ်တစ်ခုကို အသုံးပြုပြီး ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဂြိုဟ်ခါးပတ်ကွင်းဟာ အချင်း ၂၈၂၀၀၀ ကီလိုမီတာခန့် ရှိပြီး အထူအနေနဲ့ ၁၀ မီတာခန့်သာ ရှိပါတယ်။ စေတန်နဲ့ ယှဉ်လိုက်ရင် ကျန်တဲ့ဂြိုဟ်တွေရဲ့ ခါးပတ်ကွင်းတွေက ကျဥ်းတဲ့ထဲ ပါ,ပါတယ်။ ဒီလိုကွင်းတွေ ဖြစ်ပေါ်လာရတဲ့ တရားခံကတော့ သူတို့ရဲ့ ဆွဲအား (Gravitational Force) ကြောင့်ပါ။ ဆိုလိုတာက ဂြိုဟ်တွေရဲ့ အနီးအနားမှာ ရှိတဲ့ လတွေ၊ ဂြိုဟ်သိမ်တွေနဲ့ ဥက္ကာခဲတွေအပါအ၀င် ဆွဲယူခံလိုက်ရတဲ့ အရာတ္ထုတွေက ဂြိုဟ်နဲ့ နီးကပ်လာတာနဲ့အမျှ ဆွဲအားကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး ဂြိုဟ်ရဲ့ ပတ်ပတ်လည်မှာ ကွင်းတွေ ဖြစ်ပေါ်လာစေတာပါ။ ဒီဖြစ်စဥ်ကိုတော့ “Roche Limit Disruption” လို့ ခေါ်ပါတယ်။
နေအဖွဲ့အစည်းမှာပါဝင်တဲ့ နောက်ထပ်အဖွဲ့ဝင်ကတော့ လ (Moons) တွေပါ။ “Moon” ဆိုတဲ့ ဝေါဟာရက လက်တင်ဘာသာစကားဖြစ်တဲ့ “Lunar” ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဂြိုဟ်တွေမှာ ရှိတဲ့ လ အရေအတွက်က တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။ ကျောက်သားဂြိုဟ်တွေမှာ ရှိတဲ့ လအရေအတွက်ဟာ အရမ်းနည်းပြီး မာကျူရီနဲ့ ဗီးနပ်စ်မှာဆိုရင် ရှိတောင်မရှိပါဘူး။ ကမ္ဘာမှာ “Moon” လို့ပဲ ခေါ်ကြတဲ့ လတစ်လုံးသာရှိပြီး မားစ်မှာတော့ ဒီမော့စ် (Deimos) နဲ့ ဖိုဘိုးစ် (Phobos) ဆိုတဲ့ လ ၂ လုံးကို ပိုင်ဆိုင်ထားပါတယ်။ ဓာတ်ငွေ့ဂြိုဟ်တွေကတော့ လ အမြောက်အမြား ပိုင်ဆိုင်ကြပါတယ်။ NASA/JPL Solar System Dynamic Team ရဲ့ ဖော်ပြချက်အရဆိုရင် ဂျူပီတာဂြိုဟ်က လ ၉၅ လုံး၊ စေတန်ဂြိုဟ်က ၁၄၆ လုံး၊ ယူရေးနပ်စ်က ၂၈ လုံး နဲ့ နက်ပကျွန်းဂြိုဟ်က ၁၆ လုံး ဆိုပြီး အသီးသီး ပိုင်ဆိုင်ကြပါတယ်။
ဆက်လက်ပြီး ကမ္ဘာရဲ့ လအကြောင်းကို စူးစမ်းကြည့်ကြပါမယ်။ လ ဖြစ်ပေါ်လာတာက လွန်ခဲ့တဲ့နှစ်ပေါင်း ၄.၅ ဘီလီလျံခန့်ကလို့ ခန့်မှန်းကြပါတယ်။ မားစ်နဲ့အရွယ်အစားတူတဲ့ လက အချင်း ၂၁၅၉ မိုင်ခန့်ရှိပြီး ပလူတိုဂြိုဟ်ထက် ပိုသေးပါတယ်။ ကမ္ဘာနဲ့ ယှဉ်ရင်တော့ လေးပုံတစ်ပုံခန့် (၂၇ ရာခိုင်နှုန်းခန့်) ပဲ ရှိပါတယ်။ သူ့ကို ကျောက်သားတွေနဲ့ အများဆုံး ဖွဲ့စည်းထားပြီး မျက်နှာပြင်ကတော့ ကြယ်တာရာတွေ၊ ဥက္ကာခဲတွေရဲ့ ထိုးတိုက်တာတွေကြောင့် ညီညာမှုမရှိဘဲ ချိုင့်တွေ ဖြစ်နေပါတယ်။ ဒါ့အပြင် လရဲ့ မျက်နှာပြင်ကို မီးခိုးရောင်ရှိတဲ့ ဖုန်မှုန့်တွေက အပိုင်စီးထားပါသေးတယ်။ လရဲ့ လေထုက အရမ်းပါးပြီး အားနည်းတဲ့အတွက် အားကောင်းတဲ့ နေရောင်ခြည်တွေကို ကာကွယ်မပေးနိုင်ပါဘူး။ နေ့အချိန်မှာ အပူချိန် ၁၂၁ ဒီဂရီဆဲလ်စီးယပ်စ် အထိရှိပြီး ညအချိန်မှာတော့ -၁၃၃ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိတတ်ပါတယ်။ သူ့ရဲ့ ဆွဲအားကတော့ ကမ္ဘာရဲ့ ခြောက်ပုံတစ်ပုံခန့်ပဲ ရှိတာပါ။
ဂြိုဟ်ပု (Dwarf Planet) တွေကလဲ နေကို ဗဟိုပြုလှည့်ပတ်နေကြပါတယ်။ သူတို့တွေက အရွယ်အစား သေးငယ်တဲ့အတွက် ဂြိုဟ်အဖြစ် သတ်မှတ်လို့ မရသလို ဂြိုလ်သိမ်တွေထက် ကြီးတဲ့အတွက် ဂြိုဟ်ပုအဖြစ် သတ်မှတ်ကြတာပါ။ သူတို့က ပုံမှန်အားဖြင့် လုံးဝန်းတဲ့ ပုံသဏ္ဌာန်ရှိကြပြီး သူတို့ရဲ့ အရွယ်အစားကြောင့်ပဲ ပုံမှန်ဂြိုလ်တွေနဲ့မတူဘဲ ကွဲထွက်နေတတ်ပါတယ်။ International Astronomical Union (IAU) ကတော့ လက်ရှိ နေအဖွဲ့အစည်းမှာ ဂြိုဟ်ပု ၅ လုံး ရှိတယ်လို့ တရားဝင်ကြေငြာထားပါတယ်။ အဲတာတွေကတော့ ပလူတို (Pluto)၊ အဲရစ်စ် (Eris)၊ ဆယ်ရီးစ် (Ceres)၊ မာ့ကီမာ့ကီ (Makemake) နဲ့ ဟာရုမဲယား (Haumea) တို့ပါ။ ပလူတိုကို ၁၉၃၀ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး နေအဖွဲ့အစည်းရဲ့ ကိုးခုမြောက်ဂြိုလ်အဖြစ် အစပိုင်းမှာ သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၀၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့မှာပဲ ပလူတိုကို ဂြိုဟ်ပုအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။ ဒီဂြိုဟ်ပု ၅ ခုထဲမှာ ထူးဆန်းနေတာက ဟာရုမဲယား ဖြစ်ပါတယ်။ ဘာလို့ဆိုရင် သူက တခြားဂြိုလ်ပုတွေလို လုံးဝန်းမနေဘဲ ဘဲဥပုံသဏ္ဌာန် (Eg-shaped) အဖြစ် ရှိနေတဲ့အပြင် စေတန်လိုမျိုး ကွင်းတွေပါ ရှိနေလို့ပါ။ ဒါပေမဲ့ အဲဒီကွင်းတွေက ထင်ထင်ရှားရှား ရှိမနေတဲ့အတွက် သိပ်ပြီးတော့ မမြင်ရပါဘူး။ ဟာရုမဲယားက နေကို တစ်ပတ်ပြည့်အောင် ပတ်ဖို့အတွက် နှစ်ပေါင်း၂၈၅ နှစ် အချိန်ယူရပါတယ်။
အပေါ်မှာ ပြောပြသွားတဲ့ အကြောင်းအရာတွေက နေအဖွဲ့အစည်းရဲ့ တစိတ်တဒေသပဲ ရှိပါသေးတယ်။ ရှာဖွေမတွေ့ရှိနိုင်၊ အတည်မပြုနိုင်သေးတဲ့ ဂြိုဟ်တွေအများကြီးရှိသလို လတွေလဲရှိနေပါသေးတယ်။ IAU အနေနဲ့ ဂြိုဟ်ပု ၅ လုံးကိုပဲ တရားဝင်ထုတ်ပြန်ထားပေမဲ့ နောက်ထပ်ထူးခြားတဲ့ ဂြိုဟ်ပုတွေက နဂါးငွေ့တန်း ဂလက်ဆီမှာသာမက တစ်ခြားဂလက်ဆီတွေမှာလဲ တည်ရှိနေမှာပါ။ အဆုံးမရှိတဲ့စကြဝဠာကြီးထဲမှာ လူသားတွေ မသိသေးတဲ့ အရာတွေ၊ ကျန်ရှိနေတဲ့ အရာတွေဟာ အရမ်းကို များလွန်းတဲ့အတွက် ပညာရှင်တွေဟာ လေ့လာမှုကို အဆုံးမသတ်နိုင်ပါဘူး။ ။
