August 10, 2026 | မြန်မာ

ပွတ်တိုက်ကြရာဝယ်

လွန်ခဲ့တဲ့ လပိုင်းက ကျွန်တော် ဒေသခံမိတ်ဆွေနည်းနည်းနဲ့အတူ အပျော်တမ်း ငါးဖမ်းထွက်ခဲ့တယ်။ အဲ့ဒီဘက် ဒေသမှာတော့ ရှော့တိုက်ငါးဖမ်းတဲ့ နည်းက အသုံးအများဆုံးဖြစ်နေတော့ ဘတ္ထရီ ၂လုံးလောက် သယ်၊ ဝါယာကြိုးထမ်းပြီး ငါးဖမ်းဖို့ ချီတက်ခဲ့ကြတာပေါ့။ အားအင်အပြည့်နဲ့ ချီတက်ခဲ့ကြပေမဲ့ ကံကြမ္မာက ကျွန်တော်တို့ဘက်က မပါခဲ့။ ချောင်းရိုးတစ်လျှောက် မိုင်ဝက်လောက် လျှောက်ပြီး ရှော့တိုက်တာတောင် ငါး သိပ်မရတာကြောင့်…

Text size

လွန်ခဲ့တဲ့ လပိုင်းက ကျွန်တော် ဒေသခံမိတ်ဆွေနည်းနည်းနဲ့အတူ အပျော်တမ်း ငါးဖမ်းထွက်ခဲ့တယ်။ အဲ့ဒီဘက် ဒေသမှာတော့ ရှော့တိုက်ငါးဖမ်းတဲ့ နည်းက အသုံးအများဆုံးဖြစ်နေတော့ ဘတ္ထရီ ၂လုံးလောက် သယ်၊ ဝါယာကြိုးထမ်းပြီး ငါးဖမ်းဖို့ ချီတက်ခဲ့ကြတာပေါ့။ အားအင်အပြည့်နဲ့ ချီတက်ခဲ့ကြပေမဲ့ ကံကြမ္မာက ကျွန်တော်တို့ဘက်က မပါခဲ့။ ချောင်းရိုးတစ်လျှောက် မိုင်ဝက်လောက် လျှောက်ပြီး ရှော့တိုက်တာတောင် ငါး သိပ်မရတာကြောင့် ပုခုံးမှာ လွယ်ထားတဲ့ ငါးထည့်ပလိုင်းလေးခမျာ မျက်နှာငယ်နေရတာပေါ့။ အဲဒါနဲ့ ကမ်းပေါ် တက်ပြီး အိမ်ပြန်လာခဲ့လိုက်ကြတော့တယ်။ ဒီအချိန်မှာ မိတ်ဆွေဒေသခံတစ်ယောက်က ငါးအရနည်းတဲ့ အကြောင်းကို “ဘုရားသခင်ကလဲ လူသားတွေကို ကောင်းချီးပေးတယ်ဆိုပေမဲ့ ငါးတွေကို ဘာကြောင့် ရေကူးကျွမ်းကျင်အောင်၊ ငါတို့ ခုလို ပင်ပင်ပန်းပန်း ငါးရှာစားရအောင် ဖန်ဆင်းခဲ့တာလဲ မသိဘူးနော်” ညည်းတွားပါတယ်။ ဒီစကားက သာမန်အတိုင်း ဟာသလုပ်ပြီး ပြောလိုက်တာ ဖြစ်ပေမဲ့ ကျွန်တော့်ကိုတော့ အတွေးပေါင်းများစွာနဲ့ ချန်ရစ်ခဲ့ပါတယ်။

ဘာသာတရားနဲ့ သိပ္ပံပညာဟာ အခြေခံပုံချင်း၊ ဦးတည်ရာချင်း မတူသလို အလုပ်လုပ်ပုံလဲ ကွဲပြားကြောင်း တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဘာသာတရားမှာ ယုံကြည်မှုက အဓိကဖြစ်ပြီး သိပ္ပံပညာရပ်မှာတော့ မသိမှုအပေါ် ဝန်ခံခြင်းက အခြေခံပါ။ ဘာသာတရားက ရုပ်နယ်လွန်လောကအပေါ် အလေးထားပြီး သိပ္ပံကတော့ ရုပ်လောကအပေါ် အဆုံးစွန်ဆုံး နားလည်နိုင်ဖို့ပါ။ ဒါကြောင့် ခုလိုမျိုး ကွဲပြားခြားနားတဲ့ နယ်ပယ် ၂ ခုဟာ ဘယ်လိုနည်းနဲ့မှ ပွတ်တိုက်စရာ အကြောင်းမရှိဘူး လို့ စာဖတ်သူတွေ ယူဆကောင်း ယူဆပါလိမ့်မယ်။

ဒါပေမဲ့ သေသေချာချာ လေ့လာကြည့်ရင်တော့ ဘာသာတရားနဲ့ သိပ္ပံပညာက ပွတ်တိုက်ခဲ့၊ ပွတ်တိုက်‌နေဆဲဖြစ်ကြောင်း တွေ့ရမှာပါ။ ဒီလို ပွတ်တိုက်မှုတွေက သာမန်အခြေအနေတွေမှာ ဖြစ်လေ့မရှိဘဲ ဘာသာတရားရဲ့ ယုံကြည်မှုအရှိတရားတွေအပေါ် မေးခွန်းထုတ် ဝေဖန်ခံရချိန်မှပဲ ပေါ်ပေါက်လာလေ့ရှိပါတယ်။

ပြောရမယ်ဆိုရင် အပေါ်က ကျွန်တော့်မိတ်ဆွေ ခရစ်ယာန်ဘာသာ၀င်ရဲ့ စကားက အကောင်းဆုံးဥပမာပါပဲ။ ဘုရားသခင်က ငါးတွေကို ဘယ်လိုသ‌ဘောနဲ့ ဖန်ဆင်းခဲ့လဲ သူ မသိပေမဲ့ လူသားတွေကို အလေးထားကြောင်းကိုတော့ အကြွင်းမဲ့ ယုံကြည်နေပါတယ်။ ‘ဘုရားသခင်က လူသားတွေကို ချစ်မြတ်နိုးတာကြောင့် လူသားတွေ ငါးကို အာဟာရအဖြစ် မှီဝဲနိုင်အောင် ဖန်ဆင်းထားတယ်။ ဒါကြောင့်လဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟာ အတိုင်းအဆ မရှိ ကြီးမားတယ်’ လို့ ဆိုပါလိမ့်မယ်။ ဒါပေမဲ့လဲ သိပ္ပံပညာရှင်တွေအတွက်တော့ အဲဒီလောက် မရိုးရှင်းပါဘူး။ သိပ္ပံပညာရဲ့ တွေ့ရှိမှုတွေအရ ငါးတွေ ရေကူးသန်ရတယ်၊ ရေထဲမှာ ကျွမ်းကျွမ်းကျင်ကျင် လှုပ်ရှားကူးခတ်နိုင်ကြတယ်ဆိုတာ ဆင့်ကဲပြောင်းလဲခြင်း (သဘာဝရဲ့ ရွေးချယ်မှု) ကြောင့်ပဲ ဖြစ်ပါတယ်။ ရေစီးသန်တဲ့ မြစ်ချောင်းက ငါးတွေဟာ သန်မာတောင့်တင်းတဲ့ ရေယက်တွေနဲ့ လခြမ်းပုံသဏ္ဌာန်အမြီးကို ပိုင်ဆိုင်ကြပါတယ်၊ သူတို့ရဲ့ ရေယက်တွေက ခန္ဓာကိုယ်ရဲ့ ဒြပ်ထုဗဟိုနဲ့ နီးကပ်နေလေ့ရှိပြီး ရေရဲ့ ပွတ်ဆွဲအားကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်ပါတယ်။ ပြီးတော့ ဒီလို ရေယက်တွေက သူတို့ကို လွယ်လွယ်ကူကူ လှုပ်ရှားကူးခတ်‌စေဖို့ ကူညီပေးပါတယ်။ ရေစီးအားနည်းတဲ့ မြစ်ချောင်းတွေက ငါးတွေမှာ‌‌တော့ ပျော့ပျောင်းတဲ့ ရေယက်နဲ့ လုံးဝန်းတဲ့ ပုံသဏ္ဌာန်ရှိ အမြီးကို ပိုင်ဆိုင်ကြပါတယ်။ ဒါက ငါးရဲ့ ကူးခတ်ရာလမ်းကြောင်းကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်စေပြီး သားရဲတွေရဲ့ ရန်ကနေ ကျွမ်းကျွမ်းကျင်ကျင် ရှောင်တိမ်းနိုင်ဖို့အတွက် အများကြီး အထောက်အကူပြုပါတယ်။

ဒီရှင်းပြချက်ကို ဆင့်ကဲပြောင်းလဲခြင်းသီအိုရီကနေ ကောက်နုတ်ထားတာပါ။ ဆင့်ကဲပြောင်းလဲခြင်းက ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းအယူအဆနဲ့ သိသိသာသာ ဆန့်ကျင်နေပါတယ်။ ဒီလိုအချိန်မှာ ဖန်ဆင်းခြင်းကိုပဲ လက်ခံပြီး ဘုရားသခင်ရဲ့ အနန္တတန်ခိုးတော်ကို ယုံကြည်တဲ့ ဘာသာဝင်တွေက ဆင့်ကဲပြောင်းလဲခြင်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပါတော့တယ်။

တကယ်တော့ သက်ရှိတွေရဲ့ သမိုင်း (ဆင့်ကဲပြောင်းလဲခြင်း) ကို သိပ္ပံပညာရှင်တွေ ဖော်ထုတ်တာက ဘာသာတရားအပေါ် တိုက်ခိုက်ဖို့ မဟုတ်ခဲ့ပါဘူး။ ကမ္ဘာ့ပထမဆုံး ဇီ၀မျိုးစိတ်ခွဲပညာရှင် (Taxonomist) ဖြစ်တဲ့ ဆွီဒင်လူမျိုး ရုက္ခဗေဒပညာရှင် လန်းနီးယပ်စ် (Linnaeus) ဟာ ဘုရားသခင်ကို တိုက်ခိုက်ဖို့ ဇီဝမျိုးစိတ်ခွဲပညာရပ်ကို ဖော်ထုတ်ခဲ့တာ မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းလက်ရာ သက်ရှိအမျိုးမျိုးဖြစ်တည်မှုအပေါ် စနစ်တကျ စာရင်းပြုစုချင်ခဲ့တာပါ။ ဆင့်ကဲပြောင်းလဲခြင်းရဲ့ ဖခင်ဖြစ်တဲ့ ချားလ်စ်ဒါဝင် (Charles Darwin) ဟာလဲ သူ့ဘဝအစပိုင်းမှာ ဘုန်းတော်ကြီးဖြစ်ဖို့ သင်ယူခဲ့သူတစ်ယောက်ပါ။ မျိုးရိုးဗီဇပညာရပ်ကို တည်ထောင်ခဲ့တဲ့ ဂရီဂေါ်မန်ဒယ် ဟာလဲ ပဲပင်တွေနဲ့ အလုပ်ရှုပ်နေခဲ့တဲ့ ဩစတြီးယန်းဘုန်းတော်ကြီးတစ်ပါးသာ ဖြစ်ပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေဟာ သိပ္ပံပညာကို ဘုရားသခင် (ဘာသာတရားအားလုံး) ကို ဝေဖန်တိုက်ခိုက်ဖို့အတွက် ရည်ရွယ်ခဲ့ကြတာမဟုတ်ခဲ့ပါဘူး။ အားလုံးက လူသားသဘာဝအရ သိလိုစိတ်ပြင်းပြမှုကြောင့် ရှာဖွေဖော်ထုတ်ခဲ့ကြတာချည်းပါပဲ။

ဒါဆိုရင် ဘာသာတရားတွေက သိပ္ပံပညာကို ဘာကြောင့် ခါးခါးသီးသီး ငြင်းပယ်ရတာလဲ?

ဘာသာတရားက ယုံကြည်မှုအ‌ပေါ် အခြေခံတည်ဆောက်ရတာဖြစ်လို့ ဘာသာဝင်တွေသာ သက်၀င်ယုံကြည်မှု မရှိတော့ရင် ဘာသာတရားဟာ တဖြည်းဖြည်း ပြိုလဲပျက်စီးသွားပါလိမ့်မယ်။ ဒီလို မဖြစ်ရအောင် ယုံကြည်မှုဆိုင်ရာ အရှိတရားတွေကို ထိန်းသိမ်းကာကွယ်ဖို့ ဘာသာဝင်တွေမှာ ဝတ္တရားကိုယ်စီ ရှိနေပါတယ်။

ဥပမာ – နေက ဒီစကြဝဠာရဲ့ ဗဟို ဖြစ်တယ်၊ ကမ္ဘာ အပါအဝင် ဂြိုလ်တွေအားလုံး နေကို လှည့်ပတ်သွားလာနေရတယ်ဆိုတဲ့ နက္ခတ္တဗေဒအယူအဆကို ကြည့်ပါ။ ( အယူအဆလို့ သုံးနှုန်းထားပေမဲ့ ဒါဟာ လက်‌တွေ့အမှန်တရားပါပဲ) ဒီအယူအဆက သမ္မာကျမ်းစာလာ “ကမ္ဘာသည် မတုန်မလှုပ်၊ ရပ်တန့်သော သဘောရှိသည်” ဆိုတဲ့ အချက်နဲ့ ဆန့်ကျင်နေပြန်တယ်။ သမ္မာကျမ်းစာက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မှတ်တမ်းတင်ထားတာ ဖြစ်သလို ဘာသာဝင်တွေအတွက်လဲ ဒီကျမ်းစာလာ စကားရပ်တွေက ပကတိအမှန်တရားတွေပါပဲ။ တကယ်လို့ ဘာသာဝင်တွေအနေနဲ့ ကမ္ဘာက နေကို လှည့်ပတ်တယ် ဆိုတဲ့ အယူအဆကို အမှန်တရားလို့ ပြောင်းလဲလက်ခံလိုက်ကြမယ်ဆိုရင် သမ္မာကျမ်းစာက မှားနေတယ်လို့ အလိုလိုဝန်ခံပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဆက်စပ်ပြီး သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို တကယ်ရော မှတ်တမ်းတင်ထားတာလား။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက တကယ်ရော ပကတိအမှန်တရား ဖြစ်ရဲ့လား။ ဘုရားသခင်ရဲ့ အနန္တတန်ခိုးတော်က ကမ္ဘာဂြိုလ်ရဲ့ လှည့်ပတ်လှုပ်ရှားမှုကို တားဆီးဖို့ မစွမ်းနိုင်တာလား . . . စတဲ့ မေးခွန်းတွေအများကြီး ပေါ်လာပါလိမ့်မယ်။

နောက်ထပ်ဥပမာအနေနဲ့ ဆင့်ကဲပြောင်းလဲခြင်းသီအိုရီကို လေ့လာကြည့်ကြပါမယ်။ ဒီသီအိုရီအရ သက်ရှိမျိုးစိတ် ဖြစ်ပေါ်လာမှုမှာ သဘာဝရဲ့ ရွေးချယ်မှု၊ သက်ရှိတွေကိုယ်တိုင် ရှင်သန်ဖို့အတွက် ပြိုင်ဆိုင်မှုတွေကပဲ အရေးပါပါတယ်။ သက်ရှိမျိုးစိတ်အသစ်တွေ ဖြစ်ပေါ်လာဖို့ ဘုရားသခင်ရဲ့ အကူအညီ မလိုပါဘူး။ အတိအကျ ပြောရရင် ဘုရားသခင်က သက်ရှိတွေကို လုံးဝ မဖန်ဆင်းခဲ့ပါဘူး။ ဒီသီအိုရီက လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုပေမဲ့ သူ့ကို ထောက်ခံပေးထားတဲ့ အချက်အလက်တွေ တစ်ပုံတစ်ပင် ရှိနေပါတယ်။ အမျိုးသားတွေရဲ့ နို့သီးခေါင်း၊ လူသားတွေရဲ့ အူအတက်လိုမျိုး အသုံးမဝင်တဲ့ အင်္ဂါတွေက လူ့ခန္ဓာကိုယ်‌မှာ ဘာကြောင့် ဖြစ်တည်နေရလဲဆိုတဲ့ သမ္မာကျမ်းစာက အဖြေပေးဖို့ရာ မတတ်နိုင်တဲ့ မေးခွန်းတွေကို ဆင့်ကဲပြောင်းလဲခြင်းက ရှင်းပြနိုင်ပါတယ်။ ပင်နီဆလင်လိုမျိုး အစွမ်းထက်ဆေးဝါးတွေကို အချို့ဘက်တီးရီးယားတွေ ဘာကြောင့် ခံနိုင်ရည်ရှိလာတာလဲ၊ ဆေးယဉ်ပါးတီဘီရောဂါ ဘာကြောင့် ပေါ်ပေါက်လာရတာလဲ ဆိုတဲ့ အကြောင်းအရာတွေကို ဆင့်ကဲပြောင်းလဲခြင်းသီအိုရီရဲ့ အကူအညီနဲ့ နားလည်နိုင်ပါတယ်။ ဒါကြောင့် သက်ရှိဖြစ်တည်မှုမှာ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းအယူအဆက ဆင့်ကဲပြောင်းလဲခြင်းသီအိုရီကို အရှုံးပေးလိုက်ရတာပေါ့။ ဒါပေမဲ့ လူတော်တော်များများကတော့ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းကို ထူးဆန်းစွာ ဖက်တွယ်ထားဆဲပါ။

တကယ်လို့သာ သိပ္ပံပညာ (ဆင့်ကဲပြောင်းလဲခြင်း) ကို လက်ခံလိုက်ရင် ယုံကြည်သက်ဝင်မှုဆိုင်ရာမှာ ပြဿနာတွေ ဖြစ်လာပါလိမ့်မယ်။ သမ္မာကျမ်းစာက ဘုရားသခင်ရဲ့ စကားရပ်တွေကို မှားယွင်းပြီး မှတ်တမ်းတင်ခဲ့တာလား . . . ဘုရားသခင်က ဖြစ်တည်မှုတိုင်းအတွက် တာဝန်ရှိရင် လူသားတွေမှာ ညီအစ်ကိုမျိုးစိတ်တွေ ဘာကြောင့် ရှိနေရတာလဲ . . . လူသားမျိုးနွယ်ကို ဘုရားသခင်က တကယ်အလေးထားချစ်မြတ်နိုးတယ်၊ ကောင်းချီးပေးတယ်ဆိုရင် လူသားတွေ‌ အောက်နိမ့်ကျတဲ့ ဟိရီဩတပ္ပကင်းမဲ့တဲ့ မျောက်ဝံတွေနဲ့  ဘာကြောင့် အမျိုးတော်စေရတာလဲ . . . . စတဲ့ မေးမြန်းတွေးတောချင့်ဆစဉ်းစားစရာတွေနဲ့အတူ ဘုရားသခင်အပေါ် သက်၀င်ယုံကြည်မှုတွေကို တဖြည်းဖြည်း မေးခွန်းထုတ်ကြပါလိမ့်မယ်။ ဘာသာတရားကို တဖြည်းဖြည်း ပြိုလဲသွားစေနိုင်မဲ့ ဒီလို မေးခွန်းထုတ်တာတွေကို ရှောင်ရှားဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ‌သိပ္ပံပညာကို အတိအကျ ငြင်းပယ်လိုက်တာပါပဲ။ ဒါကြောင့် ဘာသာတရားအနေနဲ့ ဆင့်ကဲပြောင်းလဲခြင်းကို ဝေဖန်တိုက်ခိုက်ရာမှာ “လူသားတွေက မျောက်ဝံနဲ့ အမျိုးတော်တယ်” ဆိုတဲ့ အချက်ကို မနှစ်မြို့တာကြောင့်လို့ ဆိုတာထက် ဘာသာတရားအပေါ် နောက်ဆက်တွဲ မေးခွန်းထုတ်မှုတွေကို ရှောင်ရှားချင်တာ‌ကြောင့်လို့ ယူဆပါတယ်။ ယုံကြည်မှုဟာ ရာနှုန်းပြည့်သဘောကို ဆောင်ပါတယ်။ သံသယနည်းနည်းလောက် ရှိနေရင် ယုံကြည်မှုက ယုံကြည်မှု မဟုတ်တော့ပါဘူး။ (ဥပမာ – ပျားရည်က ယုံကြည်မှုဆိုရင် သံသယက မစင်တစ်စက်နဲ့ တူပါတယ်၊ ပျားရည်ဆိုတဲ့ ယုံကြည်မှုမှာ သံသယဆိုတဲ့ မစင်တစ်စက် ပါသွားရင် ယုံကြည်မှုက အသုံးမဝင်တော့ပါဘူး။) ဘာသာတရားက ယုံကြည်မှုအပေါ် အခြေခံရတဲ့အတွက် သံသယတွေ လုံး၀ ဖြစ်လို့ မရပါဘူး။ သိပ္ပံပညာက သံသယတွေကို ဘာသာတရားနဲ့ တဖြည်းဖြည်း မိတ်ဆက်ပေးနေတာကြောင့်  ခါးခါးသီးသီး ငြင်းပယ်ကြတယ်လို့ ကောက်ချက်ချမိပါတယ်။

သိပ္ပံပညာရပ်နဲ့ သိပ္ပံနည်းကျတဲ့ စူးစမ်းလေ့လာမှုတွေဟာ ဉာဏ်အလင်းပွင့်တဲ့ ကာလ (ရီနေးဆန့်ခေတ်) ကနေ စတင်ခဲ့တယ်လို့ ယူဆလိုက်ရင် သက်တမ်းအရ နှစ်ပေါင်း ၅၀၀ ခန့် ကြာမြင့်ခဲ့ပါပြီ။ ဒီလို အချိန်ကာလအတွင်းမှာ လူသားတွေဟာ သမိုင်းတစ်လျှောက် မမျှော်လင့်ထားတဲ့ စွမ်းအားတွေကို ရရှိပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ မိုးကြိုးပစ်မှုကို တတ်နိုင်တဲ့ နတ်ဘုရားတွေကို‌‌တောင် လူသားတွေဆီ လက်နက်ချစေခဲ့ပါပြီ။ လူသားမျိုးနွ ယ်ဖြစ်တည်မှုကို ခြိမ်းခြောက်ခဲ့တဲ့ ကပ်ရောဂါဆိုးကြီးတွေကိုလဲ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ ဒိုင်နိုဆောတွေကို နိတ္ထိတံစေခဲ့တဲ့ ဥက္ကာခဲကြီးကို အနိုင်ယူနိုင်မဲ့ နည်းပညာတွေကိုလဲ ပိုင်ဆိုင်နေပါပြီ။ ဒါတွေအားလုံးဟာ သိပ္ပံပညာရပ်က လူသားတွေအပေါ် ပေးစွမ်းထားတဲ့ လက်ဆောင်တွေဖြစ်ပြီး လူသားတွေရဲ့ သိပ္ပံပညာရပ်အပေါ် ယုံကြည်မှုကလဲ ခိုင်မြဲသထက် ခိုင်မြဲလာပါတယ်။ (သိပ္ပံပညာအပေါ် ယုံကြည်မှုဆိုတာ “သိပ္ပံပညာက လူသားမျိုးနွယ်ရဲ့  ပြဿနာတွေကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်းပေးနိုင်တယ်” ဆိုတဲ့ ယုံကြည်မှုကို ဆိုလိုတာပါ။) ဒါကြောင့် ဘာသာတရားတွေ ခေတ်သစ်ကမ္ဘာမှာ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် ကျမ်းစာအုပ်တွေ၊ အယူအဆတွေက သိပ္ပံပညာနဲ့ ကိုက်ညီကြောင်း၊ သိပ္ပံပညာဟာ ဘာသာတရားက တွေ့ရှိပြီးသား အချက်တွေအပေါ် အခြေခံထားကြောင်း ရှင်းပြဖို့ ကြိုးစားလာကြတာပေါ့။  

စိတ်မကောင်းစရာကတော့ ဘာသာတရားရဲ့ ကျမ်းစာတွေနဲ့ သိပ္ပံပညာရပ်က ဘယ်လိုမှ ပေါင်းစည်းလို့မရ၊ တစ်နည်းအားဖြင့် ဘာသာတရားဟာ လုံးဝသိပ္ပံနည်းမကျတာပါပဲ။ ဇာတ်စနစ်ဟာ သဘာဝတရားရဲ့ ပကတိအမှန်တရားဖြစ်ကြောင်း ထောက်ခံထားတဲ့ သိပ္ပံနည်းကျ အချက်အလက်တွေ မရှိပါဘူး။ လူသားအားလုံးက ဇီဝဗေဒအရ အကုန်အတူတူပါပဲ။ တမလွန်ဖြစ်တည်မှု၊ နောက်ဘဝသဘောတရားတွေကို သိပ္ပံပညာက မတွေ့ရှိသေးပါဘူး (ရှိချင်ရှိလာပါလိမ့်မယ်) ။ သက်ရှိအပါအဝင် အရာအားလုံးကို အက်တမ်တွေ မော်လီကျူးတွေနဲ့ ဖွဲ့စည်းထားပြီး သေလွန်ရင် အဲဒီအက်တမ်မော်လီကျူး‌အားလုံး စကြဝဠာထဲ ပြန်ရောက်ရမှာပါပဲ။ လူတစ်ယောက်တည်းပဲ အသက်ရှင်ကျန်စေခဲ့တဲ့ ရေလွှမ်းမိုးမှုကြီးရဲ့ လက္ခဏာတွေကို ကမ္ဘာရဲ့ ဘယ်နေရာမှာမှ မတွေ့ရှိရပါဘူး။ ဒီဖြစ်ရပ်က ကမ္ဘာပေါ်မှာ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးလို့ သိပ္ပံပညာက အခိုင်အမာ ဆိုထားပါတယ်။ လူသားတွေက ဗြဟ္မာကြီးကနေ ဆင်းသက်လာတယ် ဆိုတဲ့ အထောက်အထားကို မမြင်တွေ့ရသလို လူသားဟာ ဆင့်ကဲပြောင်းလဲတိုးတက်လာခဲ့တယ်လို့ သိပ္ပံပညာက ယတိပြတ် ပြောဆိုထားပါတယ်။ ဒါပေမဲ့လဲ ဘာသာတရားက သိပ္ပံနဲ့ ကိုက်ညီဖို့ လက်လျှော့လိုက်တာတော့ မဟုတ်ပါဘူး။ အခြားနည်းနဲ့ ကြိုးစားနေဆဲပဲ။

အဆုံးသတ် ပြောရရင် သိပ္ပံတု (Pseudoscience) နဲ့ သိပ္ပံပညာက လောကကြီးရဲ့ အလုပ်လုပ်ပုံကို နားလည်ဖို့ ကြိုးစားနေတဲ့ တူညီတဲ့ နယ်ပယ်တွေဆိုပေမဲ့ နည်းလမ်းတွေကတော့ ပြဒါးတစ်လမ်း ၊သံတစ်လမ်းပါပဲ။  သိပ္ပံပညာရပ်က သင်္ချာနည်းကျ ဆင်ခြင်သုံးသပ်ခြင်း၊ လက်တွေ့စမ်းသပ်ခြင်း၊ တိုက်ရိုက်ထောက်လှမ်းခြင်း စတဲ့ သိပ္ပံနည်းကျစူးစမ်းလေ့လာမှုတွေကို အသုံးပြုပေမဲ့ သိပ္ပံတုကတော့ ဘက်လိုက်အတည်ပြုခြင်း၊ မလိုလားတဲ့ ရလဒ်တွေကို ငြင်းပယ်ခြင်း၊ ပုဂ္ဂလဓိဋ္ဌာန်ချဉ်းကပ်ခြင်း စတဲ့ နည်းလမ်းတွေကို အသုံးပြုပါတယ်။ လူအများစုဟာ သိပ္ပံနဲ့ သိပ္ပံတုကြားက ဒီလို ကွဲပြားခြားနားမှုတွေကို အကျယ်တဝင့် နားလည်ထားခြင်း မရှိတာကြောင့် ဘာသာတရားက သိပ္ပံပညာနဲ့ ကိုက်ညီဖို့ ကြိုးစားရာမှာ သိပ္ပံတုကို လိုလိုလားလား အသုံးချနေတာပါ။ ဒီနေရာမှာ သိပ္ပံတုက ဘာသာတရားကို အသုံးချတတ်သလို ဘာသာတရားကလဲ သိပ္ပံတုကို ပြန်လည်အသုံးချတတ်ပါတယ်။ သိပ္ပံတုအနေနဲ့ ၎င်းရဲ့ သီအိုရီအယူအဆတွေကို ပြည်သူလူထုထဲ ဖြန့်ဝေဖို့အတွက် နောက်ခံအင်အား တောင့်တင်းတဲ့ ဘာသာတရားကို မျက်စိကျမိသလို ဘာသာတရားကလဲ သူ့ရပ်တည်မှုအတွက် သိပ္ပံတုကို ကြိုဆိုတာပေါ့။ သိပ္ပံတုနဲ့ ဘာသာတရားရဲ့ လူသိများတဲ့ ပေါင်းစည်းမှုတွေကတော့ ကမ္ဘာပြားသီအိုရီ၊ ခရစ်စတယ်ကုထုံး၊ ရေရဲ့မှတ်ဉာဏ်သီအိုရီ၊ ဂြိုလ်သားလို အဆင့်မြင့်သက်ရှိဖြစ်တည်မှု စတဲ့ အယူအဆတွေပါပဲ။     ။

Article Credits

Written by Julian Htet Aung
Copy Editing Aung Min Khant, Khant Wutyee Htet

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.