August 10, 2026 | မြန်မာ
Article

“ဘယ်တံခါးမှာ ကားရှိလဲ . . .?”

Fact Hub Myanmar ရဲ့ ကားတစ်စီး ကံစမ်းနိုင်မဲ့ ဂိမ်းအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ အခု မိတ်ဆွေရဲ့ ရှေ့မှာ တံခါးပေါက် သုံးချပ်ရှိမယ်။ အဲဒီ တံခါးသုံးချပ်ထဲက တစ်ချပ်ရဲ့ နောက်မှာ နောက်ဆုံးပေါ် ဇိမ်ခံကားကြီး တစ်စီး ရှိတယ်။ ကျန်တဲ့ တံခါးနှစ်ချပ်မှာတော့ ဆိတ်တွေ ထည့်ထားတယ်။ ဒီ တံခါးတွေထဲက တစ်ခုကို…

Text size

Fact Hub Myanmar ရဲ့ ကားတစ်စီး ကံစမ်းနိုင်မဲ့ ဂိမ်းအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ အခု မိတ်ဆွေရဲ့ ရှေ့မှာ တံခါးပေါက် သုံးချပ်ရှိမယ်။ အဲဒီ တံခါးသုံးချပ်ထဲက တစ်ချပ်ရဲ့ နောက်မှာ နောက်ဆုံးပေါ် ဇိမ်ခံကားကြီး တစ်စီး ရှိတယ်။ ကျန်တဲ့ တံခါးနှစ်ချပ်မှာတော့ ဆိတ်တွေ ထည့်ထားတယ်။ ဒီ တံခါးတွေထဲက တစ်ခုကို ရွေးပေးရုံပဲ။ ဆိတ်ကျရင် ဆိတ်ယူသွား၊ ကားကျရင်တော့ ကားယူသွား . . .

၁၉၅၀ ကနေ ၁၉၈၀ ပြည့်နှစ်တွေမှာ အတော်လေး ရေပန်းစားခဲ့တဲ့ ‘Let’s Make A Deal’ အမည်ရ တီဗီဂိမ်းရှိုးကို Fact Hub ရဲ့ စာဖတ်ပရိသတ်တွေထဲ ကြားဖူးကြသူတွေ ရှိနိုင်လား . . .? အဲဒီ ဂိမ်းရှိုးကို တင်ဆက်တဲ့ မွန်တီဟော (Monty Hall) အမည်ရ ပုဂ္ဂိုလ်ကိုရော . . .? နောက် မွန်တီဟောနဲ့အတူ နာမည်ကြီးလာတဲ့ သင်္ချာဝိရောဓိကိုရော . . .?

ဒီ ‘Let’s Make A Deal – အလောင်းအစား လုပ်ရအောင်’ ဂိမ်းရှိုးမှာ ဝင်ကစားမဲ့ ပြိုင်ပွဲဝင်က အပေါ်မှာ ပြောသလို တံခါးချပ် သုံးချပ်ရှိတဲ့ထဲက တစ်ပေါက်ကို ရွေးရပါတယ်။ ပြိုင်ပွဲဝင်က နံပါတ် ၁ ကို ရွေးမယ်ဆိုရင် မွန်တီဟောက တံခါးနံပါတ် ၂ နဲ့ ၃ ထဲက တစ်ချပ်ချပ်ကို ဖွင့်ပြရပါတယ်။ နမူနာ၊ တံခါးနံပါတ် ၃ ကို ဖွင့်ပေးလိုက်မယ် ဆိုပါစို့။ 

ဆိတ်ကြီး ထွက်လာပါတယ်။

နောက်တော့ မွန်တီဟောက ပြိုင်ပွဲဝင်ကို မေးတယ်။ 

– ရွေးစရာတံခါးက ၁ နဲ့ ၂ ပဲ ရှိတော့မယ်။

– ၁ မှာ ဆက်နေမလား။

– ၂ ကို ပြောင်းမလား။

“တံခါး ၃ ကတော့ ဆိတ်ကြီး ရှိနေတယ်ဗျို့။ ကဲ၊ ကိုယ့်လူ၊ ၁ မှာပဲ ဆက်နေမယ်ပေါ့။”

ကိုယ်သာ ပြိုင်ပွဲဝင်ဆိုရင်ရော ပြောင်းမလား၊ နေမလား . . . ?

―――――――

ဒီဂိမ်းရှိုးမှာ ဝင်ရောက်ယှဉ်ပြိုင်သူတွေရော၊ ဂိမ်းကို အခုမှ ကြားဖူးသူတွေပါ အများစု ရွေးကြတာက ‘ဆက်နေဖို့’ ဖြစ်တယ်လို့ သုတေသနရလဒ်အရ သိရပါတယ်။ ဒီလူတွေအကုန်လုံး တက်ညီလက်ညီ တွေးကြပုံက တံခါးချပ် နံပါတ် ၃ က ပြုတ်သွားပြီမို့ ၁ နဲ့ ၂ ပဲ ကျန်မယ်။ ဒီ ၁ နဲ့ ၂ မှာ ၁ ကတော့ သူတို့အခု ရွေးထားတယ်။ ဇိမ်ခံကားက ၁ မှာလဲ ရှိနိုင်သလို ၂ မှာလဲ ရှိနိုင်တာမို့ ငါးဆယ်ရာခိုင်နှုန်းစီ ကားရနိုင်တဲ့ အခွင့်အရေးရှိနေတယ်။ ပြောင်းလဲ အရှုံးမရှိသလို ဆက်နေလဲ ရနိုင်ခြေက တူတူပဲမို့ ပြောင်းလိုက်မှ ကိုယ်ပြောင်းလိုက်တဲ့ တံခါးမှာ ကားမရှိနေရင် ပိုခံပြင်းမယ် ဆိုတာပါ။

ဒါပေမဲ့ ဖြစ်တန်စွမ်း (Probability) ကို သုံးပြီး သင်္ချာနည်းကျ တွက်ချက်ကြည့်မယ်ဆိုရင် ရွေးထားတဲ့ တံခါးနံပါတ် ၁ မှာ နေတာထက် ၂ ကို ပြောင်းတာက ကားမဲပေါက်နိုင်ခြေ ပိုများပါသတဲ့။ ဘယ်လိုပါလိမ့် . . .?၊ တံခါးတစ်ချပ်ချင်းစီကို ဖွင့်ဟကြည့်ကြမှ . . .။

ဂိမ်းကို တင်ဆက်ပေးတဲ့ မွန်တီဟောအနေနဲ့ သူ မဖြစ်မနေ လိုက်နာရမဲ့ စည်းကမ်းချက်တွေ ရှိပါတယ်။ 

၁) ပြိုင်ပွဲဝင်ရွေးထားတဲ့ တံခါးကို ဖွင့်ပြခွင့် မရှိပါဘူး။

၂) နောက်၊ ပြိုင်ပွဲဝင်က ကားရှိတဲ့ တံခါးကို မရွေးမချင်း ဖွင့်ပြလို့ မရပါဘူး။

၃) အဲဒီအစား ဆိတ်ရှိတဲ့ တံခါးတွေကိုပဲ ဖွင့်ဖွင့်ပေးနေရပါမယ်။ 

တကယ်လို့ ကိုယ်က ပြိုင်ပွဲဝင်ဖြစ်ပြီး ရွေးထားတဲ့ တံခါး (အပေါ်က ရွေးခဲ့တဲ့ နံပါတ် ၁) မှာပဲ ဆက်နေမယ်ဆိုရင်၊ ကားသာ တံခါးနောက် ရှိနေရင် အနိုင်ရပါပြီ။ မွန်တီဘက်က ဘယ်လိုတံခါးကို ဖွင့်ဖွင့် စိုးရိမ်စရာ မရှိပါဘူး၊ ကိုယ်ရွေးထားတဲ့ တံခါးကို သူလာဖွင့်ခွင့် မရှိလို့ပါ။

တကယ်လို့ ကားက အလယ်က တံခါး နံပါတ် ၂ မှာ ရှိနေမယ်ဆိုရင်တော့ ကိုယ်က ၁ ကို ရွေးထားတာမို့ ရှုံးပါပြီ။ ကားက တံခါးနံပါတ် ၃ မှာ ရှိနေမယ်ဆိုရင်လဲ ဆိတ်ကြီးပဲ ထွက်လာမှာပေါ့။ ဆိုတော့ တံခါးမပြောင်းဘဲ ရွေးထားတဲ့အတိုင်း ဆက်နေမယ်ဆိုရင် ကားကို ရနိုင်ခြေက သုံးကြိမ်မှာ တစ်ကြိမ်ပဲ ရှိပါတယ်။ ဒီသုံးကြိမ်တစ်ကြိမ်ကို ဖြစ်တန်စွမ်းနဲ့ ပြောရင်တော့ ၁/၃ ဖြစ်ပါလိမ့်မယ်။ 

ပြိုင်ပွဲဝင်က အဲဒီလို မဟုတ်ဘဲ တံခါးပြောင်းလိုက်တဲ့ဘက်က ဆိုရင် . . . 

တံခါးနံပါတ် ၁ မှာသာ ကားရှိနေရင် ရှုံးပါမယ်။ တံခါးနံပါတ် ၂ နောက်မှာသာ ကားရှိရင် မွန်တီဘက်က အဲဒါကို ဖွင့်လို့ မရဘဲ နံပါတ် ၃ ကို ကျော်ဖွင့်ရမှာပါ။ ဆိုတော့ ကိုယ်ကသာ တံခါးနံပါတ် ၂ ကို ပြောင်းလိုက်မယ်ဆိုရင် နိုင်ပါလိမ့်မယ်။ တကယ်လို့ ကားကသာ တံခါးနံပါတ် ၃ မှာ ရှိနေမယ်ဆိုရင် မွန်တီက ကားရှိတဲ့ တံခါးကို ဖွင့်လို့မရဘူးဆိုတဲ့ စည်းကမ်းချက်အတိုင်း ရှိသေးတဲ့ နံပါတ် ၂ ကိုပဲ ဖွင့်ရမှာမို့ ကိုယ်က ၁ ကနေ ၃ ကို ပြောင်းထားရင် နိုင်ပါလိမ့်မယ်။ ဒီတော့ မူလရွေးထားတဲ့ ၁ မှာ နေတုန်းက သုံးကြိမ်မှာမှ တစ်ကြိမ်ပဲ နိုင်နိုင်ခြေရှိရာကနေ တံခါးပြောင်းရင်တော့ သုံးကြိမ်မှာ နှစ်ကြိမ်က နိုင်နိုင်ခြေ ရှိသွားပါပြီ။ ၂/၃ မို့ ကားရနိုင်တဲ့ ဖြစ်နိုင်ခြေက နှစ်ဆတိုးသွားတာပေါ့။

ဒါပေမဲ့ ဒိတ်ဒိတ်ကျဲလှပါချည်ရဲ့ဆိုတဲ့ သင်္ချာပညာရှင်တွေနဲ့ စာရင်းအင်းသမားတွေတောင် ဒီအယူအဆကို အစောပိုင်းမှာ ငြင်းပယ်ခဲ့ကြဖူးပါတယ်။ သူတို့က မွန်တီဟော ပြဿနာမှာ တံခါးပြောင်းလိုက်တာက ကားရနိုင်တဲ့ ဖြစ်နိုင်ခြေကို မမြင့်သွားစေဘူး၊ ၅၀ ရာခိုင်နှုန်းစီပဲ ရှိကြမယ်လို့ တပ်အပ်ဆိုခဲ့ကြတာပါ။ ဒါပေမဲ့ ဒီတံခါးသုံးချပ်ကိစ္စက အကြွေစေ့ ခေါင်းပန်းလှန်သလို၊ အန်စာတုံးခေါက်သလို မရိုးရှင်းရှာပါဘူး။ ဂိမ်းကို ကြီးကြပ်နေတဲ့ မွန်တီဟောမှာ ဘယ်တံခါးနောက်မယ် ဘာရှိတယ်ဆိုတဲ့ သိမှုတစ်ခု ရှိနေသလို ဂိမ်းအရ တားမြစ်ထားတာတွေလဲ ရှိနေပါတယ်။ တစ်နည်းပြောရရင်တော့ မွန်တီက တံခါးချပ်တွေကို တစ်ခုပြီး တစ်ခု လှစ်ဟရင်း ကစားနေတဲ့သူကို ကူညီပေးနေတာပေါ့။ သူက ကားရှိတဲ့ တံခါးကိုလဲ ဖွင့်ပြမှာ မဟုတ်သလို ကြုံရာကျရာ တံခါးတွေကိုလဲ လိုက်ဖွင့်မှာ မဟုတ်ပါဘူး။ သူက ကားမရှိတဲ့၊ မှားတဲ့ တံခါးတွေကိုပဲ လိုက်ဖယ်ထုတ်ပေးနေတာပါ။ နောက်၊ မွန်တီဟောပြဿနာမှာ ဖြစ်တန်စွမ်းနဲ့ ထွက်လာနိုင်တဲ့ ရလဒ် (Event) တွေက တစ်ခုစီ သီးခြားလွတ်လပ်ပြီး အမှီအခိုကင်းနေတာ မဟုတ်ပါဘူး။ မွန်တီ ဘယ်တံခါးကို ဖွင့်မလဲဆိုတာဟာ ဘယ်တံခါးမှာ ဘာရှိတယ်ဆိုတဲ့ သူ့ရဲ့ သိမှုနဲ့ ကစားသူရဲ့ ရွေးချယ်မှု . . . ချိတ်ဆက်နေတာမို့ အခြေအနေက ပိုရှုပ်ထွေးစေတာပေါ့။ 

ဒီအထိ ဖတ်ပြီးသူတိုင်း သေချာပေါက် ခေါင်းလည်နေလောက်ပြီလို့ မြင်ပါတယ်။ အပေါ်မှာ ပြောခဲ့တာတွေက သဘောတရားပိုင်းပါ။ မြင်သာမဲ့ ပုံစံနဲ့ ဆက်ကြည့်ကြရအောင်။ 

အများစု အတွေးချော်သွားတတ်တဲ့ နေရာက မွန်တီရဲ့ ဆိတ်ရှိတဲ့ တံခါးတစ်ပေါက်ကို ဖွင့်ခြင်းဟာ ကစားပွဲထဲက ကားရှိတဲ့ တံခါးရဲ့ တည်နေရာကို (ရုပ်ပိုင်းဆိုင်ရာ အရ) ပြောင်းလဲလိုက်တာမျိုး မဟုတ်လို့ ဖွက်ထားတဲ့ ကားက ကျန်နေတဲ့ နှစ်ချပ်မှာ ဖြစ်နိုင်ခြေ တစ်ဝက်အတိစီနဲ့ ရှိနေမယ် ဆိုတာပါ။

ဖြစ်တန်စွမ်းဆိုတာ ရုပ်ပိုင်းဆိုင်ရာအရ အပြောင်းအလဲရှိတာကို ပြောတာ မဟုတ်ဘဲ ‘ဘယ်လိုအချက်အလက်တွေကို သိလိုက်ရလဲ’၊ ‘ဘာတွေ့လိုက်ရလဲ’ ဆိုတာအပေါ် မူတည်မှာ ဖြစ်ပါတယ်။ 

ဥပမာ စစချင်း တံခါးသုံးချပ် ရှိတယ်၊ တစ်ချပ်ကို ရွေးထားမယ်။ သုံးချပ်ထဲက တစ်ချပ်မှာ ကားရှိမှာမို့ ဖြစ်တန်စွမ်းက ၁/၃ ပေါ့။ ဒါပေမဲ့ ကားက ‘တစ်နေရာ’ မှာပဲ ရှိပြီး ဆိတ်ကတော့ ‘နှစ်နေရာ’ မှာ ရှိမှာမို့ ကားရနိုင်ခြေ ၁/၃ ရှိနေချိန်မှာ ဆိတ်ပေါ်လာနိုင်ခြေကတော့ ၂/၃ ရှိနေပါတယ်။ 

ဒါပေမဲ့ ရွေးလဲ ပြီးရော မွန်တီက ကိုယ်ရွေးထားတာနဲ့ ကားရှိတာကို ပယ်ပြီး ဆိတ်ရှိနေတဲ့ တစ်ပေါက်ကို ဖယ်လိုက်ချိန်မှာ ဖြစ်တန်စွမ်းက ပြောင်းလဲသွားပါတယ်။ နဂိုက ဆိတ်ပေါ်လာနိုင်ခြေ ၂/၃ ရှိတဲ့ နေရာမှာ ဆိတ်ရှိတဲ့ ‘တစ်နေရာ’ ကို ကိုယ်က သိလိုက်ရတာမို့ ၁/၃ ပဲ ကျန်ပါတော့မယ်။ ဆိတ်နှစ်ကောင်နဲ့ ကားတစ်စီးဟာ တံခါးသုံးချပ်နောက်မှာ ရှိနေလို့ ၃/၃ ဖြစ်ပြီး အဲဒီထဲက ဆိတ်တစ်ကောင်ကို သိလိုက်ရချိန်မှာ

၁) ဆိတ်က ၁/၃ ကျန်ပြီး

၂) ကားရနိုင်ခြေကတော့ ၂/၃ တိုးသွားပါတယ်။ 

ဒါပေမဲ့ ဖြစ်တန်စွမ်းရဲ့ သဘောတရားအရ အောက်က ရှိနေတဲ့ ၃ ကတော့ ပြောင်းလဲခြင်း မရှိပါဘူး။ ဒါကို နောက်မှာ ဆက်ရှင်းပြပါ့မယ်။ ခုနက ကားရနိုင်ခြေ ၂/၃ တိုးတာက ပြိုင်ပွဲဝင်အနေနဲ့ တံခါးကို ပြောင်းမှပါ။ 

အများစုက နဂို မွန်တီဟောပြဿနာရဲ့ တံခါးသုံးချပ်မှာ ၅၀/၅၀ ဖြစ်နိုင်ခြေကိုပဲ အတွေးထဲ ရောက်နေမှာမို့ တံခါးပေါင်း ၁၀၀၀ နဲ့ မြင်ယောင်ကြည့်ပါ။

၁) တံခါးတစ်ချပ်ကို ကိုယ်က ရွေးထားမယ်။ 

၂) မွန်တီက တစ်ခါပြီး တစ်ခါ ဆိတ်တွေရှိတဲ့ တံခါးတွေချည်း ဖွင့်ပြသွားတာ ၉၉၈ ခေါက်မြောက်ကို ရောက်နေပါပြီ။ တစ်နည်း တံခါး ၉၉၈ ချပ်ကို ဖွင့်ထားပါပြီ။

၃) အဲဒီအချိန်မှာ ကိုယ်ရွေးထားတဲ့ တံခါးနဲ့ မွန်တီဘက်က ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခဲ့တဲ့ တံခါးဆိုပြီး နှစ်ချပ်ပဲ ကျန်ပါတော့တယ်။

၄) ရွေးထားတဲ့ တံခါးမှာ နေမယ်ဆိုရင် ဖြစ်တန်စွမ်းရဲ့ သဘာဝအရ ကိုယ့်တံခါးနောက်မှာ ကားရှိဖို့က အကြိမ် ၁၀၀၀ မှာမှ ၁ ကြိမ်ပါ။ ဖြစ်နိုင်ခြေ အတော့်ကို နည်းနေပါတယ်။

၅) ဒါပေမဲ့ တမင်ကြီးကို ကျန်နေတဲ့ ကိုယ့်တံခါးဘေးက တံခါးကတော့ ကားရှိနိုင်ခြေ အကြိမ် ၁၀၀၀ မှာ ၉၉၉ ခေါက် ရှိနေပါတယ်။ 

ဒီလိုဆိုရင်ရော ဆက်နေမှာလား၊ ပြောင်းမှာလား . . . ? 

တံခါးတွေ ဖွင့်ရတာ မောနေလောက်ပြီမို့ နောက်ထပ် မြင်သာတဲ့ ဥပမာလေး ပေးပါရစေ။ ဖဲကစားကြရအောင် . . . 

ဖဲတစ်အုပ်ကို ဖဲကဒ် စုစုပေါင်း ၅၂ ကဒ် ရှိပါတယ်။ အဲဒီထဲကမှ ကိုယ်က Aces of Spade ကဒ် ဖြစ်နိုင်မဲ့ဟာကို ၅၂ ချပ်ထဲကနေ ဘာဆိုဘာမှ မကြည့်ဘဲ ကျရာကောက်ရွေးရမှာပါ။ Aces of Spade က တစ်ခုတည်းရှိတဲ့ စပိတ်ကဒ်အမျိုးအစား (Spades) ဖြစ်ပြီး ရှင်းရတာ ပိုသွက်အောင် စပိတ်ကဒ်လို့ပဲ သုံးနှုန်းပါရစေ။

ဖဲတစ်အုပ်မှာ စပိတ်ကဒ် (Aces of Spade) က တစ်ကဒ်တည်း ရှိမှာမို့ ကိုယ်ရွေးလိုက်တဲ့ ကဒ်က စပိတ်ဖြစ်နိုင်ခြေဟာ ၅၂ ကြိမ်မှာ ၁ ကြိမ်တည်းပါ။ နောက်တော့ ကိုယ်နဲ့ တူတူ ဖဲကစားတဲ့ သူငယ်ချင်းက ကိုယ်ရွေးထားတဲ့ ကဒ်ကိုလဲ မကြည့်၊ ဘယ်နားမှာ ရှိနေမှန်း သိထားတဲ့ စပိတ်ကဒ်ကိုလဲ မထိဘဲ ၅၂ ကဒ်ထဲကနေ စပိတ်မဟုတ်တာတွေကို လှန်ထုတ်နေပါတယ်။ လှန်ထုတ်တာက အချပ် ၅၀ ရှိသွားပြီ ဖြစ်ပြီး ကိုယ်ရွေးထားတဲ့ ကဒ်နဲ့ သူချန်ထားတဲ့ တစ်ကဒ်ပဲ ရှိပါတော့မယ်။ စပိတ်ဖြစ်နိုင်ခြေက ၅၀/၅၀ ဖြစ်နေမယ်လို့ စာဖတ်သူ ထင်ပါသလား . . . ? 

ဖြစ်တန်စွမ်းကို ပြန်ကြည့်ရင် ကိုယ်အရင်ဆုံး ကြုံရာကောက်ရွေးလိုက်တာက ၁/၅၂ ပါ။ ကဒ်တွေကို ဖယ်ထုတ်လိုက်ရုံနဲ့ ဖြစ်တန်စွမ်းက ၁/၅၂ ကနေ မပြောင်းသွားပါဘူး။ အကြောင်းက ဖဲအပြည့်ရှိနေချိန်မှာ ကျရာရွေးထားတာမို့ပါ။ ဒါပေမဲ့ ကိုယ့်ကဒ်နဲ့အတူ ကျန်နေတဲ့ တခြားတစ်ကဒ်ကတော့ စပိတ်ကဒ် ဖြစ်နိုင်ခြေ အများကြီး ရှိပါတယ်။ ၅၁ ကဒ် (လှန်တဲ့ ၅၀ နဲ့ ရွေးထားတဲ့ ၁ ကဒ်) လုံး ဖယ်ထားချိန်မှာသာ ကိုယ်က အဲဒါကို ရွေးလိုက်မယ်ဆိုရင် စပိတ်ကဒ်ဖြစ်နေနိုင်ခြေက ၅၂ ကြိမ်မှာ ၅၁ ကြိမ် (၅၁/၅၂) ဖြစ်သွားမှာပါ။ ကိုယ်ဦးဆုံးရွေးထားတာက ၅၂ ကဒ်လုံး ရှိနေချိန်မှာ ဖြစ်ပြီး ပြောင်းချင်လို့ ပြန်ရွေးချိန်မှာတော့ ၅၁ ခုသော ကဒ်တွေက လှန်ထား/ဖယ်ထားပြီးသား ဖြစ်နေပါပြီ။ အဲဒီလို လှန်တာတွေ ဖယ်တာတွေဆိုတာလဲ ကြုံရာကျရာ လုပ်ထားတာ မဟုတ်ဘဲ တမင်ရည်ရွယ်ချက်ရှိရှိကို ဖယ်ထုတ်ထားတာ ဖြစ်ပါတယ်။ 

ဒါကို မွန်တီဟော ပြဿနာနဲ့ ချိတ်ဆက်စဉ်းစားကြည့်လိုက်ရင် သေချာပေါက် နားလည်နိုင်မှာပါ။ ဂိမ်းအစမှာ ရွေးရတာက ဘာသဲလွန်စမှ မရှိဘဲ လက်တည့်ရာ ရွေးလိုက်ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂိမ်းဆော့ရင်းနဲ့မှ တဖြည်းဖြည်း မဟုတ်တာတွေကို သိလာရတာမျိုးပေါ့။ ဒီတော့ တံခါးနံပါတ် ၁ မှာသာ ဆက်နေမယ်ဆိုရင် အဲဒီ တံခါးဟာ ဖြစ်တန်စွမ်း ၁/၃ နဲ့ ရှိနေပြီး တံခါးနံပါတ် ၂ ဟာတော့ ဆိတ်တစ်ကောင်ကို ဖွင့်ပြအပြီးမှာ ဖြစ်တန်စွမ်း ၂/၃ ရှိနေမှာပါ။ 

ပြဿနာကို ချုပ်ပြီး ပြန်ရှင်းရင်တော့ တံခါးသုံးချပ်မှာမှ တစ်ချပ်မှာပဲ ကားရှိမှာမို့ ကားကို ရွေးထားမိနိုင်ခြေက ၁/၃ ပါ။ ဆိတ်ကတော့ နှစ်ချပ်မှာ ရှိနေမှာမို့ ဆိတ်ကို ရွေးထားမိနိုင်ခြေက ၂/၃ ပါ။ ကိုယ်က တံခါးကို ရွေးလိုက်ပြီဆိုရင် မွန်တီက ဆိတ်ရှိတဲ့ တံခါးတစ်ချပ်ကို ဖွင့်ပါလိမ့်မယ်။ ဆိတ်ရှိနေတဲ့ တံခါးတစ်ချပ်ကို သိပြီ၊ ကိုယ်ရွေးထားတဲ့ တံခါးနဲ့ ကျန်နေတဲ့ တံခါးနှစ်ချပ်မှာ ကိုယ့်တံခါးမှာသာ ကားရှိမယ်ဆိုရင် ပြောင်းရင် ဂိမ်းက ရှုံးပါမယ်။ ဒါပေမဲ့ ကိုယ်ရွေးထားတဲ့ တံခါးမှာသာ ဆိတ်ရှိနေမယ်ဆိုရင် ပြောင်းမှ နိုင်မှာပါ။ ဖြစ်တန်စွမ်းအရ ကိုယ်က ဆိတ်ရှိနေတာကို ရွေးထားမိနိုင်ခြေက ပိုများ (၂/၃ ဖြစ်နေ) နေလို့ ရိုးရိုးလေး တွေးကြည့်ရုံနဲ့တင် ပြောင်းတာက အနိုင်ရနိုင်ခြေ ပိုမြင့်တာကို သိနိုင်မှာပါ။

ဒီမွန်တီဟော ဝိရောဓိကို စိတ်ဓာတ်ခွန်အားပေး မြှင့်တင်ရေးသမားတွေနဲ့ ဘဝနေနည်းစာပေ ရေးသားကြသူတွေက သူတို့ရဲ့ ဟောပြောမှုတွေ၊ စာအုပ်စာပေတွေထဲမှာလဲ မကြာခဏ ကိုးကားပြောဆိုလေ့ ရှိပါတယ်။ “ကျွန်တော်တို့ဟာ ဘဝမှာ အောင်မြင်ဖို့ အချိန်နဲ့ အမျှ ပြောင်းလဲနေရမယ်၊ ရလဒ်ကောင်းတွေ ရဖို့ ချဉ်းကပ်ပုံတွေကို အမြဲပြောင်းနေရမယ်၊ ပြောင်းရမှာကို မကြောက်နဲ့” စသဖြင့်ပေါ့။ ဒါပေမဲ့ သူတို့အများစု ထည့်မပြောတဲ့ ကိစ္စက တံခါးနံပါတ် ၁ ရဲ့ နောက်မှာလဲ ဇိမ်ခံကားကြီး ရှိနေနိုင်တာပဲလေ။ 

ဒီတော့ ဘယ်တံခါးနောက်မှာ ကားရှိပါစ။         ။

Zwe Thukha Min

Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People.With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.

Article Credits

Written by Zwe Thukha Min

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.