လူအများစုက သူတို့ရဲ့ ဘဝသက်တမ်းတစ်လျှောက် အတွင်းမှာ ပြည့်မီအောင် ဆောင်ရွက် ဖြည့်ဆည်းလိုတဲ့ အလုပ်အားလုံးကို ပြီးမြောက်စေဖို့အတွက် အသက်ရှည်ရှည် နေနိုင်ကြဖို့ မျှော်လင့်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလူတွေထဲမှာ အချို့က ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမူအကျင့်တွေရဲ့ အရေးပါမှုကို သတိပြုမိကြပေမဲ့ အချို့ကတော့ သိသိရက်နဲ့ လျစ်လျူရှုတတ်ကြသလို လုံးလုံးလျားလျား မသိကြသေးသူတွေလဲ ရှိနေပြန်ပါသေးတယ်။ ဒါကြောင့် ဘဝကို ကမ္ဘာမြေပေါ်မှာ ဖြတ်သန်းကုန်ဆုံးနေကြရတဲ့ “လူ” အမည်ရ အုပ်စုတစ်စုအတွင်းမှာတောင် လူအချို့မှာတော့ ဆေးလိပ်မသောက်တာ၊ လေ့ကျင့်ခန်း မှန်မှန်လုပ်တာ၊ မျှတတဲ့ အစားအစာ စားသုံးတာနဲ့ တစ်နေ့မှာ ၇ နာရီကနေ ၈ နာရီအထိ အိပ်စက်တာ လိုမျိုး အမူအကျင့်တွေ ရှိနေတတ်ကြပြီး တစ်ဖက်မှာတော့ တချို့လူတွေဟာ ဆေးလိပ်သောက်တာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာစားတာ၊ အရက် အလွန်အကျွံ သောက်တာ၊ လုံလောက်တဲ့ အိပ်ချိန် မထားတာ၊ လေ့ကျင့်ခန်း မှန်မှန် မလုပ်တာ၊ ပုံမှန် ဆေးမစစ်တာ လိုမျိုး အမူအကျင့်တွေနဲ့ နေ့ရက်တွေကို ရှင်သန် နေထိုင်နေကြတာပါ။ နေ့စဉ် လုပ်နေကျ အရာတွေကို တကူးတက ထည့်တွေးတတ်ဖို့ မေ့လျော့နေတတ်ကြပေမဲ့ ဒါတွေဟာ ကိုယ် ရှင်သန်ရမဲ့ ဘဝအပေါ်မှာ လုပ်မိတဲ့ အသေးအဖွဲလေးတွေက စလို့ အချိန်နဲ့အမျှ စုပုံလာပြီး အကျိုးသက်ရောက်မှု ရှိနေတတ်တာကြောင့် ဒီအမူအကျင့်တွေကို ‘ကျန်းမာရေးဆိုင်ရာအမူအကျင့်တွေ (health-related behaviours)’ လို့ ပညာရှင်တွေက ခေါ်ဆိုသတ်မှတ်ကြပါတယ်။
— ပုံစံ (မော်ဒယ်လ်) တွေ —
ကျန်းမာရေးဆိုင်ရာ အမူအကျင့်တွေကို ရှင်းပြဖို့အတွက် သုတေသနပညာရှင်တွေက အဓိကပုံစံ (မော်ဒယ်လ်) တွေကို ရွေးထုတ်ပေးထားပါတယ် —
၁) the Stages of Change Model
(အဆင့်ဆင့်ပြောင်းလဲမှု ပုံစံ)
၂) the Health Belief Model (HBM) (ကျန်းမာရေးယုံကြည်မှု ပုံစံ)
၃) the Protection Motivation Theory (PMT) (ကာကွယ်မှုဆိုင်ရာ လှုံ့ဆော်မှု သီအိုရီ)
၄) the Theory of Planned Behavior (TPB) (အစီအစဉ်ချထားတဲ့ အမူအကျင့် သီအိုရီ)
— အမူအကျင့်နဲ့ အကျိုးဆက် —
ကျန်းမာရေးဆိုင်ရာ အမူအကျင့်တစ်ခုကို ဆန်းစစ်ဖို့အတွက် လေ့ကျင့်ခန်းမလုပ်ခြင်း အမူအကျင့် (not exercising behaviour) ကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တစ်ခုအဖြစ် ရွေးချယ်ထားပါတယ်။ ဒီအမူအကျင့်က လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေ အမျိုးမျိုးနဲ့ ဆက်စပ်နေတဲ့အတွက် ‘ဒီလူဟာ အခု ကျန်းမာနေသလား’ ၊ ဒါမှမဟုတ် ‘နေထိုင်ရ မသက်မသာ ဖြစ်နေသလား’ ၊ ဒါမှမဟုတ် ‘ကိုယ်လက်ကိုက်ခဲနေသလား’ ၊ ဒါမှမဟုတ် ‘ဖျားနေသလား’ ဆိုတဲ့ မှန်းဆချက်တွေ၊ အထင်အမြင်တွေနဲ့ အတည်ပြုမှုတွေအပေါ်မှာ ချိတ်ဆက်မှုနဲ့ သက်ရောက်မှုတွေ ရှိနေပါတယ်။
တကယ်လို့ လူတစ်ယောက်က နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အဲဒီလူဟာ —
၁) နှလုံးရောဂါဖြစ်နိုင်ခြေနဲ့ နှလုံးထဖောက်နိုင်ခြေတွေ လျော့လာမယ်၊
၂) ကိုယ်အလေးချိန်ကို ပိုပြီး သင့်တင့်ကောင်းမွန်အောင် ထိန်းထားနိုင်မယ်၊
၃) သွေးတွင်း ကိုလက်စထရော ပမာဏနည်းနေတဲ့ အခြေအနေမှာ ရှိနေမယ်၊
၄) အမျိုးအစား ၂ ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါအချို့ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်မယ်၊
၅) သွေးပေါင်ချိန်တိုးတာမျိုး ကင်းသလောက် ဖြစ်နေမယ်၊
၆) အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ပိုသန်မာလာပြီး အရိုးပွရောဂါ (osteoporosis) ဖြစ်နိုင်ခြေ နည်းလာမယ်၊
၇) ချော်လဲနိုင်ခြေ လျော့လာမယ်၊
၈) ဆေးရုံတက်ရတဲ့အခါ၊ ဒါမှမဟုတ် အိပ်ယာပေါ်မှာပဲ လှဲပြီး ကိုယ်ခန္ဓာကို ပြန်ကုနေရတဲ့အခါ ပိုပြီး မြန်မြန်ဆန်ဆန် နာလန်ထူလာနိုင်မယ်၊
၉) အားအင်ပိုပြည့်နေတဲ့အတွက် ခံစားချက်တွေ ပိုကောင်းနေမယ်၊
၁၀) ခန္ဓာကိုယ်က ပိုပြီး သက်သာပြေလျော့နေတယ် လို့ ခံစားမိပြီး အိပ်စက်အနားယူရတာလဲ ပိုကောင်းနေမယ် ဆိုတဲ့ အကျိုးရလဒ်တွေ ရရှိလာနိုင်ပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့တော့ လေ့ကျင့်ခန်း ပုံမှန်မလုပ်တဲ့အခါ —
၁) အဝလွန်တာ၊
၂) နှလုံးနှင့် ပတ်သက်သော ရောဂါတွေ (နှလုံးသွေးကြောကျဉ်းရောဂါ၊ ရုတ်တရက်နှလုံးဖောက်ခြင်း စသဖြင့်)
၃) သွေးတိုးတာ၊
၄) ကိုလက်စထရောများတာ၊
၅) လေဖြတ်တာ၊
၆) ဇီဝကမ္မရောဂါလက္ခဏာစု (metabolic syndrome)
၇) အူမကြီးကင်ဆာ၊ ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာလိုမျိုး ကင်ဆာရောဂါအချို့ကို ဖြစ်စေနိုင်ပြီး
၈) စိုးရိမ်စိတ်နဲ့ စိတ်ဓာတ်ကျခြင်းအဆင့်တွေကို မြင့်မားစေပါတယ်။
ဒီတော့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း (regular exercising) နဲ့ လေ့ကျင့်ခန်း မလုပ်ခြင်း (not exercising) ရဲ့ အကျိုးရလဒ်တွေမှာ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ။
— အမူအကျင့်နဲ့ ယုံကြည်မှုကြားက အချိတ်အဆက် —
လေ့ကျင့်ခန်းမလုပ်ခြင်း အမူအကျင့် (not exercising behaviour) နဲ့ ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုတွေကြား ဘယ်လို ချိတ်ဆက်နေသလဲဆိုတာ ဖော်ပြဖို့နဲ့ လေ့လာကြည့်ဖို့အတွက် အပေါ်မှာ ပြောပြခဲ့တဲ့ ပုံစံ ၄ မျိုးထဲက the Stages of Change Model (အဆင့်ဆင့်ပြောင်းလဲမှု ပုံစံ) ဆိုတဲ့ မော်ဒယ်လ်ကို အဓိကထားပြီး အသုံးပြုပါမယ်။ ၁၉၈၂ မှာ ဖန်တီးမြှင့်တင်ခဲ့တဲ့ ဒီမော်ဒယ်လ်ရဲ့ ထုတ်ယူခြင်း (eliciting) နဲ့ ထိန်းသိမ်းခြင်း (maintaining) ဖြစ်စဉ်တွေကို ပရိုချာဆာနဲ့ ဒီကလီမန်တေးတို့ကနေ ဖော်ပြထားပြီး အောက်ကပေးထားတဲ့ အဆင့် ၅ ဆင့်အပေါ်မှာ အခြေခံတည်ဆောက်ထားတာပါ —
၁) ဆင်ခြင်သုံးသပ်ခြင်း အကြို (Pre-contemplation) – ဘယ်လိုအပြောင်းအလဲကိုမှ ပြုလုပ်ဖို့ မရည်ရွယ်ထားတဲ့ အဆင့်
၂) ဆင်ခြင်သုံးသပ်ခြင်း (Contemplation) – အပြောင်းအလဲတစ်ခုကို သုံးသပ်တဲ့ အဆင့်
၃) ပြင်ဆင်ခြင်း (Preparation) – သေးငယ်တဲ့ အပြောင်းအလဲတွေကို ပြုလုပ်တဲ့ အဆင့်
၄) လုပ်ဆောင်ခြင်း (Action) – အမူအကျင့်အသစ်မှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်တဲ့ အဆင့်
၅) ပြုပြင်ထိန်းသိမ်းခြင်း (Maintenance) – ပြောင်းလဲမှုကို အချိန်နဲ့အမျှ တည်တံ့စေတဲ့ အဆင့်။
The Stages of Change Model အရ လေ့ကျင့်ခန်းမလုပ်ခြင်း အမူအကျင့် (not exercising behaviour) ဆိုတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်ရှိသူတစ်ယောက်မှာ ဒီအဆင့်တွေ ရှိနေပါလိမ့်မယ် — ဆင်ခြင်သုံးသပ်ခြင်း အကြို အဆင့် (လေ့ကျင့်ခန်း မလုပ်တာက ငါ့ကျန်းမာရေးကို ထိခိုက်စေမှာ မဟုတ်ပါဘူး)၊ ဆင်ခြင်သုံးသပ်ခြင်း (လေ့ကျင့်ခန်းလုပ်တာက ငါ့ကျန်းမာရေးကို ကောင်းမွန်စေမှာ)၊ ပြင်ဆင်ခြင်း (တာတိုပြေးခြင်း၊ cardio နဲ့ ကယ်လိုရီလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းနည်းနည်း လုပ်တာ)၊ လုပ်ဆောင်ခြင်း (လေ့ကျင့်ခန်းကို တက်တက်ကြွကြွ လုပ်တာ၊ တာဝေးပြေးတာ၊ HIIT အဆင့် Tabata လေ့ကျင့်ခန်းလုပ်တာ၊ မိနစ်အတော်ကြာအောင် plank ထောက်တာ) နဲ့ ပြုပြင်ထိန်းသိမ်းခြင်း (လေ့ကျင့်ခန်းကို မပျက်မကွက်ဘဲ ပုံမှန်လုပ်ဆောင်တာ)။
ဒီမော်ဒယ်လ်သာ အစဉ်အတိုင်း ဖြစ်နေမယ်၊ မျဉ်းဖြောင့်အတိုင်း သွားနေမယ်ဆိုရင် လုပ်ဆောင်တဲ့သူက ဒီအဆင့်တွေကို အဆင့် ၁ မှ အဆင့် ၅ အထိ သူ့အတိုင်း ရိုးရိုးရှင်းရှင်း လုပ်ဆောင်နိုင်ပါလိမ့်မယ်။ လူအများစုမှာ ဒီအဆင့်တွေက အဆင့် ၁ ကနေ အဆင့် ၅ ဆီ မျဉ်းဖြောင့်ပုံစံအတိုင်း အမြဲ ရောက်မသွားတတ်ပါဘူး။ ဒါပေမဲ့ ဒီသီအိုရီက အမူအကျင့်ပြောင်းလဲမှုကို ဖော်ပြတဲ့အခါ ‘အကုန်လုံး ဖြစ်တာ ဒါမှမဟုတ် ဘာမှ မဖြစ်တာ’ ဆိုတဲ့ ပုံစံမျိုးနဲ့ မဟုတ်ဘဲ အဆက်မပြတ် ရွေ့လျားနေမှု (dynamic) ပုံစံမျိုးနဲ့ ဖော်ပြပါတယ်။ ဒါကြောင့် ပြင်ဆင်ခြင်း (Preparation) အဆင့်မှာ မပြင်းထန်တဲ့ လေ့ကျင့်ခန်း အသေးစားလေးတွေ လုပ်နေသူတစ်ဦးက ‘လေ့ကျင့်ခန်းလုပ်တာက ငါ့ကျန်းမာရေးကို ကောင်းစေနိုင်တာပဲ’ ဆိုတဲ့ ဆင်ခြင်သုံးသပ်ခြင်း (Contemplation) အဆင့်ဆီ ရွေ့သွားနိုင်ပါတယ်၊ ဒီလိုပဲ လုပ်ဆောင်ခြင်း (Action) အဆင့်မှာ လေ့ကျင့်ခန်းအပြင်းအထန် လုပ်နေသူတစ်ဦးက လေ့ကျင့်ခန်း အပြင်းအထန် လုပ်ရာကနေ ပြောင်းလဲသွားတဲ့ ယုံကြည်မှုတွေ၊ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့် ဆင်ခြင်သုံးသပ်ခြင်းအကြို (Pre-contemplation) အဆင့်၊ ဒါမှမဟုတ် ဆင်ခြင်သုံးသပ်ခြင်း (Contemplation) အဆင့်ဆီ ကြိမ်ဖန်များစွာ ရွေ့သွား၊ ပြောင်းသွားနိုင်ပါသေးတယ်။
ဒီမော်ဒယ်လ် (the Stages of Change Model) က ‘ဆုံးဖြတ်ချက်ဆိုင်ရာ မျှခြေ (decisional balance)’ အဖြစ် ရည်ညွှန်းတဲ့ ပုံမှန်အမူအကျင့်တစ်ခုရဲ့ ကောင်းကျိုးနဲ့ တန်ဖိုးတွေကို ဘယ်လို ချိန်ဆလဲ ဆိုတာ စစ်ဆေးတဲ့ ပုံစံတစ်ခုပါ။ ဒီတော့ ပြုပြင်ထိန်းသိမ်းခြင်း (Maintenance) အဆင့်မှာ လေ့ကျင့်ခန်းကို အချိန်ပိုပေးပြီး ဆက်လုပ်နေသူတစ်ဦးဟာ သူ့ဘဝ နေထိုင်မှုပုံစံအပေါ်မှာ သက်ရောက်နေတဲ့ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ကောင်းကျိုးလက္ခဏာရပ်တွေကို အဓိကထားပြီး အာရုံစိုက်နေတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလဲ ဆင်ခြင်သုံးသပ်ခြင်းအကြို (Pre-contemplation) အဆင့်က လူကတော့ လေ့ကျင့်ခန်းလုပ်တာဟာ သူ့ကို မောပန်းနွမ်းနယ်စေလိမ့်မယ်၊ ပင်ပန်းစေလိမ့်မယ် ဆိုတဲ့ စိတ်ကျန်းမာရေးအတွက် အပြုသဘော မဆောင်တာတွေအပေါ် အာရုံစိုက်နေတာ ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် လေ့ကျင့်ခန်းမလုပ်ခြင်း အမူအကျင့်ကနေ လေ့ကျင့်ခန်းလုပ်ခြင်း အမူအကျင့်ဆီ ပြောင်းဖို့ ပြင်ဆင်နေတဲ့ ပြင်ဆင်ခြင်း (preparation) အဆင့်က လူတစ်ယောက်ဟာ ဆင်ခြင်သုံးသပ်ခြင်း (contemplation) အဆင့်က လူရဲ့ မတူညီတဲ့အမြင်တွေ၊ စကားတွေကို လက်ခံရယူလေ့ရှိပါတယ်။ ဒါကြောင့် the Stages of Change model သုံးထားတဲ့ ဒီဆန်းစစ်လေ့လာချက်ကနေ လူတစ်ဦးချင်းစီရဲ့ ကျန်းမာရေးဆိုင်ရာ ယုံကြည်ချက်တွေဟာ လေ့ကျင့်ခန်းမလုပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း အမူအကျင့်တွေနဲ့ တိုက်ရိုက်တစ်နည်း သွယ်ဝိုက်တစ်ဖုံ ဆက်စပ်နေကြောင်းကို တွေ့နိုင်ပါတယ်။
— ကျန်းမာရေးဆိုင်ရာ အမူအကျင့်တွေအပေါ် လူမှုစိတ္တလွှမ်းမိုးမှုတွေ —
လူတွေရဲ့ ဘဝဟာ စိတ်နဲ့ ကိုယ် ဆိုတဲ့ အရာ ၂ ခုနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့အတွက် လူမှုစိတ္တ (စိတ်ခံစားချက်ဆိုင်ရာ၊ လူမှုရေးနဲ့ ငွေကြေး) အကြောင်းရင်းတွေက ကျန်းမာရေးဆိုင်ရာ အမူအကျင့်တွေအပေါ်မှာ လွှမ်းမိုးမှုတွေ ရှိနေပါတယ်။
၁) ပထမအချက် – အလုပ်၊ ဒါမှမဟုတ် မိသားစုဆီက ဖိအားတွေ၊ စိတ်ကျတာတွေ၊ သက်တူဝန်းကျင် ဖိအားတွေလို စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေက လူတစ်ယောက်ကို လေ့ကျင့်ခန်း စ မလုပ်ဖို့၊ ဒါမှမဟုတ် လေ့ကျင့်ခန်း လုပ်နေတာကို ရပ်လိုက်ဖို့၊ လက်လျှော့လိုက်ဖို့ တွန်းအားတွေ ဖြစ်နေနိုင်တာပေါ့။
၂) ဒုတိယအချက် – ကျန်းမာရေးကို ဂရုမစိုက်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်တာ၊ ကျန်းမာရေးဆိုင်ရာ လူမှုတန်ဖိုးနိမ့်ကျတဲ့ မိသားစုမှာ မွေးဖွားလာတာ (ကျန်းမာရေးကို ဂရုစိုက်တာက အခြားမိသားစုကိစ္စရေးရာတွေလို မရှိမဖြစ် အရေးကြီးတဲ့ အရာ လို့ မမှတ်ယူတာမျိုး)၊ လေ့ကျင့်ခန်းလုပ်တာက နေ့စဉ်ဘဝအတွက် အရေးပါတဲ့အရာ လို့ မယူဆတဲ့ လူမှုအဖွဲ့အစည်း ရှိနေတာလို လူမှုအကြောင်းအရင်းတွေက လူတစ်ယောက်ကို ‘လေ့ကျင့်ခန်းမလုပ်တာက ပုံမှန်ပါပဲကွာ’ လို့ လက်ခံသွားစေနိုင်ပါတယ်။
၃) တတိယအချက် – ငွေကြေးနောက်ခံ လုံလုံလောက်လောက် ရှိတာ၊ ဒါမှမဟုတ် အောက်ခြေလူတန်းစားမိသားစု ဖြစ်နေတာ စတဲ့ ငွေကြေးဆိုင်ရာ အကြောင်းအရင်းတွေကလဲ ဒီအမူအကျင့်အပေါ်မှာ လွှမ်းမိုးနေပြန်ပါတယ်။ ငွေကြေးနောက်ခံကောင်းကောင်း ရှိသူဟာ လေ့ကျင့်ခန်းလုပ်ဖို့ စက်ကိရိယာတွေကို အလွယ်တကူ ဝယ်ယူနိုင်ပြီး လေ့ကျင့်ခန်းလုပ်ခြင်းအမူအကျင့်ကို အချိန်နှင့်အမျှ ထိန်းထားနိုင်တာပေါ့။ အခြားတစ်ဖက်မှာတော့ ငွေကြေးနောက်ခံနိမ့်ပါးသူတစ်ဦးဟာ စက်ကိရိယာကို ဝယ်ယူဖို့ မတတ်နိုင်တဲ့အပြင် Gym သွားဖို့ အခကြေးငွေ မတတ်နိုင်တာ၊ အားကစားဝတ်စုံ မဝယ်နိုင်တာ၊ စားသောက်ဖို့အတွက် ငွေ ရှာနေရတာကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ အချိန် မရှိတာ စတဲ့ အခြားငွေကြေး အတားအဆီးများစွာနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
ဒီအချက်တွေအားလုံးကို ထည့်သွင်းစဉ်းစားကြည့်ရင် လေ့ကျင့်ခန်း နေ့စဉ်လုပ်ခြင်း/ မလုပ်ခြင်း ဆိုတဲ့ လူတစ်ယောက်ရဲ့ ကျန်းမာရေးဆိုင်ရာ အမူအကျင့်ကို အဲဒီလူရဲ့ ငွေကြေးအင်အား အပါအဝင် စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ အကြောင်းအရင်းတွေက အများကြီး လွှမ်းမိုးထားကြောင်း ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။ ပြီးရင် အဲဒီအပြုအမူကပဲ အဲဒီလူရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပြင် လူမှုဆိုင်ရာ အခြေအနေတွေအထိပါ အပြန်အလှန် သက်ရောက်မှုတွေ ရှိလာနိုင်မှာပါ။
အနှစ်ချုပ်အနေနဲ့ ဆိုရရင် အမူအကျင့်နဲ့ ယုံကြည်ချက်တွေဟာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက် ဆက်စပ်နေတာကြောင့် လူတစ်ယောက်ရဲ့ ယုံကြည်ချက် (belief) ပြောင်းလဲသွားရင် သူရဲ့ အမူအကျင့် (behaviour) လဲ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကျန်းမာရေးကို ကောင်းမွန်လျောက်ပတ်တဲ့ အခြေအနေတစ်ခုမှာ ထိန်းသိမ်းထားချင်ရင် ကိုယ် ယုံကြည်တဲ့အရာက ကျန်းမာရေးဆိုင်ရာ အမူအကျင့်တွေအတွက် အသက်တမျှ အရေးကြီးကြောင်း သိထားဖို့၊ သတိပြုမိဖို့ အထူးလိုအပ်လှပါတယ်။ ။

