August 10, 2026 | မြန်မာ
Physics Article

“အရောင်တွေ တကယ်ရှိလား . . .?”

အရောင်တွေကို လူ့ပတ်ဝန်းကျင်မှာ ပုံစံမျိုးစုံနဲ့ နေရာမျိုးစုံမှာ မြင်ဖူးကြပါလိမ့်မယ်။ ပန်းချီလို အနုပညာနယ်ပယ်တွေက စလို့ ယဉ်ကျေးမှုတွေအလယ် နေ့စဉ်ဘဝတွေအဆုံး အရောင်တွေက သက်ရှိတို့အပေါ် လွှမ်းမိုးမှု အားအကောင်းဆုံးပါ။ အရောင်တွေဟာ လူတွေရဲ့ စိတ်ခံစားချက်ကို ပြောင်းလဲခြယ်လှယ်နိုင်စွမ်း ရှိသလို သဘာဝတရားကြီးရဲ့ အလှတရားကိုလဲ ကူညီအဓိပ္ပါယ်ဖွင့်ဆိုပေးကြတာပေါ့။  အရောင်တွေက ပြောင်းလဲနိုင်စွမ်း ရှိတယ်၊ အရောင်တွေက မှေးမှိန်သွားတတ်သလို တောက်လဲ…

Text size

အရောင်တွေကို လူ့ပတ်ဝန်းကျင်မှာ ပုံစံမျိုးစုံနဲ့ နေရာမျိုးစုံမှာ မြင်ဖူးကြပါလိမ့်မယ်။ ပန်းချီလို အနုပညာနယ်ပယ်တွေက စလို့ ယဉ်ကျေးမှုတွေအလယ် နေ့စဉ်ဘဝတွေအဆုံး အရောင်တွေက သက်ရှိတို့အပေါ် လွှမ်းမိုးမှု အားအကောင်းဆုံးပါ။ အရောင်တွေဟာ လူတွေရဲ့ စိတ်ခံစားချက်ကို ပြောင်းလဲခြယ်လှယ်နိုင်စွမ်း ရှိသလို သဘာဝတရားကြီးရဲ့ အလှတရားကိုလဲ ကူညီအဓိပ္ပါယ်ဖွင့်ဆိုပေးကြတာပေါ့။ 

အရောင်တွေက ပြောင်းလဲနိုင်စွမ်း ရှိတယ်၊ အရောင်တွေက မှေးမှိန်သွားတတ်သလို တောက်လဲ တောက်ပလာနိုင်တယ်။ လူလုပ်ပစ္စည်းတွေဆီက အရောင်မဟုတ်ဘဲ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ အရောင်တွေဟာ နေအလင်း မရှိချိန်မှာ ဖျော့တော့မှေးမှုန်သွားတတ်ပြီး တချို့ကျပြန်တော့လဲ နဂိုရှိရင်းစွဲအရောင်ကနေ ပြောင်းသွားပြန်ရော။ ဒါပေမဲ့ တကယ်တမ်း အရောင်တွေက ပြောင်းလဲနိုင်စွမ်း ရှိရဲ့လား။ အရောင်ဆိုတာ ဘာလဲ၊ ဖြစ်တည်မှုတစ်ခုလား၊ ထင်ယောင်ထင်မှားသာသာလား . . .? ဒီမေးခွန်းတွေရဲ့ အဖြေကို သိနိုင်ဖို့ ‘အရောင်တွေ ဘယ်လိုအလုပ်လုပ်သလဲ’၊ ‘လူတွေအရောင်ကို ဘယ်လိုမြင်ရလဲ’ ဆိုတာ စာဖတ်သူ နားလည်ထားဖို့ လိုပါလိမ့်မယ်။ 

အရောင်ဆိုတာ အရာဝတ္ထုတစ်ခုပေါ်ကို အလင်းလာရိုက်ခတ်ပြီး အဲဒီကနေ ပြန်ကန်ထွက်တဲ့ အလင်းလှိုင်းတချို့ကို သက်ရှိတွေက မြင်ရတယ်၊ ဦးနှောက်က အဲဒီ ‘မြင်ရမှု’ ကို ‘အရောင်’ တွေအဖြစ် ပြောင်းလဲသိရှိစေပါတယ်တဲ့။ ဒါဖြင့်ရင် အရောင်တွေဆိုတာ အမှန်တကယ်ဖြစ်တည်နေတာ မဟုတ်ဘဲ ထင်ယောင်ထင်မှားသာသာ၊ တစ်နည်း ဦးနှောက်က ဖန်တီးချက်တစ်ရပ်သက်သက် ဖြစ်မှာပေါ့။ ဘာကြောင့်လဲ၊ ဘယ်လိုကြောင့်လဲ . . .?။

နေအဖွဲ့အစည်းထဲမှာ ရှိတဲ့ နေက ကမ္ဘာအပါအဝင် ဂြိုဟ်တွေအားလုံးကို အလင်းနဲ့ အပူဓာတ်တွေ ဖြန့်ကျက်ပေးအပ်နေတာ စာဖတ်သူတို့ သိလောက်ပါတယ်။ အလင်းကို လှိုင်းတွေနဲ့ စွမ်းအင်တစ်ရပ်ပုံစံနဲ့ ပို့လွှတ်ဖြန့်ကျက်တယ်လို့ ‘အကြမ်းဖျင်း’ မှတ်ယူပါ။ နေကလာတဲ့ ဒီအလင်းတွေက မတူညီတဲ့ လှိုင်းအလျားတွေ ပိုင်ဆိုင်ကြပါတယ်။ သက်ရှိတွေ၊ လူတွေ မြင်နိုင်တဲ့ မြင်နိုင်စွမ်းရှိ အလင်း (Visible Light) တွေ၊ အနီအောက်ရောင်ခြည် (Infrared Radiation) တွေ၊ ရေဒီယိုလှိုင်း (Radio Wave) တွေ စသဖြင့်ပေါ့။ အလင်းကိုမှ လှိုင်းအလျားပမာဏပေါ် မူတည်ပြီး ဒီလို အမျိုးမျိုးကွဲသွားတာကို ‘လျှပ်စစ်သံလိုက်လှိုင်း (Electromagnetic Radiation)’ လို့ ချုံငုံသုံးနှုန်းကြတာပါ။ 

နေက လာတဲ့ ဒီ လျှပ်စစ်သံလိုက်လှိုင်းတွေ၊ အလွယ်ပြောတော့ အလင်းလှိုင်းတွေကို ကမ္ဘာပေါ်မှာ ရှိတဲ့ အရာဝတ္ထုတွေက တုံ့ပြန်ကြပါတယ်။ အရာဝတ္ထုတိုင်းမှာ မတူညီတဲ့ ဂုဏ်သတ္တိတွေ ရှိလို့ အလင်းလှိုင်းတွေကို တုံ့ပြန်ပုံကလဲ သေချာပေါက်ကွဲတာပေါ့။ အလင်းလှိုင်းတစ်ရပ် အရာဝတ္ထုတစ်ခုကို ကျရောက်ရိုက်ခတ်ပြီဆိုရင် အဲဒီအရာဝတ္ထုက အလင်းလှိုင်း တချို့တစ်ဝက်ကို စုပ်ယူလိုက်ပြီး ကျန်တဲ့လှိုင်းတွေကို သူတို့လာရာလမ်းအတိုင်း ပြန်ကန်လွှတ်လိုက်ပါတယ်။ ဘယ်လောက် လှိုင်းအလျားရှိတဲ့ အလင်းပမာဏကို စုပ်ယူပြီး ဘယ်လောက်ကိုတော့ ပြန်ကန်ထုတ်မယ်ဆိုတာက အလင်းကျရောက်တဲ့ အရာဝတ္ထု/မျက်နှာပြင်ပေါ် မူတည်မှာပါ။ နမူနာ ဖန်သား/မှန်သားပြင်လို တောက်တောက်ပပရှိတဲ့ မျက်နှာပြင်တွေနဲ့ သတ္ထုမျက်နှာပြင်တချို့က အလင်းပြန်နိုင်စွမ်း ကောင်းကောင်းရှိပေမဲ့ အုံ့မှိုင်းပြီး မည်းမှောင်နေတဲ့ မျက်နှာပြင်/အရာဝတ္ထုတွေ၊ ဥပမာ အမည်းရောင်ပိတ်စလိုမျိုးကတော့ အလင်းပြန်နိုင်စွမ်း နည်းလေရဲ့။ 

ခုနက ပြန်ကန်ထွက်လာတဲ့၊ ပြန်ဟပ်လာတဲ့ အလင်းလှိုင်းတွေက လူတွေရဲ့ မျက်လုံးထဲ ဝင်လာတဲ့အခါမှာတော့ မျက်လုံးနောက်ဘက်ခြမ်းက မြင်လွှာ (Retina) က ဒီလှိုင်းတွေကို စတင်လက်ခံရရှိပါတယ်။ အဲဒီနောက် မြင်လွှာမှာ ပါတဲ့ ကွန်းဆဲလ် (Cone Cell) တွေက လှိုင်းတွေကို တုံ့ပြန်ပြီး အမြင်အာရုံကြောက တစ်ဆင့် ဦးနှောက်ဆီကို အချက်အလက်တွေ ပို့လွှတ်လိုက်တာပါ။ ဒီအခါကျတော့မှ ဦးနှောက်က ရလာတဲ့ အချက်အလက်ပေါ် လိုက်ပြီး မတူကွဲပြားတဲ့ အရောင်တွေကို မြင်ရတယ်ဆိုတဲ့ ‘သိမှုတစ်ရပ်’ ပြန်ဖန်တီးပေးရင်း ‘အရောင်တွေကို မြင်ရတယ်’ လို့ ခံစားသိရှိကြတာပေါ့။ 

မြင်လွှာဆီကို ပြန်ဟပ်ဝင်လာတဲ့ အလင်းရဲ့ လှိုင်းအလျားပေါ် လိုက်လို့ မြင်ရတဲ့ အရောင်ကလဲ ကွဲပြားမှာပါ။ လူတွေရဲ့ မျက်လုံးကတော့ ခန့်မှန်းခြေ လှိုင်းအလျား ၄၀၀ ကနေ ၇၀၀ နာနိုမီတာဝန်းကျင်က အလင်းလှိုင်း၊ တစ်နည်း မြင်နိုင်စွမ်းရှိ အလင်း (Visible Light) တွေကိုပဲ လက်ခံနိုင်စွမ်း ရှိပါတယ်။ 

လှိုင်းအလျားအလိုက် မြင်နိုင်မဲ့ အရောင်တွေက –

(၁) ၄၀၀ နဲ့ ၄၅၀ နာနိုမီတာကြားမှာ ခရမ်းရောင်

(၂) ၄၅၀ နဲ့ ၄၉၅ နာနိုမီတာကြားမှာ အပြာရောင်

(၃) ၄၉၅ နဲ့ ၅၇၀ နာနိုမီတာကြားမှာ အစိမ်းရောင်

(၄) ၅၇၀ နဲ့ ၅၉၀ နာနိုမီတာကြားမှာ အဝါရောင်

(၅) ၅၉၀ နဲ့ ၆၂၀ နာနိုမီတာကြားမှာ လိမ္မော်ရောင်

(၆) ၆၂၀ နဲ့ ၇၀၀ နာနိုမီတာကြားမှာ အနီရောင်တို့ ဖြစ်ပါလိမ့်မယ်။

အဖြူရောင်၊ အညိုရောင်၊ ပန်းရောင် စတဲ့ အရောင်တွေကတော့ အလင်းလှိုင်းတွေ ရောနှောပြီး မြင်လွှာထဲ ရောက်လာမှပဲ မြင်တွေ့နိုင်မှာပါ။ ဒါကြောင့်ပဲ အနီရောင်ပန်းသီးက အနီရောင်က လွဲလို့ ကျန်တဲ့ အရောင်တွေ အားလုံးကို စုပ်ယူထားပြီး အဖြူရောင်ဒေစီပန်းဟာတော့ လှိုင်းအလျားအကုန်လုံးကို ရောင်ပြန်ဟပ်နေတယ်လို့ မှတ်ယူရမှာပေါ့။ (ဖြည့်စွက်။  ။ အဖြူက အရောင်တစ်ရပ် မဟုတ်ဘဲ မြင်နိုင်စွမ်းရှိတဲ့ အလင်းအကုန်လုံး ပေါင်းစည်းထားတယ်လို့ အကြမ်းဖျင်း သိထားနိုင်ပါတယ်။ သုံးမြှောင့်ဖန်တုံးကို အဖြူရောင်အလင်းလှိုင်းပေးဖြတ်တဲ့ နာမည်ကြီးစမ်းသပ်ချက်နဲ့ ဆက်စပ်တွေးနိုင်။) 

စိတ်ဝင်စားဖို့ကောင်းတာ တစ်ခု ဖြည့်စွက်ပြောရရင် လူသားတွေရဲ့ မျက်လုံးမှာ ပါတဲ့ သန်းနဲ့ချီတဲ့ ကွန်းဆဲလ်တွေက အနီရောင်၊ အစိမ်းရောင်နဲ့ အပြာရောင် သုံးမျိုးကိုပဲ အာရုံခံနိုင်ပါတယ်။ ဒါဖြင့်ရင် တခြားအရောင်တွေကို ဘာလို့ မြင်နေရသေးတာလဲ . . .?။ 

အပေါ်မှာ ပြောခဲ့တဲ့ ဘယ်လောက်ပမာဏကနေ ဘယ်လောက်ကြားကတော့ ဘယ်လိုအရောင်ဆိုတာ သတိရကြအုံးမှာပါ။ ကွန်းဆဲလ်တွေက ပင်မအရောင်သုံးမျိုးကိုပဲ အဓိက အာရုံခံနိုင်တယ်ဆိုပေမဲ့ အဲဒီအရောင်တွေနဲ့ လှိုင်းအလျားအရ နီးစပ်တဲ့ အရောင်တွေကိုလဲ တစ်စိတ်တစ်ပိုင်း အာရုံခံနိုင်ပါတယ်။ နမူနာ၊ အနီရောင်ကို ထောက်လှမ်းဖို့ တာဝန်ယူထားတဲ့ ကွန်းဆဲလ်တွေက အနီရဲ့ လှိုင်းအလျားနဲ့ ဝင်လာတဲ့ အလင်းတွေကို သေသေချာချာ အာရုံခံနိုင်သလို အနီနဲ့ နီးစပ်တဲ့ အဝါတို့၊ လိမ္မော်တို့ရဲ့ လှိုင်းအလျားတွေကိုလဲ တစ်ပါတည်း အာရုံခံလိုက်တာပါ။ အလားတူ၊ အစိမ်းရောင်အတွက် တာဝန်ရှိသူ ကွန်းဆဲလ်တွေကလဲ အစိမ်းချည်းသက်သက် မဟုတ်ဘဲ အဝါနဲ့ အပြာရောင် တချို့၊ အပြာရောင်ကို လက်ခံဖို့ စောင့်နေသူ ကွန်းဆဲလ်တွေကလဲ အပြာချည်း မဟုတ်ဘဲ ခရမ်းရောင်ပါ တွဲပြီး လက်ခံပေးလိုက်တာပေါ့။ ဒီတော့ ပင်မအရောင်သုံးမျိုးထဲက မဟုတ်တဲ့ အရောင်တွေကို ဦးနှောက်က ဘာသာပြန်ပေးနိုင်ဖို့ဆိုရင် မတူညီတဲ့ ကွန်းဆဲလ်တွေက ပူးပေါင်းအလုပ်လုပ်ကြရပါတယ်။ နမူနာ၊ အဝါရောင်ဆိုရင် အနီရောင်ကို လက်ခံမဲ့ ကွန်းဆဲလ်နဲ့ အစိမ်းရောင်ကို လက်ခံမဲ့ ကွန်းဆဲလ် နှစ်မျိုးစလုံး အလုပ်လုပ်နေဖို့ လိုပြီး သူတို့က ရလာတွေကိုမှ ဦးနှောက်က ပေါင်းစပ်နားလည်လိုက်စေတာပါပဲ။ 

သက်ရှိမျိုးစိတ်တွေရဲ့ ဆင့်ကဲပြောင်းလဲလာမှုအပေါ် မူတည်လို့ သူတို့အသီးသီးရဲ့ မျက်လုံးတွေထဲက ကွန်းဆဲလ်အမျိုးအစားတွေ၊ ပမာဏတွေနဲ့ အရောင်လက်ခံနိုင်ပုံက ကွဲပါတယ်။ လူတွေလို စိမ်း၊ နီ၊ ပြာ သုံးမျိုးတည်း မဟုတ်ဘဲ အရောင် ၁၂ မျိုးလောက်ထိ လက်ခံနိုင်တဲ့ သက်ရှိ (နမူနာ – Mantis ပုစွန်) တွေ ရှိသလို အစိမ်းရောင်တို့၊ အနီရောင်တို့ကို သေချာမမြင်ရတဲ့ သက်ရှိ (နမူနာ – ခွေး) တွေလဲ အများကြီးပေါ့။ မြင်နိုင်စွမ်းရှိတဲ့ Visible Light တွေတင် မကဘဲ ခရမ်းလွန်ရောင်ခြည် (Ultraviolet) ပါ မြင်နိုင်စွမ်းရှိတဲ့ ကြောင်၊ အနီအောက်ရောင်ခြည် (Infrared) ကို ထောက်လှမ်းနိုင်တဲ့ မြွေ . . . စသဖြင့် မတူကွဲပြားတဲ့ အစွမ်းသတ္တိတွေ ပိုင်ဆိုင်ထားကြပါတယ်။ 

အဆုံးသတ်ရလို့ ‘လက်တွေ့မှာ အရောင်တွေ အမှန်တကယ် ဖြစ်တည်နေရဲ့လား’ ဆိုပြီး တစ်ယောက်ယောက်က မေးလာရင် တိုတိုတုတ်တုတ် ‘မရှိပါဘူး’ လို့ပဲ ဖြေရပါမယ်။ ဒီလိုမဟုတ်ဘဲ မေးခွန်းပြောင်းပြီး ‘လူသားတွေ၊ သက်ရှိတွေရဲ့ အမြင်အာရုံမှာ အရောင်တွေက တကယ်ဖြစ်တည်နေလား’ လို့ မေးလာရင်တော့ ပထမအဖြေက လွဲနေမှာပေါ့။ ယဉ်ကျေးမှုတို့ရဲ့ ပြယုဂ်၊ ခံစားမှုရသတို့ရဲ့ အချက်အချာ၊ လူမှုအဖွဲ့အစည်းတို့ရဲ့ စည်းချက်၊ လှပမှုပုံရိပ်တို့ရဲ့ ကိုယ်စားလှယ် . . . အရောင်တွေရဲ့ ဖြစ်တည်မှုအမှန်က ဘာများပါလဲ . . .?

Article Credits

Written by Zay Bhone Hlyan
Fact-Checking Mon Myat Kyaw

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.