ဇီဝဗေဒစမ်းသပ်ချက်တွေမှာ ဖားကို ဘာလို့ အသုံးများတာလဲ . . . ?
စာဖတ်သူတွေတော့ ဘယ်လိုလဲ မသိပေမဲ့ ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက အတော်လေး အမေးအမြန်းထူပါတယ်။ အထက်တန်း ရောက်ပြီး ဇီဝဗေဒ စ,သင်ရချိန် ဆရာမက လက်တွေ့စမ်းသပ်ချက်တွေအကြောင်း ပြောတော့ ဖားကို ခွဲပြီးလေ့လာတဲ့ ကိစ္စ ခဏခဏ ပါလာတယ်။ ဖားတွေကို ကိုယ်တိုင် ခွဲကြပြီး ကိုယ်တွင်းအစိတ်အပိုင်းတွေ လေ့လာပုံ၊ အပေါ်ယံအရေပြားကို နွှာပြီး ပြင်ပအရိုးငြမ်းနဲ့ ကြွက်သားဖွဲ့စည်းပုံတွေ ကြည့်ပုံ၊ ဖားဥတွေကို ဆားပျော်ရည်ထဲ Culturing လုပ်ကြပုံတွေ . . . စသဖြင့်ပေါ့။ ဒီတော့ ကျွန်တော့်အတွက် နောက်ထပ် ခေါင်းစားစရာ မေးခွန်းတွေ ပေါ်လာပြန်တယ်။
ဘာလို့ ဖားတွေကိုမှ ရွေးပြီး ခွဲတာလဲ . . . ? တခြားအကောင်တွေနဲ့ စမ်းသပ်လို့ရော မရဘူးလား . . .? ဇီဝဗေဒနဲ့ ဆေးဘက်ဆိုင်ရာ သုတေသနတွေ၊ စမ်းသပ်ချက်တွေမှာ ဖားတွေကို ဘာလို့ သုံးကြတာလဲ . . . ? စသဖြင့် မေးခွန်းတွေ ဆက်ဆက်ပြီး ပေါ်လာတာပေါ့။
စာဖတ်သူတွေလဲ အလားတူ မေးခွန်းမျိုး မေးမိ၊ တွေးမိကြမယ် ထင်ပါတယ်။ ဒီနေ့တော့ ဖားတွေရဲ့ စတေးခံဘဝနောက်ကွယ်က အကြောင်းအရာတွေကို Fact Hub နဲ့အတူတူ လှန်လှော အဖြေရှာကြည့်ကြရအောင် . . . ။
ဒီကိစ္စကို ပြောဖို့ ၁၉၂၉ ခုနှစ်ကာလအပိုင်းအခြားကို ပြန်သွားကြပါမယ်။ အဲဒီတုန်းက August Krogh (အောဂတ်စ်ခရော့) လို့ ခေါ်တဲ့ ဇီဝကမ္မဗေဒပညာရှင်တစ်ယောက် တင်သွင်းလာတဲ့ အဆိုပြုချက်တစ်ခုက ‘ပညာရပ်ဆိုင်ရာ ပြဿနာ အတော်များများကို ဖြေရှင်းနိုင်ဖို့အတွက် အလွယ်တကူ အဆင်ပြေပြေ လေ့လာလို့ ရမဲ့ တိရစ္ဆာန်တစ်ချို့ စံသတ်မှတ်ထားသင့်တယ်’ ဆိုပြီးပါ။ ဒါကို “Krogh Principle” (ခရော့နိယာမ) ဆိုပြီး သိကြပါတယ်။ အဲဒီနောက် ‘ခရော့နိယာမ’ ထဲက အယူအဆကို အခြေတည်ပြီး ‘စံသက်ရှိ’ ခေါ် ‘Model Organism’ ဆိုတာ ပေါ်လာပါတယ်။ ‘စံသက်ရှိ’ ဆိုတာ ဇီဝဗေဒဆိုင်ရာ လေ့လာမှုတွေ လုပ်တဲ့အခါ ဘယ်လိုလေ့လာမှုမျိုးကို ဘယ်တိရစ္ဆာန် သုံးပြီး စမ်းမယ်၊ ဘယ်လိုစမ်းသပ်ချက်မျိုးကိုတော့ ဘယ်အကောင်အမျိုးအစား အသုံးပြုမယ် ဆိုတဲ့ သတ်မှတ်ချက် တစ်ခုပါ။ စံသက်ရှိတွေကို စ,ရွေးတဲ့အခါမှာ အတော်လေး စဉ်းစားရ ကြပ်ကြတယ်။ ရွေးမဲ့ သက်ရှိက လူသား လုံးဝ မဖြစ်ရဘူး။ သူတို့ကို လေ့လာရင် တခြားဆက်စပ် သက်ရှိတွေရဲ့ ဇီဝဗေဒဆိုင်ရာ ပညာတွေလဲ ရနိုင်တဲ့ အခြေအနေ ရှိရမယ်။ ဓာတ်ခွဲခန်းထဲမှာ အလွယ်တကူ သားဖောက်မွေးမြူနိုင်ပြီး သားပေါက်နှုန်း အားကောင်းရမယ်၊ နောက် ထိန်းရသိမ်းရ အဆင်ပြေဖို့ အကောင်အရွယ်အစားလဲ သေးရမယ်။ ထိန်းသိမ်းခလဲ အများကြီး ကုန်လို့ မရသလို သက်တမ်းလဲ တိုရမယ် . . ဆိုတာတွေပေါ့။ အဲဒီလို သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သက်ရှိတွေကို ပညာရှင်တွေ စ ရွေးကြပါတော့တယ်။
ဒီလိုနဲ့ သက်ဆိုင်ရာ ဇီဝမျိုးကွဲနယ်ပယ် အလိုက် စံသက်ရှိတွေ ပေါ်လာရာမှာ ဇာတ်လိုက်ကျော်ကြီး ကိုဖားကတော့ ကျောရိုးရှိ ကုန်းနေရေနေ သတ္တဝါအများစုရဲ့ ကိုယ်စားပြုအဖြစ် အရွေးခံခဲ့ရတယ်။ သိပ္ပံပညာရှင်တွေက ၁၈ ရာစုလောက်ကတည်းက ဖားတွေကို မျက်စိကျနေခဲ့တာ . . . ဆင့်ကဲဇီဝဗေဒ ဆိုတဲ့ ပညာရပ်ခွဲတစ်ခု ရေပန်းစားလာတဲ့အခါ ထိပ်ဆုံးကနေ ဇာစ်မြစ် လိုက်ခံရတာ ဖားတွေပါပဲ။ ကုန်းနေရေနေသတ္တဝါတွေရဲ့ မျိုးဆက်ပွားပုံတွေနဲ့ ကြီးထွားဖွံ့ဖြိုးပုံတွေကို လေ့လာဖို့အတွက် ဖားတွေက အတော်လေး အဆင်ပြေနေတယ်။ ဖားအမျိုးအစား အကုန်လုံးကို လေ့လာတာမျိုးတော့ မဟုတ်ပါဘူး။ သိပ္ပံနာမည် “Xenopus” ခေါ် African Clawed Frog လို့ လူသိကြတဲ့ အာဖရိကန် ခြေသည်းဖားမျိုးစိတ်ကိုပဲ အဓိကထားပြီး လေ့လာခဲ့ကြတာကြောင့် ဖားတွေထဲမှာ ဇီနိုပက်စ်ဖားဟာ ‘စံသက်ရှိ’ ဖြစ်လာတဲ့ သဘောလို့ ဆိုရမှာပါ။
ဖားတွေကို . . . အထူးသဖြင့် ဇီနိုပက်စ်တွေကို စံသက်ရှိအဖြစ် အသုံးပြုရတဲ့ အကြောင်းအရင်းတွေ အများကြီးအထဲက တစ်ခုက မျိုးပွားနှုန်း အားကောင်းပြီး သားပေါက်နှုန်း မြန်လို့ပါ။ ဇီနိုပတ်စ်လဲဗစ် (Xenopus Laevis) ဖားဆိုရင် တစ်နှစ်ကို လေးကြိမ်အထိ သားပေါက်နိုင်ပြီး တစ်ကြိမ်ပေါက်ရင် ဖားဥ ၅၀၀၀ ကျော်လောက်အထိကို ချနိုင်ပါတယ်။ စံသက်ရှိတွေထဲ နာမည်ကြီးတဲ့ ကြွက်တွေရဲ့ သားဖွားနှုန်းနဲ့ ယှဉ်လိုက်ရင် ကိန်းဂဏန်းအရ အတော်လေး ကွာခြားပြီး သားဥအရွယ်အစားချင်း ယှဉ်ကြည့်ရင်လဲ ဇီနိုပက်စ်တွေရဲ့ ဥက အဆ လေးထောင်လောက် ပိုကြီးနေတာပါ။ အချိုးချကြည့်လိုက်ရင် ကြွက်ကောင်ရေ ၁၀၀ ကျော်လောက် ဝိုင်းမျိုးပွားမှ ရလာမဲ့ မျိုးဥပမာဏကို ဖားတစ်ကောင်တည်းနဲ့ ရနေနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတာပေါ့။
ပြီးရင် အဲဒီဖားဥတွေက ဥအခြေအနေကနေ သားလောင်းအဆင့်ထိ အပြင်ဘက်မှာပဲ သဘာဝထဲ ဖွံ့ဖြိုးပြောင်းလဲလာကြတာပါ။ အဲဒီလို ဖွံ့ဖြိုးမှုဖြစ်စဉ် ဖြစ်ပွားတဲ့အခါမှာလဲ သန္ဓေလောင်းဥက အရွယ်အစား ကြီးမလာဘူး။ နဂိုမူလ ထွက်လာကတည်းကိုက တခြားသက်ရှိတွေရဲ့ သန္ဓေလောင်းဥနဲ့ ယှဉ်ကြည့်ရင် အရွယ်အစား အတော်လေး ကြီးတာကြောင့် သုတေသနတွေအတွက် ခွဲခြမ်းစိတ်ဖြာလေ့လာတာမျိုး လုပ်ဖို့ လွယ်တယ်။ ဒီ့အပြင်ကိုမှ သာမန်ဆားပျော်ရည်လောက်ထဲ ထည့်ပြီးတောင် သန္ဓေလောင်းဥကို မွေးထားလို့ ရတာကြောင့် မွေးမြူရတဲ့ လုပ်ငန်းစဉ်ကလဲ အတော်လေး ရိုးရှင်းတယ်လို့ ဆိုရမှာပါ။
ဇီနိုပက်စ်တွေကို မသုံးတဲ့ တိရစ္ဆာန်အခြေပြု လက်တွေ့စမ်းသပ်ချက် ဆိုတာ မရှိသလောက် ရှားတယ်လို့ ပညာရှင်တွေ မှတ်ချက်ပြုထားရတဲ့အထိ ဇီနိုပက်စ်တွေကို လက်တွေ့စမ်းသပ်ချက် အတော်များများမှာ သုံးကြပါတယ်။ ဘယ်သုတေသနလုပ်လုပ် ဒီဖားလေးတွေနဲ့ကို မလွတ်ဘူး။ အခြေခံဇီဝဗေဒဆိုင်ရာ လေ့လာမှုတွေက စလို့ ဆဲလ်တွေ၊ ဗီဇတွေ အပါအဝင် သက်ရှိတစ်ရပ်လုံးရဲ့ ဇီဝဖြစ်စဉ်တွေကို သူတို့နဲ့ပဲ လေ့လာနေကြတယ်။
ဇီနိုပက်စ်တွေရဲ့ သန္ဓေသားဥကြီးတာက သူတို့ကို စံသက်ရှိ ဖြစ်လာရတဲ့ အဓိကအကြောင်းလို့ ပြောရင် ဘယ်မှားပါ့မလဲ။ အဲဒီ သန္ဓေသားဥတွေ အရွယ်အစားကြီးလို့ ကိုင်တွယ်ခြယ်လှယ်ရတာ အဆင်ပြေတယ်။ စမ်းသပ်ချက်တွေအတွက် လိုအပ်တဲ့ နျူကလိယအက်စစ်တွေ၊ ပရိုတိန်းတွေနဲ့ ဆဲလ်တစ်ခုရဲ့ နျူးကလီးယပ်စ်ကြီး တစ်ခုလုံးကိုတောင် အဲဒီ သန္ဓေသားဥထဲ ပစ်ထည့်နိုင်တဲ့အထိ လုပ်ရကိုင်ရ အဆင်ပြေနေပါတယ်။
အတော်များများက အရွယ်ရောက်ပြီးဖားတွေကိုပဲ စမ်းသပ်ချက်တွေအတွက် သုံးတယ်လို့ ထင်ကြတယ်။ တကယ့်တကယ်တမ်း ဇီဝဗေဒကျောင်းသား၊ ဆေးကျောင်းသားတွေ ဖားအကောင်လိုက်ကြီးကို ကိုင်တွယ်ခွဲစိတ်လေ့လာရတာမျိုးက အကြိမ်ရေ နည်းတယ် ပြောရမယ်။ အကောင်လိုက်တွေနဲ့ စမ်းသပ်ချက် မလုပ်ဘူးလား ဆိုရင်တော့ မဟုတ်ဘူး။ လုပ်လေ့ရှိပါတယ်။ ပြီးတော့ သုတေသနတွေ လုပ်ရင် ပြင်ပက တိရစ္ဆာန်တွေကို ဖမ်းယူပြီး စမ်းသပ်အသုံးပြုခွင့်ရဖို့က ဒီနောက်ပိုင်းမှာ အတော် ခဲယဉ်းလာတယ်။ ဒါကြောင့် ဓာတ်ခွဲခန်းတွေဟာ အစကတည်းက သုတေသနအတွက် ရည်ရွယ်ပြီး အရွယ်ရောက်တဲ့အထိ ထိန်းချုပ်တဲ့ပုံစံနဲ့ မွေးမြူထားတာမျိုးတွေ ရှိလာပါတယ်။ သတ်မှတ်အချိန်တစ်ခု ရောက်အောင် မွေးပြီး လိုချင်တဲ့ အရွယ်ရောက်လာရင် ခုနကလို ခွဲစိတ်လေ့လာမှုတွေ လုပ်ဖို့၊ ဂေဟဗေဒပညာရှင်တွေဆို ရောဂါပိုးတွေကို လေ့လာမှုလုပ်ဖို့အတွက်၊ ဗီဇနဲ့ မျိုးဆက်ဆိုင်ရာ လေ့လာဖို့အတွက်နဲ့ ဖားမျိုးစဉ်တည်ဆောက်ဖို့အတွက် အသုံးပြုကြတယ်။ ဒါပေမဲ့ ဇီဝဗေဒ ဆိုတဲ့ ပညာရပ်ကြီး တစ်ခုလုံးရဲ့ အတိုင်းအတာနဲ့ ယှဉ်ကြည့်ရင်တော့ ဖားသန္ဓေသားဥတွေနဲ့ ဖားသားလောင်းလေးတွေကိုပဲ အများဆုံး လေ့လာကြတာပေါ့။
နမူနာ ပြောရရင် ဖားတွေရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက လူ အပါအဝင် ကျောရိုးရှိ သတ္တဝါတွေနဲ့ အတော်လေး ဆင်ပြီး ဘုံတူတာတွေ များလို့ ခန္ဓာဗေဒပညာရေး (Anatomy Education) ဘက်မှာ ခွဲစိတ်လေ့လာတာမျိုးတွေ ရှိကြပါတယ်။ (ဖားတွေရဲ့ လက်ဖျံဆိုရင် လူလက်ဖျံနဲ့ အတော်လေးကို ဆင်တူနေတာပါ)။ ဒါ့အပြင် ဖားတွေ . . . အထူးသဖြင့် ဇီနိုပက်စ်တွေရဲ့ မျိုးဗီဇဖွဲ့စည်းပုံကလဲ လူတွေနဲ့ အတော်လေး နီးစပ်တယ် ပြောရမယ်။ ဒီအကြောင်းအချက်ကြောင့် ဖားတွေက မျိုးဗီဇလေ့လာရာမှာ အတော်လေး အသုံးများလာကြတာပါ။ ခပ်ငယ်ငယ် သန္ဓေလောင်းဥလေးတွေဆိုရင် အဲဒီဥတွေထဲက မျိုးဗီဇတွေကို တည်းဖြတ်ပိုင်းထုတ်ရတာ အတော်လေး လွယ်ပါတယ်။ ပညာရှင်တွေက ဒီအန်အေအစဉ်တန်း (DNA sequence) ကို ဆွဲထုတ်ပြီး အဲဒီအစဉ်တန်းထဲ ပါတဲ့ မျိုးဗီဇပိုင်း (gene) တွေကို ဖြတ်တောက်တာတွေ၊ ထပ်ပေါင်းတာတွေ လုပ်ပြီး စမ်းသပ်ခံသက်ရှိမှာ ဘာပြောင်းလဲမှုတွေ ဖြစ်ပွားလဲ လေ့လာဆန်းစစ်ပါတယ်။ အဲဒီလိုနဲ့ ဘယ်ဗီဇပိုင်းကတော့ ဘယ်အခန်းကဏ္ဍကနေ ပါဝင်နေလဲ သုတေသနလုပ်ကြတာပါ။ ဒီသုတေသနတွေအတွက် ဇီနိုပက်စ်ဖားတွေရဲ့ သန္ဓေသားဥအစောပိုင်းကာလက လေ့လာရတာ အတော်လေး အဆင်ပြေပါတယ်။ ပြီးတော့ လူတွေရဲ့ မျိုးဗီဇနဲ့လဲ အတော်လေး နီးစပ်တာ ဖြစ်လို့ ဗီဇချို့ယွင်းမှုကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေကို လူအစား ဖားကို အသုံးပြုပြီး အဖြေရှာလို့ ရတာပါ။ လူသိများတဲ့ ‘CRISPR-Cas9’ လို ဗီဇပြင်ဆင်တဲ့ နည်းပညာတွေ သုံးပြီးလဲ ဖားသန္ဓေသားဥတွေထဲက ဗီဇတွေ ပိုင်းဆက်ဖြတ်တောက်တာမျိုးကို အကုန်အကျနည်းနည်းနဲ့ ခပ်လွယ်လွယ် လုပ်လို့ ရပြန်ပါတယ်။ ဒါ့အပြင် သန္ဓေဥက အရွယ်အစားကြီးတာကြောင့် ‘CRISPR-Cas9’ ယန္တရားအစိတ်အပိုင်း အမြောက်အမြား ထည့်လို့ ရတာကြောင့် သုတေသနလုပ်ချိန် အကုန်သက်သာပြီး အတော်လေး တာသွားတယ် ဆိုရပါမယ်။
အရင်တုန်းကဆိုရင် ဒီလို မျိုးဗီဇနဲ့ ပတ်သက်တဲ့ သုတေသနနယ်ပယ်တွေမှာ ကြွက်တွေကို အသုံးများပေမဲ့ အခုနောက်ပိုင်းတော့ ဖားတွေက ကြွက်တွေရဲ့ နေရာကို အစားထိုး နေရာယူလာပြီလို့တောင် ပညာရှင်တွေက မှတ်ချက်ပြုထားတာ တွေ့မိပါတယ်။ ဘယ်လိုပဲ ပြောပြော အလေ့လာခံနယ်ပယ်တွေ ကွဲသွားတာနဲ့အလျောက် နယ်ပယ်အလိုက် အသုံးပြုတဲ့ စံသက်ရှိတွေကလဲ မတူညီပြန်ပါဘူး။ နမူနာပြောရရင် ကြွက်တွေ၊ ယုန်တွေ၊ အီကိုလိုင်း (E.Coli) လို့ ခေါ်တဲ့ ဘက်တီးရီးယားတွေအပြင် ဇီဝဗေဒကျောင်းသား အတော်များများနဲ့ မစိမ်းကြတဲ့ သစ်သီးယင်တွေကလဲ စံသက်ရှိတွေပါ။ အဲဒီအထဲကမှ ဖားတွေက သုတေသနနယ်ပယ်ခွဲအတော်များများမှာ နေရာယူထားပြီး ဇီဝဗေဒရဲ့ ဇာတ်လိုက်မင်းသားအဖြစ် သတ်မှတ်ခံထားရတာပေါ့။
ဒီတော့ အကယ်၍ စာဖတ်သူကို တစ်ယောက်ယောက်ကများ ‘ဘာလို့ ‘ဖား’ လဲ’ လို့ မေးလာခဲ့ရင် ‘သဘာဝကို နားလည်ဖို့ပါ’ လို့သာ အတိုဆုံး ပြန်ဖြေလိုက်ပါ။ ကျွန်တော်တို့အားလုံးက ကိုယ် ဘယ်က လာလဲ ဆိုတာကို နားလည်နိုင်ဖို့ . . . သဘာဝကို သိမြင်နိုင်ဖို့ ကြိုးစားနေကြတဲ့ မျောက်သာသာ သတ္တဝါတွေပဲ မဟုတ်လား။ ။