May 25, 2026 | မြန်မာ
Chemistry

နေ့စဉ်ဘဝထဲက ပလတ်စတစ်

🔬 Chemistry 📅 January 31, 2024 👤 Aye Chan Oo

အိမ်ထဲမှာ ထိုင်နေရင်း ဘေးပတ်ဝန်းကျင်ကို တစ်ချက် လှမ်းကြည့်လိုက်တဲ့အခါ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ရေသန့်ဘူးတွေ၊ ပန်ကာတွေနဲ့ မင်တံတွေ စတဲ့ ပစ္စည်းတွေကို မြင်ရပါလိမ့်မယ်။ အပြင်ကို ထွက်လာကြည့်ရင်လဲ ပလတ်စတစ်‌တွေနဲ့ ပါ၀င်ဖွဲ့စည်းထားတဲ့ မော်တော်ဆိုင်ကယ်တွေ၊ ကားတွေကို မြင်ကြရမှာပါ။ မုန့်သွားဝယ်ကြတဲ့အခါ ပစ္စည်းတွေကို ထုပ်ပေးလိုက်တဲ့ အရာတွေကလဲ ပလတ်စတစ်တွေပါပဲ။ ဒီပလတ်စတစ်တွေ ဘယ်ကနေ လာသလဲ. . .? ဘယ်လို လုပ်လိုက်ရင် သူတို့ကို ရသလဲ. . .?

ပလတ်စတစ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်ကတည်းက ဒီကမ္ဘာကြီးပေါ်မှာ ရှိနေခဲ့တာပါ။ ရာစုနှစ်တွေအတွင်း လူသားတွေဟာ ပလတ်စတစ်တွေကို အရည်အသွေး ပိုကောင်းလာအောင် မွမ်းမံပြင်ဆင်ပြီး အသုံးပြုနေခဲ့ကြတာ ဒီနေ့အထိတိုင်အောင်ပါပဲ။ ၁၈၆၉ ခုနှစ်မှာ ဂျွန်ဝက်စ်လေဟိုင်းရတ် (John Wesley Hyatt) က ပလတ်စတစ်ကိုပထမဆုံး တီထွင်ခဲ့ပြီး စတင်ဖန်တီးတုန်းကတော့ ပလတ်စတစ်က လုံးဝ ပြီးပြည့်စုံနေတာမျိုးတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့လဲ “Every discoveries are revolutionary” ဆိုတဲ့အတိုင်း သိပ္ပံပညာမှာ ရှာဖွေတွေ့ရှိမှုတိုင်းဟာ ဆင့်ကဲ တိုးတက်ပြောင်းလဲလာစမြဲပါ။

ပထမဆုံး ပလတ်စတစ်အပြည့် (Fully Synthetic Plastic) ဟာပလတ်စတစ်အမာ (Bakelite) ဖြစ်ပြီး ၁၉၀၇ ခုနှစ်မှာ နယူးယောက်မြို့ကနေ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ လီယိုဘိတ်ခ်လမ်းဒ် (Leo Baekeland) က ဖန်တီးခဲ့တာ ဖြစ်ပြီး ‘plastic’ ဆိုတဲ့ ဝေါဟာရကိုလဲ သူကိုယ်တိုင် အမည်ပေးခဲ့တာပါ။ ‘Fully Synthetic Plastic’ (ပလတ်စတစ်အပြည့်) လို့ ခေါ်ရတာကတော့ ‘Bakelite’ (ပလတ်စတစ်အမာ) အတွင်းမှာ ပါနေတဲ့ မော်လီကျူးတွေက သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့  မော်လီကျူးတွေ မဟုတ်ဘဲ လူသားတွေကိုယ်တိုင် တီထွင်မွမ်းမံထားတဲ့ မော်လီကျူးတန်းရှည်ကြီးတွေ ဖြစ်နေတာကြောင့်ပါ။ ဒါကလဲခေတ်ပေါ် လူလုပ်ပလတ်စတစ်တို့ရဲ့ သမိုင်းကို စတင်အခြေချအုတ်မြစ်တည်ပေးခဲ့တဲ့ တီထွင်မှုတစ်ရပ်ဆိုလဲ မမှားပါဘူး။ 

တီထွင်မှုနဲ့အတူ ပလတ်စတစ်တွေရဲ့ အတွင်းပိုင်းကို လေ့လာကြည့်တဲ့အခါမှာလဲ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဓာတုပညာတွေ ရှိနေပြန်ပါတယ်။ ဘယ်လို ဓာတုတွေက ပလတ်စတစ်တွေကို ပုံပေါ်စေခဲ့ပါသလဲ . . .?

ဓာတုဗေဒမှာ မော်လီကျူးတန်းရှည်ကြီးတွေကို ပေါ်လီမာ (Polymer) လို့ ခေါ်ပါတယ်။ ဒါကြောင့်ပဲ ပလတ်စတစ်တွေကို စင်သတစ်ခ်ပေါ်လီမာ (Synthetic Polymer) လို့လဲ ခေါ်ကြပါသေးတယ်။ မော်လီကျူးအရှည်တစ်ခုကို မိုနိုမာ (Monomer) လို့ ခေါ်ပြီး မိုနိုမာ (Monomer) တစ်ခုထက် ပိုသွားရင် သူ့ကို ပေါ်လီမာ (Polymer) လို့ သတ်မှတ်ပါတယ်။ လူလုပ်ပေါ်လီမာနဲ့ သဘာဝပေါ်လီမာ ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။  သဘာဝပေါ်လီမာ (Polymer) တွေက ဒီအန်အေ (DNA) နဲ့ ပရိုတိန်း (Protein) တို့ ဖြစ်ပြီး လူလုပ် ပေါ်လီမာ (Polymer) တွေကတော့ ပလတ်စတစ်တွေနဲ့ နိုင်လွန်တွေပါ။

ပေါ်လီမာ (Polymer) တွေ ဖြစ်တဲ့ ပလတ်စတစ်တွေကိုရေနံ (Fossil Fuel) က အဓိက ထုတ်လုပ်ပေးပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကသက်ရှိသတ္တဝါတွေ သေကြေပျက်စီးသွားကြတဲ့အခါ သမုဒ္ဒရာကြမ်းပြင်အောက်မှာ ရေနံအဖြစ် ဖြစ်တည်လာကြပြီး သူတို့မှာ ကာဗွန်နဲ့ ဟိုက်ဒရိုဂျင် သဘာ၀အတိုင်း အဓိကနေရာကနေ ပါဝင်နေကြတဲ့အပြင် ကာဗွန်အက်တမ်တွေက ဟိုက်ဒရိုဂျင်အက်တမ်တွေနဲ့ မော်လီကျူးတန်းအရှည်တွေအဖြစ် ချိတ်ဆက်ထားပါတယ်။ ဒီရေနံမော်လီကျူးတွေကို အော်ဂဲနစ်ဒြပ်ပေါင်းလို့ ခေါ်ပြီး အော်ဂဲနစ်ဒြပ်ပေါင်းတွေကို အုပ်စုအလိုက် ခွဲခြားထားပါတယ်။ ဥပမာပြောရရင် အီသိန်း (Ethene) ဟာ အော်ဂဲနစ်ဒြပ်ပေါင်းတစ်မျိုး ဖြစ်ပြီး ပလတ်စတစ်ကို အဓိက ဖန်တီးပေးသူပါ။ လူသားတွေက ဒီလို အီသိန်း (Ethene) တွေကို တစ်ခုနဲ့ တစ်ခု ပေါင်းစပ်ပြီး မော်လီကျူးတန်းအရှည်ကြီးတွေ ဖြစ်အောင် ပြုလုပ်တာကို Polymerisation (မော်လီကျူးတန်းအရှည်း ပုံဖော်ပြုလုပ်ခြင်း) လို့ ခေါ်ပါတယ်။ အများအားဖြင့် အီသိန်းကို (Ethene) ကို ဘင်ဇီး (Benzene) နဲ့ ပေါင်းစပ်ပြီး အဲဒီလို ပေါင်းစပ်တဲ့အခါ ဖနီလိုင်သိန်း (Phenylethene)၊ ဒါမှမဟုတ်စတိုင်ရင်း (Styrene) လို့ ခေါ်တဲ့ ပလတ်စတစ်အခြေခံတစ်ခု ရလာပါတယ်။ ထွက်လာတဲ့ စတိုင်ရင်း (Styrene) ကို အီသိန်း (Ethene) နဲ့ ထပ်ပေါင်းစပ်လိုက်ရင် ပေါ်လီဖနီလိုင်သိမ်း (Polyphenylethene)၊ ဒါမှမဟုတ် ပေါ်လီစတိုင်ရင်း (Polystyrene) လို့ ခေါ်တဲ့ ပလတ်စတစ်ကြီးတစ်ခုကို ရလာပြီး အတိုကောက် PS လို့ ခေါ်ပါတယ်။ သူတို့ကို ဖော့တုံးတွေ၊ ဖော့ကြုက်တွေ ပြုလုပ်ရာမှာ အဓိက အသုံးပြုပါတယ်။ ဒါကတော့ ပလတ်စတစ် အဆင့်ဆင့်ပြုလုပ်ပုံရဲ့ ဥပမာတစ်ရပ်ပါ။

လူတွေ ဖန်တီးထားတဲ့ ပလတ်စတစ်အမျိုးအစားပေါင်း အများကြီး ရှိပါတယ်။ လူသိများတဲ့ PVC (Polyvinyl Chloride) ကို ရေပိုက်တွေနဲ့ ဝိုင်ယာကြိုးတွေမှာ အသုံးပြုကြပြီး ပေါ်လီသနင်း (Polyethene) ကိုတော့ ပလတ်စတစ်အိတ်တွေ ပြုလုပ်ရာမှာ အသုံးပြုကြပါတယ်။ နိုင်လွန် (Nylon) ကို အဝတ်အထည်တွေ ဖန်တီးရာမှာ ထည့်သွင်းအသုံးပြုကြပြီး ပေါ်လီကာဗွန်နိတ် (Polycarbonate) ကိုတော့ နေရောင်ခြည်အကာအကွယ်အဖြစ် အသုံးပြုကြပါတယ်။ ဒီနေ့ခေတ်မှာ ပလတ်စတစ်မျိုးခွဲတွေကို လုပ်ငန်းအမြောက်အများမှာ အသုံးပြုလျက်ရှိနေကြတာကိုလဲ နေ့စဉ်ဘဝမှာ မျက်မြင်တွေ့နေကြရပါတယ်။

ခေတ်မီတိုးတက်လာတာနဲ့အမျှ လူသားတွေက တီထွင်ဖန်တီးနိုင်စွမ်းလဲ တိုးတက်လာနေပြီး ကမ္ဘာကြီးကို ပြောင်းလဲပစ်နေပါတယ်။ လူသားတွေ ဖန်တီးလိုက်တဲ့ ပလတ်စတစ်က နှစ်ပေါင်း ၅၀၀  ကျော်အထိ မဆွေးမြေ့ဘဲ နေနိုင်တဲ့အပြင် အသုံးပြုရတာလဲ လွယ်ကူမြန်ဆန်တာကြောင့် ကမ္ဘာတစ်ဝန်းလုံးက ပလတ်စတစ်ကို တွင်ကျယ်စွာ အသုံးပြုနေကြပါတယ်။ ဒါပေမဲ့ ပလတ်စတစ်သုံးစွဲမှုတွေ အလွန်အကျွံ များပြားလာတာကြောင့် ကမ္ဘာ့မြေဆီလွှာနဲ့ ရေထုကို အန္တရာယ်ဖြစ်စေလာပါတယ်။ မြေဆီလွှာနဲ့ ရေထုညစ်ညမ်းတာတွေက ကမ္ဘာကြီးပူနွေးလာမှုအပြင် တိရစ္ဆာန်တွေ ကျက်စားရာနေရာ  ပျောက်ဆုံးမှုတွေဆီကို ဦးတည်နေတဲ့အတွက် တတ်နိုင်သမျှ ပလတ်စတစ်ကို လျှော့သုံးကြဖို့နဲ့ စည်းကမ်းရှိရှိ အမှိုက်စွန့်ပစ်ကြဖို့ လူတစ်ဦးတစ်ယောက်ချင်းစီကို Fact Hub က တိုက်တွန်းလိုက်ရပါတယ်။     ။

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.