August 10, 2026 | မြန်မာ
Medicine & Health

လူတွေ တကယ်ပဲ Multi-tasking လုပ်နိုင်သလား . . . ?

🔬 Medicine & Health 📅 January 22, 2024 👤 Zwe Thukha Min

Multi-tasking ဆိုတဲ့ ဝေါဟာရကို အခုနောက်ပိုင်း အတော်လေး တွင်တွင်ကျယ်ကျယ် သုံးလာ၊ ကြားလာရတာကြောင့် multi-task . . . multi-tasking လုပ်တာနဲ့ ပတ်သက်ပြီး ဘယ်သူမှတော့ အစိမ်းသက်သက်ကြီး ဖြစ်နေမယ် မထင်ပါဘူး။ တလောက နိုင်ငံခြားကုမ္ပဏီတစ်ခုရဲ့ အလုပ်ခေါ်စာထဲမှာဆိုရင် Multi-tasking အားကောင်းသူကို ဦးစားပေးမယ်လို့ ထည့်ရေးထားတဲ့အထိပါပဲ။

စာဖတ်သူတွေလဲ လမ်းသွားရင်းနဲ့ နားကြပ်တပ်ပြီး podcast နားထောင်တာ၊ သီချင်းနားထောင်တာမျိုး၊ တစ်ဖက်မှာ ရည်းစားနဲ့ အဆက်မပြတ် ဖုန်းပြောနေပြီးတော့ တစ်ဖက်မှာကျ ကိုယ်လုပ်စရာရှိတဲ့အလုပ် လုပ်နေတာမျိုး၊ စူပါမားကတ်ကောင်တာက ဝန်ထမ်းတွေဆိုရင် ဝယ်သူရဲ့ ပစ္စည်းတွေကို တစ်ခုပြီး တစ်ခုယူ၊ ဘားကုဒ် ဖတ်ပြီး တစ်ဖက်မှာလဲ ကွန်ပြူတာထဲ စာရင်းထည့်တွက်တာမျိုးတွေ . . . စတဲ့ ကိစ္စရပ်တွေကို သေချာပေါက် ကြုံဖူးကြမှာပေါ့။ အလားတူပဲ ကျွန်တော်ဆိုရင်လဲ တစ်ဖက်မှာ မီတင်ထဲ ဝင်ပြီး ကွန်ပြူတာမှာ စာထိုင်ရေးတာ၊ ပြီးရင် ကြုံရင်ကြုံသလို ဖုန်းထဲ ဝင်လာတဲ့ မက်ဆေ့ချ်တွေလဲ ဖျတ်ခနဲ လှမ်းကြည့်တာအပြင် မုန့်စားတာမျိုးအထိပါ အလုပ်ပေါင်းစုံကို တပြိုင်တည်း လုပ်လေ့ရှိပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ လူသားတွေက အမှန်တကယ်ကို Multi-tasking လုပ်နေနိုင်တာလား . . . ? 

Multi-tasking ဆိုတဲ့ ဝေါဟာရက အခုမှ စ,တွင်ကျယ်လာတာ မဟုတ်ဘဲ ၁၉၆၀ ဝန်းကျင်၊ ကွန်ပြူတာတွေ ခေတ်စားတဲ့ အချိန်ကတည်းက မတူညီတဲ့ အလုပ်တွေကို တပြိုင်တည်း ကိုင်တွယ်ဆောင်ရွက်နိုင်တဲ့ CPUရဲ့ စွမ်းဆောင်ရည်အပေါ် အခြေခံလို့ ပေါ်ပေါက်လာတဲ့ အသုံးအနှုန်းတစ်ခု ဖြစ်ပါတယ်။ အဲဒီကစလို့ လူတွေရဲ့ ဦးနှောက်ဟာလဲ ကွန်ပြူတာတွေလို  Multi-tasking လုပ်နိုင်တယ်ဆိုတဲ့ အဆိုပြုချက်တွေ ပျံ့နှံ့ပေါ်ပေါက်လာပေမဲ့ လက်ရှိအချိန်အထိ ဦးနှောက်အာရုံကြောဆိုင်ရာ သုတေသနအားလုံးနီးပါးရဲ့ ရလဒ်တွေအရ လူသားတွေဟာ Multi-tasking မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ (Research record တွေကို ဆောင်းပါးထဲ အသေးစိတ် ထည့်မရေးတော့ပါဘူး။ ရလဒ်တွေနဲ့ ပတ်သက်လို့ သေချာ လေ့လာချင်ရင် စာရဲ့ အောက်ဆုံးမှာ ထည့်ပေးထားတဲ့ reference list ကို ကြည့်နိုင်ပါတယ်။) 

လူတွေ Multi-tasking တကယ်မလုပ်နိုင်ရတဲ့ အကြောင်းအရင်း များစွာ ရှိပါတယ်။ အဲဒီထဲက တစ်ခုက ကျွန်တော်တို့ဦးနှောက်ရဲ့ လုပ်နိုင်စွမ်းအရပါ။ လူတွေ Multi-tasking လုပ်နိုင်၊ မလုပ်နိုင်နဲ့ ပတ်သက်လို့ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ရှုထောင့်ကနေ လေ့လာတဲ့ အစောဆုံး သုတေသနတွေထဲက တစ်ခုအနေနဲ့ ၁၉၆၅ ခုနှစ်က သုတေသနရလဒ်အရ လူတွေရဲ့ Cognitive functioning (သိမြင်မှုဆိုင်ရာ စွမ်းဆောင်ချက်တွေ) ထဲမှာ တွေးတောတာ၊ ကျိုးကြောင်းချင့်ချိန်တာ၊ ပြဿနာဖြေရှင်းတာ၊ ဆုံးဖြတ်ချက်ချတာ၊ အာရုံစိုက်တာနဲ့ မှတ်ဉာဏ်စနစ်အားလုံး ပါဝင်ပေမဲ့ Multi-tasking လုပ်နိုင်စွမ်းကိုတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။ 

လူသားတွေရဲ့ ဦးနှောက်က အလုပ်တစ်ခုလုပ်မယ်ဆိုရင် သိမြင်စိတ်နဲ့ အဓိက ချိတ်ဆက်ပြီး ဆောင်ရွက်ရပါတယ်။ နမူနာအနေနဲ့ စာရေးတဲ့ အလုပ် စလုပ်တော့မယ်ဆိုရင် ဦးနှောက်အနှံ့မှာ ဖြန့်ကျက်တည်ရှိတဲ့ နျူရွန်ကွန်ယက်တွေက စာကို ဘယ်လို ဘယ်ပုံ ရေးရတယ်နဲ့ ပတ်သက်လို့ အတိတ်က လုပ်ခဲ့ဖူးတဲ့ မှတ်ဉာဏ်အဟောင်းကို ပြန်တူးဆွခေါ်ယူတယ်။ အဲဒါကို အခြေခံပြီး လက်ရှိလုပ်ရမဲ့ အလုပ်အပေါ် သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ အာရုံတစ်ခု ထားရှိပြီး လုပ်ငန်းကို ပြီးမြောက်အောင် လုပ်စေတာပေါ့။ ဒီနေရာမှာ ဦးနှောက်က သူလုပ်ရမဲ့ အလုပ်အပေါ် မူတည်ပြီး မတူညီတဲ့ ကွန်ယက်ချိတ်ဆက်မှုတွေကို ဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် ဦးနှောက်နဲ့အာရုံကြော ပညာရှင်တွေက ဦးနှောက်ရဲ့ အာရုံစူးစိုက်မှုဟာ ဓာတ်မီးတစ်လုံးနဲ့ တူတယ်လို့ ဥပမာပေးပါတယ်။ ဓာတ်မီးကနေ ထွက်တဲ့ အလင်းတန်းဟာ ဦးတည်ပြီး ချိန်ထားတဲ့ နေရာကိုပဲ သီးသန့် ကွက်လင်းစေတာ ဖြစ်ပြီး  ဦးတည်ရာပြောင်းတာနဲ့ လင်းတဲ့နေရာလဲ ကွဲသွားပါတယ်။ ဒါဟာ ဦးနှောက်ရဲ့ အာရုံစူးစိုက်မှုနဲ့ အလားတူ ဖြစ်ပြီး ဓာတ်မီးတန်းရဲ့ အလယ်ဗဟိုက အလင်းထိန်ဆုံးနေရာဟာ ကျွန်တော်တို့ အဓိက အာရုံစိုက်လုပ်နေတဲ့ အလုပ်ပေါ့။ ဒါကြောင့် အလုပ်လုပ်တဲ့အခါ တစ်ကြိမ်မှာ အလုပ်တစ်ခုကိုပဲ လုပ်နိုင်ပြီး အဲဒီအပေါ်ကိုပဲ အာရုံစူးစိုက်ထားနိုင်တယ်လို့ ဆိုပါတယ်။

ဒါဆိုရင် ကျွန်တော်တို့ လက်ရှိ လုပ်နေတဲ့ Multi-tasking ဆိုတာကြီးက ဘာလဲ . . . ?

ပညာရှင်တွေရဲ့ အဆိုအရ လက်ရှိ တွေ့နေ၊ မြင်နေရတဲ့ Multi-tasker တွေဟာ မတူညီတဲ့ အလုပ်တွေကို တပြိုင်တည်း လုပ်နေနိုင်တာ မဟုတ်ဘဲ တစ်ခုပြီးတစ်ခု လျင်လျင်မြန်မြန်နဲ့ ပြောင်းလဲဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ Multi-tasking ဆိုတာ လုံးလုံး မတူတဲ့ အလုပ်တွေကို အရှိန်လဲ မလျော့၊ အလုပ်ရဲ့ အရည်အသွေးပိုင်းနဲ့ မှန်ကန်မှုပိုင်းကိုလဲ ထိခိုက်တာမျိုး မဖြစ်စေဘဲ တပြိုင်တည်း လုပ်တာမျိုးပါ။ ဒါပေမဲ့ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကတော့ အဲဒီလိုမျိုး လုံးလုံးလျားလျား စွမ်းဆောင်နိုင်ခြင်း မရှိဘဲ လူတွေ လက်ရှိ လက်ခံထားကြတဲ့ Multi-tasking ဆိုတာလဲ မတူညီတဲ့ အလုပ်တွေကို တစ်ခုနဲ့တစ်ခု အတော်လေး လျင်မြန်တဲ့ နှုန်းနဲ့ ပြောင်းလဲလုပ်ဆောင်နေကြတာပါပဲ။ ဒါကို task-switching လုပ်တယ်လို့ ခေါ်ဝေါ်သုံးနှုန်းပါတယ်။ အဲဒီလိုမျိုး မတူကွဲပြားတဲ့ အလုပ်တွေကို ခပ်မြန်မြန် ဟိုဘက်ပြောင်း၊ ဒီဘက်ပြောင်း လုပ်ဆောင်တဲ့ ဖြစ်စဉ်က ကျွန်တော်တို့ ကိုယ်တိုင် သတိမထားလောက်အောင် မြန်တာဖြစ်လို့ Multi-tasking လုပ်နိုင်သယောင် ထင်လာကြတာပေါ့လေ။ 

နောက်ပြီး လုပ်မဲ့ အလုပ်က အသစ်အဆန်း မဟုတ်ဘဲ အချိန်အတော်ကြာ လုပ်ခဲ့ပြီးလို့ အလေ့အကျင့် ရနေတဲ့အပြင် ဘယ်လို၊ ဘယ်ပုံ လုပ်ရမယ်ဆိုတာပါ အလိုအလျောက် သိနေတဲ့ အခြေအနေမျိုးတွေလဲ Multi-tasker လို့ ခံယူထားကြသူတွေမှာ ရှိကြပါတယ်။ မြင်သာအောင်လို့ ပိုစ့်အစက စူပါမားကတ် ဥပမာနဲ့ ပြောရရင် အဲဒီကောင်တာက ဝန်ထမ်းက ဝယ်သူရဲ့ ပစ္စည်းတွေကို ဘားကုဒ် ဘယ်လို ဖတ်ရမယ်၊ ကျသင့်ငွေ ဘယ်လို တွက်ရမယ်နဲ့ ပစ္စည်း ဘယ်လို ထုပ်ပိုးပေးရမယ် ဆိုတာ သိပါတယ်။ သိရုံတင်မက သူက အဲဒီအလုပ်ကို နေ့စဉ်ရက်ဆက် လုပ်နေတာ ဖြစ်လို့ ဦးနှောက်ကပါ ကျင့်သားရနေပြီးသားပါ။ ဒါကြောင့် ဘယ်လို လုပ်ရမယ်ဆိုတာကို အထွေအထူး တွေးနေစရာ မလိုဘဲ အလွယ်လေး လုပ်လိုက်နိုင်ပါတယ်။ ဒီလို အခြေအနေမှာဆိုရင် အဲဒီဝန်ထမ်းက နားမှာ နားကြပ်တပ်ပြီး သီချင်းနားထောင်နေလဲ လုပ်နေတဲ့ အလုပ်အပေါ် တစ်စုံတစ်ရာ ထိခိုက်တာမျိုး ဘယ်ရှိပါတော့မလဲ။ သူ့အတွက် ဒီအလုပ်ဟာ သိစိတ်ကို အထူးတလည် အသုံးပြုစရာ မလိုဘဲ ဆောင်ရွက်နေနိုင်တာကိုး။ ဒါမျိုး အခြေအနေမှာဆိုရင်ရော အဲဒီ ဝန်ထမ်းကို multi-tasker လို့ သတ်မှတ်နိုင်ပါ့မလား . . . ? 

ဒီမေးခွန်းကို ဖြေဖို့အတွက် ထည့်စဉ်းစားစရာ ကိစ္စလေး ရှိလာပါတယ်။ အကယ်၍များ အဲဒီဝန်ထမ်းက ပစ္စည်းတစ်ခုရဲ့ ဘားကုဒ်မှာ error ဖြစ်နေလို့ စကင်ဖတ်မရတာမျိုး၊ ကွန်ပြူတာထဲ စာရင်းအမှားထည့်မိလို့ ပြန်စစ်ပြီး ပြင်ရတော့မှာမျိုး၊ ငွေဖြတ်ပိုင်း ထုတ်ပေးတဲ့ ပရင်တာက ကျသင့်ငွေကို မှားဖော်ပြမိလို့ ဝယ်သူက ကွန်ပလိန်းတက်လာတာမျိုးဆိုရင် သီချင်းကို ပုံမှန်အတိုင်း ဆက်နားထောင်နိုင်ပါ့မလား။ သီချင်းသံကို သေချာပေါက် လျှော့တာ၊ ပိတ်တာမျိုး လုပ်ဖို့ လိုအပ်လာမှာပါ။ သူ ကြုံလာရတဲ့ အခြေအနေဟာ သူ့ဦးနှောက်အတွက် ကြိုတင်ပြင်ဆင်ထားခြင်း မရှိတဲ့အပြင် ပြဿနာပြေလည်ဖို့အတွက်လဲ ဖြေရှင်းရမဲ့ နည်းလမ်းတွေကို စဉ်းစားဖို့ လိုလာပါတယ်။ တစ်နည်းအားဖြင့် လုပ်နေတဲ့ အလုပ်အပေါ် ပိုအာရုံစိုက်မှ ရတော့မှာဖြစ်လို့ သီချင်းသံကို လျှော့ပြီး အာရုံစူးစိုက်မှု အားကောင်းအောင် လုပ်ရတော့မှာပါ။ တကယ်လို့များ အဲဒီဝန်ထမ်းက လုပ်တဲ့ အလုပ်နဲ့ ပတ်သက်လို့ ကြုံလာရသမျှကို စက်ရုပ်ပရိုဂရမ်ပေးထားသလို အလိုအလျောက် ဆောင်ရွက်နိုင်တဲ့ အပြင်ကိုမှ နားထောင်နေတဲ့ သီချင်းထဲက စာသားရဲ့ အဓိပ္ပါယ်ကိုပါ တစ်ပြိုင်တည်း တွေးနေနိုင်မယ်ဆိုရင်တော့ Multi-tasker ဖြစ်ရင် ဖြစ်မှာပေါ့လေ။ 

လူ့ ဦးနှောက်နဲ့ အာရုံကြောစနစ်တွေရဲ့ ကွန်ယက်ချိတ်ဆက်ဆောင်ရွက်မှုက အတော်လေး လှပပြီး စည်းချက်လဲ ကျပါတယ်။ အလုပ်တစ်ခု လုပ်တဲ့ အခါမှာ အဲဒီအလုပ်ကို ပြီးမြောက်နိုင်ဖို့အတွက် အရင်က လုပ်ခဲ့ဖူးတဲ့ မှတ်ဉာဏ်တွေကို ပြန်ခေါ်ရပါတယ်။ အဲဒီမှတ်ဉာဏ်တွေကို အခြေခံပြီးမှ ပိုင်ဆိုင်ထားတဲ့ အတွေ့အကြုံ၊ အသိပညာနဲ့ လုပ်ရမဲ့ ကိစ္စအပေါ် ရှိထားတဲ့ ကျွမ်းကျင်မှုတွေ ပေါင်းစပ်ပြီး ဆောင်ရွက်ရတာပါ။ ဒီလို ဆောင်ရွက်တဲ့အခါမှာ အနည်းဆုံး သန်းနဲ့ချီတဲ့ နျူရွန်တွေဟာ ဦးနှောက်ထဲ ချိတ်ဆက်မှုတွေ လုပ်လာရပါတယ်။ အဲဒီအချိန်မှာ လက်ရှိလုပ်နေတဲ့ အလုပ်ကို ပစ်ပြီး တခြားတစ်ဖက်ကို ပြောင်းတဲ့အခါ . . . လက်ရှိ ချိတ်ဆက်ထားတဲ့ နျူရွန်ကွန်ယက်တွေက ပြတ်တောက်သွားပါတယ်။ ပြီးတော့ ပြောင်းလုပ်မဲ့ အလုပ်နဲ့ သက်ဆိုင်တာတွေဘက်ကို လှည့်ပြီး ချိတ်ရပါတယ်။ ဟိုဘက်က အလုပ်ဆီ တစ်ခါ ပြန်သွားမယ်ဆိုရင်တော့ လုပ်ငန်းစဉ်တစ်ခုလုံးကို အစကနေ ပြန်စရတာပေါ့။ အဲဒီလိုနဲ့ ဘယ်အလုပ်ကိုမှ ရေရေရာရာ အာရုံစိုက် မလုပ်နိုင်တော့ဘဲ အချိန်ကြန့်ကြာမှုတွေ၊ အမှားအယွင်းတွေ ပါလာရပြီး ခရီးမတွင်တော့တာပါ။

ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် multi-tasking လုပ်နိုင်တယ်လို့ ခံယူထားသူတွေအနေနဲ့ မရအရ လုပ်တဲ့အခါ ဦးနှောက်ရဲ့ မှတ်ဉာဏ်သိမ်းဆည်းမှုအပိုင်းနဲ့ သိမြင်စိတ်တွေ အပါအဝင် အာရုံကြောစနစ်တွေမှာပါ ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ၂၀၀၉ ခုနှစ်က National Academy of Sciences မှာ လုပ်တဲ့ သုတေသနတစ်ခုရဲ့ ဖော်ပြချက်အရ သိရပါတယ်။ စိတ်ဖိစီးမှုတွေ၊ ဖိအားတွေနဲ့ မလိုအပ်တဲ့ ဝန်အပိုတွေပါ ပိစေတတ်သလို ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ပိုင်းကိုပါ သိသိသာသာ ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ပိုဆိုးတာက ရေရှည်လုပ်တဲ့အခါမှာ မှတ်ဉာဏ်စွမ်းရည်ကိုပါ တဟုန်ထိုး ကျဆင်းလာစေတတ်တာပါ။

လူအများစု Multi-tasking လုပ်ရတဲ့ အဓိက အကြောင်းအရင်းက အလုပ်တွေ မြန်မြန်ပြီးချင်လို့၊ လုပ်ဆောင်နိုင်စွမ်း မြင့်ချင်လို့နဲ့ ခရီးတွင်ချင်လို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဦးနှောက်ရဲ့ အာရုံစူးစိုက်မှုအပိုင်းက တစ်သတ်မှတ်တည်း မဖြစ်ဘဲ အပြောင်းအလဲတွေ အင်မတန် များသွား၊ မြန်သွားတဲ့ အခါမှာ မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေ ဖြစ်ပေါ်စေပြီး အမှားအယွင်းတွေလဲ များလာနိုင်တဲ့အပြင် ဘယ်အလုပ်ကိုမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်လိုက်နိုင်တာမျိုး မရှိတော့ဘဲ ခရီးမရောက်တော့ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလဲ ရှိလာနိုင်ပြီး ကောင်းကျိုးထက် ဆိုးကျိုးက ပိုများတာဖြစ်လို့ ပညာရှင်တွေကတော့ Multi-tasking မလုပ်ဖို့ရာ တိုက်တွန်းပြောဆိုထားပါတယ်။ 

အချုပ်အနေနဲ့ ပြောရရင်တော့ Multi-tasking ဆိုတာ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်ထွန်းမှုကပဲ ပိုများပါတယ်။ တကယ့်တကယ်လဲ Multi-tasking ကို အပြည့်အဝ ဆောင်ရွက်နိုင်သူ မရှိဘဲ လုပ်နေတဲ့ အလုပ်တွေကိုပဲ အလျင်အမြန် ပြောင်းလဲဆောင်ရွက်တာ၊ ခပ်မြန်မြန် စဉ်းစားလိုက်တာမျိုးပါ။ အကယ်၍ ကိုယ်က လုပ်စရာ အလုပ်တွေ ပုံနေပြီး အင်မတန် စိတ်ဖိစီးနေရပြီဆိုရင်တော့ Multi-tasking လုပ်မဲ့ ကိစ္စကို မေ့လိုက်ပြီး  အပြင်ထွက် လမ်းလျှောက်ကြည့်ဖို့ ပညာရှင်တွေက အကြံပြုထားပါတယ်။ လမ်းလျှောက်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ သွေး၊ လေလည်ပတ်မှု အားကောင်းနိုင်တဲ့အပြင် ပြင်ပလေ ရှူတာကြောင့် ဦးနှောက်ကြည်စေပြီး လုပ်ဆောင်နိုင်စွမ်းတွေ၊ တီထွင်ကြံဆနိုင်စွမ်းတွေ ပိုမြင့်လာနိုင်တာပေါ့။ Multi-tasking လုပ်တာထက် သေချာပေါက် ပိုအကျိုးများနိုင်မှာပါ။

လော့ဒ်ချက်စတာဖီးလ်ဒ်က သူ့သားဆီ ပို့တဲ့ နာမည်ကြီး အကြံပေးစာတွေထဲက တစ်ခုမှာ ရေးထားသလိုပေါ့။

❝There is time enough for everything in the course of the day, if you do but one thing at once, but there is not time enough in the year, if you will do two things at a time.❞

❝ဘယ်အလုပ်မဆို တစ်ခါလုပ်ရင် တစ်ခုနှုန်းနဲ့ မှန်မှန်လေး လုပ်သွားရင် တစ်နေ့တည်းနဲ့လဲ ပြီးနိုင်တယ်။ ဒါပေမဲ့ မြန်ချင်စောနဲ့ တစ်ချိန်တည်း အလုပ်နှစ်ခုလောက် ပြိုင်လုပ်မိရင်တော့ နှစ်ချီကြာတောင် ပြီးမှာ မဟုတ်ဘူး❞ တဲ့ . . . ။  ။

Zwe Thukha Min

Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People.With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.