August 10, 2026 | မြန်မာ
Chemistry

လူလုပ်စိန်တွေဆိုတာ . . .

🔬 Chemistry 📅 January 22, 2024 👤 Zay Bhone Hlyan

စိန်ဟာ ကမ္ဘာပေါ်က အမာကြောဆုံး သဘာဝ ကျောက်သလင်းတစ်မျိုးပါ။ ရှားပါးကျောက်မျက်ဖြစ်တဲ့အပြင် အလင်းပြန်ဟပ်တဲ့အခါ အရောင်တလက်လက်ဖြစ်ပြီး လှပနေတတ်တာကြောင့် တပ်မက်စရာကောင်းတဲ့ ကျောက်မျက်ရတနာတစ်မျိုး ဖြစ်နေရတာပေါ့။ ဒီလိုကြောင့်ပဲ စိန်တွေကို လူအတော်များများက အဖိုးတန်ကျောက်မျက်အဖြစ် သတ်မှတ်ကြပြီး တန်ဖိုးထား ဝယ်ကြတာပါ။ ဒါပေမဲ့ စိန်လို တန်ဖိုးကြီး သဘာဝတွင်းထွက် ကျောက်မျက်တွေကို တုပနိုင်တဲ့ ဓာတ်ခွဲခန်းထွက် လူလုပ်စိန်တွေကလဲ အခုနောက်ပိုင်း ဈေးကွက်ပေါ်မှာ တွေ့လာရပါတယ်။ ဒီတော့ အဲဒီလူလုပ်စိန်တွေဆိုတာ ဘယ်လိုမျိုးလဲ . . . ? သူတို့ကို ဘယ်လိုထုတ်လုပ်ကြလဲ . . .? သဘာဝနဲ့ စိန်နဲ့ရော ဘာကွာလဲ . . . ?။

ဒါတွေနဲ့ ပတ်သက်ပြီး မပြောခင် သဘာဝစိန်အကြောင်း အရင်ကြည့်ကြရအောင်ပါ။

စိန်တွေဆိုတာ ကာဘွန်အက်တမ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး မီးဖိုချောင်မှာ သုံးတဲ့ မီးသွေးခဲတွေနဲ့ ဘယ်လိုကွာခြားမှုမှ မရှိတဲ့ ကျောက်သလင်းတစ်မျိုးပါ။ စိန်တွေရဲ့ လာရာကို လိုက်ရရင်တော့ ကမ္ဘာ့မျက်နှာပြင်အောက် မိုင်ရာချီအကွာကို အလည်သွား ရပါလိမ့်မယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ဘီလီယံကနေ သုံးဘီလီယံကျော် ကာလအပိုင်းအခြားလောက်မှာ အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ ကာဘွန်ဒြပ်တွေဟာ အင်မတန်များတဲ့ အပူချိန်နဲ့ ပြင်းထန်တဲ့ ဖိအားပမာဏကို ခံစားရတာကြောင့် စိန်အဖြစ်ကို ဖိသိပ်ဖွဲ့စည်းလာကြပါတယ်။ ပျမ်းမျှအားဖြင့် အပူချိန် ၁၀၀၀ ဒီဂရီဆဲလ်စီးယပ်စ်နဲ့ ဖိအား ၅၀ ကီလိုဘားလောက် ရှိတဲ့ အခြေအနေမှာဆိုရင် ကာဘွန်အက်တမ်တစ်လုံးစီက ပတ်လည်မှာ ရှိတဲ့ တခြားကာဘွန်အက်တမ်းလေးခုဆီကို ဖက်စပ်စည်း (Covalent Bond) အတိုင်း ချိတ်ဆက်ပြီး Lattice Structure လို့ ခေါ်တဲ့ အက်တမ်ဖွဲ့စည်းမှု ကွန်ယက်တစ်ခုကို ပုံဖော်တည်ဆောက်ကြပါတယ်။ Lattice Structure မှာဆိုရင် အက်တမ်တွေက တစ်ခုနဲ့ တစ်ခု အတွဲလိုက် ဆက်ကာ ဆက်ကာ ချိတ်ဆက်နေတာကြောင့် အသွင်သဏ္ဌာန်အရ ကွန်ယက်တစ်ခုသဖွယ် ဖြစ်နေတာပါ။ အဲဒီလိုနည်းအတိုင်း ကာဘွန်အက်တမ်တွေက သိပ်သိပ်သည်းသည်း ဖွဲ့စည်းဖြစ်တည်လာတာကြောင့် စိန်တွေဟာ အင်မတန်မာကျော ကျစ်လစ်နေရတာပေါ့။ စိန်အများစုက ကမ္ဘာ့မြေမျက်နှာပြင်အောက် မိုင် ၁၀၀ ကျော်အကွာမှာ စတင်ဖြစ်တည်ခဲ့ကြပေမဲ့ မီးတောင်ပေါက်ကွဲမှုတွေကနေ တဖြည်းဖြည်းနဲ့ ကမ္ဘာ့မျက်နှာပြင်အပေါ်ဘက်ကို ရောက်လာခဲ့ကြတာမျိုးပါ။ 

ဒီလိုမျက်နှာပြင်အပေါ်ဘက်မှာ ရှိတဲ့ စိန်တွေကို မိုင်းတွင်းတွေကနေ တူးဖော်ထုတ်ယူပြီး သန့်စင်ရောင်းချတာကို သဘာဝစိန်လို့ ခေါ်ကြပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း တွင်တွင်ကျယ်ကျယ် ကြားလာ . . . တွေ့လာရပြီး ကျောက်မျက်ဈေးကွက်ထဲမှာလဲ နေရာတစ်ခု ရလာတဲ့ ဓာတ်ခွဲခန်းထုတ် လူလုပ်စိန်ဆိုတာက ဘာလဲ . . . ? 

လူလုပ်စိန်ဆိုတာကို Synthetic Diamond, Manmade Diamond, Lab Grown Diamond . . . စသဖြင့် ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။ အကုန်လုံးက တူတူပဲဖြစ်ပြီး သဘာဝနည်းနဲ့ ရလာတာနဲ့ စိန် မဟုတ်ကြောင်း၊ လူလုပ်ထားတာဖြစ်ကြောင်းကိုပဲ ရည်ညွှန်းပြောဆိုထားတာပါ။ အဲဒီစိန်တွေကို ဓာတ်ခွဲခန်းတွေထဲမယ် ဖန်တီးပြုလုပ်ကြတာ ဖြစ်ပြီး လုပ်တဲ့အခါမှာလဲ HPHT နဲ့ CVD ဆိုတဲ့ နည်းနှစ်မျိုးကို အဓိက သုံးကြပါတယ်။ 

HPHT ဆိုတာ High Pressure and High Temperature ကို အတိုကောက်ခေါ်တာပါ။ ဒီနည်းမှာဆိုရင် ဂရက်ဖိုက်လိုမျိုး ကာဘွန်ဒြပ်စင် စစ်စစ်တွေကို ကမ္ဘာ့မျက်နှာပြင်အောက် မိုင်ရာချီမှာ ရှိနိုင်မဲ့ ဖိအားနဲ့ အပူချိန်တွေ ပေးပြီး စိန်အဖြစ်ကို ပြောင်းလဲတာမျိုးပေါ့။ အဲဒီ HPTP နည်းနဲ့ ထုတ်လုပ်မယ်ဆိုရင် စိန်အစစ်ဆီကနေ ဖြတ်တောက်ထားတဲ့ စိန်ဒြပ်အလွှာပါးပါးလေး တစ်လွှာလိုပါတယ်။ ဒါကို ‘Diamond Seed’ လို့ ခေါ်ကြပါတယ်။ အဲဒီ စိန်အရင်းအမြစ်လေးကို ခုနက ကာဘွန်ဒြပ်တွေရဲ့ အလယ်မှာ ထားပြီး ပေါင်ခုနှစ်သိန်းလောက် ရှိတဲ့ ဖိအားနဲ့ အပူချိန် ၂၀၀၀ ဒီဂရီစင်တီဂရိတ်လောက် ပေးလိုက်တဲ့ အခါမှာ ကာဘွန်ဂရက်ဖိုက်တွေက ပုံဆောင်ခဲအသွင်ပြောင်းလာပြီး စိန်ရင်းမြစ်ရဲ့ ပတ်ပတ်လည်ကနေ စိန်ဒြပ်တွေအဖြစ် တဖြည်းဖြည်းနဲ့ အသွင်ပြောင်း ပေါ်ပေါက်လာတာပေါ့။ 

CVD လို့ခေါ်တဲ့ Chemical Vapor Deposition နည်းမှာကျတော့ ကာဘွန်ဒြပ်တွေကို ဂတ်စ်အဖြစ်ကနေ စိန်အသွင်ပြောင်းအောင် ဓာတုဓာတ်ပြုမှုတွေကို အဓိက သုံးပြီး ဖန်တီးကြတာပါ။ CVD မှာလဲပဲ HPHT နည်းတုန်းကလို စိန်အရင်းအမြစ်တစ်ရပ် လိုအပ်ပြန်ပါတယ်။ အဲဒီနည်းမှာဆိုရင် ခုနကလို ဖလင်ပြားလောက်သာသာရှိတဲ့ စိန်ပြားအပါးလေးတွေကို အလုံပိတ်ထားတဲ့ လေဟာနယ်ပေါင်းဖိုတစ်ခုထဲ ထည့်ပြီး အဲဒီထဲကို မီသိန်းလို ကာဘွန်ဓာတ်ငွေ့တွေနဲ့ ဟိုက်ဒြိုဂျင် အရောဓာတ်ငွေ့တွေ ထည့်ပါတယ်။ ပြီးတော့ အဲဒီ ပေါင်းဖိုကို ၁၀၀၀ ဒီဂရီဆဲလ်စီးယပ်စ်လောက် အပူချိန် ပေးလိုက်ပါတယ်။ အဲဒီလို အပူချိန်တစ်ခု ပေးလိုက်တဲ့အခါမှာ ပေါင်းဖိုထဲရှိတဲ့ ကာဘွန်ဓာတ်ငွေ့တွေက အိုင်းရွန်း (Ion) ဖြစ်သွားပြီး ပလာစမာအခြေအနေကို ကူးပြောင်းသွားတာပါ။ အဲဒီလို ပလာစမာအခြေအနေကို ရောက်သွားတဲ့အခါ ကာဘွန်မော်လီကျူးတွေကြားက ချိတ်ဆက်မှုတွေ အကုန် ပျက်ပြယ်သွားပြီး ကာဘွန်အက်တမ်တွေ ပြန်ထွက်လာတာပေါ့။ အဲဒီလို ပြိုကွဲပြီး ထွက်လာတဲ့ ကာဘွန်အက်တမ်တွေက ခုနက စိန်ပြားတွေပေါ် လာလာစုပုံပြီး စိန်ဒြပ်တစ်ခု ပေါ်ပေါက်လာပါတယ်။ အဲဒီလို အကောင်အထည်တစ်ရပ် ပေါ်လာဖို့က အချိန်လချီ ကြာမြင့်ပြီးတော့ လိုအပ်တဲ့ ပမာဏတစ်ခု မရခင်အထိ အပေါ်က လုပ်ငန်းစဉ်တွေကို ထပ်ထပ်လုပ်ကြရတာမျိုးပါ။ 

နောက်ပြီး ကျွန်တော်တို့ လူတွေ သေဆုံးပြီးတဲ့အခါ ရလာတဲ့ အရိုးပြာအကြွင်းအကျန်တွေကနေလဲ စိန်လုပ်လို့ ရပါတယ်။ သက်ရှိတွေ ဖြစ်တည်ဖို့အတွက် အဓိက အထောက်အပံ့ပြုနေတာ ကာဘွန်ဖြစ်ပြီး လူအပါအဝင် ကမ္ဘာပေါ်က သက်ရှိအတော်များများကလဲ ကာဘွန်ကို အခြေပြုပြီး ဖွဲ့စည်းတည်ဆောက်ထားကြတာပါ။ အပေါ်မှာ ပြောခဲ့သလို စိန်ဆိုတာလဲ မီးသွေးခဲလိုမျိုးပဲ ကာဘွန် ၉၉ ရာခိုင်နှုန်းလောက်နဲ့ ဖွဲ့စည်းထားတာကိုး။ ဒါကြောင့် လူတွေ သေဆုံးပြီးတဲ့အခါမှာ မီးသင်္ဂြိုလ်လို့ ထွက်လာတဲ့ ပြာတွေကို သုံးပြီး စိန်လုပ်လို့ ရတာပေါ့။ မီးသင်္ဂြိုဟ်တဲ့အခါမှာ ခန္ဓာကိုယ်တွင်းက ကာဘွန်အများစုက ကာဘွန်ဒိုင်အောက်ဆိုဒ်အဖြစ်နဲ့ လေထုထဲ ရောက်သွားတတ်ပါတယ်။ ဒါကြောင့် သင်္ဂြိုဟ်ပြီး ထွက်လာတဲ့ ပြာထဲမှာ ကာဘွန်ဒြပ်ပမာဏ နည်းနေတတ်ပါတယ်။ အဲဒီလို အခြေအနေဆိုရင် ဆံပင်ကို သုံးကြတာမျိုး ရှိတယ်။ 

နမူနာအနေနဲ့ ပြာအကြွင်းအကျန်ကနေ စိန်ထုတ်မယ်ဆိုရင် အဲဒီပြာကို ကာဘွန်သီးသန့်ချည်း ကျန်အောင် သေချာ သန့်စင်ရပါတယ်။ ပြီးရင် HPTP နည်းအတိုင်း ဂရက်ဖိုက်လို နေရာမှာ သန့်စင်ကာဘွန်ဒြပ်တွေကို ထည့်ပြီး လိုအပ်တဲ့ ဖိအားနဲ့ အပူချိန်ပေးလိုက်ရင် စိန်ဒြပ် ပမာဏ တစ်ခု ထွက်လာတာပေါ့။ အဲဒီ စိန်ကို တစ်ဖန်ပြန် သန့်စင်ဖြတ်တောက်တာတွေ လုပ်ပြီး ထွက်လာတာကို မိသားစုဝင်တွေက လက်စွပ်ဖြစ်စေ၊ အမှတ်တရ ဆွဲကြိုးဖြစ်စေ ပြန်လုပ်ပြီး ဝတ်ကြတာပါ။ ဒါကို Memorial Diamond လို့ ခေါ်ကြတာပေါ့။

လူလုပ်စိန်တွေဟာ သဘာဝစိန်တွေနဲ့ ဘာမှ မကွာပါဘူး။ ဓာတ်ဂုဏ်သတ္တိအရရော၊ ရုပ်ဂုဏ်သတ္တိအရရော အမြင်ပိုင်းအရပါ သဘာဝအတိုင်း ဖြစ်လာတဲ့ စိန်အစစ်တွေနဲ့ ဘယ်လိုကွာခြားမှုမှ ကြီးကြီးမားမား မရှိကြတာ အမှန်ပါ။ သဘာဝစိန်တွေမှာဆိုရင်တောင် စိန်အဖြစ် ဖွဲ့စည်းဖြစ်တည်နေတဲ့ အချိန် ဘိုရွန်တို့၊ နိုက်ထရိုဂျင်တို့လို ဓာတ်ငွေ့တွေ စိန်ထဲ ဝင်လာနိုင်ပြီး စိန်ရဲ့ အရည်အသွေးကို ထိခိုက်နိုင်ပေမဲ့ လူလုပ်စိန်တွေမှာတော့ ထိန်းချုပ်ပတ်ဝန်းကျင်ထဲ ဖန်တီးထားကြတဲ့အတွက် သဘာဝစိန်တွေထက် အများကြီး ပိုသန့်စင်တာပေါ့။

ပြီးရင် လူလုပ်စိန်တွေဟာ သဘာဝစိန်တွေနဲ့ ယှဉ်ရင် တန်ဖိုးနည်းပေမဲ့ သဘာဝပတ်ဝန်းကျင်ကို အတော်လေး အကျိုးပြုပါတယ်။ မိုင်းတွင်းတွေကနေ တူးဖော်ထုတ်ယူတဲ့ စိန်တွေမှာဆိုရင် ပေါင်သန်းနဲ့ချီတဲ့ ဖောက်ခွဲမှုတွေ လုပ်ရတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို အတော်လေး ညစ်ညမ်း ပျက်စီးစေပါတယ်။ ပြီးရင် တူးဖော်မှုတွေကနေ ထွက်လာတဲ့ အက်စစ်ကျောက်တွေလို သတ္ထုအကြွင်းအကျန်ဒြပ်တွေအပြင် ဓာတုပစ္စည်းအတော်များများကိုလဲ ပင်လယ်သမုဒ္ဒရာတွေထဲပဲ စွန့်ပစ်ကြတာကြောင့် ရေနေသတ္တဝါတွေ သေကြေပျက်စီးကြရပါတယ်။ လူနေပတ်ဝန်းကျင်နဲ့ နီးစပ်တဲ့ နေရာတွေမှာ လာရောက်တူးဖော်ကြတဲ့ မိုင်းတွင်းတွေဆိုရင်လဲ အဲဒီပတ်ဝန်းကျင်မှာ နေထိုင်သူတွေအတွက်ပါ သောက်သုံးရေ အရင်းအမြစ်တွေ ဆက်သုံးစွဲလို့ မရတော့တဲ့အထိ အဆိပ်သင့် ပျက်စီးမှုတွေ ဖြစ်စေတာပေါ့။ 

သဘာဝစိန်တွေက အရေအတွက်အားဖြင့် အကန့်အသတ်ရှိပြီး ရှားပါးတာ တစ်ခုတည်းကြောင့်ပဲ လူကြိုက်များပြီး တန်ဖိုးကြီးနေရတာပါ။ တကယ့်တကယ်တမ်းမှာတော့ လူလုပ်စိန်နဲ့ သဘာဝစိန်ကြား ဘယ်လိုကွာခြားမှုမျိုးမှ သီးခြားမရှိဘဲ လူလုပ်စိန်တွေကတောင် သဘာဝထက် ပိုသန့်စင်ပြီး ပတ်ဝန်းကျင်ကိုလဲ အကျိုးပြုတယ် ဆိုရပါမယ်။ လူလုပ်စိန်တွေကို စိန်အတုလို့ ထင်ကြရတဲ့ အကြောင်းအရင်းကလဲ အခုနောက်ပိုင်း Cubic Zirconia လိုမျိုး စိန်နဲ့ အသွင်သဏ္ဌာန်ချင်း ချွတ်စွပ်တူတဲ့ စိန်ယောင်ကျောက်မျက်တွေ  ဈေးကွက်ထဲ ပေါ်လာတာကြောင့်ပါ။ သက်တမ်းကာလအားဖြင့် မကြာမြင့်တာရယ်၊ သဘာဝအတိုင်း ဖြစ်လာတာ မဟုတ်တာရယ်က လွဲရင် လူလုပ်စိန်တွေဟာလဲ စိန်အစစ်တွေပါပဲ . . . ။ ။

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.