August 10, 2026 | မြန်မာ

အိုင်းစတိုင်း၏ ကလေးအတွေး

📅 February 2, 2024 👤 Shin Mon Thant

၁၈ ရာစုဖွား ဂျာမန် ဂျူးကောင်လေးတစ်ယောက်က ကိစ္စတစ်ခုကို အကြီးအကျယ် စိတ်ကူးယဉ်နေခဲ့ပါတယ်။ အဲဒီ စိတ်ကူးယဥ်မှုဟာ တစ်ချိန်မှာ လောကကြီးအပေါ် လူသားတွေရဲ့ ရှုမြင်ပုံကို ထာဝရပြောင်းလဲသွားစေနိုင်လောက်တဲ့အထိ ကြီးကျယ်ခမ်းနားလာမှာကိုတော့ သူကိုယ်တိုင်လဲ မထင်မှတ်ထားခဲ့ပုံပါပဲ။ အဲဒီကောင်လေးရဲ့ နာမည်ကတော့ အိုင်းစတိုင်းပါ။ 

လောကကြီးအပေါ် ရှုမြင်နားလည်ပုံတွေကို ပြောင်းလဲစေခဲ့တဲ့ အိုင်းစတိုင်းရဲ့ စိတ်ကူးယဉ်မှုအကြောင်း မပြောခင်မှာ စာဖတ်သူတို့အနေနဲ့ ရူပဗေဒရဲ့ အခြေခံသဘောတရားတွေဖြစ်တဲ့ နယူတန်ရဲ့ နိယာမ (၃) သွယ်ကိုတော့ တီးမိခေါက်မိရှိထားသင့်မိပါတယ်။

နယူတန်ရဲ့ နိယာမ (၃) သွယ်ဆိုတာ . . .

၁) ပထမအချက်က အညွှန်းဘောင်သဘောအရ တိုင်းတာကြည့်တဲ့အခါမှာ ရပ်နေတဲ့ အရာဝတ္ထုတွေဟာ ပြင်ပသက်ရောက်မှု မရှိမချင်း ရပ်မြဲရပ်နေမှာ ဖြစ်ပြီး၊ ရွေ့မြဲ အရာဝတ္ထုတွေကလဲ ဆက်လက် ရွေ့လျားနေမယ်ဆိုတဲ့ အကြောင်း ပြောထားပါတယ်။

၂) ဒုတိယအချက်ကတော့ အပေါ်က ရပ်မြဲရပ်နေတဲ့ (ဒါမှမဟုတ်) သွားမြဲသွားနေတဲ့ အရာဝတ္ထုတွေ အပေါ်ကို ပြင်ပသက်ရောက်မှု ရှိခဲ့ရင် ဖြစ်ပေါ်လာမဲ့ ပြောင်းလဲမှုတွေကို တွက်ချက်နိုင်ဖို့ ညီမျှခြင်းရှာတာပါ။

m ဆိုတဲ့ ဒြပ်ပမာဏတစ်ခုကို F ဆိုတဲ့ သက်ရောက်အား ရှိခဲ့ရင် a ဆိုတဲ့ ဖြစ်တည်လာမဲ့ အရွေ့ရဲ့ တန်ဖိုးကို F = ma ပုံသေနည်းနဲ့ တွက်ချက်နိုင်ပါတယ်။ ဒီညီမျှခြင်းရဲ့ မူလပုံစံကတော့ 

F = dp/dt ဖြစ်ပြီး အချိန်တစ်ခုအတွင်း အဟုန်ပြောင်းနှုန်းကို ဖော်ပြပါတယ်။

၃) တတိယတစ်ခုကတော့ လူတော်တော်များများ သိဖူး ကြားဖူးကြပြီး အတော်များများလဲ အမှတ်မှားနေကြတဲ့ action – reaction ပါ။

အဲဒီ နိယာမ (၃) ချက်လုံးကို ခြုံငုံကြည့်မယ်ဆိုရင် အရာဝတ္ထုတစ်ခုရဲ့ အလျင်ဆိုတာ တိုင်းတာတဲ့ အခြေအနေအပေါ် မူတည်ပြီး ပြောင်းလဲနိုင်တယ်ဆိုတဲ့ အချက်ကို တွေ့ရပါတယ်။ ဥပမာအနေနဲ့ စာဖတ်သူဟာ ဒီစာကို ခုံပေါ်မှာ ထိုင်ပြီး ဖတ်နေမယ် ဆိုပါစို့။ စာဖတ်သူက တစ်နေရာကနေ တစ်နေရာကို မရွေ့တဲ့အတွက် အလျင် သုံည ဖြစ်နေပါမယ်။ ဒါပေမဲ့ စာဖတ်သူရဲ့ အလျင်ဟာ တကယ်ပဲ သုံည ဖြစ်နေပါသလား . . . ?

ကမ္ဘာကြီးတစ်ရပ်လုံးကို ရုပ်လုံးပေါ် မြင်နိုင်တဲ့အထိ ဝေးတဲ့နေရာ၊ ကမ္ဘာ့လေထုအပြင်ဘက်က မည်းမှောင်နေတဲ့ အာကာသပြင်ထဲကို တစ်ချက် ထွက်ကြည့်ကြရအောင်။ 

အဲဒီနေရာကနေ ကမ္ဘာကို ကြည့်တဲ့အခါမှာ ကမ္ဘာကြီးက ဒီတိုင်းရပ်နေတာ မဟုတ်ဘဲ အရှိန်တစ်ခုနဲ့ လည်ပတ်ရွေ့လျားနေတာကို မြင်နိုင်ပါလိမ့်မယ်။ ဒီလိုအခြေအနေမှာဆိုရင်ရော ကမ္ဘာပေါ်ကနေ ငြိမ်ငြိမ်လေး ထိုင်ပြီး စာဖတ်နေသူက အလျင်သုံညပဲ ရှိနေအုံးမှာလား . . .?

ဘယ်ရှိနေနိုင်ပါတော့မလဲ။ အဲဒီလို အခြေအနေမတူလို့ တိုင်းတာရ အလျင် ကွာခြားသွားတာကို အညွှန်းဘောင်အရ အလျင်ကွာတယ်လို့ ခေါ်ပါတယ်။ ပုံမှန်အနေနဲ့တော့ ကမ္ဘာပေါ်မှာ ဖြစ်ပျက်တဲ့ ကိစ္စတွေအတွက် အလျင်တွေ တိုင်းတာတဲ့အခါ ကမ္ဘာကို ရပ်နေတဲ့ အညွှန်းဘောင် (inertial frame of reference) အဖြစ်နဲ့ ယူဆတိုင်းတာကြပါတယ်။

ချာတိတ်လေး အိုင်းစတိုင်းကတော့ ဉာဏ်ကြီးရှင်တို့ ပုံစံအတိုင်း သူများထက်ထူးပြီး ကမ္ဘာမြေကို ကျော်လွန်ပြီး အတွေးနယ်ချဲ့ခဲ့တယ် ဆိုရမှာပါ။ သူနယ်ချဲ့တဲ့ နေရာက အာကာသယာဉ်နှစ်ခုပေါ်မှာပါ။ အာကာသယာဉ်အေနဲ့ အာကာသယာဉ်ဘီ နှစ်စင်းက တစ်စင်းနဲ့ တစ်စင်း တစ်စက္ကန့်ကို မီတာ ၆၀၀၀ နှုန်း (6000 m/s) နဲ့ ရွေ့လျားနေတယ်လို့ မှတ်ယူကြည့်ပါတယ်။ ယာဉ်အေပေါ်ကနေ သူသွားတဲ့ ဦးတည်ချက်အတိုင်း ဘောလုံးတစ်လုံးကို တစ်စက္ကန့် ဆယ်မီတာနှုန်း (10 m/s) နဲ့ ပစ်ကြည့်လိုက်ပါတယ်။ (ဘောလုံးကို အဲဒီလောက်နှုန်းနဲ့ ပစ်တာက အတော်လေး မြန်တယ်လို့ ပြောနိုင်ပေမဲ့ စိတ်ကူးယဉ်ရုံပဲမို့ အဆင်ပြေပါတယ်။) 

အဲဒီပစ်လိုက်တဲ့ ဘောလုံးကို ယာဉ်အေ အနှိုင်းဘောင်ကနေ တိုင်းတဲ့အခါမှာ 10 m/s ပဲ ရှိပေမဲ့ ယာဉ်ဘီဘက်ကနေ တိုင်းတာတဲ့အခါမှာတော့ ရလာတဲ့ တန်ဖိုးက အေက တိုင်းတာနဲ့ မတူတော့ပါဘူး။ ဘောလုံးရဲ့အလျင်ကို 6010 m/s လို့ ယာဉ်ဘီဘက်က ဖမ်းယူတိုင်းတာမိတာပါ။ ဘာကြောင့်လဲဆိုတော့ ဘောလုံးရဲ့ မူလလျင်နဲ့ ဘောလုံးလိုက်ပါစီးနင်းလာတဲ့ ယာဉ်အေရဲ့ အလျင်နဲ့ ပေါင်းသွားတာကြောင့်ပါ။ 

ဒါနဲ့ ဆက်စပ်တွေးကြည့်ချင်စရာတွေ အများကြီး ပေါ်လာပါတယ်။ နမူနာအနေနဲ့ အဲဒီယာဉ်ပေါ်မှာ ဓာတ်မီးထိုးကြည့်မယ်၊ အလင်းတန်းရဲ့ အလျင်ကို ဘီဘက်က တိုင်းကြည့်မယ်။ အလင်းရဲ့ မူလကိန်းသေအလျင်နဲ့ ယာဉ်အေရဲ့ အလျင်ပေါင်းပြီး ဓာတ်မီးတန်းရဲ့ သွားလာနှုန်းက ပိုများသွားနိုင်လား ဆိုတာမျိုးပေါ့ . . . ။ သာမန်အလျင်တွေကို ထည့်ပေါင်းတာ၊ ထုတ်နုတ်တာမျိုးက အဆင်ပြေပေမဲ့ အလင်းအလျင်နားကို ကပ်လာချိန်မှာတော့ အဲဒီလိုမျိုးတွေ အလုပ်မဖြစ်နိုင်တော့ဘူးဆိုတာကို အိုင်းစတိုင်းက ရိပ်စားမိခဲ့ပုံပါပဲ။ 

ကျောင်းမှာ သင်ခဲ့ကြဖူးတဲ့ အလင်းအလျင်ရဲ့ တန်ဖိုး – c = 300,000,000 (3*10^8) m/s ကို မှတ်မိကြမှာပါ။ တိုင်းတာတဲ့ ရှုထောင့်ရဲ့ အခြေအနေပေါ်မူတည်ပြီး သာမန်ဝတ္ထုတွေရဲ့ အလျင်တန်ဖိုးက ကွဲပြား ကွာခြားသွားတတ်ပေမဲ့ အလင်းအလျင်ကတော့ အဲဒီလို မဟုတ်ပါဘူး။ ဒီအကြောင်းအချက်အပေါ် အခြေခံပြီး အိုင်းစတိုင်းရဲ့ အတွေးထဲမှာ ‘အလင်းအလျင်အတိုင်း အလင်းနောက်ကို လိုက်ရင် ဘာဖြစ်မလဲ’ ဆိုတဲ့ အတွေးအဆတစ်ခု ပေါ်လာပြန်ပါတယ်။ ဒီအတွေးက သာမန်ပဲ ထင်ရပေမဲ့ အတော်လေးတော့ ထူးခြားတယ် ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ အိုင်းစတိုင်းက ဒီအတွေးအပေါ် အခြေခံပြီး အလင်းကိန်းသေတန်ဖိုး c ဟာ ဘယ်လိုအခြေအနေနဲ့ တိုင်းတိုင်း မူလအတိုင်း မပြောင်းမလဲဘဲ c ကိန်းသေကိုပဲ ရပါတယ်ဆိုပြီး ပြောခဲ့ပါတယ်။ အဲဒီမှန်ကန်ချက်က အလင်းအလျင်နဲ့ သွားနေသူအပေါ်ကိုလဲ သက်ရောက်နေမှာ ဖြစ်ကြောင်း၊ အလင်းက သူ့နဂိုအလျင်အတိုင်း ရွေ့လျားသွားလာနေမှာ ဖြစ်လို့ အလင်းအလျင်နဲ့ သွားနေသူနောက်ကို အလင်းအလျင်နဲ့ လိုက်လဲ မီမှာ မဟုတ်ကြောင်း အပါအဝင် တခြားအံ့ဩမင်သက်စရာ အကြောင်းအချက်တွေကို အခြေခံ ဖော်ပြထားတဲ့ အထူးနှိုင်းရသီအိုရီကို ၁၉၀၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ အဲဒီ နှိုင်းရသီအိုရီမှာ Postulate နှစ်ခု ပါဝင်လာပါတယ်။ အဲဒါတွေက

၁) ရူပဗေဒနိယာမတွေဟာ ဘယ်အညွှန်းဘောင်မှာမဆို မှန်ကန်တယ်ဆိုတာနဲ့

၂) အလင်းအလျင်ဟာ ဘယ်အညွှန်းဘောင်က တိုင်းတိုင်း ကိန်းသေတစ်ခု ဖြစ်တဲ့ c တန်ဖိုးအတိုင်း တည်ရှိတယ် ဆိုတာပါ။ 

ဒီမှန်ကန်ချက်နှစ်ခုအပေါ် အခြေခံပြီး အချိန်စီးကြောင်းကွာဟမှု (Time Dilation)၊ နှိုင်းရ တစ်ပြိုင်နက်ဖြစ်မှု (Relativity of Simultaneity) နဲ့ အလျားကျုံ့ဝင်ကွာဟမှု (Length Contraction) တို့ အပါအဝင် ဒြပ်ထု၊ စွမ်းအင်နဲ့ အဟုန်တို့ရဲ့ နှိုင်းရဖြစ်တည်မှုဆိုင်ရာ နိယာမတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ 

အိုင်းစတိုင်းရဲ့ အကျော်ကြားဆုံး ညီမျှခြင်း ဖြစ်တဲ့ E = mc^2 ဆိုတာလဲ ဒြပ်ထု၊ စွမ်းအင်နဲ့ အဟုန်တို့ရဲ့ နှိုင်းရဖြစ်တည်မှု နိယာမကနေ ဖော်ထုတ်ထားတဲ့ အချိုးကျညီမျှချက်တစ်ခုဖြစ်ပြီး နျူကလီးယားဓာတ်ပြုမှုတွေကို ပြုလုပ်/လေ့လာတဲ့နေရာမှာ အဓိကပါဝင်နေပါတယ်။ အိုင်းစတိုင်းရဲ့ ငယ်စဉ် ကလေးဘဝတုန်းက အတွေးလေးတစ်စက လူသားတွေရဲ့ လောကကြီးအပေါ် နားလည်ထားမှုတစ်ရပ်လုံး၊ အတွေးအမြင်တစ်ရပ်လုံးကို ပြောင်းလဲပစ်နိုင်လောက်ဖို့ လုံလောက်ခဲ့တာပေါ့။ 

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.