“Bipolar Disorder ခေါ် စိတ်တက်ကျမြန်ရောဂါ”
‘စိတ်’ က လူတစ်ယောက်အတွက် အရေးကြီးတဲ့ အပိုင်းကဏ္ဍတစ်ခုဖြစ်သလို ဂရုစိုက်သင့်တဲ့ အရာတစ်ခုလဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ပြင်ပကျန်းမာရေးထက်တောင် ပိုဂရုစိုက်ရတဲ့အရာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ နဲ့သက်ဆိုင်တဲ့ ကစဉ်ကလျားဖြစ်စဉ်တွေ စိတ်ရောဂါတွေဟာ လူတွေ မဖြစ်မနေ သိထားရမဲ့ အရာတွေပါ။ အခု ပြောပြသွားမှာကတော့ စိတ်ရောဂါတွေထဲက တစ်ခုဖြစ်တဲ့ Bipolar Disorder ခေါ် စိတ်တက်ကျမြန်ရောဂါအကြောင်း ဖြစ်ပြီး လူငယ်တွေကို အတော်လေး ဒုက္ခပေးတဲ့ စိတ်အခြေအနေတစ်ခု ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင် ဒီအခြေအနေကို ခံစားနေရတဲ့ သူတွေရဲ့ စိတ်က ချက်ချင်းကြီး ဝုန်းခနဲ ထတက်ကြွသွားပြီး ဝုန်းခနဲ ပြန်ကျသွားတာမျိုးေပါ့။ Bipolar Disorder က ကမ္ဘာပေါ်မှာ အဖြစ်အများဆုံးစိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်သလို လူကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့ စိတ်အခြေအနေတစ်ခုလဲ ဖြစ်နေတယ်ဆိုရင် ဆိုးရွားတဲ့ ဒီရောဂါက ဘယ်လိုမျိုးလဲ၊ ဘယ်လိုလူတွေမှာ ဖြစ်တတ်လဲ၊ ဘာကြောင့် ဖြစ်ရလဲ . . .
ဒီရောဂါမှာ Manic (မာန်းနစ်ခ်) ခေါ် အလွန်အင်မတန် စိတ်တက်ကြွချိန်နဲ့ Depression (ဒီပရက်ရှင်) ခေါ် စိတ်ထိုးကျသွားချိန်ဆိုပြီး အပိုင်းနှစ်ပိုင်း ရှိပါတယ်။ စိတ်တက်ကြွနေချိန်တွေဆိုရင် တစ်လောကလုံးမှာ သူကပဲ စိတ်အတက်ကြွဆုံး လို့ ထင်လာတာ၊ စကားတွေ အဆက်အစပ်မရှိ ပြောလာတာ၊ ကမ္ဘာပေါ်မှာ သူပဲ အတော်ဆုံး၊ အတတ်ဆုံး လို့ စိတ်ကြီး၀င်လာတာမျိုးအထိပါ ဖြစ်တတ်ပါတယ်။ ဘယ်လောက်ထိ တက်ကြွသလဲဆိုရင် ‘ငါက တော်တော့်ကို ကြိုးစားရမဲ့သူ၊ အိပ်ချိန်တွေလဲ မလိုဘူး’ ဆိုပြီး မအိပ်တော့ဘဲ လုပ်ချင်တာတွေ ထိုင်လုပ်နေတတ်တာပါ။ Depression ပိုင်းမှာတော့ အပေါ်က ပြောခဲ့တဲ့ အချက်တွေ၊ အခြေအနေတွေနဲ့ အကုန် ဆန့်ကျင်ဘက် ဖြစ်သွားပါတယ်။ အရာရာမှာ ကျရှုံးနေတယ်၊ ဘာမှ မဖြစ်မြောက်ဘူးလို့ ထင်လာတာတွေ၊ လောကကြီးမှာ သူကပဲ အလကားလူကြီး ဖြစ်နေတာလို့ တွေးရင်း ယုံကြည်ချက်တွေ ပျောက်ဆုံးပြီး ချောင်တစ်နေရာမှာ ကုပ်ကုပ်လေး ထိုင်ပြီး ၀မ်းနည်းနေတတ်တယ်။ အဲဒီအကြောင်းတွေကို အချိန်ပြည့် တစိမ့်စိမ့် တွေးပြီး ရှင်နေဖို့တောင် မတန်တော့ဘူး ဆိုတဲ့ အတွေးရိုင်းတွေ စပြီး ၀င်လာတယ်။ အဆိုးဆုံး အခြေအနေကတော့ ကိုယ့်ကိုယ်ကိုယ် သ-တ်ေ-သကြတဲ့ အဆင့်ထိပါပဲ။
ဒါဆိုရင် စိတ်တက်ကျမြန်ရောဂါက ဘာလို့ ဖြစ်တာလဲ၊ ဘယ်သူတွေမှာ အဖြစ်များလဲ . . . ?
စိတ်အတက်အကျ မြန်တယ်ဆိုတာ ရောဂါရှိတဲ့ သူတွေမှ မဟုတ်ပါဘူး။ သာမန်လူတိုင်းနီးပါး စိတ်ဓာတ် တက်တာ၊ ကျတာကို အနည်းနဲ့ အများ ခံစားဖူးကြပေမဲ့ ပြင်းပြင်းထန်ထန်ကြီးတော့ မဟုတ်ဘူးပေါ့။ သာမန်လူတစ်ယောက်က စိတ်အတက်အကျ ဖြစ်လာပြီဆိုရင် အခုပုံမှာ မြင်နေရသလိုပဲ Manic အခြေအနေကိုလဲ မရောက်၊ Depression အခြေအနေကိုလဲ မရောက်သွားဘဲ တက်လိုက်၊ ကျလိုက် ဖြစ်နေတတ်ပါတယ်။

စိတ်တက်ကျမြန်ရောဂါကို ခံစားနေရတဲ့ လူတစ်ယောက်ရဲ့ စိတ်ကတော့ ဝုန်းခနဲ ထောင်တက်သွားလိုက်၊ ဝုန်းခနဲ ပြန်ပြုတ်ကျလိုက် ဖြစ်နေတတ်ပါတယ်။

ဘာကြောင့် ဖြစ်ရလဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေကလဲ အမျိုးမျိုး ရှိနေပါတယ်။ ပထမတစ်ချက်က မျိုးရိုးထဲမှာ စိတ်ရောဂါ၊ ဒါမှမဟုတ် စိတ်တက်ကျမြန်ရောဂါ ရှိခဲ့ဖူးလို့ပါ။ စိတ်ပညာရှင်တွေနဲ့ စိတ်ကျန်းမာရေး ဆရာဝန်တွေရဲ့ အဆိုအရ ဒီရောဂါကို ခံစားရတဲ့သူတွေ အတော်များများဟာ မိသားစုမျိုးရိုးမှာ ဒီရောဂါ ဖြစ်ဖူးတဲ့သူတွေ ရှိခဲ့တာကြောင့်လို့ ဆိုပါတယ်။ ဒုတိယတစ်ချက်ကတော့ ဆုံးရှုံးမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ ကျရှုံးမှုတွေကြောင့်ပါပဲ။ ဥပမာ – အရာရာ သိတတ်တဲ့ အရွယ်မှာ အင်မတန် ချစ်ရတဲ့ မိသားစုဝင်ကို ဆုံးရှုံးလိုက်ရတာ၊ ကိုယ် ကြိုးစားခဲ့ပြီး ရလာတဲ့ အလုပ် ပြုတ်သွားတာ၊ စိတ်ဖိစီးမှုတွေ မတန်တဆ များလာတာ စတာတွေကနေ စိတ်တက်ကျမြန်ရောဂါ ဖြစ်လာစေပါတယ်။ အများအားဖြင့် လောကဓံရဲ့ ရိုက်ခတ်မှုတွေကို တောင့်မခံနိုင်ကြတဲ့အခါမှာ ဖြစ်လာတတ်တယ်လို့ မှတ်ယူနိုင်ပါတယ်။ အဖြစ်အများဆုံး အသက်အရွယ်အနေနဲ့ ဘဝကို စတင်ရုန်းကန်ရတဲ့ ဆယ်ကျော်သက် ၁၈ နှစ်အရွယ်ကနေ အသက် ၃၀ အထိ ရောဂါလက္ခဏာ ပြနိုင်ခြေ ရှိတယ်လို့ သိရပါတယ်။
ဒါဆိုရင် ဒီရောဂါကို ကုသလို့ ရလားဆိုရင် အဖြေကတော့ ‘ရပါတယ်’။ နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါကုထုံးဆရာဝန်တွေ၊ စိတ်ပညာရှင်တွေနဲ့ အသေးစိတ် ဆွေးနွေးပြီး လိုအပ်တာတွေ လုပ်ပေးမယ် ဆိုရင် အဆင်ပြေသွားကြတာ များပါတယ်။ ဒီတော့ ကိုယ်တိုင် အခုလို စိတ်တက်ကျမြန်တဲ့ သူတွေနဲ့ ကြုံခဲ့ရင် သူတို့တွေကို ရှောင်ဖယ်ရှောင်ဖယ်တာမျိုး မလုပ်ဘဲ စကားပြောပေးတာ၊ အားပေးနှစ်သိမ့်တာမျိုး လုပ်ပေးဖို့ အကြံပေးပါရစေ။
အခု ဖော်ပြပေးခဲ့တာကတော့ Bipolar Disorder စိတ်အတက်အကျမြန် ရောဂါအကြောင်း အခြေခံ တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်။ ဒါ့အပြင်ကို Bipolar 1, Bipolar 2, Bipolar 3 (cyclothymic disorder) ဆိုပြီး ရောဂါအခြေအနေ သုံးရပ်တောင် ကျန်ရှိနေပါသေးတာပါ။ ရောဂါချင်း တူပေမဲ့ ပြင်းထန်ပုံနဲ့ ဖြစ်တဲ့ ကြာချိန်တွေ မတူတာမို့ နောက်များမှ အကျယ်ချဲ့ပြီး ဆက်လက် ဖော်ပြပေးပါအုံးမယ်။ ခုတော့ ဒီမျှပါပဲ။ ။