လင်ဒါ ဘိုးနန်ရဲ့ သက်တမ်းတိုလေး ကုန်ဆုံးပြီး မကြာခင်ပဲ ကန် လူဆန် (Ken Luehrsen) အမည်ရ လူငယ်က ဝုစ်ရဲ့ ဓာတ်ခွဲခန်းထဲ သူမတူတဲ့ အတွေ့အကြုံမျိုး ရခဲ့ပြန်တယ်။ သူ အီလီနွိုင်းတက္ကသိုလ်မှာ ဘွဲ့ကြိုတက်စဉ်က ဝုစ်တစ်ယောက် သူ့နယ်ပယ်မဟုတ်တဲ့ ‘ဖွံ့ဖြိုးမှုဆိုင်ရာ ဇီဝဗေဒ’ (developmental biology) ဆွေးနွေးပွဲတစ်ခုထဲ ဟောပြောသူအဖြစ် ပါဝင်ချိန် စတင်ဆုံတွေ့ခဲ့တာပါ။ လူဆန် ပြန်ပြောတာအရ ဒီလို အံဝင်ခွင်ကျ ဖြစ်မနေတဲ့ အနေအထားရဲ့ နောက်ကွယ်က အကြောင်းက ‘တခြားပါမောက္ခတွေက ကားလ်ရဲ့အမြင်ကို နားထောင်ချင်ကြပြီး ဒီကရတဲ့ ထူးထူးခြားခြားအတွေးအခေါ်တွေကို သူတို့ရဲ့ ကိုယ်ပိုင်သုတေသနတွေထဲ ထည့်အသုံးချချင်လို့ပါ’ တဲ့။ ဝုစ်က သိပ်ထက်မြက်ပြီး အတွေးအခေါ်သစ်တွေနဲ့ ပြည့်နှက်နေသူအဖြစ် နာမည်ကြီးသလို တစ်ဖက်မှာလဲ သူ့အားအင်နဲ့အချိန်တွေ မလိုဘဲ အပိုကုန်ခံရမှာမျိုးကို သိပ်တွန့်တိုတတ်သူလဲ ဖြစ်ပါတယ်။ “အတပ်ပြောရဲတာကတော့ ကားလ်က အပင်ပန်းခံစရာ မလိုဘဲ သင်ကြားရေးခရက်ဒစ် ရနိုင်မဲ့ အခွင့်အရေးကို လက်လွှတ်မခံခဲ့တာပါပဲ” လို့ လူဆန်က ဆိုတာပါ။ ဆွေးနွေးပွဲမှာဆိုရင် ကျောင်းသားတွေကို သိပ္ပံဂျာနယ်စာတမ်းတွေ ရှင်းလင်းတင်ပြခိုင်းပြီး ဝုစ်ကတော့ ဘေးကနေပဲ ဆွေးနွေးချက်ကို လိုသလို ထိန်းကျောင်းပေးရုံနဲ့တင် အလုပ်ပြီးတာကိုး။ သူက အတန်းထဲမှာ ပင်ပင်ပန်းပန်း လက်ချာရိုက်ရတာမျိုး — သင်ခန်းစာတွေ ကြိုပြင်၊ တကူးတက ဟောပြောပို့ချရတာတွေ — ကို ဘုရားရေ . . . သိပ်မုန်းတာပါ။ ဒီအလုပ်တွေက သူ တကယ်မြတ်နိုးသက်ဝင်တဲ့ ‘သက်ရှိတို့ရဲ့ မူလအစနဲ့ ဆင့်ကဲဖြစ်စဉ်ကို နားလည်အောင် ကြိုးစားတဲ့အလုပ်’ ကနေ သူ့ကို ဝေးကွာသွားစေတယ်လို့ ခံစားရလို့ ဖြစ်ပါတယ်။
အဲဆွေးနွေးပွဲမှာ သိကျွမ်းခဲ့ပြီးနောက် လူဆန်က ဒီလိုအရှိန်အဝါကြီးတဲ့ ပုဂ္ဂိုလ်ကြီးဆီ သွားပြီး သူ့လမ်းညွှန်မှုအောက်မှာ ဂုဏ်ထူးတန်းပရောဂျက်တစ်ခု လုပ်ခွင့်ပြုဖို့ တောင်းဆိုခဲ့တာပဲ။ လူဆန် အံ့ဩသွားရတာက ဝုစ်ဟာ သူ့ကို လက်ခံလိုက်ရုံတင်မက ရုံးခန်းထဲထိပါ ခေါ်ထားလိုက်တာပါ။ စားပွဲနှစ်လုံးလောက်ပဲ ဆံ့တဲ့ ကျပ်ကျပ်သပ်သပ်အခန်းလေး ဖြစ်ပြီး စာရွက်စာတမ်းတွေကလဲ တောင်လိုပုံပြီး ရှုပ်ပွနေတဲ့နေရာမှာ (နောက်သလား၊ အတည်လား မသိပေမဲ့) ဝုစ်က “မင်းကို ငါ့မျက်စိအောက်မှာ ထားပြီး စောင့်ကြည့်နိုင်အောင်” လို့ ပြောရင်း နေရာချပေးခဲ့လေရဲ့။ လူဆန်ခမျာ ဇဝေဇဝါဖြစ်သွားတာပေါ့။ ငါ တကယ်ပဲ ဒီမှာ နေသင့်ရဲ့လား . . .၊ ဖုန်းလာရင်ရော သူ အေးဆေးစကားပြောနိုင်အောင် အပြင်ကို လစ်ထွက်ပေးရမလား . . . တွေးပူနေခဲ့တာပဲ။ ဒါပေမဲ့ ဝုစ်ကိုယ်တိုင် ရုံးခန်းထဲ သိပ်နေလေ့မရှိဘဲ ဓာတ်ခွဲခန်း မီးဘုတ်ပြားအောက်က ၁၆-အက်စ် RNA လက်ဗွေရာတွေကို စိုက်ကြည့်ရင်းပဲ အချိန်ဖြုန်းလေ့ရှိတာ မြင်လိုက်ရမှ လူဆန်လဲ စိတ်သက်သာရာရတော့တယ်။
ကားလ်ဝုစ် ကွယ်လွန်ပြီးနောက် ကန် လူဆန်ဟာ ဒီပုဂ္ဂိုလ်ကြီးရဲ့ အလုပ်တွေ၊ သူ့စရိုက်နဲ့ လွန်ခဲ့တဲ့ နှစ်တွေအများကြီးက သူတို့ကြား ပတ်သက်မှုတွေအကြောင်း အမှတ်တရ ဆောင်းပါးတိုလေးတစ်စောင် ရေးခဲ့ပြီး တခြားသူတွေရဲ့ ဂုဏ်ပြုစာလွှာတွေနဲ့အတူ သိပ္ပံဂျာနယ်တစ်ခုမှာ ပုံနှိပ်ထုတ်ဝေခဲ့တာပါ။ စာရေးသူ ကယ်လီဖိုနီးယားပြည်နယ်၊ ဆီလီကွန်တောင်ကြားအစွန်နားက ဆန်ကားလို့စ် (San Carlos) မြို့ထဲ သူ့ကို လိုက်ရှာပြီး တွေ့ဆုံချိန်မှာတော့ လူဆန်တစ်ယောက် ဒါတွေကို ပြန်အမှတ်ရလာခဲ့လေရဲ့။ အဲအချိန်မှာ လူဆန်ဟာ သူ့ဘဝရဲ့ လုပ်သက်နှောင်းပိုင်းကို ရောက်နေပြီး ဝါရင့်သိပ္ပံပညာရှင်နဲ့ ဇီဝနည်းပညာတီထွင်သူတစ်ယောက် ဖြစ်နေပါပြီ။ ရုံးခန်းဝင်းတစ်ခုရဲ့ မှန်တံခါးတွေနောက်က ကုမ္ပဏီလေးမှာ အကြံပေးအဖြစ် လုပ်ကိုင်နေတာပေါ့။ သူက ပဋိပစ္စည်း (antibodies) တွေနဲ့ တခြားမော်လီကျူးထုတ်ကုန်တွေ ဖန်တီးတဲ့ နည်းလမ်းတွေအတွက် ဇီဝနည်းပညာဆိုင်ရာ မူပိုင်ခွင့် (patents) တွေ တသီတတန်းကြီး ပိုင်ဆိုင်ထားပြီးပါပြီ။ ကျွန်းဆွယ်တစ်ဖက်က ဟာ့ဖ်မွန်းဘေး (Half Moon Bay) ခေါ် ခေတ်ဟောင်းအယူအဆတွေ တော်လှန်သူတွေ စုဝေးနေထိုင်ရာ နေရာလေးမှာ အေးအေးဆေးဆေးနေပြီး အဲဒီကနေမှ မြို့ထဲက အလုပ်ဆီ သွားလာကူးသန်းနေတာပေါ့။ သူက စိတ်ပါမှ အလုပ်လုပ်တတ်သူ။ ဒီကုမ္ပဏီမှာတော့ ဆံပင်ဖြူဖြူနဲ့ ဝါရင့်ပညာရှင်၊ ပတ်ပတ်လည်က စားပွဲတွေမှာတော့ ထက်ထက်မြက်မြက် လူငယ်တွေ ဝိုင်းနေကြတယ်။ ဒီလူငယ်တွေအတွက်တော့ ဝုစ်ဆိုသူက ဒါဝင်တို့၊ ဖီဘိုနာချီတို့လို နာမည်ပဲ ကြားဖူးတဲ့ ရှေးခေတ်ပုဂ္ဂိုလ်ကြီးလို ဖြစ်နေပါပြီ။ အရပ်ပိန်ရှည်ရှည်၊ ဆိတ်မုတ်ဆိတ်နဲ့ ပေါ့ပေါ့ပါးပါးရှိပြီး စကားကို ထေ့ခနဲ ချော်ခနဲ ပြောတတ်သူ လူဆန်က မြို့ထဲ ခဏသွားပြီး ဆူရှီစားရအောင်လို့ အကြံပေးလာတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက်သား တစ်နေ့ခင်းလုံး အချိန်ယူပြီး စကားတွေအကြာကြီး ပြောဖြစ်ခဲ့ကြတာပဲ။ “အဲတုန်းက ကျွန်တော် တတိယနှစ်လောက်ပဲ ရှိအုံးမယ်ထင်တယ်” လို့ ဝုစ်နဲ့ စသိချိန်ကို နောက်ကြောင်းပြန်ပါတယ်။ “ဘာမှကို နားမလည်ခဲ့သေးတာ” လို့ သူက ပြန်ပြောပြတယ်။ လူဆန်တစ်ယောက် ဘာမှမသိ နားမလည်သေးတဲ့တိုင် ပညာရှင်ကြီးက သူ့အတွက် အချိန်ပေးပြီး အားစိုက်သင်ပြခဲ့တာပေါ့။ ဝုစ်ဟာ စိတ်မပါဘဲ ထုံပေပေထိုင်နေကြတဲ့ မျက်နှာအများကြီးရှေ့ စာသင်ရမှာကို သိပ်မုန်းပေမဲ့ အခုလို တစ်ယောက်တည်း သီးသန့်သင်ပြပေးရတာကိုတော့ သိပ်မငြိုငြင်ပါဘူး။ “သူ လုပ်နေတဲ့အလုပ်တွေအကြောင်း ကျွန်တော့်ကို ရှင်းပြခဲ့တယ်၊ လေးပုံတစ်ပုံလောက်တော့ နားလည်ပါတယ်” လို့ လူဆန်က ဆိုတယ်။ သို့သော် ဒီလူငယ်လေးက စူးစူးစိုက်စိုက်ရှိခဲ့သလို သင်လွယ်တတ်လွယ် ဖြစ်ခဲ့တယ်။ “သူ့အမြင်မှာတော့ ကျွန်တော် ဒါကို တကယ်စိတ်ဝင်စားတယ်လို့ မြင်ပုံပဲ၊ ပြီး ကိုယ်တိုင်ကလဲ တကယ်ကြိုးစားခဲ့တာကိုး” လို့ သူက ဆက်ပြောတာပါ။
၁၉၇၄ ခုနှစ်မှာ လူဆန်ဟာ ဝုစ်ဓာတ်ခွဲခန်းထဲ ဘွဲ့ကြိုကျောင်းသား လက်ထောက်တစ်ယောက်အဖြစ် ဘွဲ့လွန်ကျောင်းသားတစ်ယောက်နဲ့ အတူတွဲရောက်လာခဲ့ပြီး ဘယ်သူမှ မလုပ်ချင်တဲ့၊ အလုပ်ကြမ်းလို့ ဆိုနိုင်မဲ့ တာဝန်တစ်ခု ပေးခံခဲ့ရပါတယ် — ဘက်တီးရီးယားတွေဆီကနေ ရေဒီယိုသတ္တိကြွနေတဲ့ rRNA တွေ ထုတ်ယူရတဲ့ အလုပ်ပါ။ သူတို့က ဘက်တီးရီးယား မွေးမြူထားတဲ့ အရည်ထဲ ရေဒီယိုသတ္တိကြွ ဖော့စ်ဖရပ် (P-32) ဆယ်မီလီကျူရီ (အတော်များတဲ့ ပမာဏ) ကို လောင်းထည့်လိုက်ကြတယ်။ နောက်တော့ ဘက်တီးရီးယားတွေ ဒါကို အဝစုပ်ယူနိုင်အောင် တစ်ညသိပ်လိုက်ပြီး ဗဟိုခွာအားသုံး အရှိန်လည်စက် (Centrifuge) ထဲ ထည့်မွှေပြီး ရေဒီယိုသတ္တိကြွနေတဲ့ ဘက်တီးရီးယားတွေကို အနည်လေးတွေအဖြစ် စုယူလိုက်တာပေါ့။ အဲဒီအနည်ကို ဘတ်ဖာ (buffer) အရည်ထဲ ဖျော်ပြီး ကော်ဖီစက်နဲ့ ခပ်ဆင်ဆင် ဓာတ်ခွဲခန်းသုံးစက်ထဲထည့်ပြီး ဖိချလိုက်ရင်း ဘက်တီးရီးယားဆဲလ်တွေကို ဆွဲဖြဲပြီး အတွင်းက အင်္ဂါနုပ်ငယ်တွေ အပြင်လွင့်ထွက်လာအောင် လုပ်လိုက်တာပါ။ အဲဒီနောက်မှာမှ လူဆန်နဲ့ သူ့အဖော်က ဓာတုနည်းနဲ့ rRNA တွေ ဆွဲထုတ်ကြတယ်။ ရလာတဲ့အပိုင်းအစတွေထဲက ၁၆-အက်စ်နဲ့ ခပ်တိုတို ၅-အက်စ် မော်လီကျူးတွေကိုတော့ မစ်ချယ်ဆိုဂင် ကိုယ်တိုင်လုပ်ထားတဲ့ အခရိုင်းလမိုက် (Acrylamide) ဂျယ်လ်ဆလင်ဒါချောင်းလေးတွေ သုံးပြီး သီးခြားခွဲထုတ်ရတာပေါ့။ အဲခေတ်က သုံးခဲ့တဲ့ အခရိုင်းလမိုက်ဆိုတာက ဒီဘက်ခေတ်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ပစ္စည်းလို့ သိထားကြတာပါ။ ဒါတင်မကသေး၊ သူတို့က ဖီနော (phenol)၊ ကလိုရိုဖောင်း (chloroform)၊ အီသနော (ethanol) တွေအပြင် ရေဒီယိုသတ္တိကြွ ဖော့စဖရပ်တွေနဲ့ပါ လုံးပန်းခဲ့ရတာ။ “တကယ်ပရမ်းပတာကြီးကို ဖြစ်လို့၊ ရေဒီယိုသတ္တိကြွဓာတ်တိုင်းတဲ့ စက်ကလဲ အမြဲတစီစီအော်နေတာ” လို့ လူဆန်က သူ့မှတ်တမ်းထဲ ရေးသားခဲ့ပါတယ်။
သူ မွေးမြူပြီး ခြေဖျက်စမ်းသပ်ခဲ့တဲ့ ဘက်တီးရီးယားတွေထဲက တစ်မျိုးကတော့ Clostridium perfringens ခေါ် ဒဏ်ရာကတစ်ဆင့် ကြွက်သားတွေကို ပုပ်ဆွေးပျက်စီးစေတဲ့ ‘ဂတ်စ် ဂန်ဂရင်း’ (gas gangrene) အမည်ရ ထိတ်လန့်စရာ အပုပ်နာ ဖြစ်စေတဲ့ ပိုးမွှားပေါ့ — စစ်မြေပြင်မှာ ဒဏ်ရာဗရပွနဲ့ လဲနေတဲ့ စစ်သားတွေမယ် အဖြစ်များတဲ့ ရောဂါမျိုးပါ။ ဒါကို သိသွားတော့ လူဆန်ခမျာ စိုးရိမ်တကြီးဖြစ်ရှာပေမဲ့ ဝုစ်ကတော့ “ဒဏ်ရာအပွင့်မှ မရှိပဲ၊ မစိုးရိမ်ပါနဲ့” လို့ ပြောပြီး တဟားဟားရယ်နေခဲ့လေရဲ့။ သူက ဆေးကျောင်းမှာ “နှစ်နှစ်နဲ့ နှစ်ရက်” တိတိ တက်ခဲ့ဖူးတာမို့ ဒီပိုးကြောင့် လူဆန် ဂန်ဂရင်းရောဂါ မဖြစ်နိုင်ဘူးဆိုတာ အတပ်အာမခံတယ်လို့ ဝုစ် ပြောခဲ့တာပေါ့။ လူဆန့်အတွက်တော့ ဒီဖြစ်ရပ်က သင်ခန်းစာပဲ — ဝုစ်ကို အကြွင်းမဲ့ယုံကြည်ဖို့ထက် ကိုယ့်ထိုးထွင်းသိမြင်မှုနဲ့ ဆင်ခြင်တုံတရားကိုပဲ ပိုအားကိုးရမယ်ဆိုတာပါ။ ဒါပေမဲ့ ဝုစ်တစ်ယောက် ဆေးကျောင်းတတိယနှစ်၊ ကလေးကျန်းမာရေးဌာနမှာ လက်တွေ့ဆင်းပြီး နှစ်ရက်အကြာမှာ ဘာကြောင့်ကျောင်းထွက်ခဲ့သလဲဆိုတဲ့ ကိစ္စကိုတော့ သူ မစပ်စုဖြစ်ခဲ့ဘူး။
၁၉၇၅ ခုနှစ်မှာ အီလီနွိုင်းတက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့နောက် ကန် လူဆန် တစ်ယောက် ဝုစ်ရဲ့ လမ်းညွှန်မှုအောက်မှာပဲ ပါရဂူဘွဲ့ ဆက်ယူဖို့ ကျန်ရစ်ခဲ့ပါတယ်။ အဲဒီအချိန်ဟာ ဝုစ် သူ့ဓာတ်ခွဲခန်းရဲ့ သုတေသန ဦးတည်ချက်ကို နည်းနည်းလေး ပြောင်းလိုက်တဲ့ အချိန်နဲ့လဲ အံကိုက်ပါပဲ။ ဒီပြောင်းလဲမှုလေးက သိပ်အရေးကြီးခဲ့သလို နောက်ပိုင်းမှာ သူ့ကို အံ့သြတုန်လှုပ်ဖွယ်ရာ အကောင်းဆုံး ရှာဖွေတွေ့ရှိမှုကြီးဆီကိုလဲ ဆွဲခေါ်သွားခဲ့ပါတယ်။ လောလောဆယ်ကတော့ သူတို့တစ်တွေ ဓာတ်ခွဲခန်းထဲ မွေးရလွယ်ပြီး အလွယ်တကူရနိုင်တဲ့ သာမန်ဘက်တီးရီးယားတွေနဲ့ တဆေး (yeast) လို ဆဲလ်တစ်လုံးတည်းသက်ရှိတွေကိုပဲ မော်လီကျူးအဆင့်ထိ ခွဲခြမ်းစိတ်ဖြာလေ့လာနေခဲ့ကြတာပါ။ ဒါပေမဲ့ ဒါက သူတို့ရဲ့ ချဉ်းကပ်ပုံကို ပြန်မွမ်းမံနေတဲ့ အစောပိုင်းအဆင့်လောက်ပဲ ရှိအုံးမယ်။ “သူ စမ်းချင်နေတာတွေထဲက တစ်ခုကတော့ ထူးခြားဆန်းပြားတဲ့ ဘက်တီးရီးယားတွေကို လေ့လာကြည့်ဖို့ပဲ” လို့ လူဆန်က စာရေးသူကို ပြောပြပါတယ်။ ဒီလိုလုပ်ခြင်းက “ဆင့်ကဲဖြစ်စဉ်ရဲ့ နှလုံးဗဟိုချက်” ထိ ထိုးဖောက်မြင်နိုင်ပြီး သက်ရှိလောကရဲ့ ပင်မမျိုးရိုးကိုင်းကြီးတွေကြားက “ခပ်နက်နက် ခွဲဖြာထွက်မှုတွေ” ကို တွေ့နိုင်လိမ့်မယ်လို့ ဝုစ် မျှော်လင့်ခဲ့တာပေါ့။ ဒါနဲ့ပဲ သူဟာ အဏုဇီဝဗေဒဌာနက သူ့လုပ်ဖော်ကိုင်ဖက်၊ ‘မီသနိုဂျင်’ (methanogens) ခေါ် မီသိန်းဓာတ်ငွေ့ထုတ် ပိုးမွှားအုပ်စု မွေးမြူရာမှာ ကမ္ဘာ့ထိပ်တန်းပညာရှင်ဖြစ်သူ ရာ့ဖ်ဝုဖ် (Ralph Wolfe) နဲ့ ပူးပေါင်းလိုက်ပါတယ်။
မီသနိုဂျင်ဆိုတဲ့ နာမည်က သူတို့ရဲ့ ခပ်ဆန်းဆန်း ဇီဝဓာတုဖြစ်စဉ်ကနေ ဆင်းသက်လာတာပါ — ဒီပိုးတွေက အောက်ဆီဂျင်မရှိတဲ့ ပတ်ဝန်းကျင်မှာ ဟိုက်ဒရိုဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သုံးပြီး အသက်ရှင်ကြရင်း မီသိန်းဓာတ်ငွေ့ကို ဘေးထွက်ပစ္စည်းအဖြစ် ထုတ်ပေးကြလို့ပါ။ ခပ်ရှင်းရှင်းပြောရရင် ဒီပိုးမွှားလေးတွေဟာ ရွှံ့နွံတောတွေထဲ ပွက်ပွက်ထနေတဲ့ ‘နွံဓာတ်ငွေ့’ (swamp gas) တွေ ထုတ်ပေးသလို နွားတွေရဲ့ ဗိုက်ထဲမှာလဲ ခိုအောင်းနေတတ်ပြီး လေတက်တာ၊ လေလည်တာတွေက တစ်ဆင့် ဓာတ်ငွေ့တွေ ထွက်လာစေတာပေါ့။ တချို့ မီသနိုဂျင်တွေက ဂရင်းလင်း (Greenland) ရေခဲပြင်အောက်မှာ၊ သမုဒ္ဒရာနက်ကြီးထဲမှာ၊ နောက် ပူပြင်းတဲ့ သဲကန္တရာမြေဆီလွှာတွေလို ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်တွေမှာလဲ ရှင်သန်နိုင်ကြပါတယ်။
သူတို့အားလုံးမှာ တူညီတဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ရှိကြပေမဲ့ ရာ့ဖ်ဝုဖ်က ဝုစ်ကို ဆန်းဆန်းပြားပြား ကွဲလွဲချက်တစ်ခုအကြောင်း သတိပေးခဲ့တယ် — အဲဒါက သူတို့ပုံသဏ္ဌာန်တွေ မတူတာပါ။ တချို့က အလုံးပုံ (cocci) ဖြစ်ပြီး တချို့ကကျ တုတ်ချောင်းပုံ (bacilli) တွေ ဖြစ်နေတာ။ အဲခေတ်ကတော့ အလုံးပုံနဲ့ တုတ်ချောင်းပုံဆိုတာ လုံးဝမတူတဲ့ ဘက်တီးရီးယားနှစ်မျိုးနှစ်စားလို့ သတ်မှတ်ထားတော့ အဏုဇီဝဗေဒပညာရှင်တွေက ဒီမီသနိုဂျင်တွေကို ဇီဝကမ္မသဘောတူလို့ တစ်အုပ်စုတည်း ထားရမလား၊ ပုံသဏ္ဌာန်ကွဲလို့ ခွဲပစ်ရမလား ခေါင်းခြောက်ခဲ့ကြရတာပေါ့။ ဒီပဟေဠိကပဲ ဝုစ်ရဲ့ စိတ်ဝင်စားမှုကို အကြီးအကျယ်ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Image – Illinois University
ကန် လူဆန်က စကားဝိုင်းကို အဆုံးသတ်ပြီး မိမိကို လက်ဆောင်တချို့ ပေးလိုက်ပါတယ်။ တစ်ခုကတော့ ၁၉၇၀ ပြည့်လွန်နှစ် အလယ်ပိုင်းလောက်က သူကိုယ်တိုင် ရိုက်ထားတဲ့ အဖြူအမည်းဓာတ်ပုံတစ်ပုံ — အဲထဲ ဝုစ်က သူ့မီးဘုတ်ပြားရှေ့မှာ အနက်ရောင် အစက်အပြောက်ပုံစံတွေကို စူးစိုက်ကြည့်နေတာ တွေ့ရတယ်။ သူ မြင်တာတွေကို အရောင်ခွဲ မှတ်သားဖို့ လက်ထဲ မှင်တံတစ်ဆုပ် ကိုင်ထားပြီး ညာဘက်နားရွက်နောက်မယ်တော့ အချက်အလက်တွေ မှတ်တမ်းတင်ဖို့ ခဲတံတစ်ချောင်း ထိုးထားတာပဲ။ လူဆန်ပေးတဲ့ နောက်လက်ဆောင်တစ်မျိုးက ဟောင်းနွမ်းပြီး အဝါရောင်သမ်းနေတဲ့ စက္ကူတစ်ရွက်ပါ။ မိတ္တူမဟုတ်ဘဲ အဲခေတ်က သူ့ကိုယ်ပိုင်မှတ်စုစာအုပ်ထဲက မူရင်းစာရွက်စစ်စစ်ပေါ့။ သက်ရှိတစ်ခုဆီက ရလာတဲ့ RNA အပိုင်းအစလေးတွေရဲ့ ကတ်တလောက်စာရင်းပါပဲ။ အက္ခရာလေးလုံးနဲ့ ကုဒ်လုပ်ထားတဲ့ စာသားတိုလေးတွေကို ကော်လံနှစ်ခုခွဲပြီး သေသေသပ်သပ် မှတ်တမ်းတင်ထားတာ။ UCUCG, CAAG, GGGAAU . . . စတာတွေ ဒါဇင်နဲ့ချီ ပါဝင်နေတာပါ။ စာရွက်ရဲ့ ထိပ်မှာတော့ လက်နဲ့ပဲ ရေးထားတဲ့ အတိုကောက်နာမည်ရှိပါတယ်။ အဲအချိန်က ဒီပိုးမွှားကို ခေါ်တဲ့နာမည် – Methanobacterium ruminantium ပေါ့။ နောက်ပိုင်းမှ သဘောပေါက်သွားတာက ဒီနာမည်မှာ ‘ဘက်တီးရီးယား’ လို့ ပါနေပေမဲ့ တကယ်တမ်းကျ သူဟာ ဘက်တီးရီးယားတစ်မျိုး ဟုတ်မနေခဲ့ဘူး။ လူဆန်က ကျွန်တော့်ကို လုံးဝမတူကွဲပြားတဲ့ သက်ရှိလောကတစ်ခုရဲ့ မျိုးဗီဇမှတ်တမ်းကြီး ပေးလိုက်တာပဲ . . . ။ ။
အခန်း ၂၊ အပိုင်း ၇ ပြီးပါပြီ။