May 24, 2026 | မြန်မာ

လူသားတွေသာ အပင်တွေလို  photosynthesis လုပ်နိုင်ခဲ့ရင် . . .

လူသားတွေက အသက်ရှင်သန်ဖို့အတွက် လိုအပ်တဲ့ စွမ်းအင်ရဖို့ အခြားသက်ရှိတွေကို စားနေရပေမဲ့ အပင်တွေကတော့ လူသားတွေလို မဟုတ်ဘဲ ကိုယ်တိုင်အစာချက်လုပ်နိုင်ကြောင်းကို သိကြပြီးဖြစ်မှာပါ။ တကယ်လို့သာ လူသားတွေက အပင်တွေလို လုပ်ဆောင်နိုင်စွမ်း ရှိနေခဲ့ရင်ရော . . .? လူတွေက အပင်တွေလို အစာချက်လုပ်နိုင်ဖို့ဆိုရင် အပင်တွေ အစာချက်ဖို့ လိုအပ်တဲ့ အရာမှန်သမျှ လူတွေမှာ ရှိနေရပါမယ်။…

Text size

လူသားတွေက အသက်ရှင်သန်ဖို့အတွက် လိုအပ်တဲ့ စွမ်းအင်ရဖို့ အခြားသက်ရှိတွေကို စားနေရပေမဲ့ အပင်တွေကတော့ လူသားတွေလို မဟုတ်ဘဲ ကိုယ်တိုင်အစာချက်လုပ်နိုင်ကြောင်းကို သိကြပြီးဖြစ်မှာပါ။ တကယ်လို့သာ လူသားတွေက အပင်တွေလို လုပ်ဆောင်နိုင်စွမ်း ရှိနေခဲ့ရင်ရော . . .?

လူတွေက အပင်တွေလို အစာချက်လုပ်နိုင်ဖို့ဆိုရင် အပင်တွေ အစာချက်ဖို့ လိုအပ်တဲ့ အရာမှန်သမျှ လူတွေမှာ ရှိနေရပါမယ်။ အပင်တွေက အမြစ်မှာ စုဆောင်းထားတဲ့ ရေ၊ လေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နေရောင်ခြည်နဲ့ အရွက်မှာ ရှိနေတဲ့ ကလိုရိုဖီးလ်တို့ ပေါင်းစပ် ဓာတ်ပြုပြီး အစာချက်လုပ်ကြပါတယ်။ လူတွေအနေနဲ့ ပြင်ပအထောက်အပံ့တွေ ဖြစ်တဲ့ ရေ၊ ကာ‌ဗွန်ဒိုင်အောက်ဆိုဒ်နဲ့ နေရောင်ခြည်တွေကို ရနိုင်ပေမဲ့ လိုနေတာကတော့ အပင်မှာ ရှိနေတဲ့ ကလိုရိုဖီးလ်ပါပဲ။ ကလိုရိုဖီးလ်က အရွက်အတွင်းမှာ ရှိပြီး အရွက်တွေရဲ့ အစိမ်းရောင်ဖြစ်တည်မှုကို ဖန်တီးပေးနေသူ ဖြစ်နေတာကြောင့် သူ့ကို ‘အစိမ်းရောင်ခြယ် ပစ္စည်း’ လို့လဲ ခေါ်ကြပါသေးတယ်။ ဒီအစိမ်းရောင်ခြယ်ပစ္စည်းလေးက နေရောင်ခြည်ကို လက်ခံထားပြီး အခြားကာဗွန်ဒိုင်အောက်ဆိုဒ်တို့၊ ရေတို့နဲ့ ပေါင်းစပ်ပြီး အစာချက်လုပ်တာပါ။ ဒါကြောင့်ပဲ အရွက်တွေဟာ နေရောင်ခြည်များများရဖို့ ပြန့်ကားတဲ့ ပုံသဏ္ဌာန် ရှိနေကြတာပဲပေါ့။ 

ဒါဆို လူ့ခန္ဓာကိုယ်မှာ ကလိုရိုဖီးလ် ဆိုတဲ့ ရောင်ခြယ်ပစ္စည်းတစ်ခု ပါလာမဲ့ အခြေအနေကို တွေးကြည့်ကြရအောင် . . . ။

ကလိုရိုဖီးလ်က အစိမ်းရောင်ခြယ်ပစ္စည်းဖြစ်တာမို့ လူ့ခန္ဓာကိုယ်က စိမ်းနေပါလိမ့်မယ်။ ဒါပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံး စိမ်းနေမှာမဟုတ်ဘဲ နေရောင်ခြည်နဲ့ ထိတွေ့ရတဲ့ အရေပြားတွေလောက်ပဲ စိမ်းနေမှာပါ။ နေရောင်ခြည်ကောင်းကောင်းမရတဲ့ ၀င်ရိုးစွန်းဒေသတွေမှာ နေထိုင်သူတွေကတော့ ဝါဖျော့ဖျော့ အသားအရေပုံစံမျိုး ရှိနေပါလိမ့်မယ်။ ဒီအခြေအနေမှာ စဉ်းစားစရာ မေးခွန်းတစ်ခု ရှိလာပါပြီ ― ‘နေရောင်ခြည်လုံလုံလောက်လောက် မရတဲ့ လူတွေကရော ဘယ်လိုဖြစ်လာမလဲဆိုတာပါပဲ’။ ပုံမှန်လူ့ခန္ဓာကိုယ်အရွယ်အစားနဲ့တော့ ဘယ်လူသားကမှ တစ်နေ့တာ လှုပ်ရှားသွားလာဖို့ လုံလောက်တဲ့ နေရောင်ခြည်ပမာဏကို မရနိုင်ပါဘူး။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အပင်တွေလို ရယူပေးနိုင်မဲ့ အပေါက်တွေ အရေပြားမှာ ပါနေဖို့လဲ လိုပါအုံးမယ်။ (အပင်မှာတော့ အရွက်၊ ဒါမှမဟုတ် ပင်စည်မှာ ပင်လွှာပေါက်တွေ (stomato လို့ ခေါ်တဲ့ အပေါက်‌တွေ) ပါ,ပါတယ်။) လူသားတွေ တစ်နေ့တာ ပုံမှန်လှုပ်ရှားသွားလာနိုင်ဖို့ ကယ်လိုရီ ၂၀၀၀ လောက် လိုပြီး တစ်နေ့လုံး နေပူထဲမှာ ကိုယ်လုံးတီးနဲ့ နေရင်တောင် အဲဒီက ရလာမဲ့ ကယ်လိုရီပမာဏဟာ အများဆုံး ရှိမှ ၂၄၀ ပါပဲ။ အောက်စဖို့ဒ်တက္ကသိုလ်က ရုက္ခ‌ဗေဒပညာရှင် လင်ဒ်ဆေတန်ဘူလ် (Lindsay Turnbull) ကတော့ ‘တစ်နေ့တာ လှုပ်ရှားသွားလာဖို့အထိ လုံလောက်တဲ့ စွမ်းအင်ပမာဏ ရရှိဖို့ဆိုရင် လူ့အရေပြားဟာ တင်းနစ်ကွင်းတစ်ကွင်းစာလောက် ရှိနေရမယ်’ လို့ ပြောခဲ့ပါတယ်။

ကျန်တဲ့ စွမ်းအင်ပမာဏကို ဘယ်လို ရနိုင်မလဲ . . . ?

တစ်နေ့တာ လှုပ်ရှားသွားလာဖို့ လုံလောက်တဲ့ စွမ်းအင်ပမာဏကို မရနိုင်တဲ့အတွက် လူသားတွေဟာ ပုံမှန်သမာရိုးကျ စွမ်းအင်ရယူနည်း တစ်ခုဖြစ်တဲ့ အစာစားခြင်းကို ပါးစပ်အညောင်းခံ လုပ်နေရအုံးမှာပါ။ အစာမစားဘဲ နေရင်တော့ အဆာလွန်ပြီး ဘဝမကူးခင် ‘ဟိုက်ပိုးသာမီယာ (hypothermia)’ လို့ ခေါ်တဲ့ ခန္ဓာကိုယ်အပူချိန် အလျင်အမြန် ကျဆင်းတာမျိုး ဖြစ်လာပြီး လောကကြီးကို ဘိုင့်ဘိုင် လုပ်သွားရပါလိမ့်မယ်။ ဘာကြောင့်ဆိုတော့ လိုအပ်တဲ့ စွမ်းအင်ပမာဏ မရှိတဲ့အတွက် ကိုယ်အပူချိန်က ရှိ‌သင့်တဲ့ ပမာဏမှာ ရှိမနေတော့လို့ပါပဲ။ ဒါ့အပြင် ဇီ၀ရုပ်ဖြစ်ပျက်မှုတွေ လုပ်ဖို့ လုံလောက်တဲ့‌ အောင်ဆီဂျင်ပမာဏ ရှိမှပဲ စားလိုက်တဲ့ အစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲနိုင်တာမို့ ရှူသွင်းနေကျ အောင်ဆီဂျင်ကိုလဲ ဆက်လိုနေအုံးမှာပါ။ တကယ်လို့သာ လူသားတွေက နေရောင်ခြည်သုံးပြီး အစာချက်လုပ်နိုင်ခဲ့မယ် ဆိုရင်တော့ လူ့အဖွဲ့အစည်းရဲ့ လက်ရှိနေထိုင်မှုပုံစံ အနေအထားအားလုံးပါ တစ်ဆစ်ချိုး ပြောင်းလဲသွားပါလိမ့်မယ်။ အဆောက်အအုံဖွဲ့စည်းပုံတွေကအစ နေရောင်ခြည်ပမာဏများများရနိုင်မဲ့ ပုံစံမျိုးတွေ ဆောက်လုပ်လာတာမျိုး၊ အစာစားတာနဲ့ ပတ်သက်တဲ့ ရှုထောင့်တွေ ပြောင်းလဲလာတာမျိုး၊ အရင်ကထက် သီးနှံစိုက်ပျိုးမြေပမာဏ လျော့နည်းလာတာမျိုးတွေ၊ ကုန်ကျ‌စရိတ် လျှော့ချတဲ့အနေနဲ့ အစာလျှော့စားပြီး ကိုယ်လုံးတီး နေပူဆာခံတာမျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။ တစ်ဖက်မှာလဲ ကိုယ်ခန္ဓာတစ်ခုလုံး လုံလုံခြုံခြုံ ၀တ်ဆင်သူတွေကို လူချမ်းသာတွေအဖြစ် သတ်မှတ်တာမျိုးတွေ ဖြစ်လာနိုင်ပါသေးတယ်။

အတော်လေး ကြောင်တောင်တောင်နိုင်ပေမဲ့ တကယ်ပဲ လူသားတွေသာ အပင်တွေလို ကိုယ်တိုင်အစာချက်လုပ်နိုင်ခဲ့မယ်ဆိုရင် လက်ရှိလူသားတွေလို လူသားအဖြစ်ပဲ လက်ခံကြမှာလား၊ အခြား သက်ရှိမျိုးစိတ်တစ်ခုအဖြစ် မြင်လာကြမှာလား၊ အခြားသက်ရှိမျိုးစိတ်တွေအပေါ်ကိုရော ဘယ်လို သက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်မလဲ . . . စဉ်းစားစရာ မေးခွန်းတွေက အတောမသတ်နိုင်အောင်ပဲ ရှိနေပါတော့တယ်။     ။

Article Credits

Written by Shin Mon Thant 
Copy Editing Khant Wutyee Htet 

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.