အော်ဂဲနစ်စိုက်ပျိုးရေးနှင့် ဓာတုဗေဒ
စိုက်ပျိုးရေးဆိုတာ ရှေးခေတ်ကတည်းကနေ ယနေ့ခေတ်အထိ လူနေမှုဘဝမှာ များစွာအကျိုးပြုနေတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒီစိုက်ပျိုးရေးနယ်ပယ်တွေဟာ အမျိုးမျိုးသော နည်းလမ်းတွေနဲ့ တစ်ဖက်တစ်လှမ်းကနေ အထောက်အကူပြုနေကြပါတယ်။ စိုက်ပျိုးရေးနယ်ပယ်တွေထဲကမှ အော်ဂဲနစ်စိုက်ပျိုးရေးဟာ စိတ်ဝင်စားစရာကောင်းပြီးတော့ နေ့စဥ်လူနေမှုဘဝမှာ အထောက်အပံ့တစ်ခု ဖြစ်နေပါတယ်။
အော်ဂဲနစ်စိုက်ပျိုးရေးဆိုတာ ကမ္ဘာပေါ်မှာ လက်ရှိထင်ရှားနေဆဲဖြစ်တဲ့ စိုက်ပျိုးရေးလမ်းစဥ်တစ်ခု ဖြစ်ပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေးလို့ ဆိုလိုက်တာနဲ့ လူအတော်အများကတော့ ပိုးသတ်ဆေးမသုံးဘဲ အပင်ကို ရှင်သန်ကြီးထွားအောင်လုပ်တာနဲ့ ဓာတုဒြပ်ပေါင်းတွေကို အသုံးမပြုဘဲ စိုက်ပျိုးတာတွေကို အရင်ပြေးမြင်မိကြမှာပါ။ အော်ဂဲနစ်စိုက်ပျိုးရေးဆိုတာကလဲ ဓာတုပစ္စည်းတွေကို အသုံးမပြုဘဲ စိုက်ပျိုးတဲ့ နည်းစဥ်တစ်ခုအဖြစ် လူသိများကြပါတယ်။ အဲ့ဒီနည်းစဥ်ဟာလဲ သဘာဝပတ်ဝန်းကျင်ကိုရော၊ စားသုံးသူအတွက်ရောကို ကောင်းကျိုးတွေ ဖြစ်ထွန်းစေပါတယ်။
အော်ဂဲနစ်စိုက်ပျိုးရေးဟာ ဓာတုပစ္စည်းတွေကိုအသုံးမပြုဘူးဆိုတော့ အော်ဂဲနစ်အသီးတွေမှာရော ဓာတုပစ္စည်းတွေ မပါဝင်နိုင်ဘူးဆိုပြီး ထင်ကောင်းထင်မိနိုင်ပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေးလုပ်သူတွေဟာ ဓာတုပစ္စည်းတွေကို အသုံးမပြုကြဘူးဆိုပေမဲ့ အပင်တွေဟာ အင်းဆက်တွေရဲ့ ရန်နဲ့ သူတို့ကိုတိုက်ခိုက်လာမဲ့ ရောဂါတွေကို ကာကွယ်ဖို့အတွက် ကိုယ်တိုင်ကလဲ အာဟာရပြည့်ဝနေဖို့ လိုအပ်နေပါသေးတယ်။ အဲ့ဒီအတွက်ကို စိုက်ပျိုးရေးနယ်ပယ်တွေက ဖြေရှင်းချက်တစ်ခု လိုနေပါတယ်။
အော်ဂဲနစ်စိုက်ပျိုးရေးတွေမှာ ဓာတုပစ္စည်းတွေကို လုံးဝအသုံးမပြုတာမျိုးမဟုတ်ဘဲ လူသားတွေအပေါ် ကောင်းကျိုးအပြုများစေမဲ့ ဓာတုဒြပ်ပေါင်းတွေကိုသာ အသုံးပြုကြပါတယ်။ ဥပမာ ဆာလဖာ (sulphur)၊ ကော့ပါး (copper)၊ အိုင်းယွန်း ဒြပ်ပေါင်းတွေ (iron compounds)၊ မက်ဂနီဆီယမ် ဒြပ်ပေါင်းတွေ (magnesium compounds)၊ ပိုတက်ဆီယမ် ဒြပ်ပေါင်းတွေ (potassium compounds)၊ အင်ဇိုင်းတွေ (enzymes) နဲ့ အခြားသော ဓာတုဒြပ်ပေါင်းတွေ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ USDA (The US Department of Agriculture) အဖွဲ့အစည်းက အော်ဂဲနစ်စိုက်ပျိုးရေးတွေမှာ သုံးဖို့အတွက် သတ်မှတ်ပြဌာန်းပေးထားတဲ့ ဓာတုဒြပ်ပေါင်းတွေစာရင်းထဲမှာလဲ ကော့ပါး၊ ဆာလဖာ၊ ကယ်ဆီယမ် ဟိုက်ဒြောဆိုက် (calcium hydroxide) နဲ့ တခြားအရာတွေလဲ ပါဝင်နေပါတယ်။ အဲ့ဒီဓာတုဒြပ်ပေါင်းတွေထဲမှာ စိတ်ဝင်စားစရာကောင်းတာတွေကတော့ ကော့ပါးနဲ့ ဆာလဖာတို့ပါပဲ။
အော်ဂဲနစ်စိုက်ပျိုးသူတွေဟာ ရေညှိတွေ၊ ဘက်တီးရီးယားတွေနဲ့ မှိုတွေကို သုတ်သင်ဖို့အတွက် ကော့ပါးကို ပိုးသတ်ဆေးအနေနဲ့ အသုံးပြုကြပါတယ်။ ကော့ပါးနဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ဘအချက်ကတော့ ကော့ပါးနဲ့ သူရဲ့ ဒြပ်ပေါင်းတွေဟာ အဆိပ်အတောက်ဖြစ်စေမှုများတယ်ဆိုတာပါပဲ။ အထူးသဖြင့် ကျွန်တော်တို့ ဓာတုဗေဒစာအုပ်တွေမှာ မြင်နေကျဖြစ်တဲ့ ကော့ပါးဆာလဖိတ် (copper sulphate) ဟာ လူသားတွေကို အော့အန်တာ၊ ဝမ်းလျှောဝမ်းပျက်ဖြစ်တာနဲ့ ဝမ်းဗိုက်အောင့်တာ စတဲ့ ကျန်းမာရေးပြသနာတွေကို ဖြစ်စေပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေးတွေမှာတော့ ကော့ပါးဆာလဖိတ်ကို ထုံး(lime)၊ ရေနဲ့ ရောစပ်ပြီး ပိုးသတ်ဆေးအဖြစ် အသုံးပြုကြပါတယ်။ အဲ့ဟာကလဲ အဆုတ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်လာစေနိုင်ပါတယ်။
နောက်တစ်မျိုးကတော့ ဆာလဖာပါ။ ဆာလဖာကို အော်ဂဲနစ်စိုက်ပျိုးတွေမှာ မှိုသတ်ဆေးတွေအဖြစ်နဲ့ အပင်ကြီးထွားမှုအတွက် အာဟာရတစ်ခုအနေနဲ့ ဖြည့်တင်းပေးပြီး အသုံးပြုကြပါတယ်။ တခြားအရာတွေနဲ့ ပေါင်းစပ်ထားခြင်းမရှိတဲ့ ဆာလဖာသီးသန့်ဟာ လူသားတွေအတွက် အန္တရာယ်ကင်းပြီး အပင်တွေအတွက်လဲ အာဟာရဖြစ်စေတဲ့ ဒြပ်စင်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ပိုးသတ်ဆေးအဖြစ် အသုံးပြုလိုက်တဲ့ ဆာလဖာဟာ လေထုထဲကို ရောက်ရှိသွားပြီး ဆာလဖာဒိုင်အောက်ဆိုက် (sulphur dioxide) တွေနဲ့ အခြားသော အန္တရာယ်ရှိ ဒြပ်ပေါင်းတွေကိုဖြစ်ပေါ်စေတာကြောင့် သူဟာလဲ အသက်ရှူခြင်းနဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်လာစေပါတယ်။
ဘယ်လိုပဲဆိုဆို ကျွန်တော်တို့ စားသုံးနေတဲ့ သစ်သီးတွေမှာ ဓာတုဒြပ်ပေါင်းတွေဟာ အနည်းအများကွာခြားပြီး ပါဝင်နေကြပါတယ်။ တချို့ဟာ ကောင်းကျိုးပြုနိုင်သလို တချို့ကလဲ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ သစ်သီးမှာပါတဲ့ သဘာဝအော်ဂဲနစ်အက်စစ်ဟာ အသုံးပြုထားတဲ့ ဓာတုဒြပ်ပေါင်းထက် အရည်အသွေးကောင်းမွန်နေရင်တော့ စားသုံးသူတွေအတွက် အာဟာရဖြစ်စေမှာပါ။ (သဘာဝအော်ဂဲနစ်အက်စစ်ဆိုတာ ပန်းသီးတွေမှာပါဝင်တဲ့ မဲလစ်အက်စစ် (malic acid)၊ မန်ကျည်းသီးတွေမှာပါတဲ့ တာတာရစ်အက်စစ် (tartaric acid)၊ ချဥ်ပေါင်ရွက်တွေမှာ ပါဝင်နေတဲ့ အောက်ဆလစ်အက်စစ် (oxalic acid) နဲ့ စတဲ့ အက်စစ်မျိုးတွေ ဖြစ်ပါတယ်။)
ဒါကြောင့် ဘယ်အစားအစာကိုမဆို “တန်လျှင်ဆေး၊ လွန်လျှင်ဘေး” ဆိုတဲ့ စကားပုံနဲ့အညီ သင့်တင့်မျှတစွာ စားသုံးကြဖို့ အကြံပြုရင်းနဲ့ပဲ နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။