May 24, 2026 | မြန်မာ
Chemistry Explainer

ဓာတုအကိုင်းအခက် ဘေ့စ်နှင့်အက်စစ်

အက်စစ် (Acid) နဲ့ ဘေ့စ် (Base) ဆိုတာတွေဟာ ဓာတုဗေဒပညာရပ်မှာ အရေးပါတဲ့အပိုင်းတွေဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ ဓာတုဗေဒနဲ့ထိတွေ့နေရတာကြောင့် အနီးနားပတ်ဝန်းကျင်ကို လေ့လာကြည့်မယ်ဆိုရင်တော့ အဲ့ဒီ အက်စစ်နဲ့ဘေ့စ်တွေကို သတိထားမိပါလိမ့်မယ်။ ကျွန်တော်တို့အမြဲကြားနေကျ အက်စစ်ဆိုတိုင်း အန္တရာယ်ရှိတာမဟုတ်ဘဲ သူနဲ့ပတ်သက်ပြီး တခြားစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေလဲ ရှိနေပါသေးတယ်။ ဆပ်ပြာတွေ ဘာကြောင့်ခါးသလဲ၊ အသီးအနှံတွေ စိုက်ပျိုးကြတဲ့အခါ ဘာကြောင့် pH ကို…

Text size

အက်စစ် (Acid) နဲ့ ဘေ့စ် (Base) ဆိုတာတွေဟာ ဓာတုဗေဒပညာရပ်မှာ အရေးပါတဲ့အပိုင်းတွေဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ ဓာတုဗေဒနဲ့ထိတွေ့နေရတာကြောင့် အနီးနားပတ်ဝန်းကျင်ကို လေ့လာကြည့်မယ်ဆိုရင်တော့ အဲ့ဒီ အက်စစ်နဲ့ဘေ့စ်တွေကို သတိထားမိပါလိမ့်မယ်။ ကျွန်တော်တို့အမြဲကြားနေကျ အက်စစ်ဆိုတိုင်း အန္တရာယ်ရှိတာမဟုတ်ဘဲ သူနဲ့ပတ်သက်ပြီး တခြားစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေလဲ ရှိနေပါသေးတယ်။ ဆပ်ပြာတွေ ဘာကြောင့်ခါးသလဲ၊ အသီးအနှံတွေ စိုက်ပျိုးကြတဲ့အခါ ဘာကြောင့် pH ကို သုံးကြသလဲဆိုတာတွေကို ဓာတုဗေဒနည်းနဲ့ ချဥ်းကပ်ပြီးလေ့လာကြပါမယ်။

အက်စစ်ဆိုတာ ကျွန်တော်တို့ရဲ့ခန္ဓာထဲမှာအပြင် အခြားသောသက်ရှိသတ္တဝါတွေနဲ့ အသီးအနှံတွေထဲမှာပါ မြင်တွေ့နိုင်တဲ့ ဓာတုဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက သိခဲ့တဲ့အတိုင်း အက်စစ်ဟာ ချဥ်သောအရသာရှိပါတယ်။ အက်စစ်-Acid ဆိုတာကလဲ လက်တင်ဘာသာစကား “acidus” ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာဖြစ်ပြီးတော့ “ချဥ်သောအရသာရှိသော” လို့ အဓိပ္ပာယ်ရပါတယ်။ အက်စစ်တွေဟာ လောင်ကျွမ်းနိုင်တယ်။ ဒြပ်ဝတ္ထုတွေကို ပျက်စီးစေပြီး အန္တရာယ်လဲ ရှိပါတယ်။ အက်စစ်ပြင်း (Strong acid) နဲ့ အက်စစ်ပျော့ (Weak acid) အပေါ် မူတည်ပြီး အဲ့ဒီဂုဏ်သတ္တိတွေလဲ အနည်းနဲ့အများကွာခြားမှုရှိပါတယ်။

အက်စစ်ကို အမျိုးအစားခွဲကြည့်ရင်တော့ အက်စစ်ပျော့ (Organic Acid) နဲ့ အက်စစ်ပြင်း (Inorganic Acid) ဆိုပြီး အမျိုးအစားနှစ်ခုရရှိလာပါတယ်။ အက်စစ်ပျော့ တစ်နည်းအားဖြင့် အော်ဂဲနစ်အက်စစ်ဆိုတာ ဇီဝရုပ် (Organisms) တွေမှာ တွေ့ရတဲ့ အက်စစ်ကိုဆိုလိုတာဖြစ်ပါတယ်။ (ချွင်းချက်အနေနဲ့ ကျွန်တော်တို့အစာအိမ်ထဲက ဟိုက်ဒရိုကလိုရစ်အက်စစ် (HCl) ဟာ အော်ဂဲနစ်အက်စစ်ထဲမှာ မပါဝင်ပါဘူး။) Organisms ထဲမှာ အပင်တွေ၊ လူတွေနဲ့ တိရစ္ဆာန်တွေပါဝင်နေပြီးတော့ သူတို့ရဲ့ ခန္ဓာအထဲမှာရှိနေတဲ့ အက်စစ်တွေဟာ အော်ဂဲနစ်အက်စစ်တွေပါပဲ။ ဥပမာ ပုရွက်ဆိတ်၊ ခါချဥ်နီနဲ့ပျားလိုအကောင်တွေမျိုးမှာဆိုရင် မက်သနောဝစ်အက်စစ် (methanoic acid) (ခ) ဖောမစ်အက်စစ် (formic acid) လို့ခေါ်တဲ့ အက်စစ်တစ်မျိုးပါရှိကြတယ်။ ကျွန်တော်တို့ စားစရာတွေထဲမှာထည့်သုံးလေ့ရှိတဲ့ အီသနောဝစ်အက်စစ် (ethanoic acid) ပါဝင်တဲ့ Vinegar အရည်ဟာလဲ အော်ဂဲနစ်အက်စစ်တစ်မျိုးပါပဲ။

ပန်းသီး၊ သစ်တော်သီးတို့မှာဆိုရင် မဲလစ်အက်စစ် (malic acid) တွေပါရှိပြီး မန်ကျည်းသီး၊ စပျစ်သီးတို့မှာဆိုရင်တော့ တာတာရစ်အက်စစ် (tartaric) တွေပါရှိပါတယ်။ နောက်ပြီး ရှောက်၊သံပရာ၊နာနတ်နဲ့ စတော်ဘယ်ရီတို့လို အသီးတွေမှာဆိုရင်လည်း ဆစ်ထရစ်အက်စစ် (citric acid) တွေပါဝင်ကြပါတယ်။ ဒါကြောင့် အဲ့လို အော်ဂဲနစ်အက်စစ်တွေပါဝင်နေတဲ့အသီးကို အော်ဂဲနစ်အသီးလို့ခေါ်ဆိုကြပါတယ်။ ကျွန်တော်တို့ရဲ့ လူခန္ဓာထဲမှာဆိုရင်တော့ အော်ဂဲနစ်အဆီအက်စစ် (fatty acid) နဲ့ လက်တစ်အက်စစ် (lactic acid) တွေပါရှိနေကြပါတယ်။ လက်တစ်အက်စစ်ဆိုတာ ချွေးထဲမှာလည်းပါဝင်ပြီး သူက လေ့ကျင့်ခန်းအပြင်းအထန်လုပ်ပြီးချိန် တစ်ခါတစ်လေ ခန္ဓာကိုယ်ကြွက်သားတွေနာကျင်ရတဲ့ အကြောင်းအရင်းတစ်ခုလည်းဖြစ်ပါတယ်။

အက်စစ်ပြင်း(ခ)အင်အော်ဂဲနစ်အက်စစ်တွေကတော့လောင်ကျွမ်းနိုင်မှုမြင့်မားတဲ့ အက်စစ်တွေပဲဖြစ်ပါတယ်။ အဲ့ဒါတွေကို ထိမိ၊ကိုင်မိရင် အသားလောင်တာတွေနဲ့ ဆဲလ် (cell) တွေပျက်စီးသွားတာတွေဖြစ်နိုင်ပါတယ်။ ဥပမာ ဘက်ထရီတွေအထဲမှာပါတဲ့ ဆာလဖျူရစ်အက်စစ် (Sulphuric acid) ဟာ အက်စစ်ပြင်းတစ်မျိုးဖြစ်ပါတယ်။ မိုးကြိုးမုန်တိုင်းတွေဖြစ်တဲ့အခါထွက်လာတဲ့ နိုက်ထရစ်အက်စစ် (Nitric acid)၊ ရေကူးကန်တွေမှာ ထည့်သုံးတဲ့ ဟိုက်ဒရိုကလိုရစ်အက်စစ် (Hydrochloric acid) တွေအပါအဝင် လူတွေရဲ့ အစာအိမ်အတွင်းမှာရှိတဲ့ ဟိုက်ဒရိုကလိုရစ်အက်စစ်တွေဟာလည်း အက်စစ်ပြင်းတွေပဲဖြစ်ပါတယ်။ (ဟိုက်ဒရိုကလိုရစ်အက်စစ်ဟာ ဘာလို့အစာအိမ်ကိုမပျက်စီးစေတာလဲဆိုရင် အစာအိမ်နံရံမှာအလွှာလေးတစ်လွှာပါရှိပါတယ်။ အဲ့ဒီအလွှာဟာ အစာအိမ်အသား နဲ့အက်စစ်ကြားမှာ ဒိုင်းကာလို ပြုမူပေးတာကြောင့် အစာအိမ်မပျက်စီးသွားရပါဘူး။) အက်စစ်နဲ့ဘေ့စ်တွေဟာ ဓာတုဓာတ်ပြုခြင်းတွေကြောင့် ဆားနဲ့ရေကိုထုတ်ပေးပါတယ်။

ဘေ့စ်ဆိုတာ သန့်ရှင်းရေးအတွက်သုံးတဲ့ မှန်တိုက်ဆေးတွေ၊ ခေါင်းလျှော်ရည်တွေ၊ အိမ်သုံးချေးချွတ်ဆေးတွေနဲ့ ဆပ်ပြာတွေထဲမှာတွေ့ရတတ်တဲ့ ဓာတုဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ ဘေ့စ်ကို တစ်နည်းအားဖြင့် အယ်ကာလိုင်း (Alkaline) (သို့) အယ်ကာလီ (Alkali) လို့လဲခေါ်ဆိုကြပါတယ်။ ဘေ့စ်ဟာ ခါးသက်သက်အရသာရှိပါတယ်။ ဒါကြောင့် အိမ်မှာ ခေါင်းလျှော်နေရင်း ခေါင်းလျှော်ရည်တွေပါးစပ်ထဲမတော်တဆဝင်သွားတာမျိုးဆိုရင် ခါးတဲ့အရသာ ရရှိနေတာကို သတိပြုမိကြပါလိမ့်မယ်။ ဘေ့စ်ဟာ ခါးတဲ့အရသာရှိတယ်ဆိုပေမဲ့လဲ သူ့ရဲ့ရုပ်ဂုဏ်သတ္တိတွေဟာ အက်စစ်နဲ့နည်းတူပါပဲ။ အားပြင်းတဲ့ဘေ့စ် (Strong Base) နဲ့ အားပျော့တဲ့ဘေ့စ် (Weak Base) အပေါ်မူတည်ပြီးတော့ လောင်ကျွမ်းနိုင်မှုပမာဏတွေကွာခြားသွားပါတယ်။ ဆပ်ပြာကိုပြုလုပ်ထားတဲ့ ဆိုဒီယမ်ဟိုက်ဒရောဆိုဒ် (Sodium hydroxide) ဟာ အားပြင်းတဲ့ဘေ့စ်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဘိလပ်မြေလုပ်ရာမှာအသုံးပြုတဲ့ ကယ်ဆီယမ်အောက်ဆိုဒ် (Calcium oxide)တွေနဲ့ အစာကြေဆေးတွေမှာပါဝင်တဲ့ မက်ဂနီဆီယမ်ဟိုက်ဒရောဆိုဒ် (Magnesium hydroxide) တွေဟာ အားပျော့တဲ့ဘေ့စ်တွေပဲဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုမေးစရာရှိလာတာက အက်စစ်နဲ့ဘေ့စ်ကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတဲ့အချက်ပါပဲ။ အဲ့ဒီအတွက်လဲ ဖြေရှင်းချက်ကရှိနေပါတယ်။

အစားအသောက်တစ်ခုခု ဒါမှမဟုတ် ပျော်ရည် (Solution) တစ်ခုခုဟာ အက်စစ်ပမာဏဘယ်လောက်ရှိတယ်၊ ဘေ့စ်ကဘယ်လောက်အားပြင်းတယ်ဆိုတာတွေကို သိနိုင်ဖို့အတွက် pH (Potential of Hydrogen) နဲ့တိုင်းတာကြပါတယ်။ pH scale ဟာ တွင်ကျယ်တဲ့အသုံးတစ်ခုဖြစ်ပြီးတော့ အထူးသဖြင့် အစားအသောက်ထုတ်တဲ့သူတွေ၊ ဆေးထုတ်လုပ်တဲ့သူတွေနဲ့ အသီးအနှံစိုက်ပျိုးကြသူတွေအသုံးပြုပါတယ်။ pH scale မှာ နံပါတ်စဥ် သုညကနေ တစ်ဆယ့်လေးအထိရှိပြီးတော့ နံပါတ်တစ်ခုချင်းစီဟာ အက်စစ်ပမာဏနဲ့ ဘေ့စ်ပမာဏကို ဖော်ပြနေပါတယ်။ pH scale ရဲ့ အလယ်ခေါင်မှာတော့ neutral-ဓာတ်ပြယ်ခြင်း ကိုဖော်ပြတဲ့ ၇ ဂဏန်း ရှိနေပါတယ်။ ၇ ရဲ့အထက်မှာဆိုရင်တော့ ၀ ကနေ ၆ အထိ အစဥ်လိုက်ရှိနေပြီး ဂဏန်းပမာဏသေးလာလေလေ အက်စစ်ဂုဏ်သတ္တိများလာလေလေဖြစ်ပါတယ်။ ဥပမာ ဂဏန်းနံပါတ် ၄ နေရာမှာရှိတဲ့ ခရမ်းချဥ်သီးထက် ဂဏန်းနံပါတ် ၁ မှာရှိတဲ့ ဘက်ထရီအက်စစ်က အက်စစ်ဂုဏ်သတ္တိပိုများနေမှာပါ။

၇ ရဲ့အောက်ဘက်မှာတော့ ဘေ့စ်အုပ်စုဝင်တွေဖြစ်လာပါပြီ။ ၈ ကနေ ၁၄ အထိဂဏန်းတွေဟာ ဘေ့စ်ပမာဏကို ဖော်ပြပြီး သူကျတော့ ဂဏန်းကြီးလာလေလေ ဘေ့စ်ဂုဏ်သတ္တိများလာလေလေဖြစ်ပါတယ်။ ဥပမာ ဂဏန်းနံပါတ် ၁၄ မှာရှိတဲ့ ချွတ်ဆေးဟာ ဂဏန်းနံပါတ် ၉ နေရာမှာရှိတဲ့ မုန့်ဖုတ်ဆိုဒါထက် ဘေ့စ်ဂုဏ်သတ္တိပိုများနေပါလိမ့်မယ်။ အလယ်ခေါင်မှာရှိတဲ့ ၇ ကတော့ သောက်သုံးရေရဲ့ pH ပမာဏပဲဖြစ်ပါတယ်။

pH scaleအပြင် လစ်တမတ်စက္ကူ (Litmus paper) ကိုအသုံးပြုပြီးတော့လည်း အက်စစ်ဂုဏ်နဲ့ဘေ့စ်ဂုဏ်တွေကို စမ်းသပ်လို့ရပါသေးတယ်။ လစ်တမတ်စက္ကူဟာ အက်စစ်ပျော်ရည်ထဲမှာတော့ အနီရောင်ပြောင်းလာမှာဖြစ်တယ်။ ဘေ့စ်ပျော်ရည်ထဲမှာတော့ အပြာဘက်ကိုပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။ ဓာတ်ပြယ်နေတဲ့ပျော်ရည်မျိုးမှာဆိုရင်တော့ ခရမ်းရောင်ပေါ်လာမှာဖြစ်ပါတယ်။ မြေဆီလွှာတွေကို အက်စစ်ပမာဏ၊ ဘေ့စ်ပမာဏကို သိချင်တဲ့အခါမျိုးမှာဆိုရင်လည်း မြေကိုရေနဲ့ဖျော်ပြီး လစ်တမတ်စက္ကူတွေနဲ့စမ်းသပ်လေ့ရှိကြပါတယ်။ မြေကြီးကို အက်စစ်နဲ့ဘေ့စ်ပမာဏစမ်းသပ်ရခြင်းဟာ အပင်ရဲ့ကြီးထွားမှုအတွက်ဖြစ်ပါတယ်။ အပင်အများစုဟာ pH ပမာဏ ၆.၅ နဲ့ ၇ အတွင်းမှာ ကောင်းစွာရှင်သန်နိုင်ပြီး အဲ့ဒီထက်ပိုသွားတာ ဒါမှမဟုတ် လျော့သွားရင်တော့ အပင်အတွက် ထိခိုက်နစ်နာမှုတွေရှိလာနိုင်ပါတယ်။ အာရှနဲ့အမေရိကတိုက်တွေမှာ ပွင့်လေ့ရှိတဲ့ Hydrangea ပန်းတွေဟာ အက်စစ်မြေမှာတော့ အပြာရောင်ရှိကြပြီး ဘေ့စ်ကြွယ်ဝတဲ့မြေဆီလွှာမှာတော့ ပန်းရောင် (ဒါမှမဟုတ်) အနီရောင်သန်းပြီးပွင့်ကြပါတယ်။

အက်စစ်နဲ့ဘေ့စ်တွေဟာ သူ့နည်းသူ့ဟန်နဲ့ကောင်းကျိုးဆိုးကျိုးတွေဒွန့်တွဲရှိနေကြပြီး လူသားတွေဟာလည်း အက်စစ်နဲ့ဘေ့စ်တွေကို အကျိုးရှိရှိအသုံးချနိုင်နေပြီဖြစ်ပါတယ်။

Article Credits

Written by Aye Chan Oo
Copy Editing Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.