May 25, 2026 | မြန်မာ
Health

  “လူငယ်နဲ့ ခါးနာ၊ ခါးကိုက် ပြဿနာ”

🔬 Health 📅 January 18, 2025 👤 Hnin Shwe Yee San

အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ကြုံတွေ့ခံစားရလေ့ရှိတဲ့ ခါးနာ၊ ခါးကိုက်ပြဿနာက ဒီနှစ်အတောအတွင်း လူငယ်အတော်များများပါ ရင်ဆိုင်လာရတဲ့ ရောဂါတစ်မျိုး ဖြစ်လာပါတယ်။ ပုံမှန်ဆိုရင် ခါးနာတာက ကျောရိုးအောက်ပိုင်း (ခါးနေရာတစ်ဝိုက်) က အရွတ်တွေနဲ့ ကြွက်သားတွေ ထိခိုက်တာကြောင့် နာကျင်ရတာ ဖြစ်တတ်ပေမဲ့ ပိုပြီး ပြင်းထန်တဲ့ အခြေအနေတွေမှာတော့ ကျောရိုးတည်ဆောက်ပုံမှာ ပါတဲ့ အခြားသော အစိတ်အပိုင်း‌တွေ (အရိုး၊ အာရုံကြော စသဖြင့်) ထိခိုက်တာကြောင့် ခါးနာလာတာမျိုးလဲ ဖြစ်နိုင်ပါတယ်။

လူငယ်တွေအနေနဲ့ အဖြစ်များတာက နေထိုင်မှုပုံစံ မမှန်တာနဲ့ ကာယအား သုံးရတဲ့ အခြေအနေတွေမှာ မနိုင်ဝန် ထမ်းမိတာမျိုးတွေကြောင့် ကြွက်သားနဲ့ အရွတ်မှာ ဒဏ်ဖြစ်ပြီး ရက်ပိုင်းကနေ လအနည်းငယ် ကြာတဲ့အထိ ခါးနာတဲ့ ဖြစ်စဉ်ကို ခံစားကြရတာမျိုးပါ။ ဥပမာ နေ့စဉ်နဲ့အမျှ လွယ်နေတဲ့ ကျောပိုးအိတ်က ခွန်အားနဲ့ မမျှအောင် လေးနေတာ၊ လေးလံလွန်းတဲ့ ပစ္စည်းတွေကို မ,တဲ့အခါမှာ ပုံစံမမှန်တာ၊ အားကစား ဒါမှမဟုတ် လေ့ကျင့်ခန်း လုပ်တာလိုမျိုး ကိုယ်ကာယပိုင်း အသုံးပြုရတဲ့ အချိန်တွေမှာ ခန္ဓာကိုယ်က မခံနိုင်တော့တဲ့အထိ အလွန်အကျွံ လေ့ကျင့်တာနဲ့ ခါးကို ဆန့်မထားဘဲ အချိန်အကြာကြီးထိုင်တာ စသဖြင့်ပေါ့။ ‌ဒီလိုနဲ့ မသိမသာဖြစ်စေ၊ သိရက်နဲ့ မာန်တင်းပြီးဖြစ်စေ ကိုယ်ခန္ဓာကိုယ် မညှာဘဲ နေတတ်ကြတာတွေကြောင့် ခါးနာ၊ ခါးကိုက်ပြဿနာတွေ စဖြစ်လာရတော့တာပါ။ 

ဒါပေမဲ့ အခုပြောခဲ့တဲ့ အချက်တွေက အချိန်မီ ဂရုစိုက်ပြီး ကုသရင် ခွဲစိတ်ဖို့ မလိုဘဲ သက်သာပျောက်ကင်းနိုင်ပါတယ်။ ဥပမာ ပစ္စည်းတစ်ခုခုကို မ,နေရင်း ဒါမှမဟုတ် အားကစား လုပ်နေရင်း အခန့်မသင့်လို့ ရုတ်တရက် ခါးနာသွားတယ်ဆိုရင် သက်တောင့်သက်သာဖြစ်မဲ့ အနေအထားအတိုင်း လှဲချလိုက်ပြီး ဒဏ်ရာပေါ်ကို ရေခဲကပ်တာနဲ့ ဆေးပလာစတာ ကပ်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ တစ်ခုသတိထားရမှာက အခန့်မသင့်လို့ ခါးနာရုံလောက်မဟုတ်ဘဲ ထိခိုက်မိပြီး ဒဏ်ဖြစ်မှာ စိုးရိမ်ရတဲ့ အခြေအနေမျိုးဆိုရင်တော့ အချိန်ဆွဲမနေဘဲ ဆေးရုံ၊ ဆေးခန်းကို သွားသင့်ပါတယ်။ နောက်ပြီး အထိုင်များတာနဲ့ နေထိုင်မှုပုံစံ အနေအထား မမှန်တာကြောင့် ခါးနာတဲ့ အခြေအနေတွေမှာဆိုရင် အချိန်အကြာကြီး ဆက်တိုက် ထိုင်တာကို ရှောင်ရှားပြီး ခြေ၊ လက် အကြောဆန့်တာမျိုးကို မကြာခဏ ပြုလုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် မပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုး (ဥပမာ- ယောဂ) ကိုလဲ ပုံမှန်လုပ်သင့်ပြီး သက်တောင့်သက်သာ ဖြစ်စေမဲ့ ထိုင်ခုံမျိုးကိုသာ ရွေးချယ် အသုံးပြုသင့်ပါတယ်။

ခါးနာ၊ ခါးကိုက်တာက အဖြစ်များတဲ့ ရောဂါတစ်ခု ဆိုပေမဲ့ မထိုင်နိုင်၊ မထနိုင်လောက်တဲ့အထိ ဖြစ်ပြီး ၂ ရက်၊ ၃ ရက် ကြာတဲ့အထိ မပျောက်ကင်းဘူး ဆိုရင်တော့ ဆရာဝန်တွေရဲ့ အကူအညီနဲ့ စနစ်တကျ ကုသမှုကို ခံယူဖို့ လိုအပ်လာပါပြီ။ ဘာကြောင့်လဲဆိုရင် နာတာရှည် ခါးနာ‌တာကို ဖြစ်‌စေနိုင်မဲ့ သားအိမ်နဲ့ ကျောရိုးမှာ ပိုးဝင်တာကစလို့ ကင်ဆာရောဂါအထိ ဖြစ်နေနိုင်လို့ပါ။ ဆေးစစ်တဲ့အခါမှာ အရွတ်နဲ့ ကြွက်သားတွေက ဒဏ်ဖြစ်နေတာလား၊ ဒါမှမဟုတ် ကျောရိုးတစ်လျှောက်မှာပဲ ပြဿနာ ဖြစ်နေတာလား အစရှိတဲ့ ဖြစ်နိုင်ခြေတွေ အားလုံးထဲကနေ ပြဿနာရင်းမြစ်ကို ဆွဲထုတ်လိုက်နိုင်မှသာ ကုသရမဲ့ နည်းစနစ်ကိုလဲ အချိန်မလွန်ခင် ရှာတွေ့နိုင်မှာပါ။ ဒီလို ရောဂါရင်းမြစ်ကို သိရပြီ ဆိုတာနဲ့ ခွဲစိတ်ဖို့အထိ မလိုအပ်ဘဲ အခြား အမျိုးမျိုးသော ကုထုံးတွေနဲ့တင် သက်သာ ပျောက်ကင်းလာနိုင်ပါပြီ။ ဒါကြောင့် ကိုယ့်ရောဂါရဲ့ ပြင်းထန်မှု အတိုင်းအတာကို သိရဖို့၊ အနာနဲ့ ဆေး မြန်မြန်တည့်သွားဖို့ဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေဆီမှာ အချိန်မီ စစ်ဆေးပြီး ကုသမှု ခံယူမှသာ စိတ်ချရမှာ ဖြစ်ပါတယ်။ အကယ်၍ ဒီလို ကုသမှုတွေ မခံယူချင်ဘူး ဆိုရင်တော့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖို့ မပျက်ကွက်ဘဲ ကိုယ်ခန္ဓာမှာ ဒဏ်မဖြစ်အောင် ဂရုစိုက်ပြီး သတိထား ဆင်ခြင်သင့်ပါတယ်။      ။    

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.