အတ္တလန္တိတ်သမုဒ္ဒရာထဲ လှည့်လည်နေတဲ့ အပျော်စီးသင်္ဘောပေါ်က ခရီးသည်တွေကို သေဆုံးစေခဲ့တဲ့ ဟန်တာဗိုင်းရပ်(စ်)ဟာ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ရနေပါတယ်။ ဒီဗိုင်းရပ်(စ်)ဟာ တစ်ယောက်ကနေ နောက်တစ်ယောက်ဆီ ကူးစက်တတ်ပြီး သေစေနိုင်တယ်၊ ကုသဖို့ ဆေးမရှိဘူး ဆိုတာလို အချက်အလက်တွေ သိရပြီးနောက် ပြီးခဲ့နှစ်တွေက သန်းနဲ့ချီသူတွေ အပြင်းအထန်လူးလှိမ့်ခံစားခဲ့ရတဲ့ ကိုဗစ်ကပ်ရောဂါကို အများစု သွားအမှတ်ရကြတာပါ။ တစ်ချိန်တည်းမှာပဲ ဟန်တာဗိုင်းရပ်(စ်) က ကိုဗစ်-၁၉ လို ကမ္ဘာလုံးဆိုင်ရာ ကူးစက်ကပ်ဘေးတစ်ရပ်အသွင် ပြောင်းသွားနိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေ လူမှုကွန်ယက်ပေါ် တွေ့လာရပါတယ်။ တကယ်ပဲ ဟန်တာဗိုင်းရပ်(စ်) က ကိုဗစ်လို ဖြစ်လာနိုင်လား၊ ဒါနဲ့ ပတ်သက်လို့ ဆေးသိပ္ပံက ဘာပြောသလဲ . . . ?။ Facthub က သုတေသနလုပ်၊ အချက်အလက်စစ်ဆေး တင်ပြထားပါတယ်။
ကူးစက်ရောဂါပညာရှင်တွေဟာ ဗိုင်းရပ်(စ်) တစ်မျိုးက တစ်ကမ္ဘာလုံးဆီကို ပျံ့နှံ့သွားနိုင်တဲ့ ကပ်ရောဂါတစ်ရပ် ဖြစ်လာနိုင်ခြေ ရှိ/မရှိကို နည်းမျိုးစုံနဲ့ တိုင်းတာလေ့ရှိကြပါတယ်။ ကပ်ဘေးအသွင် ပြောင်းသွားနိုင်တဲ့ ဗိုင်းရပ်(စ်)ပိုးမှာ ဘယ်လိုအင်္ဂါရပ်တွေ ရှိရမယ်ဆိုတဲ့ အခြေခံသတ်မှတ်ချက်တွေလဲ အမြောက်အမြားပါပဲ။ အဲထဲက ပထမအချက်၊ ဗိုင်းရပ်(စ်) ဟာ လူတစ်ယောက်ကနေ နောက်တစ်ယောက်ဆီ မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ ကူးစက်နိုင်ရမယ်။ လက္ခဏာတွေမပေါ်ခင် ကူးနှင့်ရမယ်။ လူသားမျိုးနွယ်ရဲ့ ကိုယ်ခံအားစနစ်နဲ့ ဒီဗိုင်းရပ်(စ်) အရင်က မကြုံဖူးရဘူး။ ပြီးတော့ တိရစ္ဆာန်က တစ်ဆင့် ဖြစ်စေ၊ လူအချင်းချင်းဖြစ်စေ ရောဂါဆင့်ပွားနိုင်ဖို့ တည်ငြိမ်တဲ့ ပိုးကူးရာ အရင်းအမြစ်တစ်ရပ် ရှိရပါမယ်။ ၂၀၂၀ ခုနှစ်က ကြုံခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်(စ်)မှာ အဲဒီအခြေခံလိုအပ်ချက် ၄ ရပ်လုံး ရှိနေပေမဲ့ အခုသတင်းထွက်နေတဲ့ ဟန်တာဗိုင်းရပ်(စ်) ရဲ့ လူတွေဆီ ကူးစက်တတ်တဲ့မျိုးကွဲ အန်ဒီးစ် (Andes Virus) မှာတော့ ဒီသတ်မှတ်ချက် ၄ ရပ်လုံး သေသေချာချာ ပြည့်မီမနေဘူးလို့ ဆေးဘက်သုတေသနတွေက ပြောပါတယ်။ (ဟန်တာဗိုင်းရပ်(စ်)မှာ မျိုးကွဲတွေရှိပြီး လူအချင်းချင်းကူးတဲ့ပိုးက အန်ဒီးစ်ဖြစ်လို့ ဆောင်းပါးနောက်ပိုင်းမှာ အန်ဒီးစ်လို့ပဲ ရည်ညွှန်းသွားပါမယ်။)
ကူးစက်တတ်တဲ့ ဗိုင်းရပ်(စ်) တွေရဲ့ ပျံ့နှံ့ပုံမှာ အစွန်းနှစ်ဖက်ရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။ တစ်ဖက်စွန်းမှာ ဥပမာ၊ ဝက်သက်ဗိုင်းရပ်(စ်) ကူးစက်ခံထားရသူ တစ်ယောက် အခန်းတစ်ခန်းထဲ ဝင်ပြီး အဲထဲ ခဏနေသွားတယ်။ သူ့ဆီက ဗိုင်းရပ်စ်က အခန်းလေထုထဲ ပျမ်းမျှအချိန် ၂ နာရီလောက် ဆက်ရှိနေပြီး နောက်တစ်ယောက်ဝင်လာရင် သူ့ဆီ ဆက်ကူးစက်တယ်။ နောက်အစွန်းမှာတော့ သွေးက တစ်ဆင့်၊ ဒါမှမဟုတ် ထိတွေ့နေထိုင်တာကမှ တစ်ဆင့် ကူးစက်တတ်တဲ့ HIV ဗိုင်းရပ်(စ်) လို ပိုးမျိုး ရှိနေမယ်။ ကိုဗစ်-၁၉ က ဝက်သက်လို ကူးစက်လွယ်ပေမဲ့ အန်းဒီးစ်ကတော့ ကူးစက်ဖို့ နည်းနည်းပိုခက်တဲ့ ဗိုင်းရပ်(စ်)မျိုး ဖြစ်တယ်လို့ ဆိုတာပါ။ နောက်၊ အန်းဒီးစ်ဟာ ကိုဗစ်ရောဂါလို တစ်ယောက်ကို ကူးတာနဲ့ ပျမ်းမျှ နောက် ၁၅ ယောက်ကနေ အယောက် ၂၀ လောက်ဆီ ဆင့်ပွားကူးသွားနိုင်စွမ်း မရှိပါဘူး။ ဒါပေမဲ့ အသက်ရှူလမ်းကြောင်းကတစ်ဆင့်တော့ ကူးစက်သွားနိုင်ခြေ ရှိပါတယ်။ ပြီးခဲ့တဲ့ အပျော်စီးသင်္ဘောပေါ်က ကူးစက်မှုမှာတော့ အနေအထိုင်နီးသူတွေနဲ့ ရေရှည်ထိတွေ့မှု ရှိသူတွေကြားထဲမှာပဲ ရောဂါပြန့်ပွားခဲ့တာကို တွေ့နိုင်ပါတယ်။ ဥပမာ၊ ကိုဗစ်က အခန်းထဲက ဆေးလိပ်မီးခိုးငွေ့လို ပြန့်တယ်ဆိုရင် အန်းဒီးစ်က လက်ဆွဲနှုတ်ဆက်တော့မှ ပြန့်တယ်ဆိုတဲ့ သဘော မြင်ယောင်ကြည့်နိုင်တာပါ။ ဆေးလိပ်ငွေ့က ကိုယ်တိုင်မသောက်ရင်၊ သောက်သူနားမရှိရင်တောင် ရှူမိနိုင်၊ ကူးစက်နိုင်ပေမဲ့ လက်ဆွဲနှုတ်ဆက်တာမှာတော့ ကူးစက်ခံနဲ့ ကိုယ် နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံမှုရှိမှ ကူးတာမျိုးပေါ့။ နေထိုင်မကောင်းဖြစ်နေသူကို ပြုစုတယ်၊ နမ်းရှုံ့တယ်၊ ဖက်လဲတကင်းရှိတယ်၊ အနေနီးတယ် . . . ဒီလိုအခြေအနေမျိုးမှာပဲ အများဆုံး ကူးစက်နိုင်တာ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အစီရင်ခံစာအရ ရောဂါပိုးကို ဦးဆုံးတွေ့တဲ့ MV Hondius အပျော်စီးသင်္ဘောမှာ ပျမ်းမျှလိုက်ပါသူ ၁၅၀ ခန့်ရှိပြီး ရက်သတ္တပတ်တွေကြာအောင် လှည့်လည်သွားလာနေတာပါ။ အိမ်တစ်အိမ်က မိသားစုဝင်တွေလိုပဲ ဒီသင်္ဘောပေါ်က ခရီးသည်တွေဟာလဲ နီးနီးကပ်ကပ် ပတ်ဝန်းကျင်၊ ဘုံအသုံးပြုတဲ့ နေရာတွေနဲ့ လည်ပတ်နေတဲ့ လေဝင်လေထွက်စနစ် တစ်ခုတည်းအောက်မှာ ယှဉ်တွဲနေထိုင်လာကြတာ ဖြစ်ပါတယ်။ အကယ်၍သာ အန်းဒီးစ်ဟာ အသက်ရှူလမ်းကြောင်းက တစ်ဆင့် ခပ်မြန်မြန်ကူးစက်တိုက်ခိုက်နိုင်တဲ့ ဗိုင်းရပ်(စ်) ဆိုရင် ဒီသင်္ဘောမှာ လိုက်ပါနေသူအားလုံး ပိုးကူးစက်ခံ ဖြစ်နေနိုင်တယ်လို့ ဆိုတာပါ။ ဒါပေမဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ချိန်မှာ လူအယောက် ၁၅၀ ထဲက ၈ ယောက် — ပျမ်းမျှ ၅ ရာခိုင်နှုန်းမှာပဲ ရောဂါပိုးတွေ့ခဲ့တာ ဖြစ်ပါတယ်။ မြင်သာအောင် နှိုင်းယှဉ်ရရင် အလားတူကိစ္စမျိုး ကိုဗစ်ရောဂါအစ ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှာ စိန်မင်းသမီးအပျော်စီးသင်္ဘော (Diamond Princess Cruise) ပေါ် ကြုံရဖူးပါတယ်။ လိုအပ်တဲ့ ကွာရန်တင်းအစီအမံတွေ လုပ်ထားတဲ့ကြားကတောင် ခရီးသည်နဲ့ ဝန်ထမ်းစုစုပေါင်း ၃၇၀၀ ဝန်းကျင်မှာ အယောက် ၇၀၀ ကျော် — ပျမ်းမျှ ၂၀ ရာခိုင်နှုန်းက ကိုဗစ်ပိုး ကူးစက်ခံလိုက်ရတာပါ။
ကူးစက်ရောဂါတွေရဲ့ အန္တရာယ်ကို လေ့လာချိန်မှာ ထည့်စဉ်းစားရတဲ့ နောက်အင်္ဂါရပ်တစ်ခုက ပိုးကူးခံရအပြီး ဘယ်လောက်အကြာမှာ ရောဂါလက္ခဏာ စ,ပြသလဲဆိုတာပါ။ အန်းဒီးစ်ဗိုင်းရပ်(စ်)ဟာ စကူးခံရချိန် တစ်ပတ်ကနေ လေးပတ်အကြာမှ လက္ခဏာပေါ်လာတတ်ပြီး တချို့ကူးစက်မှုတွေမှာဆိုရင် ရှစ်ပတ်အထိ ကြာတတ်ပါတယ်။ သဘောက လူတစ်ယောက်ဟာ သူ အန်ဒီးစ်ကူးခံလိုက်ရရင်တောင် အများဆုံး ၂ လဝန်းကျင်ထိ သတိထားမိတာမျိုး မရှိ၊ ဘယ်လိုလက္ခဏာမှလဲ မပြဘဲ ပိုးလက်ခံသယ်ဆောင်သူ ဖြစ်မှန်းမသိ ဖြစ်နေမှာမျိုးပါ။ ဒါပေမဲ့ ကိုဗစ်ပိုးနဲ့မတူတာက အန်ဒီးစ်ဟာ ဒီလက္ခဏာမပေါ်သေးတဲ့ ကာလမှာ တစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို ကူးစက်နိုင်စွမ်း မရှိပါဘူး။ ဒါနဲ့ ဆက်စပ်လို့ ၂၀၁၈-၂၀၁၉ ခုနှစ်၊ အာဂျင်တီးနား အက်ပူယန်းမြို့ (Epuyén) မှာ အန်ဒီးစ်မျိုးကွဲ စ,ပျံ့နှံ့မှုကို ပထမဆုံးတွေ့တဲ့ ဖြစ်စဉ်တုန်းက တစ်နေရာတည်းမှာတင် ၃၄ ယောက်ဆီ ပိုးကူးသွားပြီး ၁၁ ယောက်အထိ သေဆုံးခဲ့ဖူးပါတယ်။ ဒီကိစ္စကို ဆေးဘက်သုတေသီတွေ လေ့လာကြည့်ပြီး ဘယ်လိုကူးစက်သွားလဲ ဆန်းစစ်တော့ အန်ဒီးစ်ဗိုင်းရပ်(စ်)ရဲ့ ပိုးဆင့်ပွားကူးနိုင်စွမ်းကာလက အင်မတန်တိုတောင်းပြီး တစ်ရက်ဝန်းကျင်ပဲ ရှိတာကို တွေ့ရတာပါ။ အဲဒီအချိန်ကလဲ ပိုးကူးခံရပြီး လက္ခဏာစပြ၊ စဖျားနာတဲ့ ရက်လိုမျိုးမှာ ဖြစ်တတ်ပြီး အဲလိုကာလမှာ ပိုးက ပျံ့နှံ့အလွယ်ဆုံးလို့ ဆိုပါတယ်။ ကိုယ်က လွန်ခဲ့တဲ့ တစ်လက ပိုးကူးခံလိုက်ရပေမဲ့ အခုမှ ရောဂါဖြစ်တယ်ဆိုရင် ဘယ်သူတွေနဲ့ ထိတွေ့ခဲ့လဲ၊ ဘယ်နေရာတွေ သွားခဲ့သလဲ ပြန်စဉ်းစား နောက်ကြောင်းလိုက်ဖို့က မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အန်ဒီးစ်ဗိုင်းရပ်(စ်) က ကိုဗစ်-၁၉ လို ရောဂါလက္ခဏာမပြခင် စပ်ကြားကာလမှာတောင် ကိုယ့်ဆီ ကူးထားရင် နောက်လူဆီ ဆက်ကူးသွားနိုင်တဲ့ အစွမ်းအစမျိုး မရှိဘူးလို့ လေ့လာသူတွေက ပြောတာပါ။ သဘောက အန်ဒီးစ်ကူးစက်ခံရသူတစ်ဦးဟာ ဖျားနာတဲ့အချိန်ရောက်မှသာ ပိုးပြန့်တဲ့ အန္တရာယ်ရှိတာ ဖြစ်ပြီး စောင့်ကြည့်ဖို့နဲ့ သီးသန့်ခွဲထားဖို့က ကိုဗစ်ထက် သိသိသာသာ ပိုလွယ်တယ် ဆိုပါတယ်။
အပေါ်က အာဂျင်တီးနား အက်ပူယန်း ဖြစ်စဉ်မှာဆိုရင် လက္ခဏာစပေါ်နေတဲ့ ကူးစက်ခံတွေက လူများများရှိတဲ့ ပွဲအခမ်းအနားတွေ တက်ရောက်ရင်းကနေ ကွင်းစက်လိုက် ပိုးပြန့်ကုန်တာ ဖြစ်ပါတယ်။ ပထမဆုံးကူးစက်ခံက အသက် ၆၈ အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သူ့ဆီ အဖျားလက္ခဏာ ပေါ်စပြုနေချိန် လူအယောက်တစ်ရာဝန်းကျင်လာတဲ့ မွေးနေ့ပွဲတစ်ခုကို သွားတက်တာပါ။ သူရှိနေတဲ့ တစ်နာရီခွဲထဲမှာတင် သူ့အနီးအနားထိုင်နေတဲ့ ၂ ယောက်၊ ခပ်လှမ်းလှမ်းက ၂ ယောက်နဲ့ အိမ်သာနားမှာ ဘေးချင်းကပ်ဖြတ်သွားတဲ့ ၁ ယောက် . . . စုစုပေါင်း ၅ ယောက်ကို ပိုးကူးစက်သွားပါတယ်။ ဒီဖြစ်စဉ်မှာဆိုရင် အန်ဒီးစ်ဟာ ကူးစက်ဖို့ သိပ်နီးကပ်စရာ မလိုနေတာကို တွေ့ရပါမယ် — အပေါ်မှာပြောခဲ့သလို ဖျားချင်ချင်ဖြစ်ပြီး လက္ခဏာတွေ စ,ပေါ်လာတဲ့ရက်က ပိုးပျံ့နှံ့နိုင်စွမ်းအကောင်းဆုံးဖြစ်နေလို့ အဲအချိန်မှာ လေထုက တစ်ဆင့် လွယ်လွယ်ကူကူ ကူးစက်သွားတာမျိုးပေါ့။ ဒါပေမဲ့ ဒီလို လွယ်လင့်တကူ ကူးစက်နိုင်တဲ့ အချိန်ကာလကလဲ ကိုဗစ်လို ဗိုင်းရပ်(စ်) တွေရဲ့ ယှဉ်လိုက်ရင် သိသိသာသာ နည်းတာမျိုးမို့ လက္ခဏာ စ,သတိထားမိတာနဲ့ သီးသန့်ခွဲနေရင် ကူးနိုင်စွမ်း တဖြည်းဖြည်းပြန်ကျသွားတာမျိုးပါ။
ဟန်တာဗိုင်းရပ်(စ်)ရဲ့မျိုးကွဲ အန်ဒီးစ်ကို အဓိကတွေ့ရတဲ့ တောင်အမေရိကမှာ အဲဒီပိုးကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းရောဂါ — ဟန်တာဗိုင်းရပ်(စ်) အဆုတ်ရောဂါလက္ခဏာစု (Hantavirus Cardiopulmonary Syndrome – HCPS) — က သေဆုံးနိုင်စွမ်း မြင့်တဲ့ထဲ ပါပါတယ်။ Fatality Rate ခေါ် ကူးစက်ခံရရင် အသက်အန္တရာယ်ရှိနိုင်ခြေက ၄၀ ရာခိုင်နှုန်းကို ကျော်လွန်တာမို့ လူ ၁၀ ယောက် ကူးခံရရင် ၄ ယောက် အသက်ဆုံးပါးတတ်တဲ့သဘောပါ။ ဒါပေမဲ့ အဲဒီလို သေဆုံးနိုင်စွမ်း မြင့်တာကြောင့်ပဲ ဒီဗိုင်းရပ်(စ်)ဟာ ကမ္ဘာနဲ့ချီတဲ့ ကူးစက်ကပ်ရောဂါအသွင် ပြောင်းမသွားနိုင်တာလို့ ပညာရှင်တွေ မှတ်ချက်ပြုပါတယ်။ ကပ်ရောဂါအဆင့် ပိုးမွှား (Pandemic pathogen) တွေဟာ သူတို့ ကူးစက်တိုက်ခိုက်တဲ့ လက်ခံကောင်ကို အမြဲလှုပ်ရှားသွားလာနေဖို့နဲ့ လူမှုရေးအရ ထိတွေ့ဆက်ဆံမှု များများရှိဖို့ လိုလားတတ်ကြပါတယ် — ဒါမှပဲ တခြားသူတွေဆီ ဆင့်ပွားကူးစက်နိုင်ပြီး မှီခိုနေထိုင်-တိုက်ခိုက်နိုင်မှာမို့ပါ။ ဒါပေမဲ့ အန်ဒီးစ်ဗိုင်းရပ်(စ်) ကတော့ ကူးစက်ခံရပြီး အချိန်ကြာအောင်စောင့်တယ်၊ ကိုယ်ခံအားစနစ်ကို အလဲထိုးနိုင်တဲ့ အင်အားရှိချိန်မှ ရုတ်တရက်ထပြီး အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကို စွတ်ထိုးတိုက်ခိုက်ချိန်မှာ ကူးစက်ခံတွေဟာ သူတို့ဆီကနေ တခြားသူတွေဆီ ကူးစက်မသွားနိုင်ခင်မှာတင် ဆေးရုံရောက်တာ၊ ဒါမှမဟုတ် သေဆုံးသွားတာလိုမျိုးနဲ့ ကြုံရတတ်တာပါ။ ဒါကြောင့်ပဲ အန်ဒီးစ်ဟာ ကမ္ဘာနဲ့တစ်ဝှမ်းကို ထိထိရောက်ရောက် ကူးစက်နိုင်တဲ့ ရောဂါပိုးမျိုး ဖြစ်မလာနိုင်ဘူးလို့ ရောဂါဗေဒပညာရှင်တွေက ဆိုပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ ဗိုင်းရပ်(စ်)ပိုးတစ်မျိုးဟာ ကမ္ဘာလုံးဆိုင်ရာရောဂါတစ်ရပ်အသွင် ပြောင်းနိုင်ဖို့ဆိုရင် သူတို့ရဲ့ နဂိုမူလ ကူးစက်ခံ တိရစ္ဆာန်ရင်းမြစ် — အန်ဒီးစ်မှာဆိုရင် ကြွက်တွေ — ကနေ အစပြုကူးတာမျိုး မဟုတ်ဘဲ လူအချင်းချင်းကြားမှာပဲ လွယ်လွယ်ကူကူနဲ့ ဆက်တိုက် ဆင့်ကဲကူးစက်သွားနိုင်တဲ့ အဆင့်ကို ရောက်ဖို့ လိုတာပါ။ အန်ဒီးစ်ဗိုင်းရပ်(စ်) အစပျိုးခဲ့တာဟာ လက်ရှိအချိန်မှာ နှစ်ပေါင်း ၃၀ ကျော်နေပြီ ဖြစ်ပြီး အတိတ်မှာလဲ အခုအပျော်စီးသင်္ဘောကူးစက်မှုလိုမျိုး ဖြစ်ခဲ့ဖူးပါတယ်။ ဒီမျိုးကွဲအကြောင်းကို ပညာရှင်တွေ ဆယ်စုနှစ်သုံးခုစာ လေ့လာကြည့်ခဲ့တာတွေအရတော့ လူအချင်းချင်း ထိထိရောက်ရောက် ကူးစက်နိုင်တာမျိုး တစ်ခါမှ မရှိသေးသလို ရှိလာနိုင်ဖို့လဲ ခဲယဉ်းတယ် ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ်ရောဂါဘေး ကြိုတင်ကာကွယ်ရေး ဒါရိုက်တာ မာရီယာ ဗန် ကာ့ခ်ဟို့ဗ် (Maria Van Kerkhove) ကတော့ “ဟန်တာဗိုင်းရပ်(စ်) က ဒုတိယကိုဗစ် မဟုတ်ဘူး၊ ဒါပေမဲ့ ပြင်းထန်တဲ့ ကူးစက်ရောဂါမျိုးတော့ ဖြစ်တယ်။ လူအများစုကတော့ ဒါကို ကူးစက်ခံလိုက်ရမှာတောင် မဟုတ်ဘူး” လို့ မှတ်ချက်ပြုထားတာပါ။
ဒါကြောင့် လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ “ဟန်တာဗိုင်းရပ်(စ်)က ကိုဗစ်လို ဆက်ဖြစ်လာနိုင်တယ်”၊ “မကြာခင် မြို့တွေ lockdown ချတော့မယ်”၊ “ငါတို့ ၂၀၁၉ ကို ပြန်ရောက်ပြီ” ဆိုတာလို ပြောကြားချက်တွေဟာ အများပြည်သူကျန်းမာရေးအပေါ် မလိုလားအပ်တဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေတာကို သတိထားစေလိုပါတယ်။ တကယ့်တကယ်မှာ ဟန်တာဗိုင်းရပ်(စ်) ခေါ် အန်ဒီးစ်ဟာ ကမ္ဘာနဲ့ချီ ကြုံတွေ့လာရနိုင်တဲ့ ကပ်ရောဂါလောင်းတစ်ရပ် မဟုတ်သလို ကမ္ဘာ့လူဦးရေအများစုဆီ ကူးစက်အန္တရာယ်ပေးနိုင်တဲ့ ဗိုင်းရပ်(စ်)မျိုး မဟုတ်ကြောင်း အနှစ်ချုပ်ပြောပြပါရစေ။
— ဒီအကြောင်း ပြောဆိုကိုးကားချက်အလွဲတွေ အင်တာနက်ပေါ် တွေ့ခဲ့ရင် Facthub ရဲ့ ဒီဆောင်းပါးကို မျှဝေပေးပါ၊ နီးစပ်ရာဆီ အချက်အလက်မှန်တွေ လက်ဆင့်ကမ်း အသိပေးပေးပါ။
1
Coelho, R., Kehl, S., Periolo, N., Biondo, E., Alonso, D., Perez, C., Porto, D. F. D., Palacios, G., Edelstein, A., Bellomo, C., & Martinez, V. P. (2025). Virological characterization of a new isolated strain of Andes virus involved in the recent person-to-person transmission outbreak reported in Argentina. PLoS Neglected Tropical Diseases, 19(6), e0013205. B. (2026, May 7). What doctors know about how the Andes hantavirus spreads. CNN. cluster of illness on a cruise ship: ECDC assessment and recommendations. (2026, May 6). European Centre for Disease Prevention and Control. V. P., Di Paola, N., Alonso, D. O., Pérez-Sautu, U., Bellomo, C. M., Iglesias, A. A., Coelho, R. M., López, B., Periolo, N., Larson, P. A., Nagle, E. R., Chitty, J. A., Pratt, C. B., Díaz, J., Cisterna, D., Campos, J., Sharma, H., Dighero-Kemp, B., Biondo, E., . . . Palacios, G. (2020). “Super-Spreaders” and Person-to-Person transmission of Andes virus in Argentina. New England Journal of Medicine, 383(23), 2230–2241. A. (2026, May 8). The hantavirus outbreak is serious. but it’s no COVID, health officials say. TIME. Health Agency of Canada. (2026, May 8). Rapid risk assessment: Hantavirus (Andes virus) outbreak on international cruise ship. Canada.ca. S. A., Kirchoff, N., Hansen-Kant, K., Stern, A., Kurth, A., & Prescott, J. B. (2023). Human-to-Human transmission of Andes virus modeled in Syrian hamster. Emerging Infectious Diseases, 29(10), 2159–2163. briefing on hantavirus outbreak. (2026, May 10). we know about the hantavirus outbreak. (2026, May 8). The Hub. A. (2026, May 10). Passengers from virus-hit cruise ship fly home as CDC says outbreak threat is low. NPR. B. (n.d.). MV Hondius Hantavirus outbreak (May 2026) — live timeline & WHO updates. HantavirusMap.
Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People.With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.