May 25, 2026 | မြန်မာ

X-Ray နဲ့ ထောက်လှမ်းတွေ့ရှိခဲ့တဲ့ သက်တမ်းအရင့်ဆုံး ဧရာမတွင်းနက်ကြီး

 

ဘစ်ဂ်ဘန်းပေါက်ကွဲမှု ပြီးပြီးချင်း နှစ်သန်း ၄၇၀ မှာ ဖြစ်ပေါ်လာတဲ့ ဂလက်စီတစ်ခုအတွင်းက ဧရာမတွင်းနက်ကြီးတစ်ခုကို ဂျိန်းဝဘ်တယ်လီစကုပ်ကနေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 

အဲ့ဒီအသစ်တွေ့ရှိတဲ့ တွင်းနက်က သမိုင်းတစ်လျှောက် တွေ့ရှိခဲ့တဲ့ မှတ်တမ်းတွေအကုန်ကို ချိုးဖျက် ကျော်လွန်ပြီး သက်တမ်းအရင့်ဆုံးနဲ့ အဲ့ဒီသက်တမ်းကာလအတွင်းမှာ တည်ရှိနေတဲ့ထဲ အကြီးဆုံး တွင်းနက်ကြီး ဖြစ်ယ်လို့ ဆိုပါတယ်။ 

ဘစ်ဂ်ဘန်းပေါက်ကွဲမှုအပြီး မွေးဖွားလာတဲ့ ကျွန်တော်တို့ စကြာဝဠာကြီးရဲ့ သက်တမ်းက နှစ် ၁၃.၈ ဘီလျံ ရှိပါတယ်။ ဒီတွင်းနက်ရဲ့ ဗဟိုပြုရာ ဂလက်စီက သက်တမ်းအားဖြင့် ဘစ်ဂ်ဘန်းပြီးပြီးချင်း နှစ်သန်း ၄၇၀ လောက်အကြာမှာ ပေါ်ပေါက်ဖြစ်တည်ခဲ့တာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ နှစ်ပမာဏအားဖြင့်တော့ အတော်စောတယ်လို့ ဆိုရမှာပါ။ ပျမ်းမျှအားဖြင့် ဂလက်စီတွေ စဖြစ်တည်လာတာ ဘစ်ဂ်ဘန်းပြီးပြီးချင်း နှစ်သန်း ၃၀၀ – ၄၀၀ ပတ်ဝန်းကျင်ပါ။

တွင်းနက်တွေက ဒြပ်ထုအားဖြင့် အင်မတန် (အင်မတန်) ကို ကြီးမားသိပ်သည်းလှပါတယ်။ အားလုံးလဲ ကြားဖူးကြပါလိမ့်မယ်။ တွင်းနက်တွေရဲ့ ဒြပ်ဆွဲအားက အင်မတန်ပြင်းထန်လွန်းတာ ဖြစ်လို့ အလင်းတောင် လွတ်မြောက်နိုင်ခြင်း မရှိဘူး ဆိုတာပါ။ ရိုးရိုးတွင်းနက်တွေကတောင် အဲ့ဒီလောက် အစွမ်းသတ္တိရှိရင် အခုတွေ့တဲ့ ဧရာမတွင်းနက်ကြီးရဲ့ တည်ရှိပုံက စကားနဲ့ ပြောလို့ ရမယ် မထင်ပါဘူး။ ခန့်မှန်းချက်တွေအရတော့ အဲ့ဒီတွင်းနက်ရဲ့ ဒြပ်ထုက သူဗဟိုပြု အခြေတည်ရာ ဂလက်စီရဲ့ ဒြပ်ထုတစ်ခုလုံးနဲ့တောင် ညီမျှမှုရှိတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီဧရာမတွင်းနက်ကြီးကို အာကာသတယ်လီစကုပ်နှစ်ခုက တွေ့ရှိခဲ့တာလို့ ပြောကြပါတယ်။ ပထမဆုံး စတွေ့တာက ဂျိန်းစ်ဝဘ်တယ်လီစကုပ်ပါ။ ဂျိန်းစ်ဝဘ်ကနေပြီး အဲ့ဒီ ဂလက်စီကနေ ထွက်လာတဲ့ အလင်းရောင်စဉ်တချို့ကို ခြေရာခံမိတာ ဖြစ်ပါတယ်။ လောလောဆယ်တော့ အဲ့ဒီ ဂလက်စီက ကျွန်တော်တို့ မိခင်ကြယ်ဖြစ်တဲ့ နေရဲ့ဒြပ်ထုထက် အဆ သန်း ၁၄၀ လောက် ပိုသိပ်သည်းပြီး UHZ1 လို့ နာမည်ပေးထားပါတယ်။ JWST က အဲ့ဂလက်စီကို gravitational lensing နည်းနာနဲ့ ထောက်လှမ်းမိခဲ့တာပါ။ နားလည်လွယ်အောင် ပြောရရင် ဒြပ်ထုအားဖြင့် အင်မတန်သိပ်သည်းတဲ့ အာကာသဝတ္ထုတွေဟာ သူတို့အနားမှာရှိတဲ့ အာကာသအချိန်ဟင်းလင်းပြင်က ကွေးညွတ်ပါတယ်။ အဲ့ဒီ ဟင်းလင်းပြင်ကို ဖြတ်သွားတဲ့ အလင်းတန်းတွေကလဲ ကွေးညွတ်ရတာမျိုးပေါ့။ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီမှာ ပါတဲ့ သဘောတရားတချို့ပါ။ 

ကြည့်ရတာတော့ အဲ့ဒီ ဂလက်စီတည်ရှိတဲ့ ဂလက်စီကလက်စတာ အစုအဝေးကို ဂျိန်းစ်ဝဘ်က ထောက်လှမ်းမိပုံပါပဲ။ UHZ1 က လာတဲ့ အလင်းရောင်စဉ်တွေက အဲ့ဒီ ကလက်စတာ အစုအဝေးကနေ ဖြတ်ပြီး လာတဲ့အခါ ကလက်စတာရဲ့ ဒြပ်ထု သိပ်သည်းမှုကြောင့် အာကာသအချိန် ဟင်းလင်းပြင် ပုံယွင်းပြီး ဖြတ်လာတဲ့ အလင်းကလဲ မူမမှန်ဘဲ ကွေးညွတ်နေတာကို တယ်လီစကုပ်ကနေ တွေ့ရှိတာမျိုးပါ။ အဲ့ဒီ ဂလက်စီအစုအဝေး ကလက်စတာကြီးကိုတော့ Abell 2744 လို့ နာမည်သတ်မှတ်ထားတယ်။ 

ဂျိန်းစ်ဝဘ်က တွေ့တာကို ချန်ဒရာ X-ray တယ်လီစကုပ်ကနေပြီး အချိန် ၂ ပတ်ကြာ ဆက်ထောက်လှမ်းကြည့်တဲ့အခါ အဲ့ဒီဂလက်စီရဲ့ ဗဟိုမှာ တည်ရှိနေတဲ့ အလွန်သိပ်သည်းတဲ့ တွင်းနက်နဲ့ သူ့ပတ်လည်မှာ ဝန်းရံလှည့်လည်နေတဲ့ ဂတ်စ်အဝန်းအဝိုင်းကြီး တစ်ရပ်ကနေ စွမ်းအင်မြင့် X-ray တွေ ထွက်လာတာကို တွေ့ရပါတယ်။ 

ကျွန်တော်တို့အနေနဲ့ အဲ့ဒီထွက်လာတဲ့ X-ray ရောင်စဉ်လှိုင်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး သူ့စွမ်းအင်ပမာဏကို တွက်ထုတ်ချိန်ဆကြည့်မယ်ဆိုရင် အဲ့ဒီတွင်းနက်ကြီးရဲ့ ဒြပ်ဆွဲအားကိုလဲ တိုင်းတာသိရှိနိုင်ပါတယ်။ အဲ့ဒီနည်းနဲ့ ပျမ်းမျှခန့်မှန်းကြည့်တာအရတော့ UHZ1 ဂလက်စီ ဗဟိုမှာ တည်ရှိနေတဲ့ အဲ့ဒီတွင်းနက်က Solar mass အားဖြင့် သန်းဆယ်ချီကနေ သန်းရာချီ အထိ ရှိနိုင်တယ်၊ ဂလက်စီရဲ့ ဒြပ်ထုနဲ့ နှိုင်းရချိန်ဆမယ်ဆိုရင် မတိမ်းမယိမ်းရှိတယ်လို့ သိရပါတယ်။ 

UHZ1 က တခြားဂလက်စီတွေနဲ့ နှိုင်းယှဉ်ရင်တော့ အရွယ်အစားအားဖြင့် သေးငယ်ပါတယ်။ ပညာရှင်တွေကတော့ ဒီဂလက်စီက ဟိုးအရင်ကတည်းက ဒီအရွယ်ပဲလား .. ဒါမှမဟုတ် အရွယ်အစားအားဖြင့်တော့ စစဖွဲ့စည်းကတည်းက သေးတယ်၊ ဒါပေမဲ့ တခြားဂလက်စီတွေနဲ့ ပေါင်းစည်းမိတာမျိုး .. ဒါမှမဟုတ်လဲ ဧရာမ ဓာတ်ငွေ့တိမ်တိုက်ကြီးတွေ ဆွဲငင်ယူရင်း ဒြပ်ထုကြီးမားလာတာလားဆိုတာကတော့ ဝေခွဲရခက်နေတုန်းလို့ ဆိုပါတယ်။ ဒါကြောင့်ပဲ အဲ့ဒီဂလက်စီတွေရဲ့ အလယ်ဗဟိုမှာ အခုလို ဧရာမ တွင်းနက်ကြီးတွေ ဘယ်လိုပေါ်ပေါက်လာလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လဲ ဖြေရှင်းချက် မထုတ်နိုင်သေးတာမျိုးပါ။

ဒီတွင်းနက်က အရွယ်အစားလဲ အင်မတန်ကြီးတယ်။ သူ့ရဲ့ သက်တမ်းကလဲ X-ray နဲ့ ရှာဖွေတွေ့ရှိဖူးသမျှ တွင်းနက်တွေထဲ အရင့်ဆုံး ဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ ဧရာမတွင်းနက်ကြီးတွေရဲ့ လာရာနဲ့ လားရာကို နားလည်လာနိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။ ဒီအာကာသဒြပ်ထုတွေက လာတဲ့ အလင်းရောင်စဉ်လှိုင်းတွေက အင်မတန်ဝေးကွာတဲ့ နေရာက လာတာ ဖြစ်ကြလို့ သူတို့ဆီက ထုတ်လွှတ်လိုက်တဲ့ အလင်းတွေ ကျွန်တော်တို့ဆီ ရောက်လာနိုင်ဖို့ကလဲ အတော်ကြာပါတယ်။ ဒါပေမဲ့ အခု ဖမ်းယူမိတဲ့ အလင်းရောင်စဉ်လှိုင်းတွေကို အသုံးပြုပြီး ဟိုးလွန်ခဲ့တဲ့ နှစ်သန်း ဘီလျံချီကို ဆက်ဆက် ခြေရာခံနိုင်ပါလိမ့်မယ်၊ အဲ့ဒီလိုနဲ့ အရာအားလုံးရဲ့ အစကိုလဲ အမွေးတုံးမျောက်ဝံတွေ နားလည်ဖို့ လမ်းစ တစ်ရပ် ရလာပါလိမ့်မယ်။

(စကားမစပ် ဒီနေ့က ရော့တ်ဂျန် X-ray ကို ရှာဖွေတွေ့ရှိခဲ့တဲ့ နေ့ပါ။)

Zwe Thukha Min

Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People. With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.

Article Credits

Written by Zwe Thukha Min
Managing Editor Zwe Thukha Min

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.