ကျွန်တော်တို့ အားလုံးလိုလို အင်တာနက်မှာ မြင်ဖူး၊ ကြားဖူးကြတဲ့ အကြောင်းအရာ တစ်ခု ရှိပါတယ်။ အဲ့ဒါက ညအခါ ကောင်းကင်မှာ မြင်ရတဲ့ ကြယ်တွေ အားလုံးက သေဆုံးပြီးသား ဖြစ်ပြီး ကျွန်တော်တို့က သူတို့ရဲ့ အတိတ်က ပုံရိပ်ကို ကြည့်နေရတယ်ဆိုတာပါ။
ကြယ်တွေ၊ ဂြိုဟ်တွေနဲ့ အာကာသနဲ့ ပတ်သက်တဲ့ ဝတ္ထုတွေရဲ့ တည်ရှိရာ နေရာ .. အကွာအဝေးကို ကျွန်တော်တို့က အလင်းနှစ်နဲ့ တိုင်းတာ ပြောဆိုကြပါတယ်။ အလင်းက တစ်စက္ကန့်ကို ကီလိုမီတာ သုံးသိန်း အမြန်နှုန်းနဲ့ ခရီးနှင်နိုင်ပြီးတော့ အဲ့ဒီအလျင်နဲ့ အလင်းတစ်နှစ်တာ ခရီးနှင်တာကို အလင်းနှစ်ဆိုပြီး သုံးနှုန်းကြတာပေါ့။ သဘောက အလင်းနှစ် တစ်နှစ် အကွာအဝေးရှိတယ်ဆိုရင် အဲ့ဒီပမာဏက အလင်းအလျင်နဲ့ တစ်နှစ်တာ ခရီးနှင်ပြီးမှ ရောက်မယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။
အဲ့ဒီခါကျတော့ အလင်းနှစ်တွေ အများကြီးက ကြယ်တွေကို ကျွန်တော်တို့ ကြည့်တဲ့အခါကျ အဲ့ဒီကြယ်တွေဆီက ထုတ်လွှတ်တဲ့ အလင်းကို ကျွန်တော်တို့ မြင်နိုင်ဖို့ရာ အလင်းအလျင်နဲ့ ဘယ်နှနှစ် .. ဘယ်လောက် ကြာမယ်ဆိုပြီး ရှိတာပါ။ ဒါကြောင့် လက်ရှိ မြင်နေရတဲ့ ကြယ်က အခုလက်ရှိ မဟုတ်ဘဲ အတိတ်က ပုံရိပ်ဖြစ်တယ်ဆိုတဲ့ ကိစ္စကတော့ မှန်ပါတယ်။ ကျွန်တော်တို့ မိခင်ကြယ်ဖြစ်တဲ့ နေဆီက အလင်းတောင် ကမ္ဘာကို ရောက်ဖို့ ၈ မိနစ်နဲ့ စက္ကန့် ၂၀ နီးပါး ကြာပါတယ်။ အခု အပြင်ထွက်ပြီး နေကို ကြည့်လိုက်ရင် အဲ့ဒီနေက လွန်ခဲ့တဲ့ ရှစ်မိနစ်က နေ၊ တစ်နည်းအားဖြင့် အတိတ်က နေကို ကြည့်နေရတာပါ။
ဒီသဘောတရားက အမှန်တကယ် ဖြစ်ပေမဲ့ ကောင်းကင်မှာ မြင်ရတဲ့ ကြယ်မှန်သမျှက သေဆုံးပြီးသားဆိုတာကတော့ စဉ်းစားစရာပါ။
ညအခါကောင်းကင်ယံထက်မှာ ကျွန်တော်တို့ရဲ့ သာမန်မျက်စိနဲ့ မြင်ရတဲ့ ကြယ်အရေအတွက်က ၉၀၀၀ လောက် ရှိပါတယ်။ ဒါတောင် မြို့ပြအလင်းတွေ မရှိဘဲ ကောင်းကင်တစ်ခွင်လုံးကို အပြည့်မြင်ရပြီး မှောင်အတိကျနေတဲ့ နေရာကနေ ကြည့်မှ အဲ့ဒီလောက် မြင်ရနိုင်ချေ ရှိတာပါ။ အဲ့ဒီကြယ်မှန်သမျှက လက်ရှိ နဂါးငွေ့တန်း ကြယ်စုထဲက ကြယ်တွေပဲ ဖြစ်ပြီး အလင်းနှစ်သန်းနဲ့ချီတဲ့ နေရာက ကြယ်တွေ မပါပါဘူး။ နဂါးငွေ့တန်း ကြယ်စုက အချင်းအားဖြင့် အလင်းနှစ် တစ်သိန်းလောက် ရှိပါတယ်။ အဲ့ဒီထဲကမှ ကျွန်တော်တို့ မြင်ရတဲ့ ကြယ်တွေက အလင်းနှစ် တစ်သောင်း ပတ်ဝန်းကျင်နားမှာပဲ ရှိပါတယ်။ ကောငခပ်တောက်တောက် မြင်ရတဲ့ ကြယ်အများစုက ပိုနီးဖို့ ရှိပြီး မှိန်ဖျော့ဖျော့တွေက ဝေးလို့လို့ အကြမ်းဖျင်း ပြောနိုင်ပါတယ်။ တစ်ခုကတော့ တချို့ကြယ်ပုတွေက တောက်ပမှုနှုန်းနည်းလို့ အကွာအဝေးနီးပေမဲ့လဲ ခပ်မှိန်မှိန်နဲ့ ရှိနေပြီး တချို့ကြယ်တွေက ဧရာမကြယ်ကြီးမျိုးတွေ ဖြစ်ပြီး အလင်းထုတ်လွှတ်မှုအားနဲ့ တောက်ပမှု ပမာဏ ပိုများလို့ အကွာအဝေးက လှမ်းပေမဲ့လဲ ကောင်းကောင်း မြင်ရတာမျိုး ရှိပါတယ်။ ဒါကတော့ အထင်လွဲတာမျိုး မဖြစ်စေဖို့ ချွင်းချက်တစ်ရပ်ပါ။
ခုနက ပြောသလို ကျွန်တော်တို့ မြင်ရတဲ့ ကြယ်တွေက အလွန်ဆုံးရှိ အလင်းနှစ် သောင်းဂဏန်း အကွာအဝေး ပတ်ချာလည်ကပါ။ အလင်းနှစ် တစ်သောင်း အကွာအဝေးမှာရှိတဲ့ ကြယ်ကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့က အဲ့ဒီကြယ်ရဲ့ အတိတ် .. လွန်ခဲ့တဲ့ နှစ်တစ်သောင်းက ပုံရိပ်ကို ကြည့်နေရတာပါ။ အလားတူပဲ အကယ်၍ အဲ့ဒီကြယ် သေဆုံးသွားမယ်ဆိုရင်လဲ ကျွန်တော်တို့အနေနဲ့ နောက်နှစ်ပေါင်း တစ်သောင်းကြာမှ သိရှိနိုင်မှာပါ။
ပြဿနာက အခုမှ လာတာပါ။ အဲ့ဒါက ကြယ်တွေရဲ့ သက်တမ်းက အလွန်အင်မတန်ကို ရှည်ကြာညောင်းပါတယ်။ လာမဲ့ နှစ်တစ်သောင်းကိစ္စ ခဏထားပြီး ပြီးခဲ့တဲ့ နှစ်တစ်ထောင်၊ နှစ်တစ်သောင်းလောက်ကို ပြန်သွားရင်တောင် အဲ့ဒီကာလမှာ သေဆုံးခဲ့တဲ့ ကြယ်အရေအတွက်က အတော် နည်းပါလိမ့်မယ်။ ရှိခဲ့ရင်တောင် ကျွန်တော်တို့ မျက်စိက မြင်ရဖို့ မဖြစ်နိုင်ပါဘူး။ အကြောင်းက ပျမ်းမျှ ကြယ်နီပုလို M-type ကြယ်တွေရဲ့ သက်တမ်းက နှစ်ပေါင်း ဘီလျံရာချီပြီး တည်ရှိနေနိုင်လို့ပါ။ နောက် ကျွန်တော်တို့ မိခင်ကြယ်ဖြစ်တဲ့ နေလို ကြယ်တွေ အနေနဲ့လဲ နှစ် ၁၀ ဘီလျံလောက်ချီပြီး တည်ရှိနေနိုင်ပါတယ်။ ကြယ်တွေက လောင်ကျွမ်းမှုနည်း၊ အရွယ်သေးလေ ခပ်ကြာကြာ တည်ရှိနေနိုင်လေ ဖြစ်ပါတယ်။ ပြောင်းပြန်အနေနဲ့ ဧရာမကြယ်ကြီးတွေကတော့ လောင်ကျွမ်းမှုနှုန်းကြီးပြီး သက်တမ်းလဲ သိပ်မကြာပါဘူး။ ဒီလိုကြယ်တွေတောင် နှစ်သန်းနဲ့ချီ နေနိုင်ပါတယ်။ တည်ငြိမ်တဲ့အခြေအနေမှာ ပုံမှန်အတိုင်းအချိန်အကြာကြီး လောင်ကျွမ်းနေနိုင်မယ့် ပင်မအစဉ်အတွင်းက ကြယ်တွေက ပမာဏအားဖြင့် များပါတယ်။ ပျမ်းမျှပြောရရင် ဘယ်လိုကြယ်အမျိုးအစားဖြစ်ဖြစ် အနည်းဆုံး နှစ်သန်းချီပြီးတော့ နေနိုင်တာပါ။
နဂါးငွေ့တန်း ကြယ်စုတွင်းမှာ ရှိတဲ့ ကြယ်တွေ အကုန်လုံး (ကျွန်တော်တို့ သာမန်မျက်စိနဲ့ မြင်နိုင်စွမ်း အရှိဆုံး) က အလင်းနှစ် သိန်းချီတဲ့ အကွာအဝေးက ကြယ်တွေ မပါပါဘူး။ ဒီလို တိုတောင်းတဲ့ အချိန်ပမာဏအတွင်းမှာ မြင်ရသမျှ ကြယ်တွေ အကုန်လုံး သေဆုံးနေဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ အကယ်၍ ကျွန်တော်တို့ မြင်ရတဲ့ ကြယ်တွေထဲမှာ အလင်းနှစ် ဘီလျံချီ ဝေးတဲ့ နေရာက ကြယ်တွေ ပါရင်တော့ သေဆုံးနေတဲ့ ကြယ်တွေကို မြင်ရနိုင်ဖို့က ဖြစ်နိုင်ချေ များပါတယ်။ နေအဖွဲ့အစည်း တည်ရှိပြီးချိန်တောင် နှစ် ၅ ဘီလျံမကျော်သေး၊ လူသားတွေ တည်ရှိနေချိန်တောင် နှစ်ဆယ်သန်းမကျော်သေးတဲ့ ကာလမှာ နှစ်ဘီလျံဆယ်ချီပြီး နေနိုင်တဲ့ ကြယ်တွေ အားလုံးက သေဆုံးပြီးသား ဖြစ်နေတယ်ဆိုတာ ယုတ္တိမကျတဲ့ အဆိုပြုချက် တစ်ရပ်ပါ။
အဲ့တော့ မြင်နေရတဲ့ ကြယ်တွေထဲ ဘယ်လောက် အရေအတွက်က သေပြီးနေလောက်ပြီလဲ။
သာမန်မျက်စိနဲ့ မြင်ရတဲ့ထဲ အဝေးဆုံးတည်ရှိတာက အန်ဒရိုမီဒါ ကြယ်စုပါ။ အလင်းနှစ် ၂.၅ သန်းလောက် ဝေးပါတယ်။ သဘောက လက်ရှိ ရှိနေတဲ့ အန်ဒရိုမီဒါဟာ လွန်ခဲ့တဲ့ နှစ် ၂.၅ သန်း .. ကျွန်တော်တို့ လူသားမျိုးနွယ်တွေ ကျောက်နဲ့ လက်နက်တွေ စလုပ်ပြီး အမဲလိုက်ဖို့ ပြင်နေတဲ့အချိန်ပါ။ တယ်လီစကုပ်အကြီးကြီးတွေနဲ့ ကြည့်မယ်ဆိုရင်တော့ လူသားတွေ မတည်ရှိခင် အချိန်က အန်ဒရိုမီဒါရဲ့ ပုံရိပ်ကို မြင်ကောင်း မြင်ရနိုင်ပါတယ်။
အင်မတန်တောက်ပတဲ့ အော်ရီယွန်နက္ခတ်က ဘီတယ်ဂျူးစ်ကြယ်ဆိုရင် သူ့ရဲ့ သက်တမ်းက ကုန်ဆုံးရင်လဲ ကုန်ဆုံးသွားလောက်ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အကယ်၍များ အဲ့ဒီကြယ် ပေါက်ကွဲသေဆုံးသွားခဲ့မယ်ဆိုရင်တောင် နောက်ထပ် နှစ် ၆၀၀ လောက်မှ မြင်ရနိုင်မှာပါ။ နောက်ဆုံးအကြိမ် လူ့မျက်စိနဲ့ မြင်ခဲ့ရတဲ့ စူပါနိုဗာပေါက်ကွဲမှုကတောင် လွန်ခဲ့တဲ့ နှစ် ၄၀၀ လောက်ကပါ။ နဂါးငွေ့တန်းကြယ်စုထဲမှာ ဖြစ်ခဲ့တာ ဖြစ်ပြီး ကပ်ပလာ စူပါနိုဗာ (Kepler Supernova) လို့ သိကြပါတယ်။
အကျဉ်းချုံးပြောရရင် ညအခါကောင်းကင်ယံထက်မှာ မြင်ရတဲ့ ကြယ်အားလုံးက သေပြီးသားဆိုတာ အပြည့်အဝမမှန်ကန်တဲ့ ယူဆချက်တစ်ခုပါ။ အလင်းက အင်မတန်အလျင်နဲ့ သွားတာ မှန်ပါတယ်။ အဲ့ဒီအလင်း ကျွန်တော်တို့ဆီ ရောက်ဖို့ လာနေတဲ့ အချိန်တွင်းမှာပဲ ဒီကြယ်တွေ သေဆုံးသွားနေလောက်ပြီဆိုတာလဲ ဒီတိုင်းတွေးကြည့်ရင်တော့ ဟုတ်သယောင်ယောင်ပါ။ ကြယ်တွေရဲ့ အတိတ်က ပုံရိပ်ကို ကြည့်နေရတယ်ဆိုတာလဲ အတိအကျပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ မြင်ရတဲ့ ကြယ်အများစုက နှစ်ဘီလျံချီပြီး တည်ရှိနေနိုင်တဲ့ ကြယ်တွေဖြစ်လို့ တိုတောင်းတဲ့ အချိန်ပမာဏအတွင်းမှာပဲ ကြယ်အကုန်လုံး သေဆုံးသွားခဲ့ပြီးသားဆိုတာကတော့ သိပ္ပံနည်းကျ မဟုတ်ဘူးဆိုတဲ့ လေသံခပ်ဝဲဝဲလေးနဲ့ ပြောရမှာပါပဲ။ ကောင်းကင်မှာ မြင်ရတဲ့ ကြယ်တချို့ သေပြီးသားဆိုတာက ဖြစ်နိုင်ချေနည်းတယ်ဆိုပေမဲ့ သီအိုရီအရ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ကိုယ့်လူတို့အနေနဲ့တော့ ညဘက် ကောင်းကင်ခွင်မှာ ရှိတဲ့ ကြယ်အများစုက မသေသေးတာ သေချာတာဖြစ်လို့ စိတ်ချလက်ချနဲ့ ကြယ်တွေကို ဆက်ငေးလို့ ရပါကြောင်း။
1
Cain, F. (2014, August 7). Are All the Stars Really Dead? Universe Today.Gunn, A. (n.d.). Are many visible stars dead? BBC Science Focus Magazine.Kalra, I. (2023, October 19). Are Dead Stars Visible In The Night Sky? Science ABC.Boyle, M. (2017, August 2). Are the stars we see in the sky actually “dead”? - Learn from Michael Boyle, an expert in Astrophysics
Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People.
With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.
Article Credits
Written by
Zwe Thukha Min
Managing Editor
Fact Hub Editor Team