ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွင်းက သွေးတွေက အနီရောင်ရှိပါတယ်၊ ဒါပေမဲ့ သွေးကြောတွေကတော့ အစိမ်းရောင်၊ တချို့ဆို စိမ်းပြာရောင်နဲ့ အပြာရောင် အသီးသီး ရှိကြပါတယ်၊ အဲ့တာက ဘာကြောင့်ပါလဲ။
တချို့က ခန္ဓာကိုယ်ထဲက သွေးတွေက သွေးပြန်ကြောထဲမှာတော့ အစိမ်း/အပြာ ရောင်ဖြစ်ပြီး သွေးလွှတ်ကြောတွေထဲမှာတော့ နီပါတယ်ဆိုပြီး ပြောကြပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ လက်တွေ၊ ခြေထောက်တွေမှာရှိတဲ့ သွေးကြောတွေက အစိမ်း/အပြာ ဖြစ်နေရတာဆိုပြီးပါ။ တချို့ကလဲ ခန္ဓာကိုယ်တွင်းမှာ အောက်စီဂျင်ဓာတ်နည်းတဲ့ သွေးတွေက စိမ်း/ပြာကြတယ်၊ အောက်စီဂျင်ဓာတ်ပြည့်ပြည့်ဝဝ ပါရှိတဲ့ သွေးတွေကတော့ နီကြတယ်ဆိုပြီး ပြောကြပါတယ်။ ဒါတွေက မှန်ရဲ့လား။
အယူအဆမှားတွေပါ၊ သွေးနီဉထဲက အောက်စီဂျင်တွေကို သယ်ဆောင်တဲ့ ပရိုတိန်း ဟီမိုဂလိုဘင် (hemoglobin) ရဲ့ မော်လီကျူးတွေထဲမှာ အိုင်းရွန်းအက်တမ် လေးလုံး ပါဝင်ပါတယ်၊ အဲ့ဒါက အောက်စီဂျင်နဲ့ ထိတွေ့တဲ့အခါ သွေးတွေကို အနီရောင် ဖြစ်စေတာပါ။ ကိုယ်တွင်းသွေးတွေရဲ့ အရောင် အနု အရင့်ကတော့ ပါဝင်တဲ့ အောက်စီဂျင် ပမာဏ အပေါ် မူတည်ပါတယ်၊ ဒါပေမဲ့ အပြာရောင်တို့ အစိမ်းရောင်တို့ ဖြစ်တဲ့ အခြေအနေတော့ မရှိပါ။
______________
ဒါဆို သွေးက အနီရောင်ပေမဲ့ သွေးကြောတွေက ဘာလို့ စိမ်းနေရတာပါလဲ။
အကြောင်းကတော့ ကျွန်တော်တို့ရဲ့ အရေပြားကနေပြီး အလင်းရောင်စဉ်တွေကို စုပ်ယူပြီး ရောင်ပြန်ဟပ် ဖြာထွက်တာနဲ့ ဆိုင်ပါလိမ့်မယ်။
ကျွန်တော်တို့ မြင်နိုင်စွမ်းရှိတဲ့ – Visible light – အလင်းဖြူတန်းမှာ သက်တံ့ထဲက အလင်းရောင်စဉ်တွေ အားလုံး ပါဝင်ပေါင်းစပ်နေပါတယ်။ ယေဘုယျအားဖြင့်တော့ အရာဝတ္ထုတစ်ခုရဲ့ အရောင်ဟာလဲ အဲ့ဒီအရာဝတ္ထုက လှိုင်းအလျားဘယ်လောက်ရှိတဲ့ ရောင်စဉ်ကို စုပ်ယူပြီး ဘယ်ဟာကိုတော့ ရောင်ပြန်မယ်ဆိုတာ အပေါ် မူတည်ပါတယ်။ (အလင်းရောင်စဉ်တွေနဲ့ ပတ်သက်လို့ အသေးစိတ်ကျကျ ဖတ်နိုင်မဲ့ ပိုစ့်တွေကိုတော့ မန့်မှာ ဖော်ပြပေးထားပါမယ်။)
လူ့ခန္ဓာကိုယ်ရဲ့ အရေပြားမှာ အလွှာ ခုနှစ်လွှာ ပါရှိပြီး အလွှာစီအလိုက် မတူညီတဲ့ တစ်ရှုးတွေ၊ ဆဲလ်တွေနဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်။ နမူနာအားဖြင့် အပေါ်ယံ အရေပြားလွှာ ဆဲလ်တွေ၊ အဆီလွှာတွေ၊ မယ်လ်နင်ဒြပ် (melanin) တွေ၊ ကော်လဂျင်ဖိုက်ဘာတွေ (collagen fibers)၊ နောက် အခု ဒီသွေးကြောတွေ စသဖြင့် အလွှာအသီးသီးရှိကြတာပေါ့။
ပြင်ပကလာတဲ့ အလင်းရောင်ခြည်တွေ ကျွန်တော်တို့ရဲ့ အရေပြားကို လာထိတွေ့တဲ့အခါ အလင်းလှိုင်းမတူညီတဲ့ ရောင်စဉ်တွေက သူ့နည်း သူ့ဟန်နဲ့ ဖြာထွက်ကုန်ပါတယ်၊ အဲ့ဒီရောင်စဉ်လှိုင်းတွေထဲမှာ လှိုင်းအလျား ၇၀၀ နာနိုမီတာရှိပြီး အရှည်ဆုံးဖြစ်တဲ့ အနီရောင်က ကျွန်တော်တို့ အရေပြားထဲ အများဆုံးထိုးဖောက်ဝင်ရောက်ပြီး လှိုင်းအလျား ၄၅၀ နာနိုမီတာလောက်ပဲရှိတဲ့ အပြာရောင်ကတော့ အနည်းဆုံးပမာဏနဲ့ပဲ အရေပြားထဲ ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။
အရေပြားအတွင်း စိမ့်ဝင်တဲ့အခါမှာ ရောင်စဉ်လှိုင်းတွေက မတူညီတဲ့ ပုံစံနဲ့ ဖြာထွက်တယ်လို့ ခုနက ပြောခဲ့ပါတယ်၊ အဲ့ဒီလို ပြန့်ကျဲဖြာထွက်ကုန်တဲ့အချိန်မှာ လှိုင်းအလျားတိုတဲ့ အပြာရောင်စဉ်တွေက သက်ရောက်မှုကို အများဆုံးခံရပါတယ်။ သူက တခြားလှိုင်းတွေထက် တိုတာဖြစ်လို့ အရေပြားထဲ ဝင်ဝင်ချင်းမှာတင်ပဲ ဆဲလ်အလွှာတွေထဲက မော်လီကျူးတွေနဲ့ တိုက်မိပြီး လျင်လျင်မြန်မြန်ဖြာထွက်ကုန်တာပါ။ ဖြာထွက်ရာမှာလဲ တခြားရောင်စဉ်တွေထက် ပမာဏ ပိုများများနဲ့ ဖြာထွက်သွားတာပါ။
သွေးပြန်ကြော (Vein) တွေရှိတဲ့ နေရာကိုတော့ အရှည်ဆုံး လှိုင်းအလျား ရှိတဲ့ အနီရောင်စဉ်လှိုင်းတွေ ရောက်ရှိသွားပါလိမ့်မယ်၊ သွေးပြန်ကြောတွေထဲက သွေးတွေက အများအားဖြင့် အောက်စီဂျင်ပါဝင်မှု နည်းပါးကြပြီး သွေးလွှတ်ကြောတွေကတော့ အောက်စီဂျင် ပါဝင်မှု မြင့်မားပါတယ်၊ ခုနက အောက်စီဂျင် ပါဝင်မှု နည်းတဲ့ သွေးတွေက အနီရောင်စဉ်ကို စုပ်ယူတတ်ကြပြီး အောက်စီဂျင်ပါဝင်တဲ့ သွေးတွေက အနီရောင်ကို ရောင်ပြန်ပါတယ်။ အဲ့ဒါကြောင့်ပဲ သွေးလွှတ်ကြောတွေထဲက သွေးတွေက အနီရောင် တောက်တောက်ရှိတတ်ကြပြီး သွေးပြန်ကြောထဲက သွေးတွေကတော့ ကြက်သွေးရောင်ရှိတတ်ကြတာပါ။
ပြန်ချုပ်ရရင်တော့ ပြင်ပက သက်ရောက်တဲ့ အလင်း အရေပြားပေါ်လာထိတွေ့တဲ့အခါ အစိမ်းနဲ့ အပြာတို့လို လှိုင်းအလျားတိုတဲ့ ရောင်စဉ်တွေက ပိုမြန်မြန်ဖြာထွက်ကုန်ပါတယ်၊ သွေးကြောတွေက အနီရောင်စဉ်လှိုင်းကို စုပ်ယူတတ်လို့၊ အနီရောင်က လှိုင်းအလျားရှည်လို့ အရေပြားအတွင်းက ဆဲလ်အလွှာတွေထဲ ထိုးဖောက်ဝင်ရောက်နိုင်မှုများလို့၊ မဝင်ရောက်နိုင်တဲ့ အလင်းတွေကပဲ ကျွန်တော်တို့ မျက်စိကနေ ဖမ်းယူရရှိတာပါ။
______________
ဘာလို့ သွေးပြန်ကြော (Veins) တွေကိုပဲ မြင်ရပြီး သွေးလွှတ်ကြော (Arteries) တွေကို မမြင်ရတာ
သွေးလွှတ်ကြော အများစုက ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်း ခပ်နက်နက်ထဲမှာ ရှိကြတာ များပါတယ်။ တချို့ သွေးလွှတ်ကြောတေွက ခန္ဓာကိုယ်ရဲ့ အပေါ်ပိုင်း မျက်နှာပြင် ခပ်ကပ်ကပ်ဆီမှာ ရှိတတ်ကြပေမဲ့ များသောအားဖြင့် မတွေ့နိုင်ပါဘူး။
သွေးလွှတ်ကြောအများစုက အပေါ်ယံမှာ ရှိတတ်တဲ့ သွေးပြန်ကြောတွေထက် နက်ရှိုင်းတဲ့ နေရာမှာ ရှိတဲ့အပြင် ထူထဲတဲ့ အကာအရံတွေထဲ ရှိတာဖြစ်လို့ သွေးနဲ့ ပြင်ပက အလင်းရောင်စဉ်တွေနဲ့ ထိတွေ့တာမျိုး မရှိနိုင်ပါဘူး၊ ဒါ့အပြင် အပေါ်မှာ ပြောခဲ့သလို သွေးလွှတ်ကြောတွေထဲက သွေးအများစုက အောက်စီဂျင်ဓာတ်ပြည့်ဝနေတတ်လို့ သွေးပြန်ကြောတွေလို အနီရောင်လှိုင်းတွေကို စုပ်ယူထားဖို့ မလိုအပ်ပါဘူး။
တချို့ သွေးပြန်ကြောတွေက အရေပြားနဲ့ ခပ်ကပ်ကပ်မှာ ရှိတာဖြစ်လို့ မြင်ရတာပါ၊ တခြား မမြင်ရတဲ့ သွေးပြန်ကြောအမျိုးအစားတွေလဲ ရှိပါတယ်။ တချို့ရဲ့ မျက်နှာတွေမှာ ပေါ်တတ်တဲ့ သွေးကြောမျှင် (capillaries) တွေဟာလဲ သေချာကြည့်ရင် အစိမ်း/အပြာရောင် ရှိတာ မဟုတ်ပါ။ အဲ့ဒီသွေးကြောမျှင်တွေက ဆံပင်ထက်တောင် ပါးတာဖြစ်ပြီး သွေးပြန်ကြောတွေထက်လဲ အရေပြားနဲ့ ပိုနီးနီးမှာ ရှိတတ်ပါတယ်၊ အဲ့ဒီသွေးကြောတွေမှာ နီရဲရဲသွေးတွေ စီးဆင်းဖြတ်သန်းကြလို့ အပြင်ပန်းက ကြည့်ရင် ပန်းဆီရောင် .. နီဖျော့ဖျော့လေး ရှိတတ်ကြပါတယ်။
ဒါဆိုရင်တော့ သွေးကြောတွေနဲ့ ပတ်သက်ပြီး သေချာ နားလည်သွားမယ်လို့ မျှော်လင့်ပါတယ်၊ ဆက်စပ်ဆောင်းပါးတွေကို ကောမန့်မှာ ဖော်ပြပေးပါ့မယ်။