May 25, 2026 | မြန်မာ
Fact Check 1 min read

တစ်နေ့ ရေရှစ်ခွက် သောက်သင့်တယ်ဆိုတဲ့ အယူအဆက မှန်ကန်ရဲ့လား

Fact Hub ရဲ့ အပတ်စဉ် မျှဝေလေ့ရှိတဲ့ အချက်အလက်စစ်ဆေးမှု ဆောင်းပါးမှာတော့ တနေ့ ရေရှစ်ခွက် သောက်သင့်တယ်ဆိုတဲ့ အယူအဆဟာ မှန်ကန်ခြင်း ရှိ/မရှိဆိုတာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံး ဒီအကြောင်းအရာကို တစ်နည်း မဟုတ် တစ်နည်း၊ တစ်နေရာမဟုတ် တစ်နေရာမှာ သေချာပေါက်ကို ကြားဖူးကြပါလိမ့်မယ်။ ရေက ကျန်းမာရေးအတွက်၊ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေအတွက် အကျိုးရှိတာဖြစ်လို့ တနေ့ကို ရေရှစ်ခွက် အနည်းဆုံး သောက်သင့်ကြောင်း၊ အဲ့လိုမှသာ ခန္ဓာကိုယ်တွင်းက ဇီဝလည်ပတ်မှု စနစ်တွေ ဟန်ချက်ညီညီဖြစ်နေမှာ ဖြစ်ကြောင်း၊ များများသောက်လေ ကျန်းမာရေး ကောင်းလေ ဖြစ်ကြောင်း စသဖြင့် အဆိုပြုချက်တွေက မနည်းမနောပါ။

ဘယ်လိုပဲ ပြောပြော ဒီယူဆချက်က ဆေးသိပ္ပံအမြင်အရ ကြည့်မယ်ဆိုရင်တော့ သိပ္ပံနည်းကျ သက်သေပြချက်မရှိဘဲ ယေဘုယျဆန်တဲ့ ယုံတမ်းအချက်အလက်မှား စာရင်းထဲ ပါဝင်ပါတယ်။ အဆိုပြုချက်တွေကို အပေါ်ယံကနေ တစ်ချက် အရင် စဉ်းစားကြည့်ရအောင်ပါ။

လက်ရှိ ဒီစာကို ရေးနေတဲ့ ကျွန်တော်က ခုံတစ်လုံးပေါ်မှာ သက်တောင့်သက်သာထိုင်ပြီးတော့ ရေးနေတာပါ။ အခုစာကို ဖတ်နေတဲ့ သူထဲမှာဆိုရင် အခုမှ အလုပ်တွေ မောကြီး ပန်းကြီး လုပ်တာ ပြီးလို့ အိမ်ပြန်ရောက်ပြီး နားနေတဲ့ သူတွေပါနိုင်သလို အခု ရုံးဆင်းလာတာဖြစ်လို့ အိမ်အပြန် ဘတ်စ်ကားကို စီးရင်း ဖတ်နေတဲ့ စာဖတ်သူတွေလဲ ပါနိုင်ပါတယ်၊ ဒါ့အပြင် အဲကွန်းခန်းထဲမှာ အေးအေးဆေးဆေး ဇိမ်နဲ့ ထိုင်ပြီး အင်တာနက် သုံးနေရင်း ဖတ်မိတဲ့ သူတွေလဲ ပါနိုင်တာပေါ့။ နောက် ခန္ဓာကိုယ်အရွယ်အစားအားဖြင့် နည်းနည်း ဝတဲ့ သူ၊ ဒါမှမဟုတ် ပိန်တဲ့သူ၊ အသက်ငယ်တဲ့ လူငယ်တွေ၊ အသက်ကြီးတဲ့ လူကြီးတွေ၊ ဒူဘိုင်းလို ခပ်ပူပူနိုင်ငံမှာ နေသူတွေနဲ့ ဆွစ်ဇာလန်လို ရာသီဥတုအေးတဲ့ နိုင်ငံမှာ နေတဲ့ သူတွေလဲ ပါရင် ပါနိုင်ပါတယ်။ အဲ့ဒါဆိုရင် အဲ့ဒီသူတွေ အကုန်လုံးက ရေရှစ်ခွက်ကိုပဲ တစ်သတ်မှတ်တည်း သောက်ကြရမှာမျိုး ဖြစ်နိုင်ပါ့မလား။ ယုတ္တိပိုင်းအရ ကြည့်ရင်တော့ စဉ်းစားချင်စရာပါ။

ဒီယူဆချက်ရဲ့ မူလရင်းမြစ်က ဘယ်က စလဲဆိုတာကတော့ တပ်အပ်မပြောနိုင်ပါဘူး။ အဲ့ဒီအဆိုပြုချက် လူသိများလာတာကတော့ ၁၉၄၅ ခုနှစ်က အမေရိကန် အစားအစာနဲ့ အာဟာရဗေဒဘုတ်ကနေပြီး သာမန်လူတစ်ယောက်က တနေ့ကို ရေအနည်းဆုံး ၂.၅ လီတာ လိုအပ်တာဖြစ်လို့ ရေဓာတ်ပြည့်ဝအောင် နေဖို့လိုတယ်ဆိုတဲ့ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်တစ်ခုက စပါတယ်။ အဲ့ဒီလိုနဲ့ အရေအတွက်ကို မြင်သာတဲ့ ပမာဏနဲ့ နှိုင်းယှဉ်ကြတဲ့အခါကျတော့ သာမန်ဖန်ခွက်တစ်လုံးမှာ ရေပမာဏ ၂၄၀ မီလီလီတာ နီးနီးပါဝင်ပြီးတော့ အဲ့ဒီလို ဖန်ခွက်နဲ့ ရှစ်ခွက်တိတိ — ၂ လီတာ နီးပါး (ဂါလံဝက်) လောက် ရေသောက်ရမယ်ဆိုတဲ့ တွက်ချက်မှုတစ်ခုက ထွက်လာပါတယ်။ အဲ့ဒီယူဆချက်က ဆရာဝန်တွေ၊ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေ တော်တော်များများမှာ နေရာယူလာပြီး လူတိုင်းနီးပါး လက်ခံကျင့်သုံးတဲ့ ကျန်းမာရေးနည်းစနစ် တစ်ခု ဖြစ်လာပါတယ်။ သူတို့အကုန်လုံး သတိမထားမိတာကတော့ ခုနက ၁၉၄၅ ခု အကြံပြုချက်စာစောင်မှာ အဲ့ဒီစာရဲ့ တစ်ကြောင်းအကျော်မှာပဲ ပါတဲ့ “ရေဓာတ်ပမာဏ အတော်များများကိုတော့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေကနေ ရနိုင်ပါတယ်” ဆိုတဲ့ ဖော်ပြချက်ပါ။

ကျွန်တော်တို့ အားလုံးက ကိုယ်နေထိုင်ရတဲ့ နေ့စဉ်ဘဝအပေါ်  မူတည်ပြီး ဖြတ်သန်းရပုံခြင်း မတူပါဘူး။ အခြေအနေပေါ် မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် ရေဓာတ်ဆုံးရှုံးမှုတွေကလဲ ကွာပါတယ်၊ အဲ့ဒီဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည် ဖြည့်တင်းပေးဖို့ လိုတယ်ဆိုတာလဲ အမှန်ပါပဲ။ ကျွန်တော်တို့ လူသားတွေရဲ့ ခန္ဓာကိုယ် ၆၀ ရာခိုင်နှုန်းလောက်က ရေတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ၊ ကျန်းမာကောင်းမွန်တဲ့ နေ့စဉ်ဘဝနဲ့ ကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်တွေ အဆင်ပြေချောမွေ့စေဖို့ ရေဓာတ်ကို မဖြစ်မနေလိုအပ်ပါတယ်။ တစ်ဖက်မှာလည်း ကိုယ်တွင်း ရေဓာတ်တွေက အမြဲလိုလို ကုန်ဆုံးနေပါတယ်။ စက္ကန့်တိုင်း စက္ကန့်တိုင်း အသက်ရှုတိုင်းမှာ ခန္ဓာကိုယ်ထဲက ရေခိုးရေငွေ့ဓာတ်ကလေးတွေထွက်သွားသလို လှုပ်လှုပ်ရှားရှား လုပ်လိုက်လို့၊ ကိုယ်တွင်းစွမ်းအင်တွေ အသုံးပြုလိုက်ရလို့၊ ပတ်ဝန်းကျင် အပူချိန်နဲ့ လိုက်လျောညီထွေဖြစ်အောင် ညှိယူနေထိုင်ရလို့ ချွေးပုံစံနဲ့ ရေတွေထွက်သလို ဝမ်းတွေ ဆီးတွေလိုကနေလဲ ရေဓာတ်တွေ အပြင်ကို စွန့်ထုတ်ပစ်ရပါတယ်။

တစ်ဖက်မှာလဲ ကျွန်တော်တို့ အတွက် နေ့စဉ်လိုအပ်တဲ့ ရေပမာဏက သူ့ဟာနဲ့သူ ပုံမှန်ဖြစ်နေပြီးသားပါ။ ရေဓာတ်ကို ရေဆိုတဲ့ သီးသန့်သောက်သုံးရတဲ့ အရည်တစ်ခုတည်းကနေ ရတာမဟုတ်ပါဘူး။ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေ၊ သစ်သီးဝလံတွေ၊ ဖျော်ရည် ယမကာတွေမှာလဲ ရေဓာတ်က ပါဝင်ပါတယ်။ နမူနာဆိုရင် အသားငါးတွေ၊ နွားနို့တွေ၊ သစ်သီးဖျော်ရည်တွေ၊ အသီးအနှံတွေ ဒါတွေမှာ လိုအပ်တဲ့ ရေဓာတ်တေွ ပါဝင်ပါတယ်၊ ဒါ့အပြင် အရက် ဘီယာတွေ၊ ကော်ဖီတို့ လက်ဖက်ရည်တို့မှာတောင် ရေဓာတ်ပါပါသေးတယ်။ ဥပမာအနေနဲ့ ဖရဲသီးမှာဆိုရင် ရေဓာတ် ၉၁ ရာခိုင်နှုန်း ပါဝင်သလို ကြက်ဥမှာဆိုရင် ရေဓာတ် ၇၆ ရာခိုင်နှုန်း ပါဝင်ပြီးသားပါ။ ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားခြင်းကနေလဲ ရေဓာတ်ပမာဏ တော်တော်များများ ရနိုင်ပါတယ်။ နောက် metabolic water လို့

လူသိများတဲ့ စားသုံးလိုက်တဲ့ အစားအစာတွေ ဇီဝဖြစ်ပျက်မှု သဘောတရားအရ ခန္ဓာကိုယ်ထဲမှာ အာဟာရအဖြစ် ပြိုကွဲချေဖျက်တဲ့အချိန်မှာလဲ ရေပမာဏ အနည်းငယ် ထွက်ပါသေးတယ်။

ဒါဆိုရင် ရေသောက်ဖို့ မလိုတော့ဘူးလားလို့ မေးချင်စရာရှိပါတယ်၊ အဲ့ဒီအတွက် အဖြေကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်က ရှိနေသင့်တဲ့ ရေဓာတ်ရာခိုင်နှုန်းကို အနည်းငယ် ; ရာခိုင်နှုန်းအားဖြင့် ၁, ၂ လျော့ရင်တောင် အလိုအလျောက် ရေဆာတဲ့ လက္ခဏာတွေကို ပြတတ်ပါတယ်။ အဲ့ဒီအခါကျ ခန္ဓာကိုယ်က လိုအပ်တဲ့ သတိပေးမှုတွေ လုပ်လာပါတယ်၊ အဲ့ဒါကို ကျွန်တော်တို့က ရေဆာတယ်လို့ သိရပါတယ်၊ အကောင်းဆုံး ဖြေရှင်းနည်းကတော့ အဲ့ဒီလို ရေဆာတယ်လို့ ခံစားရချိန်မှာ ရေထသောက်လိုက်ဖို့ပါ။ အဲ့ဒီအခြေအနေထက် ကျော်လွန်သွားရင်တော့ ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေ ပိုပြင်းထန်လာတတ်ပြီး ရေပိုဆာလာပါလိမ့်မယ်။ အကယ်၍ ကိုယ်က ရေလဲမဆာဘူး၊ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်တွေလဲ ထွေထွေထူးထူး မရှိဘူးဆိုရင်တော့ အထူးတလည် ရေသောက်နေဖို့ မလိုအပ်ပါဘူး။

ရေများများသောက်တာနဲ့ ပတ်သက်လို့ ယူဆချက်တွေက အမျိုးမျိုး ရှိနေပါတယ်၊ ဥပမာအနေနဲ့ ရေများများသောက်ရင် ခန္ဓာကိုယ် အသားအရည် ကြည်လင်လာမယ်၊ ကျန်းမာရေးကို အထောက်အကူပြုမယ်ဆိုတာမျိုးပါ။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့လဲ တိကျတဲ့ ဆေးသိပ္ပံဆိုင်ရာ သုတေသန ယူဆချက်မျိုး မရှိသေးဘူးလို့ နယူးယော့ခ်တိုင်းမ်ရဲ့ Aaron E. Carroll က ရေရှစ်ခွက်ကိစ္စနဲ့ ဆိုင်တဲ့ ကျန်းမာရေး ဆောင်းပါးတစ်ခုမှာ ဖော်ပြထားပါသေးတယ်။ သူက ရေသောက်ခြင်းနဲ့ ပတ်သက်လို့  American Journal of Public Health ရဲ့ သုတေသနတစ်ခုကိုလဲ မှီငြမ်းပြောထားပါတယ်၊ အဲ့ဒီသုတေသနထဲမှာတော့ ၂၀၀၉ ကနေ ၂၀၁၂ အထိ ၆ နှစ်ကနေ ၁၉ နှစ် အရွယ် ကလေး လေးထောင်ကျော်ရဲ့ ဆီးတွင်း ရေဓာတ်ပါဝင်မှု ပမာဏကို တိုင်းတာခဲ့ပြီး အဲ့ဒီထဲက ထက်ဝက်ကျော်က  ဆီးတွင်း ရေဓာတ်ပါဝင်မှု ပမာဏ 800 mOsm/kg ရှိခဲ့ပါတယ်၊ သူတို့ထဲမှာ တနေ့ကို ရေ ရှစ်ခွက်သောက်တဲ့ ကလေးတွေကိုလဲ အတူတူ ပူးပေါင်း စစ်ဆေးခဲ့တာဖြစ်ပြီး အဲ့ဒီကလေးတွေရဲ့ တချို့တလေဟာဆိုရင် ဆီးတွင်းရေပါဝင်မှု ပမာဏက ရေရှစ်ခွက်သောက်လေ့မရှိတဲ့ ကလေးတွေထက် 8 mOsm လောက် လျော့နည်းနေတာကိုတောင် တွေ့ခဲ့ရပါတယ်။

လူတော်တော်များများက ရေများများ သောက်ရတဲ့ အလေ့အထကို သဘောတွေ့ကြပါတယ်။ ရေက ခန္ဓာကိုယ်အတွင်းက အညစ်အကြေးတွေကို သန့်စင်ပေးသလို ကျောက်ကပ် လုပ်ငန်းဆောင်တာတွေကို အားကောင်းစေတယ်လို့ ပြောကြပါတယ်။ သုတေသနတွေအရတော့ ကျောက်ကပ်က နေ့စဉ်နေ့တိုင်း သွေး ၁၈၀ လီတာလောက်ကိုတောင် သန့်စင်စစ်ထုတ်နေတာဖြစ်လို့ ကိုယ်တွင်း ရေတွေကိုလည်း ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်ဖို့ စီမံခန့်ခွဲနိုင်ပါတယ်။ ဒါကြောင့် အဲ့ဒီအဆိုတွေကလဲ အပြည့်အဝ မှန်ကန်နေတာ မဟုတ်နေပါဘူး။

ရေပိုသောက်လို့လဲ ကြီးကြီးမားမား ပြဿနာမျိုး၊ ဘေးထွက်ဆိုးကျိုးမျိုး ထူးပြီး မရှိပါဘူး၊ သမရိုးကျ အတိုင်း ရေပိုသောက်ရင် ဆီးပိုသွားဖြစ်ပါတယ်။ သေချာပြောရရင်တော့ ကျောက်ကပ်က သူ့အနေနဲ့ ထွက်သွားတဲ့ ရေပမာဏနဲ့ ဝင်လာတဲ့ ရေပမာဏ ညီမျှဖို့ လုပ်ရတာမလို့ ပိုသွားတာရှိရင်တော့ စွန့်ထုတ်ပစ်ဖို့ စီစဉ်မှာဖြစ်ပြီး လိုအပ်ရင်တော့ အဲ့ဒီသတင်းအချက်အလက်က ရေဆာတယ်အဖြစ် ကျွန်တော်တို့ဆီ ရောက်လာပါလိမ့်မယ်။ Journal of the American Medical Association က လုပ်ခဲ့ဖူးတဲ့ သုတေသနမှာလဲ ကျောက်ကပ်ချို့ယွင်းချက်ရှိတဲ့ လူနာ ၆၃၁ ယောက်ကို အဖွဲ့နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့ကိုတော့ ရေများများသောက်ခိုင်းပြီးတော့ ကျန်တဲ့တစ်ဖွဲ့ကိုတော့ ရေသောက်တာကို ထူးပြီး ဂရုတစိုက် မလုပ်နေဘဲ ပုံမှန်အတိုင်းသောက်စေပါတယ်၊ နောက်ဆုံးရလဒ်မှာတော့ ရေပိုသောက်တဲ့ အဖွဲ့က လူတွေရဲ့ ကျောက်ကပ်ပိုင်းက တခြားအဖွဲ့က သူတွေရဲ့ ကျောက်ကပ်လုပ်ဆောင်ချက်တွေနဲ့ ယှဉ်ရင် ထူးပြီး ပို မကောင်းနေတာကို တွေ့ရပြန်ပါတယ်။

အချုပ်အနေနဲ့ ပြောရရင်တော့ ရေသောက်တာက ကောင်းတဲ့ အလေ့အထဖြစ်ပါတယ်၊ ရေသောက်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်အလေးချိန် လျော့ကျတာ၊ ရုပ်ပိုင်းဆိုင်ရာမှာ ပိုကောင်းတဲ့ လုပ်ဆောင်ချက်တွေကို စွမ်းဆောင်နိုင်တာ၊ ဝမ်းချုပ်တာကို သက်သာစေနိုင်တာ၊ ကျောက်ကပ် ကျောက်တည်တာကို ဖြစ်နိုင်ချေလျှော့ချပေးနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒါပေမဲ့ တစ်နေ့ကို ရေ ရှစ်ခွက် ကျိန်းသေပေါက် သောက်ရမယ်ဆိုတာက ယေဘုယျဆန်ပြီး အပြည့်အဝမမှန်တဲ့ ယူဆချက်ပါ။ အကုန်လုံးအတွက် မှန်ကန်နိုင်တဲ့ ရေသောက်သုံးသင့်တဲ့ ပုံစံကတော့ ချွေးထွက်တဲ့ ပမာဏ အနည်း အများ အပေါ် မူတည်လို့ ကိုယ်က ချွေးများများထွက်ပြီး ရေဓာတ်ဆုံးရှုံးမှု သိသိသာသာရှိရင်တော့ ရေပိုသောက်ပေးဖို့လိုပြိီး ဘာမှ မလုပ်ဘဲ ထိုင်နေတာ၊ ချွေးသိပ်မထွက်တာဆိုရင်တော့ သောက်ဖို့ မလိုပါဘူး။ အကယ်၍ ရေသောက်ဖို့ လိုအပ်လာရင်လဲ ခန္ဓာကိုယ်က အလိုအလျောက် သတိပေးပေးမှာဖြစ်လို့ ရေဆာတယ်လို့ ခံစားရတဲ့အချိန် ရေထသောက်လိုက်တာက အဆင်ပြေတဲ့ နည်းလမ်းပါ။ တစ်ယောက်နဲ့ တစ်ယောက် ရေလိုအပ်ချက်တွေက မတူညီတာဖြစ်လို့ ကိုယ်မဆာလဲ ရှစ်ခွက်၊ ဆာလဲ ရှစ်ခွက် သွားသောက်နေရတာက မှန်ကန်ပြီး စနစ်ကျတဲ့ နည်းလမ်း မဟုတ်လို့ ကိုယ့်ရဲ့ အခြေအနေအပေါ် မူတည်ပြီး သောက်သုံးတာ အကောင်းဆုံးပါ။ ရေအသောက်များလို့ ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတချို့ကိုတော့ ကောမန့်မှာ ဖော်ပြပေးပါ့မယ်။

Share Facebook Telegram Email
Zwe Thukha Min

Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People. With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.

Article Credits

Written by Zwe Thukha Min
Managing Editor Fact Hub Editor Team

Leave a Reply

Your email address will not be published. Required fields are marked *

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.