May 26, 2026 | မြန်မာ
Biology Featured Featured Story

မှိုတစ်ပွင့်မှသည် အကြီးမားဆုံးသော တိုးတက်ပြောင်းလဲမှုတစ်ခုဆီသို့

  ဒီနေ့ ဩဂုတ်လ ၆ ရက်နေ့ဟာ ပင်နီဆလင်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ အလက်ဇန္ဒား ဖလင်းမင်းရဲ့ မွေးနေ့ပါ။ အလက်ဇန္ဒား ဖလင်းမင်းကို ကျွန်တော်တို့ အားလုံးရင်းနှီးကြပါတယ်။ ဆေးသိပ္ပံကို တဟုန်ထိုး တိုးတက်စေခဲ့တဲ့ အပြင် လူ့သက်တမ်းကိုပါ အများကြီး ဆွဲဆန့်ပေးနိုင်ခဲ့တဲ့ ပင်နီဆလင်ပဋိဇီဝဆေးကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့သူပါ။ အဏုဇီဝဗေဒပညာရှင် ဒေါက်တာ အလက်ဇန္ဒား ဖလင်းမင်းက စကော့တလန်နိုင်ငံသားပါ။…

Text size
 

ဒီနေ့ ဩဂုတ်လ ၆ ရက်နေ့ဟာ ပင်နီဆလင်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ အလက်ဇန္ဒား ဖလင်းမင်းရဲ့ မွေးနေ့ပါ။

အလက်ဇန္ဒား ဖလင်းမင်းကို ကျွန်တော်တို့ အားလုံးရင်းနှီးကြပါတယ်။ ဆေးသိပ္ပံကို တဟုန်ထိုး တိုးတက်စေခဲ့တဲ့ အပြင် လူ့သက်တမ်းကိုပါ အများကြီး ဆွဲဆန့်ပေးနိုင်ခဲ့တဲ့ ပင်နီဆလင်ပဋိဇီဝဆေးကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့သူပါ။

အဏုဇီဝဗေဒပညာရှင် ဒေါက်တာ အလက်ဇန္ဒား ဖလင်းမင်းက စကော့တလန်နိုင်ငံသားပါ။ သူ့ကို စကော့တလန်ပြည်နယ် ကော့ဒ်ဖီလ်မြို့မှာ ၁၈၈၁ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တုန်းက မွေးဖွားခဲ့ပါတယ်။ ဖလင်းမင်းက ပထမကမ္ဘာစစ်အချိန်ကတည်းက စစ်ကြီးထဲ စစ်ဆရာဝန်အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ ဒဏ်ရာရနေတဲ့ စစ်သားတွေက ရောဂါပိုးဝင်တဲ့အတွက်ကြောင့်နဲ့ အရေအတွက် အများအပြားသေဆုံးကြရတာကို တွေ့ခဲ့ပါတယ်။ အဲ့ဒီခေတ်အခါက ဒဏ်ရာတွေကို ကုသဖို့ အသုံးပြုတဲ့ ပိုးသတ်ဆေးတွေက ရောဂါပိုးတွေထက် ကိုယ်ခံအားစနစ်ကို ပိုထိခိုက်စေနေတာကြောင့် ဒဏ်ရာတွေက ပိုပိုဆိုးတဲ့ အခြေအနေကို ရောက်နေတာကို ဖလင်းမင်းက သတိထားမိခဲ့ပါတယ်။ ရောဂါပိုးသတ်ဆေးတွေက ဒဏ်ရာရဲ့အပေါ်ယံမျက်နှာက အနာတွေပျောက်ကင်းဖို့ အသုံးဝင်ပေမယ့် အတွင်းနက် ဒဏ်ရာတွေမှာတော့ လေမဲ့အခြေအနေကြောင့် ပေါက်ဖွားလာနိုင်တဲ့ ဘက်တီးရီးယားတွေကို ကောင်းကောင်းမသတ်နိုင်ပါဘူး။ ဒါကြောင့် သူ့အနေနဲ့ ကိုယ်တွင်းဆဲလ်တွေကို ထိခိုက်မှု နည်းပါးစေပြီးတော့ ဝင်ရောက်လာတဲ့ ဘက်တီးရီးယားတွေကို ချေမှုန်းနိုင်မယ့် ပဋိဇီဝဆေးဝါးတစ်ခု လိုအပ်ကြောင်း သိလာပါတယ်။

၁၉၂၂ ခုနှစ်တုန်းက ဖလင်းမင်းက လန်ဒန်မှာရှိတဲ့ စိန့်မေရီဆေးရုံမှာ ဘက်တီးရီးယားကူးစက်မှုတွေနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေကို ပြုလုပ်နေတာပါ။ တစ်ရက်ကျ သူ့ရဲ့ ဓာတ်ခွဲခန်းကို သန့်ရှင်းရေးလုပ်နေတုန်း သုတေသနတွေမှာ ဘက်တီးရီးယားတွေ ဖန်ဂိုင်း (မှို) တွေမွေးဖို့အတွက် သုံးတဲ့ petri dish ဖန်အပြားဝိုင်းခွက်ကလေးထဲမှာ ပုံမှန်မဟုတ်တာ တစ်ခု သတိထားမိခဲ့ပါတယ်။ အဲ့တာက သူ့ဓာတ်ခွဲခန်းထဲက တခြား petri dish ခွက်တွေမှာတော့ ဘက်တီးရီးယားတွေ ပုံမှန်အတိုင်းရှိနေပေမယ့် တစ်ခွက်မှာတော့ ဘက်တီးရီးယားတွေက တစ်ကောင်မှ မရှိနေပါဘူး။ အဲ့ဒီခွက်က လွန်ခဲ့တဲ့ ရက်တွေက အအေးမိနေတဲ့ ဖလင်းမင်းက သုတေသနလုပ်နေတုန်း သူ့ရဲ့နှာရည်တွေကို စမ်းထည့်ထားခဲ့တဲ့ ခွက်ဖြစ်နေပါတယ်။ အဲ့ဒီနှာရည်ထဲမှာ ရှိတဲ့ ဓာတုပစ္စည်းလေးတစ်ခုက ဘက်တီးရီးယားတွေကို ချေဖျက်နိုင်တဲ့ အစွမ်းသတ္တိရှိနေတာပါ။ ဖလင်းမင်းက အနှေးနဲ့အမြန်ပဲ အဲ့ဒီဒြပ်ပစ္စည်းနဲ့ ပတ်သက်ပြီး လေ့လာခဲ့ပြီးတော့ သူတွေ့ရှိခဲ့တဲ့အရာကို နာမည်တစ်ခုပေးခဲ့ပါတယ်။ အဲ့ဒါက ကျွန်တော်တို့ အားလုံး အထက်တန်းဓာတုဗေဒမှာ ကြားခဲ့ဖူးတဲ့ လိုင်ဆိုဇုမ်း (lysozyme) ပါ။ လိုင်ဆိုဇုမ်းတွေက အင်ဇိုင်းတွေပါ။ အင်ဇိုင်း (Enzyme) တွေက သက်ရှိတွေရဲ့ ဇီဝစနစ်ထဲက ဇီဝဓာတ်ပြုမှုတွေမှာ ဓာတ်ပြုနှုန်းကို မြန်စေ နှေးစေတဲ့ ဓာတ်ကူပစ္စည်းတွေအဖြစ် ဆောင်ရွက်ပေးတဲ့ ပရိုတိန်းတွေပါ။ လိုင်ဆိုဇုမ်းတွေက ကျွန်တော်တို့ရဲ့ နှာရည်တွေ၊ ချွဲသလိပ်တွေထဲမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေပါ၊ သူတို့က ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေကို မထိခိုက်စေဘဲနဲ့ ဘက်တီးရီးယားတချို့ကို ချေမှုန်းနိုင်တဲ့ အစွမ်းသတ္တိရှိကြပါတယ်။ ဘက်တီးရီးယားပေါက်ဖွားမှုနှုန်းကို တားဆီးပေးနိုင်တဲ့ လိုင်ဆိုဇုမ်းတွေက အရေအတွက်နည်းတဲ့ ဘက်တီးရီးယားတချို့ကိုပဲ နှိမ်နှင်းနိုင်တာပါ။ ဒါကြောင့် ဆေးကုသမှုမှာတော့ အသုံးမပြုနိုင်ခဲ့ကြပေမဲ့ အဏုဇီဝဗေဒမှာတော့ အတော်ကို ကြီးမားတဲ့ တွေ့ရှိမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဖလင်းမင်းရဲ့ ရှာဖွေတွေ့ရှိမှုထဲမှာ လိုင်ဆိုဇုမ်းကိစ္စက မထင်မရှားရှိနေပါတယ်။ နောက်ထပ် လူတိုင်း သိကြတဲ့ ကိစ္စကတော့ ပင်နီဆလင်ပါ။

ဒီတစ်ခေါက်တော့ ဖလင်းမင်းက စိန့်မေရီက သူ့ဓာတ်ခွဲခန်းမှာ စတက်ဖိုင်လိုကော့ကိုင်း (Staphylococci) ဘက်တီးရီးယားအကြောင်းကို လေ့လာနေခဲ့တာပါ။ အချိန်ကတော့ ၁၉၂၇ ခုနှစ် နောက်ပိုင်း ဝန်းကျင်ဖြစ်ပါတယ်။ သူ့ရဲ့ အစောပိုင်းကာလက လိုင်ဆိုဇုမ်းကိစ္စကြောင့် ဖလင်းမင်းတစ်ယောက် သိပ္ပံအသိုင်းအဝိုင်းမှာ နာမည်ကျော်ကြားပြီး အသိအမှတ်ပြုခံနေရတဲ့ အချိန်ပါ။ တစ်ခါကျတော့ ဖလင်းမင်းက သူ့မိသားစုဆီ အလည်ပြန်ဖို့အတွက် ရက်ရှည်ခွင့် နှစ်ပတ်ယူခဲ့ပါတယ်။ မသွားခင်မှာ သူ့ရဲ့ သုတေသနဓာတ်ခွဲခန်းထဲ စတက်ဖိုင်လိုကော့ကိုင်းဘက်တီးရီးယားတွေကို petri dish ထဲ မွေးထားခဲ့ပြီး အခန်းထောင့်တစ်ခုမှာ ထားထားခဲ့ပါတယ်။ ၁၉၂၈ ခု စက်တင်ဘာ ၃ ရက်နေ့ အားလပ်ရက်ကနေ ပြန်လာတဲ့အခါကျ သူမွေးထားတဲ့ ဘက်တီးရီးယားတွေနားမှာ မှိုတစ်မျိုးရောက်နေပြီးတော့ နဂိုမူလရှိနေတဲ့ စတက်ဖိုင်လိုကော့ကိုင်းတွေ ဖျက်ဆီးခံထားရတာကိုပါ တွေ့ခဲ့ရပါတယ်။ ဖလင်းမင်းက အဲ့ဒီမှိုကို ပင်နီဆလင် (Penicillium) အဖြစ် နာမည်ပေးခဲ့ပါတယ်။ အံ့ဩစရာကောင်းတာက ပင်နီဆလင်ကို ရှာတွေ့ခဲ့တဲ့ ပုံက အစောပိုင်းက လိုင်ဆိုဇုမ်းနဲ့ အတော့်ကို ဆင်တူပါတယ်။ ပင်နီဆလင်ကို တွေ့ရှိတာ ၁၉၂၈ ခုနှစ်ကျော်ကတည်းကပေမဲ့ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ခဲ့တာက ၁၉၄၀ ပတ်ဝန်းကျင်မှပါ။ အကြောင်းကတော့ အဲ့ဒီမှိုကနေ ပင်နီဆလင်ကို ပြန်လည်သန့်စင်ခွဲထုတ်ဖို့အတွက် မတတ်နိုင်ခဲ့ကြလို့ပါ။ ဆယ်စုနှစ်နီးနီး ကြာပြီးတဲ့နောက် ၁၉၃၇ ခုနှစ် ကာလမှာတော့ ဗြိတိန်အမျိုးသား ဆေးဝါးသုတေသီတွေဖြစ်ကြတဲ့ ဟောင်းဝက် ဝေါ်လ်တာ ဖလိုရီ (Howard Walter Florey) နဲ့ အန့် ဘိုးရစ်ချိန်း (Ernst Boris Chain) တို့ ပူးပေါင်းပြီး ပင်နီဆလင်ဒြပ်ပေါင်း သန့်စင်နိုင်မယ့် နည်းလမ်းကို ရှာဖွေခဲ့ကြပါတယ်။ အဲ့ဒီနောက် သုံးနှစ်ကျော် ကြာမြင့်ပြီးတဲ့နောက် ၁၉၄၀ မှာတော့ သန့်စင်တဲ့ ပင်နီဆလင်တွေကို မှိုကတဆင့် အောင်အောင်မြင်မြင်နဲ့ ဖယ်ယူနိုင်ခဲ့ပါပြီ။ ၁၉၄၀ ခုနှစ်မှာ ဟောင်းဝက်နဲ့ ဘိုးရစ်တို့က ပင်နီဆလင်ကို တိရစ္ဆာန်တွေမှာ စတင်စမ်းသပ်အသုံးပြုခဲ့ပါတယ်၊ စမ်းသပ်ချက်အတွက် ကြွက်ရှစ်ကောင် အသုံးပြုခဲ့ပြီးတော့ အဲ့ဒီကြွက်တွေထဲကို သေစေနိုင်လောက်တဲ့ စထရက်ဖ်ကို ကော့ကိုင်း ဘက်တီးရီးယား (streptococci) ပမာဏ ထည့်သွင်းခဲ့ပါတယ်။ ကြွက်ရှစ်ကောင်မှာ ပင်နီဆလင်ပေးခဲ့တဲ့ ကြွက်လေးကောင်ကပဲ ဆက်အသက်ရှင်ကျန်ခဲ့တာကြောင့် သူတို့ရဲ့ သုတေသနကြီး ပထမအဆင့် အောင်မြင်ခဲ့ပါပြီ။ နောက်ပိုင်းခုနှစ်တွေမှာ လူတွေနဲ့ တိုက်ရိုက်စမ်းသပ်ခဲ့ပြီး အကျိုးအာနိသင် ရှိခဲ့တာကြောင့် ပင်နီဆလင်ကို ကမ္ဘာနဲ့တစ်ဝှမ်း တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။ ဒုတိယ ကမ္ဘာစစ်ဖြစ်တဲ့အချိန်မှာလည်း ပင်နီဆလင်က အင်မတန်အရေးပါတဲ့ ကဏ္ဍမှာရှိခဲ့ပြီးတော့ စစ်သားပေါင်း မြောက်မြားစွာရဲ့ အသက်တွေကို ကယ်တင်နိုင်ခဲ့ပါတယ်။ အဲ့ဒီတွေ့ရှိချက်ကြောင့်ပဲ ဖလင်းမင်း၊ ဟောင်းဝက်နဲ့ ဘိုးရစ်တို့ ၁၉၄၅ ခုနှစ်အတွက် ဆေးသိပ္ပံဆိုင်ရာနိုဘယ်ဆု ချီးမြှင့်ခံခဲ့ကြရပါတယ်။

ပင်နီဆလင်လို ပဋိဇီဝဆေးတွေ မပေါ်ခင်ကဆိုရင် ဘာမှမဟုတ်တဲ့ ဘက်တီးရီးယား ကူးစက်မှုလေးတစ်ခုကတောင် လူသားတွေရဲ့ အသက်ဇီဝိန်ကို ဆွဲယူနုတ်ပစ်နိုင်လောက်တဲ့အထိ အစွမ်းကြီးပါတယ်။ သာမန်ဖျားနာမှုလေး၊ ကူးစက်မှုလေးတွေကတောင် အသက်သေစေနိုင်လောက်တဲ့အထိ အန္တရာယ်ရှိတာဖြစ်လို့ ဆေးဝါးကုသမှုကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့ အာဖရိကလို နိုင်ငံတွေမှာဆိုရင် ကလေးသူငယ်သေဆုံးမှု အရေအတွက်က အင်မတန်များပြားပါတယ်။ အဲ့ဒီခေတ်အခါက အာဖရိက ဒေသက ပျမ်းမျှလူ့သက်တမ်းက နှစ် ၂၀ ကျော် ၃၀ ပတ်ဝန်းကျင်ပဲရှိခဲ့ရာကနေ ၁၉ ရာစုဝက်ကျော် နှောင်းပိုင်းနဲ့ ၂၀ ရာစုအစတွေမှ ပဋိဇီဝဆေးတွေပေါ်လာပြီးတဲ့ နောက် လူသားတွေရဲ့ သက်တမ်းက ရုတ်ချည်းမြင့်တက်ခဲ့တာဖြစ်ပါတယ်။ ပင်နီဆီလင်ကို ဆစ်ဖလစ်ရောဂါ၊ အာသီးရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ နမိုးနီးယားခေါ် အဆုတ်ရောင်ရောဂါတွေမှာ အသုံးပြုခဲ့ပြီးတော့ ကူးစက်ရောဂါဖြစ်ပွားမှုနှုန်းတွေ၊ ရောဂါပိုးဝင်လို့ သေဆုံးတဲ့ ကိစ္စတွေကိုပါ လျှော့ချနိုင်ခဲ့ပါတယ်။ ပင်နီဆလင်တွေ့ရှိမှုဟာ လူသားတွေရဲ့ သမိုင်းနဲ့ ဆေးသိပ္ပံ လောကကိုလည်း အကြီးမားဆုံး တိုးတက်ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်စေခဲ့ပါတယ်။

ဆက်စပ်ဆောင်းပါးတွေကို ကောမန့်မှာ ဝင်ကြည့်နိုင်ပါတယ်။ ဝဘ်ဆိုက်ကတဆင့် ဖတ်ရင်တော့ ဘေးက ကွန်းတန့်အမျိုးအစားတွေကို နှိပ်ပြီး သက်ဆိုင်တဲ့ ဆက်စပ်ပိုစ့်တွေကို ဆက်ဖတ်နိုင်မှာပါ။

Fact Hub Myanmar page ကို ရီဗျူးဝင်ရေးပေးခဲ့ဖို့အတွက် တောင်းဆိုချင်ပါတယ်။

 
Zwe Thukha Min

Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People. With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.

Article Credits

Written by Zwe Thukha Min

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.