
နေ့အချိန် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ယံတစ်ခွင်လုံး အပြာရောင်လွှမ်းနေတာကို လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ အဲ့ဒီကောင်းကင်ကြီး ဘာလို့ပြာနေရတာလဲဆိုတာကိုတော့ သိကြတဲ့သူ ခပ်နည်းနည်းပါ။ ကောင်းကင်ကြီး ပြာနေရတဲ့ အကြောင်းပြချက်ကို တချို့က ကမ္ဘာဂြိုဟ်ရဲ့ မျက်နှာပြင်အများစုက ရေတွေနဲ့ ဖုံးလွှမ်းထားလို့ အဲ့ဒီရေပြာတွေက ရောင်ပြန်ဟပ်ပြီး ကောင်းကင်ကို ပြာစေတယ်လို့ ပြောကြပါတယ်။ တကယ့်တကယ် ကောင်းကင်ကြီး ပြာရတဲ့အကြောင်းကတော့ သက်သက်ရှိပါတယ်။
ခပ်တိုတိုဖြေရရင် နေရောင်က ကမ္ဘာ့လေထုထဲ ဝင်လာပြီး လေထုထဲက အမှုန်တွေ၊ ဂတ်စ်ပါတစ်ကယ်တွေနဲ့ တိုက်မိလို့ အလင်းတန်းက အပြာရောင်စဉ်လှိုင်းက ဖြာထွက်ကုန်တာဖြစ်ပါတယ်။ သေချာ အခြခံဆန်ဆန် နားလည်နိုင်ဖို့ ဆက်ကြည့်ကြရအောင်ပါ။ အလင်းကနေ စကြပါမယ်။
အလင်းဆိုတာက ဖိုတွန်ပါတစ်ကယ်တွေကနေ သယ်ဆောင်ထားပြီး ရွေ့လျားတဲ့ အသေးဆုံး quantity လေးပါ။ ကျွန်တော်တို့က အလင်းလို့ပြောလိုက်တာနဲ့ ကျွန်တော်တို့ မျက်စိထဲမှာ မြင်ရတဲ့ အလင်း၊ မြင်နိုင်စွမ်းရှိတဲ့ အလင်း ; Visible Light တွေကိုပဲ ပြေးမြင်တတ်ကြပါတယ်။ အလင်းမှာမှ လျှပ်စစ်သံလိုက်ရောင်ခြည်တချို့ (Electromagnectic Spetrum) တွေကိုတော့ အနီအပြာ အစိမ်း စတဲ့ ရောင်စဉ်လှိုင်းတွေ ရောင်ပြန်တာကနေ အရောင်တွေအနေနဲ့ မြင်ရပါတယ်။ အလင်းလှိုင်းတွေက အများကြီး ရှိပါတယ်။ ဂမ်မာရောင်ခြည်တွေ၊ အိတ်စ်ရေးရောင်ခြည်တွေ၊ ခရမ်းလွန်ရောင်ခြည်တွေ၊ မြင်နိုင်တဲ့အလင်းတွေ၊ အနီအောင်ရောင်ခြည်တွေနဲ့ နောက် ရေဒီယိုလှိုင်းတွေ ဒါတွေအကုန်ပါဝင်ပါယ်။ အလင်းလှိုင်းတွေက အမျိုးအစားအပေါ် မူတည်ပြီးတော့ လှိုင်းအလျားတွေနဲ့ ကြိမ်နှုန်းတွေ ကွဲပါတယ်။ အလင်းရောင်စဉ်တန်းတွေရဲ့ အလယ်မှာ ကျွန်တော်တို့ လူတွေမြင်ရတဲ့ visible light ရှိပါတယ်။ Visible light တွေက လှိုင်းအလျားအနေနဲ့ ၄၀၀ နာနိုမီတာကနေ ၇၀၀ နာနိုမီတာအထိပဲ ရှိကြပါတယ်။ ကျွန်တော်တို့ လူသားတွေအနေနဲ့ အလင်းလှိုင်းအမျိုးအစားတွေ အများကြီးရှိတဲ့ထဲကမှ လှိုင်းအလျား ၃၈၀ နာနိုမီတာကနေ ၇၀၀ နာနိုမီတာကြားရှိတဲ့ လှိုင်းတွေကိုပဲ မြင်ရတာပါ။ တစ်နည်းအားဖြင့် အင်မတန်နည်းပါးတဲ့ အလင်းရောင်စဉ်အမျိုးအစားတွေကိုပဲ မြင်နိုင်စွမ်းရှိတာပါ။ ဒါကလည်း ဆဲလ်တစ်လုံးသက်ရှိတွေကနေ အခုလို လူသားတွေအဖြစ် ပြောင်းလဲလာတဲ့အချိန်ထိ ဆင့်ကဲလာတဲ့ဖြစ်စဉ်တွေနဲ့ သက်ဆိုင်ပါတယ်။
လျှပ်စစ်သံလိုက်ရောင်ခြည်တွေက အက်တမ်တွေ၊ မော်လီကျူးတွေ ပတ်လမ်းအမြင့်ကနေ ပတ်လမ်းအနိမ့်ကို ဆင်းတဲ့အခါမှာ စွမ်းအင်တွေထွက်ပြီး အဲ့ဒီစွမ်းအင်တွေကို ရောင်စဉ်တွေအနေနဲ့ ထုတ်လွှတ်လေ့ရှိပါတယ်။ အက်တမ်တစ်လုံးရဲ့ အီလက်ထရွန်က သူတည်ရှိနေတဲ့ ပတ်လမ်းကနေ ပိုကျယ်တဲ့ ပတ်လမ်းအဖြစ်ကို ပြောင်းဖို့ ပြင်ပက စွမ်းအင်တစ်ခုလိုပါတယ်၊ အဲ့ဒီစွမ်းအင်ကို ရရင်တော့ energy transfer ဖြစ်ပြီး အီလက်ထရွန်တွေက အက်တမ်အတွင်းကနေ ပိုမြင့်တဲ့ ပတ်လမ်းတစ်ခုစီ တက်သွားပါတယ်၊ ပိုမြင့်တဲ့ energy level တစ်ခုကို ရောက်သွားခြင်းပါ။ အဲ့ဒီလိုဖြစ်သွားတဲ့ အီလက်ထရွန်တွေကို “Excited Electron” လို့ခေါ်ပါတယ်။ Excited Electron တွေက ခုနက High Energy state မှာ ကြာကြာမနေနိုင်ဘဲ မူလ state ဆီကို ပြန်လျှောကျပါတယ်။ အဲ့ဒီလိုလျှောကျချိန်မှာ သူ့မှာရှိနေတဲ့ energy တွေကို ဖိုတွန်လှိုင်းရောင်ခြည်တွေအဖြစ် ပြန်ထုတ်လွှတ်ပါတယ်။ ကျွန်တော်တို့ရဲ့ မိခင်နေမှာဆိုရင်လည်း ကြယ်ရဲ့ ဗဟိုဝတ်ဆံက ဟိုက်ဒြိုဂျင်အက်တမ်တွေ နျူကလီးယားပေါင်းစည်းတဲ့နည်း (Nuclear fusion) နည်းနဲ့ ဟီလီယမ်အက်တမ်တွေ အသစ်ဖြစ်ပေါ်ပါတယ်။ အဆင့်တစ်ခုစီကျော်လွန်တိုင်း နျူထရီနို (Neutrinos) တွေ၊ ပိုစစ်ထရွန် (Positrons) တွေနဲ့ ရောင်ခြည်တွေကို ထုတ်လွှတ်ပါတယ်။ နောက် ပေါင်းစပ်နျူကလိယတွေနဲ့ အသစ်ဖြစ်ပေါ်လာတဲ့ ဟီလီယမ်အက်တမ်တွေရဲ့ အသားတင်ဒြပ်ထုက ပေါင်းစည်းထားတဲ့ ဟိုက်ဒြိုဂျင်အက်တမ်တစ်လုံးစီ ပေါင်းထားတဲ့ ဒြပ်ထုထက် အများကြီးသေးသွားပါတယ်။ ဆုံးရှုံးသွားတဲ့ ဒြပ်ထုတွေကိုတော့ သန့်စင်တဲ့နေရောင်ခြည်စွမ်းအင်အဖြစ်နဲ့ ထုတ်လွှတ်ပါတယ်။ အဲ့ဒီထုတ်လွှတ်တာတွေက လျှပ်စစ်သံလိုက်ရောင်ခြည်တွေပါ။ အဲ့ဒီရောင်စဉ်လှိုင်းတွေကို ဖိုတွန်အမှုန်တွေက သယ်ဆောင်လာပြီးတော့ အဲ့ဒီထဲက တချို့ကိုတော့ ကျွန်တော်တို့က မြင်ရပါတယ်။ Visible Light ရောင်စဉ်တွေမှာ သက်တံ့ထဲက အရောင်တွေ အကုန်လုံး ပါနေပြီး အဖြူရောင်အလင်းတန်းအဖြစ် မြင်ရတာပါ။ ဒီအလင်းတန်းကို သုံးမြှောင့်ဖန်တုံးထဲ ပေးဖြတ်လိုက်မယ်ဆိုရင်တော့ အထဲက ရောင်စဉ်တွေအကုန် ဖြာထွက်ကုန်ပါတယ်။
ကျွန်တော်တို့ ကမ္ဘာမြေကြီးမှာ လွှမ်းခြုံထားတဲ့ လေထုရှိပါတယ်။ အဲ့ဒီလေထုထဲမှာ နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်းပါဝင်ပြီး အောက်စီဂျင် ၂၁ ရာခိုင်နှုန်းပါဝင်တာပါ။ ဒီ့အပြင် အခြားဓာတ်ငွေ့တွေလည်း ရှိပါသေးတယ်။ Visible Light ကိုသယ်ဆောင်ထားတဲ့ နေရောင်က ကမ္ဘာ့လေထုကို လာထိတဲ့အခါ လေထုထဲက ဓာတ်ငွေ့အမှုန်အမွှားတွေနဲ့ အလင်းလှိုင်းတွေ အချင်းချင်း တိုက်မိကြပါတယ်၊ တိုက်မိတဲ့အခါ အဲ့ဒီအလင်းလှိုင်းတွေက ဖြာထွက်ကုန်ပါတယ်။ ဒါကို Scattering လို့ ခေါ်ပါတယ်။ Rayleigh’s Scattering ဆိုတာကတော့ အဲ့ဒီအလင်းလှိုင်းတွေ ဘာလို့ ဖြာထွက်ပြန့်ကျဲကုန်လဲဆိုတာကို ရှင်းပြထားတဲ့ ယူဆချက်ပါ။ ကောင်းကင်ကြီး ပြာရတာကို Rayleigh’s Scattering နဲ့ ရှင်းပြနိုင်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပါပဲ၊ နေရောင်မှာ လှိုင်းအလျားမတူညီတဲ့ အလင်းလှိုင်းတွေ၊ ရောင်စဉ်တွေပါဝင်ပါတယ်၊ ဒီလှိုင်းတွေ လေထုထဲ ဖြတ်ချိန်မှာတော့ လေထုထဲက ဂတ်စ်မော်လီကျူးတွေ၊ အမှုန်အမွှားလေးတွေနဲ့ တိုက်မိကြတာပါ။ အဲ့ဒီယူဆချက်အရ လေထုထဲက အမှုန်အမွှားတွေက ဖြတ်သန်းလာတဲ့ လှိုင်းအလျားတွေထက် အရွယ်အစားသေးနေမယ်ဆိုရင် လှိုင်းတွေဖြာထွက်ကုန်တာပါ။ လှိုင်းအလျားတိုလေလေ၊ ဖြာထွက်မှု များလေလေဖြစ်ပါတယ်။
ဒါဆိုမေးချင်စရာရှိပါတယ်၊ ဘာလို့အပြာကိုပဲ မြင်ရတာလဲဆိုတာပါ။ Visible light မှာရှိတဲ့ ရောင်စဉ်တွေက လှိုင်းအလျားမတူကြပါဘူး။ အဲ့ဒီထဲမှာ အနီရောင်ကတော့ လှိုင်းအလျားအရှည်ဆုံးပါ။ အတိုဆုံးကတော့ အပြာနဲ့ ခရမ်းဖြစ်ပါတယ်။ ခုနက လေထုအတွင်း ပြန့်ကျဲဖြာထွက်ကုန်တာမှာ လှိုင်းအလျားတိုတဲ့ အပြာရောင်စဉ်တွေက သက်ရောက်မှုကို အများဆုံးခံရပါတယ်။ သူက တခြားလှိုင်းတွေထက် တိုတာဖြစ်လို့ လေထုထဲဝင်ဝင်ချင်းမှာတင်ပဲ ပါတစ်ကယ်တွေနဲ့ တိုက်မိပြီး လျင်လျင်မြန်မြန်ဖြာထွက်ကုန်တာပါ။ ဒါကြောင့် စာဖတ်သူ နေ့တိုင်းကြည့်နေတဲ့ ကောင်းကင်ကြီးက အပြာရောင်စဉ်လှိုင်းတွေ လွှမ်းမိုးနေတာဖြစ်ပါတယ်။ လေထုရဲ့ အရောင်က အမြဲတမ်း အပြာတော့ မဟုတ်နေပါဘူး။ ညနေနေဝင်ချိန်တွေမှာဆိုရင် နေအလင်းက ကမ္ဘာပေါ်ကို တည့်တည့်မကျတော့ပါဘူး။ အဲ့ဒီအစား နေရောင်ကျတဲ့ ထောင့်က ခပ်စောင်းစောင်းဖြစ်သွားတာကြောင့် နေဆီကလာတဲ့ အလင်းရောင်ခြည်တွေက ကျွန်တော်တို့ဆီရောက်ဖို့ လေထုထဲကို ခပ်ကြာကြာဖြတ်ရပါတယ်။ အဲ့ဒီအခါကျ အပြာတွေကတော့ ဝင်ဝင်ခြင်းတင် ပြန့်ကျဲကုန်ပြီး ပိုရှည်တဲ့ အဝါနဲ့ လိမ္မော်၊ အနီ .. ဒီလှိုင်းတွေကပါ ဖြတ်ရတာ ကြာလာတာနဲ့အမျှ scatter ဖြစ်လာစေတာပါ။ ဒါကြောင့် ညနေခင်းနေဝင်ချိန်တွေိဆို မိုးကုပ်စက်ဝိုင်းအထက်ဘက်မှာ နေလုံးကြီးကို မြင်ရပြီဆိုရင် ကောင်းကင်ပြင်တစ်ခုလုံးလည်း နီမြန်းမြန်းဖြစ်ကုန်တာပါ။
ဖိုတွန်တွေအကြောင်း၊ နျူကလီးယားဖျူရှင်အကြောင်းအပြင် ဒီပိုစ့်နဲ့ သက်ဆိုင်တဲ့ အခြားဆောင်းပါးတွေကို ကောမန့်မှာ ဖော်ပြပေးထားပါမယ်။
Fact Hub Myanmar page ကို ရီဗျူးလေး ရေးပေးခဲ့ဖို့အတွက် တောင်းဆိုချင်ပါတယ်။