May 26, 2026 | မြန်မာ

ကြယ်တွေ ဘယ်လိုမွေး ဂြိုဟ်တွေဘယ်လိုဖြစ်

ညအခါမှောင်မည်းနေတဲ့ ကောင်းကင်ထက်က လင်းလက်တောက်ပနေတဲ့ ကြယ်တာရာကြီးတွေကို လူတိုင်းလိုလိုမြင်တွေ့ဖူးကြမယ်ထင်ပါတယ်၊ အဲ့ဒီကြယ်တာရာကြီးတွေ ဘယ်လိုမွေးဖွားလာခဲ့လဲဆိုတဲ့ မေးခွန်းကိုလည်း တွေးမိဆမိကြမှာပါ၊ ကြယ်တွေမှမဟုတ် .. ကျွန်တော်တို့ လက်ရှိ နေထိုင်နေတဲ့ ကမ္ဘာကြီးလို ဂြိုဟ်တွေ ဘယ်လိုဖြစ်တည်လာခဲ့တာလဲဆိုတာကိုလည်း သိချင်ဖူးကြမယ်ထင်ပါတယ်၊ ဒီနေ့မှာ Fact Hub ရဲ့ ပုံမှန်တင်ဆက်နေကျ cosmoslogy ကဏ္ဍမှာ  ကြယ်တွေ ဘယ်လိုမွေးခဲ့တာလဲ၊ ဂြိုဟ်တွေကရော…

Text size

ညအခါမှောင်မည်းနေတဲ့ ကောင်းကင်ထက်က လင်းလက်တောက်ပနေတဲ့ ကြယ်တာရာကြီးတွေကို လူတိုင်းလိုလိုမြင်တွေ့ဖူးကြမယ်ထင်ပါတယ်၊ အဲ့ဒီကြယ်တာရာကြီးတွေ ဘယ်လိုမွေးဖွားလာခဲ့လဲဆိုတဲ့ မေးခွန်းကိုလည်း တွေးမိဆမိကြမှာပါ၊ ကြယ်တွေမှမဟုတ် .. ကျွန်တော်တို့ လက်ရှိ နေထိုင်နေတဲ့ ကမ္ဘာကြီးလို ဂြိုဟ်တွေ ဘယ်လိုဖြစ်တည်လာခဲ့တာလဲဆိုတာကိုလည်း သိချင်ဖူးကြမယ်ထင်ပါတယ်၊ ဒီနေ့မှာ Fact Hub ရဲ့ ပုံမှန်တင်ဆက်နေကျ cosmoslogy ကဏ္ဍမှာ  ကြယ်တွေ ဘယ်လိုမွေးခဲ့တာလဲ၊ ဂြိုဟ်တွေကရော ဘယ်လိုဖြစ်ခဲ့တာလဲဆိုတဲ့ ခေါင်းစဉ်နဲ့အတူ သဘာဝတရားကို လေ့လာကြည့်ကြရအောင်ပါ။

လွန်ခဲ့တဲ့ နှစ် ၁၃.၈ ဘီလျံခန့်မှာ မဟာပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီး ဒြပ်နဲ့အချိန်ဟင်းလင်းပြင် တစ်ပြိုင်နက်ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီကနေမှ စကြာဝဠာကြီး စတင်မွေးဖွားလာခဲ့ပြီးတော့ Big Bang အပြီး နှစ်သန်း ၁၀၀ ကနေ ၂၀၀ ကြားမှာ ကြယ်တွေ စတင်မွေးဖွားခဲ့ကြတယ်၊ အဲ့ဒီကနေမှ ကျွန်တော်တို့ solar system လို နေအဖွဲ့အစည်းတွေ ပေါ်ပေါက်လာခဲ့ကြတယ်။ Big Bang ပေါက်ကွဲမှုကြီးက အရာအားလုံးကို မွေးထုတ်ပေးခဲ့တယ်လို့ ပြောလို့ရနိုင်တယ် .. ကြယ်တာရာကြီးတွေ၊ ကြီးမားလှတဲ့ ဂလက်စီကလပ်စတာအစုအဝေးတွေ၊ နေအဖွဲ့အစည်းတွေ၊ ဂြိုဟ်တွေ .. ဒါတွေအကုန်လုံးရဲ့ မူလဘူတက Big Bang ကစတယ်လို့ ပြောလို့ရနိုင်ပါတယ်။

စကြာဝဠာကြီးက ရှင်သန်ရာဘဝသက်တမ်း အစောပိုင်းကာလမှာ အက်တမ်တွေအဖြစ် မစုဖွဲ့နိုင်သေးဘဲ အခြေခံအမှုန်တွေဖြစ်တဲ့ ကွာ့ခ် (Quark) တွေ၊ နယူထရီနို (Neutrino) တွေနဲ့ အီလက်ထရွန် (Electron) တွေ ရောပြွန်းပြန့်ကျဲနေတဲ့ ပလာစမာပင်လယ်ကြီးအဖြစ်နဲ့ တည်ရှိနေခဲ့တယ်။ အဲ့ဒီအချိန်ကာလက စကြာဝဠာပြင်ကြီးတစ်ခုလုံး အင်မတန်အပူချိန်မြင့်နေတာဖြစ်လို့ အက်တမ်မစုဖွဲ့နိုင်တဲ့ ကာလအပိုင်းအခြားလေးပေါ့။ အချိန်ကြာလာတာနဲ့အမျှ စကြာဝဠာက ပြန့်ကားထွက်လာတဲ့အခါ အပူချိန်တွေလည်း ဖြည်းဖြည်းချင်း လျော့ကျလာခဲ့တယ်၊  အပူချိန် ၁၀ ဘီလီယံကယ်လ်ဗင်လောက်လည်းရောက်ရော သဘာဝလောကကို လှလှပပကြီး တည်ဆောက်ပေးတော့မယ့် လက်သမားလေးဦးရောက်လာတယ်။ အဲ့ဒီလက်သမားလေးဦးက

– Gravity (ဒြပ်ဆွဲအား)

– Electromagnetic Force (လျှပ်စစ်သံလိုက်အား)

– Strong Nuclear Force (နျူကလီးယားအပြင်းအား)

– Weak Nuclear Force (နျူကလီးယားအပျော့အား) ဆိုတဲ့ အခြေခံအားလေးမျိုး (3F လို့ခေါ်တဲ့ Four fundamental force) ပေါ့။

ပထမဆုံး စအလုပ်လုပ်တာက SNF လို့ခေါ်တဲ့ နျူကလီးယားအပြင်းအားပဲ။ သူက ခုနကပြန့်ကျဲနေတဲ့ အခြေခံအမှုန်တွေကို အချင်းချင်းစုကပ်စေပြီး အက်တမ်တွေရဲ့ ဝတ်ဆံ nucleus တွေဖြစ်တည်စေတဲ့ အားပေါ့။ ဒီအားကြောင့် ပလာစမာပင်လယ်ထဲက ကွာ့ခ်တွေက နီးစပ်ရာအချင်းချင်း သုံးခုတစ်စုဖွဲ့ကုန်ကြတယ်၊ ပါဝင်တဲ့ လျှပ်ဓာတ်အလိုက် ပရိုတွန်လား .. နျူထရွန်လားဆိုတာ ပြန်ကွဲကုန်တယ်။ ပရိုတွန်ဆိုရင် Up qwark နှစ်ခု၊ down quark တစ်ခုတည်းနဲ့ ဖွဲ့စည်းထားပြီး နျုထရွန်ဆိုရင်တော့ Up qwark တစ်ခု၊ Down နှစ်ခုနဲ့ ဖွဲ့စည်းထားကြတယ်။ နယူကလီယွန်လို့လည်း ခေါ်ကြတာပေါ့။ ခုနက သုံးလုံးတစ်စုစုပြီး ကျတာအလိုက် ပရိုတွန်၊ နျူထရွန်ဖြစ်နေတဲ့ ပါတစ်ကယ်လေးတွေက အဲ့ဒီ SNF ကြောင့်ပဲ နီးစပ်ရာ ထပ်စုရင်း အက်တမ်ရဲ့ ဝတ်ဆံ (Nucleus) အဖြစ် စတင်စုစည်းမိနေပြီ။ အဲ့ဒီကနေမှ ဒုတိယတာဝန်ကျတာက လျှပ်စစ်သံလိုက်အားဖြစ်တယ်။ အက်တမ်တွေမှာ နျူးကလီးယပ်စ်က အဖိုဓာတ် (အပေါင်းဓာတ်ဆောင်) ပြီး အီလက်ထရွန်တွေက အမဓာတ် (အနုတ်ဓာတ်ဆောင်) ဆိုတာ တော်တော်များများ သိကြပါတယ်။ SNF ကျေးဇူးကြောင့် အက်တမ်တွေရဲ့ ဝတ်ဆံအဖြစ် စုစည်းမိနေရာကနေ အပေါင်းဓာတ်ဆောင်တဲ့  နျူးကလီးယပ်စ်ကြီးက သူ့အနားက မဓာတ်ဆောင်တဲ့ အီလက်ထရွန်လေးတွေကို လိုက်ဆွဲငင်တဲ့အခါ အလယ်မှာ နျူးကလီးယပ်စ်နဲ့ ပတ်ပတ်လည်မှာ အီလက်ထရွန်တွေရှိတဲ့ ဟိုက်ဒြိုဂျင်အက်တမ်တွေ စတင်ဖြစ်တည်လာခဲ့တာပေါ့။

အဲ့သလိုနဲ့ စကြာဝဠာပြင်ကြီးထဲမှာ နက်ဗျူလာလို့ခေါ်တဲ့ ဟိုက်ဒြိုဂျင်နဲ့ ဟီလီယမ် ဓာတ်ငွေ့တွေစုဝေးနေတဲ့ ဓာတ်ငွေ့တိုက်တိမ်အစုအဝေးကြီးတွေ ရှိလာတယ်။ ကျွန်တော်တို့ရဲ့ မိခင်နေကြီးအပါအဝင် ကြယ်တာရာတော်တော်များများ ဒီနက်ဗျူလာတွေဆီကနေပဲ မွေးဖွားသန့်စင်လာကြတာဖြစ်ပါတယ်။ ကြယ်တွေရဲ့ မိခင်က ဓာတ်ငွေ့တိမ်တိုက်တွေဆိုရင် မွေးဖွားပေးမယ့် လက်သည်ကတော့ ဒြပ်ဆွဲအားလို့ဆိုနိုင်တာပေါ့။ ကိုးတန်းမှာသင်ရတဲ့ နယူတန်ဒြပ်ဆွဲမှုနိယာမအရ ဒြပ်ရှိတဲ့အရာတိုင်းက အချင်းချင်းဆွဲငင်ကြတယ်။ ခုနက ဓာတ်ငွေ့တိမ်တိုက်ထဲက ဖုန်မှုန့်တွေ၊ ဓာတ်ငွေ့တွေက အချင်းချင်းဆွဲငင်ကြရင်း .. နှစ်စုရှိတဲ့ ကောင်က တစ်စုကိုဆွဲ .. သုံးစုဖြစ်လာတော့ နှစ်စုကိုဆွဲလာ .. အဲ့ဒီလို ခပ်များများစုမိတာတွေက ဘေးမှာရှိနေတာတွေကို ဆက်ဆက်ဆွဲရင်း ဒြပ်တွေများသထက်များလာပြီး ဗဟိုမှာ ထုနဲ့ထည်နဲ့ ကြီးကြီးမားမား စုမိလာကြတယ်။ ဒီလို ကြယ်သန္ဓေလောင်း (protostar) အခြေအနေနဲ့ နှစ်သောင်းချီကြာပြီးတဲ့နောက်မှာ ဓာတ်ငွေ့တိမ်တိုက်တွေနဲ့ ဂတ်စ်လုံးကြီးက ထူသထက်ထူ၊ ကြီးသထက်ကြီးလာတဲ့ အနေအထားကိုရောက်လာတယ်။ ပတ်ပတ်လည်မှာလည်း ဓာတ်ငွေ့အပြားဝိုင်းကြီးတွေ လှည့်ပတ်ကာရံနေပြီးတော့ အဲ့ဒီအစုအဝေးကြီးတွေက ကျွန်တော်တို့နေအဖွဲ့အစည်းထက်တောင် ပိုကြီးတတ်ကြပါတယ်။ အလယ်ဗဟိုဝတ်ဆံမှာတော့ ဒြပ်တွေက G force ကို ပြင်းပြင်းထန်ထန် သက်ရောက်ခံရတာ ကြောင့် အင်မတန်သိပ်သည်းတဲ့ hot ball ကြီးတစ်ခုဖြစ်နေပါပြီ။

ဟိုးးအတွင်းဆုံး ဗဟိုဝတ်ဆံထဲက ဟိုက်ဒြိုဂျင် အက်တမ်တွေက အားကြီးလွန်းတဲ့ ဒြပ်ဆွဲဖိအားကို ခံနေရတယ်။ ဗဟိုက ဒြပ်တွေက ပိုလို့ ပိုလို့ ကျစ်လစ်သိပ်သည်းလာအောင် ဖိသိပ်ခံလာရတဲ့အခါ chemistry law အရ heat up ဖြစ်လာ… အပူချိန်မြင့်တက်လာပါတယ်။ ကြယ်သန္ဓေလောင်းလေးက အရွယ်အစားပိုသေး၊ ပိုကျစ်၊ ပိုသိပ်သည်း၊ ပိုပူလာပြီး ဗဟိုက အူတိုင်/ဝတ်ဆံအပူချိန်က ၁၅ သန်း ဒီဂရီဆဲလ်စီးယပ်စ်နားကို ကပ်လာတယ်။ အဲ့လောက်အပူချိန်ဖြစ်လာတဲ့အခါမှာ အတွင်းထဲက အက်တမ်တွေက ‘Fusion’ (နျူကလီးယားဓာတ်ပြုမှု) တွေ ဆက်တိုက်ဖြစ်လာပြီးတော့ energy တွေ အများကြီးဖြာထွက်ကုန်ရာကနေ ကြယ်တစ်စင်းမွေးလာတာပေါ့။ [Fusion အကြောင်း – #2F_Explanation_FH]

ဂြိုဟ်တွေဘယ်လိုဖြစ်တာလဲဆိုရင်ကျ ခုနက ပရိုတိုကြယ်သန္ဓေလောင်းအဆင့်မှာ အလယ်က hot gas နဲ့ ပတ်ပတ်လည်မှာ ဓာတ်ငွေ့အဝန်းအဝိုင်းထုကြီး (ဓာတ်ငွေ့အပြားဝိုင်း – Accretion disk) ရှိနေတယ်ဆိုပြီး ပြောခဲ့ပါတယ်။ အဲ့ဒီဓာတ်ငွေ့အဝန်းအဝိုင်းကလည်း သူတို့နည်းသူတို့ဟန်နဲ့ ဖုန်မှုန့်တွေ၊ ဒြပ်စဒြပ်နတွေ ပေါင်းစုစည်းရင်း ပရိုတိုဂြိုဟ်.. ဂြိုဟ်လောင်းလေးတွေအဖြစ်နဲ့ သူတို့ရဲ့ ဗဟိုက မိခင်ကြယ်လောင်းကြီးနဲ့ အတူ အပြိုင်ဖြစ်တည်တယ်။ အဲ့ဒီကနေမှ ကျောက်သားအစိုင်အခဲချင်းစုမိတာတွေက ကမ္ဘာတို့၊ မားစ်တို့လို ကျောက်စိုင်ဂြိုဟ်တွေဖြစ်ကြပြီး ဓာတ်ငွေ့တွေစုမိတဲ့အခါကျ စေတန်တို့ ဂျူပီတာတို့လို ဧရာမဓာတ်ငွေ့လုံးဂြိုဟ်ကြီးတွေဖြစ်တည်စေတယ်။ ဒီရှင်းပြချက်ကို Nebular Hypothesis လို့ခေါ်ကြပြီးတော့ သိပ္ပံအသိုင်းအဝိုင်းမှာ တော်တော်များများလက်ခံကြတဲ့ နေအဖွဲ့အစည်းတွေရဲ့ formation/ဖြစ်တည်လာပုံ ပါပဲ။ ဒီ hypothesis က ဂြိုဟ်တွေရဲ့ လည်ပတ်ပုံနဲ့ ဂြိုဟ်အစဉ်ကိုလည်း ရှင်းပြထားတယ်။ နေအဖွဲ့အစည်းအပေါ်လိုက်ပြီး သူတို့ဖြစ်တည်လာတဲ့ မူလနက်ဗျူလာမှာ ပရိုတိုကြယ် ဘေးနားက ဒြပ်တွေက သူတို့ရဲ့မိခင်ကို ဘယ်လို ဦးတည်ရာနဲ့ လည်ပတ်လဲဆိုတာ အပေါ်မူတည်ပြီး ဂြိုဟ်တွေအပေါ် ကြယ်တွေရဲ့ လည်ပတ်ပုံက ကွဲပြားတယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့နေအဖွဲ့အစည်းမှာဆိုရင် ကမ္ဘာအပါအဝင် ဂြိုဟ်အကုန်လုံးက မိခင်ကြယ်ကြီးကို နာရီလက်တံပြောင်းပြန်နဲ့ လည်ပတ်ကြတယ်။ ဂြိုဟ်အစဉ်ကို ပြောရမယ်ဆိုရင် နေအဖွဲ့အစည်းအဖြစ် စစတည်ချင်းမှာ နေကနေ ထွက်တဲ့ Solar wind နဲ့ အပူလှိုင်းတွေက ခပ်ပေါ့ပေါ့ ဂတ်စ်အလုံးဂြိုဟ်တွေကိုကျ အဝေးကိုရွေ့သွားစေပြီး ကျောက်စိုင်ကျောက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျောက်သားဂြိုဟ်တွေကိုက သိပ်မဝေးမနီးမှာ ရှိနေစေတယ်လို့ အဲ့ဒီ hypothesis ကဆိုပါတယ်။ ဒါကြောင့်ပဲ မာကျူရီ၊ ဗီးနပ်စ်၊ ကမ္ဘာနဲ့ မားစ်တို့က ဂြိုဟ်အစဉ်အရ အရှေ့မှာရှိပြီးတော့ ဓာတ်ငွေ့လုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂျူပီတာ၊ စေတန်နဲ့ ရေခဲတွေ ဓာတ်ငွေ့တွေဖုံးလွှမ်းထားတဲ့ ယူရေးနပ်စ်တို့ နပ်ပ်ကျွန်းတို့က ဟိုးနောက်ဘက်မှာရှိနေတာပါ။ ဒါက နက်ဗျူလာတိမ်တိုက်အဖြစ်နဲ့ ပရိုတိုကြယ်တွေ၊ ပရိုတိုဂြိုဟ်တွေဖြစ်တုန်းက အတွင်းပိုင်းပိုကျတဲ့ ဒြပ်တွေအနေနဲ့ အပူပိုခံစားရလို့ ဒြပ်အစိုင်အခဲတွေအဖြစ်နဲ့ပဲ ကျန်ရစ်ပြီး နောက်ဘက်ကျပိုအေးတဲ့ နေရာက matter တွေကတော့ ဓာတ်ငွေ့ဂြိုဟ်တွေအဖြစ် ဖွဲ့စည်းတာကို အထောက်အကူပြုနိုင်တာကြောင့်လည်း ပါပါတယ်။

ကြယ်တွေက တူညီတဲ့ ပုံစံနဲ့ မွေးဖွားလာကြပေမယ့် ကွဲပြားတဲ့ ပုံစံနဲ့ သေဆုံးကြရပါတယ်။ ကြယ်တွေ၊ ဂြိုဟ်တွေ မွေးတာနဲ့ ပတ်သက်လို့ သိပြီးပြီဆိုတော့ စာဖတ်သူတွေအနေနဲ့ ကြယ်တွေရဲ့ သေဆုံးပုံကိုလည်း စိတ်ဝင်စားမယ်လို့ထင်ပါတယ်။ တကယ်လည်း ကြယ်တွေရဲ့ နောက်ဆုံးကံကြမ္မာနဲ့ နေအဖွဲ့အစည်းတွေရဲ့ အဆုံးသတ်ချိန်က အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ နောက်အပတ် ကြာသပတေးနေ့ ညခုနှစ်နာရီမှာ ဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ မလွတ်တမ်းစောင့်ဖတ်ချင်တယ်ဆိုရင် see first လုပ်ထားဖို့ အကြံပေးလိုပါတယ်ခင်ဗျာ။ နက်ဖြန် ည ခုနှစ်နာရီကျရင် အချက်အလက်စစ်ဆေးတဲ့ ဆောင်းပါးတစ်ပုဒ် publish လုပ်ဖို့ရှိမှာဖြစ်လို့ ဆက်ဆက်စောင့်ကြည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

Zwe Thukha Min

Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People. With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.

Article Credits

Written by Zwe Thukha Min
Managing Editor Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.