ကျွန်တော်တို့ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာပဲဖြစ်ဖြစ်၊ သမိုင်းဆိုရင်လည်း မြန်မာ့သမိုင်းတွေထဲမှာပဲဖြစ်ဖြစ်၊ ဒဏ္ဍာရီလာဝတ္ထုတွေမှာပဲဖြစ်ဖြစ် ဟိုးအရင်ခေတ်တုန်းက လူတွေက အခုခေတ်လူတွေထက် အရွယ်အစားအားဖြင့် အများကြီးပိုကြီးကြတယ်။ အရပ်အမောင်းကလည်း ပိုရှည်သလို ခွန်အားဗလအားဖြင့်လည်း ကြီးမားကြတယ်။ မြန်မာ့သမိုင်းမှာဆိုရင်လည်း ကျန်စစ်သားတို့ ကနောင်မင်းသားကြီးတို့လို ရာဇဝင်တွင်တဲ့ သူရဲကောင်းတွေက ထန်းတစ်ရပ်အမြင့်နဲ့ ရန်သူတစ်ထောင်အားနဲ့ ညီမျှတဲ့ သန်မာမှုကို ပိုင်ဆိုင်ထားတယ်လို့ အမွှမ်းတင်ဖွဲ့ဆိုကြတာတွေကို တော်တော်များများ ကြားဖူးကြမယ်ထင်ပါတယ်။ မန္တလေးတောင်ပေါ်မှာရှိတဲ့ ကျန်စစ်သားရဲ့ ခြေရာဆိုရင်လည်း အင်မတန်ကြီးမားတယ်လို့ ဆိုကြပြန်ပါတယ်။ အဲ့နည်းတူပဲ ဘာသာရေးနဲ့ ဆိုရင်လည်း ဗုဒ္ဓဝင်တွေမှာ အဲ့ဒီအချိန်အခါက လူသားတွေက အခုခေတ်နဲ့စာရင် အရွယ်အစား အင်မတန်ကြီးမားကြတယ်၊ ဗုဒ္ဓရဲ့ ခြေရာတော်၊ စွယ်တော်တွေဆိုရင်လည်း အရွယ်အစားအားဖြင့် အင်မတန်ကြီးမားကြတယ်ဆိုပြီး ယနေ့ခေတ်မှာ ကိုးကွယ်ရာအဖြစ် ဘာသာရေးဆိုင်ရာ နေရာဌာနတွေမှာ ပြသထားတာကို တွေ့ရပါတယ်။ ကမ္ဘာဦးကျမ်းမှာဆိုရင်လည်း နီဖီလမ်လူ့ဘီလူးကြီးတွေဟာ “ဘုရားသခင်ရဲ့မျိုးဆက်” လို့ ဆိုထားပြီး သမ္မာကျမ်းစာရဲ့ ၁၃:၃၃ အရ လူဘီလူးကြီးတွေဟာ အာနက်ရဲ့မျိုးဆက်ဖြစ်ပြီး လူသားတွေနဲ့ယှဉ်ရင် အင်မတန်ကြီးမားကြတယ်လို့ ဆိုပါတယ်။ တမန်တော်အာဒမ်ရဲ့ ဂျွဗ္ဗာဟ်ဟာလည်း အင်မတန်ကြီးမားတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ဒီအကြောင်းအရာတွေအကုန်လုံး.. အကြမ်းဖျင်းအနေနဲ့ ရှေးတုန်းက လူသားတွေရဲ့ အရွယ်အစားက အခုခေတ်ထက်စာရင် ပိုကြီးမားတဲ့ အရွယ်အစားရှိတယ်ဆိုတဲ့ အကြောင်းအရာဟာ ‘အချက်အလက်မှား’ တစ်ခုသာဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ မှားယွင်းချက်တွေအကုန်လုံးကို သိပ္ပံနည်းကျ သက်သေပြအတည်ပြုထားတာတွေ ရှိပါတယ်။ ဒီတစ်ပတ် Fact Hub ရဲ့ fact check ဆောင်းပါးအစီအစဉ်မှာတော့ အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မှားယွင်းနေတဲ့အရာတွေကို ကျွန်တော်တို့ အတူတူ လေ့လာကြည့်ရအောင်ပါ။
______________
၁ – ❝ကျောက်ဖြစ်ရုပ်ကြွင်းနှင့် မနုဿဗေဒဆိုင်ရာ လေ့လာမှု❞
ဆင့်ကဲဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ကျောက်ဖြစ်ရုပ်ကြွင်းတွေအပေါ် မူတည်ပြီး လေ့လာတဲ့ ပညာရှင်တွေ၊ မနုဿဗေဒပညာရှင်တွေအနေနဲ့ ရှေးဟောင်းကျောက်ဖြစ်ရုပ်ကြွင်းတွေရဲ့ အရိုးစုတွေကို လေ့လာပြီးတော့ ဟိုးးအရင်အချိန်တုန်းက ကျွန်တော်တို့ ဘိုးဘေး လူသားတွေရဲ့ ပုံပန်းသွင်ပြင်နဲ့ ပတ်သက်ပြီး သိရှိနိုင်ဖို့အတွက် လေ့လာမှုတွေလုပ်ခဲ့ – လုပ်နေပါတယ်။ ဒီသိပ္ပံနည်းကျ လေ့လာမှုတွေအရ ရှေးခေတ်လူသားတွေရဲ့ အရွယ်အစားက အခုခေတ်လူသားတွေရဲ့ အရွယ်အစားနဲ့ယှဉ်ရင် မတိမ်းမယိမ်းရှိနေတယ်ဆိုပြီး အတည်ပြုထားပါတယ်။ Wisconsin-Madison တက္ကသိုလ်က မနုဿဗေဒပညာရှင် ဒေါက်တာ ဂျွန်ဟော့ခ်ရဲ့ ပြောဆိုချက်အရ အရင်ခေတ်လူသားတွေရဲ့ ခန္ဓာကိုယ်အရွယ်အစား၊ အရပ်အမောင်းသွင်ပြင်အကုန်လုံးက ယနေ့ခေတ် လူသားတွေနဲ့ ယေဘုယျအားဖြင့် တူညီတဲ့အပြင် အရင်ခေတ်ကလူသားတွေကတောင် အရွယ်အစားအနည်းငယ်သေးတာမျိုး ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မလို့ ဒီယုံတမ်းသတ်မှတ်ချက်က မှားတယ်ဆိုပြီး ပထမတစ်ဆင့် သတ်မှတ်နိုင်ပါပြီ။
______________
၂ – ❝ခေတ်အလိုက် အရပ်အမောင်း ပြောင်းလဲတိုးတက်ခြင်း❞
လူ့သမိုင်းတစ်လျှောက်မှာ ပြောင်းလဲလာတဲ့ ရုပ်ပိုင်းဆိုင်ရာကို နားလည်နိုင်ဖို့အတွက် ပညာရှင်တွေက အရိုးစုအကြွင်းအကျန်တွေနဲ့ သမိုင်းမှတ်တမ်းတွေနဲ့ ရှေးဟောင်းအဆောက်အဦးတွေ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ နှိုင်းယှဉ်ပြီး လေ့လာမှုတွေပြုလုပ်ခဲ့ပါတယ်။ အိုဟိုင်းရိုးပြည်နယ်က တက္ကသိုလ်ပါမောက္ခ ဒေါက်တာရစ်ချက်စတပ်ကယ် (Richard Steckel) ဦးဆောင်တဲ့ လေ့လာမှုတစ်ခုမှာဆိုရင် မတူညီတဲ့ အချိန်ကာလတွေနဲ့ ပထဝီဝင်ဆိုင်ရာဒေသတွေအလိုက် နေထိုင်ကျက်စားခဲ့ကြတဲ့ လူတွေရဲ့ အရပ်အမောင်းနဲ့ ပတ်သက်လို့ တိုင်းတာမှုတွေပြုလုပ်ခဲ့ပြီး တွေ့ရှိချက်တွေအကုန်လုံးက လူသားအားလုံးရဲ့ အရပ်တွေက အချိန်နဲ့အမျှ တိုးတက်နေပါတယ်ဆိုတဲ့ ရလဒ်တစ်ခုကို သိသိသာသာ ဖော်ပြနိုင်ခဲ့ပါတယ်။ တိုးတက်လာတဲ့ လူနေမှုဘဝ၊ အဆင့်မြင့်လာတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပုံစံတွေ/ မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေကို ကျန်းမာကြံ့ခိုင်ပြီး ဖွံ့ဖြိုးအောင် မွေးမြူနိုင်မယ့် ကျန်းမာရေးအသိတွေရှိလာတာစနစ်တကျပြုစုပျိုးထောင်လာတာ စတဲ့ အကြောင်းအရာတွေကြောင့် တိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ရှေးတုန်းက လူတွေအရွယ်အစားကြီးတယ်ဆိုတဲ့ အယူအဆမှားက မှားတယ်ဆိုတာကို သက်သေနှစ်ခုနဲ့ကောက်ချက်ချနိုင်နေပါပြီ။ ဒါ့အပြင် ရှေးခေတ်က လူသားတွေတည်ဆောက်ခဲ့တဲ့ အဆောက်အဦးတွေရဲ့ ဖွဲ့စည်းပုံဟာလည်း သာမန်လူအရွယ်အစားအတွက် ရည်ရွယ်ထားတာပါ။ မုဒ်တံခါးတွေ၊ ဗလီဝင်ပေါက်တချို့၊ နန်းတော်ထဲက သက်ကယ်ပေါက် အကုန်လုံးက ဒီနေ့ခေတ်လူတစ်ရပ်စာနဲ့ ချိန်ကိုက်လုပ်ထားတယ်လို့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ သုတေသနပညာရှင်တွေက ဆိုပါတယ်။ (ပုဂံဘုရားတွေမှာလည်း ထိုနည်းတူမလို့ အဲ့ခေတ်က လူတွေ အရွယ်အစားကြီးတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။)
______________
၃ – ❝ဆင့်ကဲသတ်မှတ်ချက်နဲ့ မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းမှု❞
ဆင့်ကဲသမိုင်းကို ကြည့်မယ်ဆိုရင် သက်ရှိမျိုးစိတ်တွေက အရှေ့တွေကို သွားသလို နောက်ပြန်လည်း သွားပါတယ်။ တစ်ခါတလေ ဘေးတိုက်လည်း ဆင့်ကဲပြောင်းလဲပါတယ်။ အမြဲတမ်း အရှေ့ကိုပဲ သွားပြီး တိုးတက်နေခဲ့တာမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ မျိုးရိုးဗီဇအရတော့ ကောင်းမွန်တဲ့အရာတွေကို လက်ဆင့်ကမ်းပြီး ပိုမိုကောင်းမွန်ဖို့အတွက် ဆင့်ကဲစေပါတယ်။ မျိုးဆက်တစ်ဆက်ကနေ တစ်ဆက်ကို ကူးပြောင်းတဲ့အခါ DNA ကူးတဲ့အခါ၊ မိတ္တူဆွဲတဲ့အခါ ချို့ယွင်းအချက်အနည်းငယ် ဖြစ်ပေါ်တတ်ပါတယ်။ စင်းလုံးချော မိဘမျိုးဆက်က ဗီဇအတိုင်း သားသမီးမျိုးဆက်မှာ ဆက်လက်လွှဲပြောင်းပေးတာမဟုတ်ပါဘူး။ အဲ့ဒီအခါမှာ ဗီဇပြောင်းလဲမှု (Gene mutation) ဖြစ်ပေါ်ပြီး မိဘဆီက ငုပ်သျှိုးနေတဲ့ ဗီဇက ကလေးဆီမှာ သွားပေါ်တတ်သလို၊ ကလေးဆီမှာလည်း ဗီဇပြောင်းလဲမှုကြောင့် သက်ရောက်မှုတချို့ ရှိစေပါတယ်။ ဥပမာအနေနဲ့ အရပ်ရှည်တဲ့ဗီဇပါဝင်တဲ့ ဖခင်ရဲ့ သားက ဖအေနည်းတူ အရပ်ရှည်ဖို့အတွက် အလားအလာများပါတယ်။ တစ်စုံတစ်ခုကြောင့် သူ့ရဲ့အရပ်ရှည်ခြင်းဆိုင်ရာ ဗီဇက ပြောင်းလဲမှုရှိခဲ့မယ်၊ ငုပ်သျှိုးခဲ့မယ်ဆိုရင် သူ့အနေနဲ့ ဗီဇအရ အရပ်ရှည်ဖို့ ခဲယဉ်းသွားပါပြီ။ ထို့နည်းတူပဲ သားရဲ့ သားမှာလည်း သူ့ဖခင်ရဲ့ အရပ်ရှည်ခြင်းဆိုင်ရာ ဗီဇက ငုပ်သျှိုးသွားတာ၊ ပြောင်းလဲသွားတာဆိုရင် သူလည်း မျိုးရိုးလိုက်တဲ့ အရပ်မရှည်နိုင်တော့ပါဘူး။ ဒါပေမဲ့ နောက်ထပ်မျိုးဆက်တစ်ခုမှာတော့ ဟိုးရှေ့ဆုံးက ဖခင်ကြီးဆီက ရလာတဲ့ အရပ်ရှည်ခြင်းဗီဇက သူ့ဆီမှာ ကျန်ပြီး ငုပ်လျှိုးနေတာမျိုးဆိုရင် ပြန်ပေါ်ကောင်း ပေါ်လာနိုင်ပါတယ်၊ ပေါ်ချင်တဲ့ မျိုးဆက်မှလည်း ပေါ်ပါမယ်။ မပေါ်ခဲ့ဘူးဆိုရင်တောင် သူ့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲနိုင်မယ့် လေ့ကျင့်ခန်းတွေလုပ်ပြီး အရပ်ရှည်အောင် လုပ်ယူလို့ရနိုင်ပါတယ်။ တစ်နည်း အရပ်ရှည်တဲ့ဗီဇကို အားဖြည့်ပေးလို့ရနိုင်ပါတယ်။ သူသာ အရပ်ရှည်သွားမယ်ဆိုရင်တော့ သူ့မျိုးဆက်ကို အရပ်ရှည်တဲ့ ဗီဇ ဆက်လက် လက်ဆင့်ကမ်းနိုင်မှာပါ။ ဒီသဘောကြောင့်ပဲ အာရှသားတွေရဲ့ ပျမ်းမျှအရပ်က ဥရောပသားတွေရဲ့ ပျမ်းမျှအရပ်ထက်စာရင် သိသိသာသာနည်းပါးနေတာပေါ့။ မျိုးဆက်ဆိုင်ရာ ဗီဇလက်ဆင့်ကမ်းခြင်းကလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခုမှာရှိပါတယ်။
ရှေးရှေးတုန်းက လူသားတွေက မျောက်ဝံတွေနဲ့ ဘိုးဘေးခြင်းတူညီခဲ့ပြီးတော့ အကိုင်းအခက်တစ်ခုတည်းကနေ ခွဲထွက်ဆင်းသက်လာခဲ့ကြတာပါ။ အစောဆုံး လမ်းလျှောက်နိုင်တဲ့ လူသားမျိုးစိတ်ဖြစ်တဲ့ ဟိုမိုအီရက်တပ် (Homo erectus) တွေဆိုရင် အရပ်အားဖြင့် လေးပေကျော်ကျော်သာရှိခဲ့တာဖြစ်ပြီး ဆင့်ကဲဖြစ်စဉ်မှာ အခုခေတ် ဟိုမိုဆေးပီးယန်း (Homo sapiens) တွေရဲ့ ရုပ်ပန်းသွင်ပြင်ပိုင်းကို ရောက်ရှိနိုင်ဖို့အတွက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖြည်းဖြည်းချင်း ပြောင်းလဲယူခဲ့ရတာပေါ့။ ဒါကြောင့် လူသားတွေက သေးရာကနေ ပိုပြီးကြီးလာတယ်လို့တောင် သတ်မှတ်ရမှာပါ။ မျိုးဆက်သစ် ဆယ်ကျော်သက် လူငယ်တွေကိုပဲ ကြည့်မယ်ဆိုရင်တောင် အရင်မျိုးဆက်ထက် အရပ်အမောင်း ပိုမြင့်မားတာမျိုး၊ ကြံ့ခိုင်တာမျိုးကို သိသိသာသာမြင်တွေ့နိုင်ပါတယ်။
______________
၄ – ❝သိပ္ပံကန့်သတ်ချက်နှင့် ဂယ်လီလီယိုဂါလီလီ၏ နှစ်ကိန်းသုံးထပ်ဥပဒေသ❞
လူသားတွေရဲ့ အရွယ်အစားကြီးထွားမှုကို ကမ္ဘာမြေရဲ့ သဘာဝဒြပ်ဆွဲအားက ကန့်သတ်ထားပါတယ်။ ခပ်ဝဝအမျိုးသမီးတစ်ယောက် တစ်နည်း အရွယ်အစားကြီးတဲ့ အမျိုးသမီးတစ်ယောက်က ပိန်ပိန်ပါးပါးရှိတဲ့ မိန်းကလေးတစ်ဦးလောက် ပေါ့ပေါ့ပါးပါးမသွားနိုင်တာ ဘာကြောင့်လို့ ထင်ပါသလဲ။
ဂယ်လီလီယိုဂါလီလီရဲ့ နှစ်ကိန်းသုံးထပ်ဥပဒေသ (Square-cube Law) အရ အရွယ်အစားအားဖြင့် အင်မတန်ကြီးမားတဲ့ သက်ရှိတွေအနေနဲ့ ဇီဝဖြစ်တည်မှူပိုင်းမှာလည်း ပြဿနာတော်တော်ရှိလာနိုင်ပါတယ်။ ဥပဒေသအရ အရာဝတ္ထုတစ်ခုက အရွယ်အစားအားဖြင့် ကြီးမားလာပြီဆိုရင် ထုထည်က မျက်နှာပြင်ဧရိယာထက် ပိုများပြီးကြီးနေပါတယ်။ ထုထည်နဲ့ ဧရိယာကြားက အချိုးညီမျှချက်ဥပဒေသတစ်ခုပါပဲ။ ဒီဥပဒေသအရ ပုံမှန်ထက် အရွယ်အစားကြီးမားတဲ့ လူတွေရဲ့ အရွယ်အစားနဲ့ ကြံ့ခိုင်မှုက သာမန်လို အချိုးကျမျှတနေမှာမဟုတ်တော့ပါဘူး။ ဒီဥပမာလေးနဲ့ ကြည့်ရအောင်ပါ။ ကနောင်မင်းသားကြီးကို ထန်းပင်တစ်ပင်လောက် အရပ်ရှည်တယ်လို့ သမိုင်းစာတွေထဲ ဖော်ပြကြပါတယ်။ ဒါဆို သူ့အရပ်က ပျမ်းမျှ ၁၀ ပေကျော်လို့ သတ်မှတ်နိုင်ပါတယ်။ ကျွန်တော်တို့ ဒေသက လူတွေရဲ့ အရပ်ထက် နှစ်ဆပိုရှည်ပါတယ်။ ခန္ဓာကိုယ်က မူလအချိုးကနေ နှစ်ဆ (အလျား) ရှည်ထွက်သွားတဲ့အခါ လက်တွေ၊ အရိုးအဆစ်တွေရဲ့ ကန့်လန့်ဖြတ် (ဧရိယာ)က လေးဆ ပိုကြီးလာမှာဖြစ်ပါတယ်။ အဲ့ဒီအခါမှာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန် (ထုထည်) က ရှစ်ဆ ပိုမိုလေးလံသွားမှာဖြစ်ပါတယ်။
သင်္ချာအရ
အလျား ကို 1 လို့သတ်မှတ်ပါ။
အလျားက ပုံမှန်ထက် 2 ဆ ပိုရှည်လာလို့ အလျားအသစ်က 2 ပါ။
အလျားက 2 ဖြစ်လို့ (စတုရန်း) မှာ ဧရိယာက (2*2) 4 ပါ။ (ဒီ 4 က ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းအရိုးအဆစ်တွေ၊ ကြွက်သားတွေပါ။)
ဒါဆို ထုထည်က (2*2*2) = 8 .. တစ်နည်း ခန္ဓာကိုယ်အလေးချိန်က ပုံမှန်ထက် 8 ဆ ပိုလာမှာဖြစ်ပါတယ်။
ဒါကြောင့် အလျားက နှစ်ဆဆို ကန့်လန့်ဖြတ်ဧရိယာက ပုံမှန်ထက် လေးဆ .. ထုထည် (အလေးချိန်) က ရှစ်ဆတောင် ပိုသွားမှာဖြစ်တယ်။ 2 square 4, 2 tube 8 .. မလို့ နှစ်ကိန်းသုံးထပ် (Square – Cube law) လို့ခေါ်တာပေါ့။
ဒါကြောင့် သက်ရှိတို့ရဲ့ ဇီဝဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ ကြီးထွားမှုတွေက ဒီဥပဒေသအပေါ် မှီတည်နေပါတယ်။ ခန္ဓာကိုယ်အရွယ်အစားကြီးမားလို့ သာမန်ထက်ပို ကြံ့ခိုင်တဲ့လူတစ်ယောက် ဖြစ်လာနိုင်ပေမယ့် ကြီးလာတာနဲ့အမျှ အလေးချိန်ကိုထိန်းနိုင်ဖို့အတွက် ကြံ့ခိုင်မှုက မလုံလောက်ဘဲ လျော့နည်းလာပါတယ်။ ကြီးမားတဲ့ ကိုယ်အလေးချိန်ကြောင့် ဖြစ်လာတဲ့ ဖိအားကို ရပ်တည်ရမယ့် ခြေထောက်တွေက ထိန်းနိုင်မယ့် အင်အား မရှ်ိတာကြောင့် မန္တလေးတောင်မှာ ပြထားသလို ကျန်စစ်သားခြေရာရှိ အရွယ်အစားဆိုရင် သူ့အနေနဲ့ ရန်သူတစ်ထောင်မပြောနဲ့၊ ရန်သူတစ်ယောက်တောင် သတ်နိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။ နောက်ပြီး ကြီးမားတဲ့ ခန္ဓာကိုယ်အတွက် ကိုယ်တိုင်းက အစိတ်အပိုင်းတချို့ကို သွေးစီးဆင်းနိုင်စေဖို့ သွားရတဲ့ လမ်းကြောင်းက ရှည်လျားပါတယ်။ ဦးနှောက်ကို သွေးပို့လွှတ်ဖို့အတွက် အချိန်ကြာမြင့်မှာဖြစ်လို့ သွေးဖိအားက အရင်ထက်များနေမှ အဆင်ပြေမှာပါ။ ဦးနှောက်ဆီပို့လွှတ်မယ့် လျှပ်စစ်အချက်ပြတွေအတွက်လည်း သွားရတဲ့ လမ်းကြာလို့ တုန့်ပြန်မှုနှေးပါလိမ့်မယ်။ ဒါကြောင့် သဘာဝက ကန့်သတ်ပေးထားတဲ့ အကန့်အသတ်တွေကိုကျော်လွန်ပြီး ယုံတမ်းအကြောင်းအရာတွေနဲ့ ဟိုးးအရင်က လူတွေက ဘယ်လိုကြီးတု ဘာညာဆိုရင် အချက်အလက်မှားလို့သာ သတ်မှတ်ပါ။ သဘာဝက အမှန်တရားကို တည်ရှိစေပေမယ့် သဘာဝကြောင့်ဖြစ်လာတဲ့ လူသားတွေကတော့ အမှန်တရားကို မျက်ကွက်ပြုတတ်ကြပြီး လိုရာဆွဲ ရွီးရှောဖောတိုက်တတ်လို့ပါ။ အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ Fact Hub က အပတ်စဉ် သောကြာနေ့တိုင်း အခုလို အချက်အလက်စစ်ဆေးတဲ့ ဆောင်းပါးတစ်ပုဒ်မျှဝေလေ့ရှိပါတယ်။
ဒီဆောင်းပါးမှာပါဝင်တဲ့ နှစ်ကိန်းသုံးထပ်နဲ့ လူသားတွေရဲ့ ဇီဝဖြစ်စဉ်အကြောင်းအရာတချို့ကို Myanmar Science Platform ပေ့ခ်ျက ဆောင်းပါးအပေါ်အခြေခံပြီး မှီငြမ်းရေးသားထားပါတယ်။
Google မှာတွေ့ရတတ်တဲ့ Giant အရိုးစုတွေအကုန်လုံးက အတုအယောင်ဖန်တီးပြုလုပ်ထားကြတာ ဖြစ်ပါတယ်၊ ဓာတ်ပုံတွေရဲ့ ရင်းမြစ်ကိုလိုက်မယ်ဆိုရင် မတိကျ မသေချာတဲ့ ဝဘ်ဆိုက်တွေရဲ့ ဖော်ပြချက်တွေ ဖြစ်နေပြီးတော့ နောက်ခံပုံရိပ်ရှိတဲ့ ဘယ်မီဒီယာမျိုး၊ သိပ္ပံမဂ္ဂဇင်းမျိုးကမှ ဖော်ပြထားတာမျိုးမရှိပါဘူး။
Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People.
With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.
Article Credits
Written by
Zwe Thukha Min
Managing Editor
Fact Hub Editor Team