May 24, 2026 | မြန်မာ
Fact Check 1 min read

ရေအောက်ထဲက အတ္တလန်တစ် ရွှေမြို့တော် ယုံတမ်းပုံပြင်

The Lost City of Atlantis လို့ပြောလိုက်တာနဲ့ ရေအောက်မှာပျောက်ဆုံးနေတဲ့ အတ္တလန်တစ် ရွှေမြို့တော်ကြီးကို လူတော်တော်များများ ပြေးမြင်မိကြမှာပါ။ ဒီပျောက်ဆုံးနေတဲ့ မြို့တော်အကြောင်းကို လူတော်တော်များများသိပြီးနေကြပြီဖြစ်ပေမယ့် သေချာမသိသေးတဲ့ သူတွေနဲ့ စိတ်ဝင်စားကြတဲ့သူတွေအတွက် အတ္တလန်တစ်မြို့တော်ကြီး အကြောင်းကို ပြန်လေ့လာကြည့်လိုက်ရအောင်ပါ။

ကျနော်တို့ရဲ့ ကမ္ဘာပေါ်မှာပျောက်ဆုံးနေတဲ့ မြို့တွေ အများအပြားရှိနေပြီးတော့ အဲ့အထဲကမှ တစ်ချို့ကိုတော့သိပ္ပံပညာရှင်တွေအနေနဲ့ ရှာတွေ့နိုင်ခဲ့ကြပြီဆိုပေမယ့် မရှာတွေ့သေးတဲ့ မြို့တော်တွေလည်းရှိလို့နေပါတယ်။  အတ္တလန်တစ်မြို့တော်ကြီးကို ပင်လယ်နတ်ဘုရား Poseidon လူသားအမျိုးသမီး Cleito နဲ့ရခဲ့တဲ့ သားငါးယောက်ထဲက အကြီးဆုံးသားဖြစ်တဲ့ Atlas တည်ထောင်ခဲ့ကြောင်းကို ရှေးဟောင်းဂရိအတွေးအခေါ်ပညာရှင် ပလေတိုက Timaeus နဲ့ Critias စာအုပ်နှစ်အုပ်မှာ စတင်ပြီးဖော်ပြခဲ့ပါတယ်။ အတ္တလန်တစ်မြို့တော်ဟာဆိုရင် Pillars of Hercules ( ယနေ့ခေတ်ဂျီဘရော်တာ ရေလက်ကြား ) မှာတည်ရှိခဲ့တယ်လို့ ဂရိအတွေးအခေါ်ပညာရှင် ပလေတိုကဆိုခဲ့ပါတယ်။

ပလေတိုရဲ့ဖော်ပြချက်အရ အတ္တလန်တစ်မြို့တော်ကြီးဟာ သူ့ရဲ့အချိန်မတိုင်ခင် နှစ်ပေါင်း ၉၀၀၀ လောက်ထဲကတည်ရှိခဲ့ပြီးတော့ မြို့ရဲ့ ပုံသဏ္ဍာန်ဟာ စတုရန်းပုံလို ဖြစ်တယ်လို့ဆိုပါတယ်။ မြို့ရဲ့အကျယ်က Libya နိုင်ငံနဲ့ Asia Minor  ကျွန်းဆွယ်နှစ်ခုပေါင်းထက်တောင် ပိုပြီးကြီးခဲ့တယ်လို့သာ ဖော်ပြထားခဲ့ပါတယ်။ မြို့ရဲ့ အရှေ့မှအနောက်ကို 3000 Stadia နဲ့ မြှောက်မှတောင်ကို 2000 stadia ရှည်တယ်လို့ဖော်ပြထားခဲ့ပါတယ်။ 1 Stadia မှာ 607 ကနေ 630 ပေအကြားရှိတာကြောင့် အရှေ့အနောက် မိုင် 350 ၀န်းကျင်၊ မြှောက်ကနေတောင်ကို မိုင် 240 ၀န်းကျင်ရှိတယ်လို့ ခန့်မှန်းနိုင်ပါတယ်။

မြို့ရဲ့ပတ်ပတ်လည်မှာ ကျုံးတွေနဲ့ကာရံထားပြီးတော့ ထို‌ကျုံးတွေကနေတစ်ဆင့် လှေတွေနဲ့သွားလာခဲ့ကြပါတယ်။ မြို့တော်ကြီးရဲ့ အလယ်မှာ ပင်လယ်နတ်ဘုရား Poseidon ရဲ့ဘုရားကျောင်းရှိပြီးတော့ ကျောင်းမှာ တိုင်ကြီးတစ်တိုင်ရှိနေပါတယ်။ ထိုထိုင်ကြီးမှာ မြို့ကြီးရဲ့ဥပဒေတွေကို ရေးသားထားပြီးတော့ မြို့သူမြို့သားတွေက တိုင်မှာရေးသားထားတဲ့ စည်းမျဉ်းတွေနဲ့ ဥပဒေတွေကိုလိုက်နာကြရပါတယ်။ နတ်ဘုရားတစ်ပါးက တည်ထောင်ထားတဲ့ မြို့ကြီးပီပီ နည်းပညာအလွန်ထွန်းခဲ့ပြီးတော့ အစွမ်းထက်တဲ့ လက်နက်တွေကိုပြုလုပ်လာနိုင်ခဲ့ကြပါတယ်။ ဒီလိုအစွမ်းထက်တဲ့လက်နက်တွေနဲ့ တိုးတက်လာမှုတွေက စစ်မက်တွေနဲ့၊ နယ်ချဲ့ဖို့ရာတွေအတွက်တာဆူခဲ့ကြပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ အီဂျစ်နိုင်ငံနဲ့ မြေထဲပင်လယ်လိုနေရာတွေအထိ နယ်ချဲ့သိမ်းပိုက်လာကြပါတော့တယ်။ ဒါပေမယ့် အေသင်မြို့ကိုဝင်တိုက်ခိုက်ခဲ့တဲ့ အခါမှာတော့ အတ္တလန်သားတို့ အရေးနိမ့်ခဲ့ရပါတယ်။ ဒီလိုနဲ့ အတ္တလန်တစ်မြို့သားတွေရဲ့ နည်းပညာတွေကအဆင့်မြင့်လာခဲ့ပြီးတော့ သူတို့ကိုယ်သူတို့ နတ်ဘုရားတွေလိုပြုမူလာကြပါတော့တယ်။ သူတို့အရင်ကကိုးကွယ်ခဲ့တဲ့ နတ်ဘုရားတွေကိုလည်း မထင်မဲ့မြင်ပြုလာကြပါတော့တယ်။ ဒီလိုအတ္တလန်သားတွေရဲ့ ကိုယ်ကျင့်တရားပျက်စီးမှုတွေ၊ စစ်မက်လိုလားမှုတွေကြောင့် ဇုစ်နတ်ဘုရားကြီးဟာ အတ္တလန္တိတ်မြို့ကို ပြင်းထန်တဲ့ ငလျင်တွေ၊ ရေလှိုင်းတွေကိုဖန်တီးပြီးတော့ ရေအောက်မှာနစ်မြုပ်သွားစေခြင်းနဲ့ ဒဏ်ခတ်ခဲ့ပါတယ်။ ဒီလိုအတ္တလန်တစ် မြို့ကြီး ရေအောက်မှာ အပြီးနှစ်မြုပ်သွားစေဖို့အတွက် တစ်ရက်နဲ့ တစ်ညတိတိ အချိန်ယူခဲ့တယ်လို့ ပလေတိုရဲ့စာအုပ်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

ဒီလောက်ဆိုရင်တော့ ပလေတိုဖော်ပြခဲ့တဲ့ အတ္တလန်တစ်မြို့တော်ကြီးရဲ့ အကြောင်းကို နားလည်လောက်ကြမှာပါ။ အတ္တလန်တစ်မြို့တော်တည်ရှိခဲ့တယ်ဆိုတဲ့ ယနေ့ခေတ် ဂျီဘရော်တာရေလက်ကြားကို စူးစမ်းရှာဖွေမှုတွေပြလုပ်ခဲ့ကြပေမယ့် လက်ရှိအချိန်အထိ မြို့တော်ရဲ့ တစ်ပိုင်းတစ်စလေးကိုမှ ရှာဖွေမတွေ့ရှိနိုင်ခဲ့သေးပါဘူး။ ဒီလိုဆိုရင် မြို့တော်ကြီးဖြစ်နိုင်ချေရှိတဲ့ နေရာတွေကိုတစ်ချက်ကြည်ကြည့်ရအောင်။ ပထမတစ်ခုအနေနဲ့ ၁၉၆၈ ခုနှစ်၊ Bimini ကျွန်းအနီးနားမှာ အတ္တလန်တစ်မြို့‌တော်ရဲ့ တစ်ပိုင်းတစ်စလို့ယူဆလို့ရတဲ့ ကျောက်လမ်းတစ်ခုကို ရေအောက်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကျောက်ခင်းလမ်းတစ်ခုအပြင်ကိုမှအခြားရှေးဟောင်းပစ္စည်းအချို့ကိုလည်းတွေ့ရှိခဲ့ရ‌တာကြောင့် အတ္တလန်တစ်မြို့ကြီးတကယ်ရှိတယ်လို့ယုံကြည်ကြတဲ့သူတွေအတွက် မျှော်လင့်ချင်စရာကောင်းတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ဒီကျောက်ခင်းလမ်းတွေဟာ ၁၄၀၀ ခုနှစ်၀န်းကျင်အချိန် တရုတ်ကုန်သွယ်သင်္ဘောတွေ ဆိုက်ကပ်တဲ့ သင်္ဘောကျင်းတစ်ခုရဲ့ အောက်ခြေကြမ်းခင်းတွေဆိုပြီး ဖော်ထုတ်နိုင်ခဲ့တာကြောင့် အတ္တလန်တစ်မြို့တော်ကြီးရဲ့မျှော်လင့်ချက်တွေဟာ မှေးမှိန်သွားခဲ့ပြန်ပါတယ်။ ဒါပေမယ့် စူးစမ်းရှာဖွေကြတဲ့သူတွေက ဒီမှာတင်မရပ်သွားခဲ့ပါဘူး။

မကြာခင်မှာပဲ Eye of Sahara ဒါမှမဟုတ် Richat Structure လို့ခေါ်တဲ့ နေရာကိုစူးစမ်းရှာဖွေမှုတွေဆက်လုပ်ခဲ့ကြပါတယ်။ ဒီနေရာမှာဆိုရင် ရေနေသတ္တဝါတွေရဲ့ ရုပ်ကြွင်းတွေကိုပါ တွေ့ရှိခဲ့ကြပြီးတော့ ဆာဟာရသဲကန္တာရကြီးဟာ တစ်ချိန်က သမုဒ္ဒရာကြမ်းပြင်တစ်ခုဖြစ်ခဲ့တယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။ ဒီနေရာက ဂျီဘရော်တာရေလက်ကြားနဲ့လည်း နီးနီးစပ်စပ်ရှိနေတာကြောင့်ပဲ ပညာ‌ရှင်တွေကလည်းဒီနေရာမှာ ‌ရှာဖွေခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒီနေရာမှာ အတ္တလန်တစ်မြို့တော်ဟောင်းနဲ့ တူတဲ့ ဘယ်အပိုင်းအစကိုမှမတွေ့ရှိခဲ့ပါဘူး။ ဒီနေရာကသာ အတ္တလန်တစ်မြို့တော်ဟောင်းနေရာဖြစ်ခဲ့မယ်ဆိုရင် မြို့တော်ရဲ့အုတ်ရိုးတွေလို၊ အပိုင်းအစတွေကျန်ကိုကျန်ခဲ့ရဦးမှာဖြစ်ပေမယ့်လည်း Richat Structure မှာတော့ ဒါမျိုးအပိုင်းအစတစ်ခုလေးကိုမှတွေ့ရှိခဲ့ရ‌ခြင်းမရှိ‌တာကြောင့်ပဲ ဒီနေရာဟာ အတ္တလန်တစ်မြို့တော်တည်ရှိခဲ့တဲ့ နေရာမဟုတ်ကြောင်း သတ်မှတ်ခဲ့ကြပါတယ်။

သမိုင်းကြောင်းတွေကိုပြန်ကြည့်မယ်ဆိုရင်လည်း ဒီအတ္တလန်တစ်မြို့တော်အကြောင်းဖော်ပြထားတဲ့ Mythology ဆိုလို့ ပလေတိုရဲ့ စာအုပ်နှစ်အုပ်သာရှိနေတာကလည်း စဉ်းစားစရာတစ်ခုဖြစ်နေပါတယ်။ တကယ်လို့ အတ္တလန်တစ်မြို့တော်ကြီးသာ တကယ်တည်ရှိခဲ့မယ်ဆိုရင် ပလေတိုမဟုတ်တဲ့ အခြားပညာရှင်တွေနဲ့ ဒဏ္ဍာရီတွေမှာလည်း ပါရမှာဖြစ်ပေမယ့် လည်း တကယ်တမ်းမှာတော့ လောက်လောက်လားလားပြစရာ ပလေတိုရေးသားခဲ့တဲ့ စာအုပ်နှစ်အုပ်သာရှိနေတာပါ။ အခုလက်ရှိအချိန်မှာတော့ အတ္တလန်တစ်မြို့တော်နဲ့ပတ်သက်ပြီး ခိုင်မာတဲ့ သက်သေအထောက်အထားတွေမရှိသေးတာကြောင့် ‌သက်သေအထောက်အထားတစ်ခုခု မပေါ်လာမခြင်း အတ္တလန်တစ်မြို့တော်ဟာ ပလေတိုရဲ့ စိတ်ကူးယဉ်မြို့တော်တစ်ခုအနေနဲ့သာ သတ်မှတ်ထားရဦးမှာပါပဲ။

Tags atlanticsciencethe lost city
Share Facebook Telegram Email
Htoo Tay Za

Htoo Tay Za is the Co-Founder of Fact Hub Myanmar. Currently serving as the platform's Head of Publishing and Research and Development Officer, he oversees its technical operations and editorial frameworks. He initially contributed to the digital newsroom as a regular author dedicated to science communication and pseudoscience checking, but has since shifted his focus toward backend infrastructure. His technical background also extends to scientific computing and experimental physics, including experience developing simulations for practical applications. Alongside managing digital operations and coordinating grant-funded science education workshops, he maintains a broad interest in exploring the intersections of artificial intelligence, history, and physics.

Article Credits

Written by Htoo Tay Za

Leave a Reply

Your email address will not be published. Required fields are marked *

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.