May 26, 2026 | မြန်မာ
Geology Explainer

ပိရမစ်တွေရဲ့နောက်ကွယ်က အမှန်တရား

အီဂျစ်နိုင်ငံမှာရှိတဲ့ ပိရမစ်တွေကို ဘယ်သူတွေကလာပြီး ဆောက်ပေးခဲ့တယ်လို့ ထင်ပါသလဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက လူတွေလား ဒါမှမဟုတ် ကမ္ဘာပြင်ပက ဂြိုဟ်သားတွေ လာပြီးဆောက်ပေးထားကြတာလား။ ဒီအဖြေတွေကိုဖြေဖို့ဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၀၀ ကျော်ကသမိုင်းကို ပြန်ကြည့်ဖို့လိုပါလိမ့်မယ်။ ပိရမစ်တွေဟာဆိုရင် ကမ္ဘာပေါ်မှာ တည်ရှိနေသေးတဲ့ ရှားပါးရှေးဟောင်းသမိုင်း၀င်နေရာတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ ပိရမစ်တွေရဲ့ တည်ဆောက်ပုံတွေနဲ့ သမိုင်းတွေကလည်း လူသားတွေအတွက် စိတ်၀င်စားစရာကောင်းတဲ့…

Text size
အီဂျစ်နိုင်ငံမှာရှိတဲ့ ပိရမစ်တွေကို ဘယ်သူတွေကလာပြီး ဆောက်ပေးခဲ့တယ်လို့ ထင်ပါသလဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက လူတွေလား ဒါမှမဟုတ် ကမ္ဘာပြင်ပက ဂြိုဟ်သားတွေ လာပြီးဆောက်ပေးထားကြတာလား။ ဒီအဖြေတွေကိုဖြေဖို့ဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၀၀ ကျော်ကသမိုင်းကို ပြန်ကြည့်ဖို့လိုပါလိမ့်မယ်။ ပိရမစ်တွေဟာဆိုရင် ကမ္ဘာပေါ်မှာ တည်ရှိနေသေးတဲ့ ရှားပါးရှေးဟောင်းသမိုင်း၀င်နေရာတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ ပိရမစ်တွေရဲ့ တည်ဆောက်ပုံတွေနဲ့ သမိုင်းတွေကလည်း လူသားတွေအတွက် စိတ်၀င်စားစရာကောင်းတဲ့ အရာတွေအနေနဲ့ တည်ရှိနေပါတယ်။

ဒီပိရမစ်တွေကို BC 2686 ၀န်းကျင်မှာ ရှေးအီဂျစ်နိုင်ငံတော်ဟောင်းကနေ စပြီးတော့ နောက်ထပ် ရာစုနှစ်တွေ ကြာတဲ့အထိကို တည်ဆောက်ခဲ့ရပါတယ်။ ပိရမစ်တွေကို ဖာရိုဘုရင်တွေရဲ့ သင်္ချိုင်းဂူတွေအဖြစ်ထားရှိဖို့အတွက် တည်ဆောက်ခဲ့ကြတာဖြစ်ပြီးတော့ ဘုရင်တွေရဲ့ ခန္ဓာကိုယ်အတွက် နောက်ဆုံး ကိန်း၀ပ်ရာ နေရာအဖြစ် လုပ်ဆောင်ဖို့အတွက် ရည်ရွယ်ခဲ့ကြတာပါ။ ပိရမစ်တွေကို လေ့လာတဲ့နေရာမှာ စိတ်၀င်စားကြတဲ့ တစ်ခုက သူ့ရဲ့တည်ဆောက်ပုံကိုပါ။ ဒါတွေကိုတည်ဆောက်ခဲ့တဲ့အချိန်မှာ ကမ္ဘာပြင်ပက သက်ရှိ (ဂြိုဟ်သား) တွေရဲ့ အကူအညီနဲ့ တည်ဆောက်ထားတယ်လို့ ယုံကြည်နေကြပြီးတော့ တချို့ကလည်း အခုချိန်မှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ ဆောက်လုပ်ရေး နဲ့ဗိသုကာပညာတွေနဲ့ တည်ဆောက်ထားတာကြောင့် ယနေ့ခေတ်လူသားတွေ နားလည်ဖို့ခက်နေတာလို့ ယူဆသူတွေလည်းရှိပါတယ်။ ဒီလို ဒွိဟဖြစ်နေကြတာကလည်း အမှားတစ်ခုမဟုတ်ဘဲနဲ့ နောက်ပိုင်းမှာဖော်ပြထားတဲ့ ‌တည်ဆောက်ပုံတွေကိုဖတ်ကြည့်ပြီးတော့မှပဲ ကိုယ်တိုင်ချင့်ချိန်ပြီးယုံကြဖို့ ပြောချင်ပါတယ်။

လက်ရှိမှာဆိုရင် ခေတ်မီနည်းပညာတွေနဲ့ အတူ ပိရမစ်တွေရဲ့ အကြောင်းကိုပိုပြီး နားလည်နိုင်လာကြပါပြီ။ မကြာသေးတဲ့နှစ်တွေမှာ သုတေသီတွေအနေနဲ့ လေဆာစကင်န် ဖတ်ခြင်းနဲ့ ရေဒါပုံရိပ်တွေကို အသုံးပြုပြီးတော့ ပိရမစ်တွေရဲ့ အတွင်းပိုင်းကို ပိုပြီးလေ့လာနိုင်လာကြပြီဖြစ်ပါတယ်။ ဒီလိုလေ့လာမှုတွေထဲက တစ်ခုက ပိရမစ်အတွင်းပိုင်းရဲ့ X-ray ပုံတစ်ခုကို ဖန်တီးဖို့အတွက် Cosmic Ray Particle တွေကိုအသုံးပြုထားတဲ့ Muon နည်းပညာကိုအသုံးပြုခဲ့တာပါ။ Muon Tomography ဆိုတာက ထုထည်တစ်ခုရဲ့ သုံးဖက်မြင်ပုံတွေဖန်တီးဖို့အတွက် Cosmic Ray ကနေထုတ်‌တဲ့ Muons ကိုအသုံးပြုတဲ့ နည်းပညာတစ်ခုပါ။ ပိရမစ်မှာ အဲ့ကိရိယာတွေ ထားရှိခြင်းကနေပဲ ပိရမစ်ရဲ့အတွင်းပိုင်း 3D ပုံတွေကို ထူးဖော်စရာမလိုဘဲ ရှာဖွေဖော်‌ထုတ်နိုင်စေပါတယ်။ ( Muon Tomography အကြောင်းကို နောက်ထပ်ပိုစ့်တစ်ခုမှာ အသေးစိတ်ရှင်းပြပေးပါမယ် )

ဥပမာတစ်ခုအနေနဲ့ ၂၀၁၇ ခုနှစ်မှာဆိုရင် Muon Tomography ကိုအသုံးပြုပြီးတော့ သုတေသီတွေက Giza Pyramid ရဲ့အတွင်းမှာ အရင်ကမတွေ့ရှိခဲ့ဖူးတဲ့ အပေါက်တစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ ဒီအပေါက်ရဲ့ ရည်ရွယ်ချက်ကို မသိရသေးဘူးဆိုပေမယ့် သူ့ရဲ့တွေ့ရှိမှုက ပိရမစ်အတွင်းပိုင်းတည်ဆောက်ပုံကို လေ့လာနိုင်ဖို့အတွက် အသုံးပြုတဲ့ နည်းပညာအပေါ်မှာ စိတ်၀င်စားမှုတွေ မြင့်တက်လာစေခဲ့ပါတယ်။ အီဂျစ် ရှေးဟောင်းသုတေသနဌာနက ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်ဖြစ်တဲ့ Dr.Ahmed El-Shahaway ရဲ့ ပြောကြားချက်အရ မကြာသေးမီအချိန်တုန်းက အီဂျစ်ပိရမစ်တေွကို သုတေသနပြုလုပ်တဲ့နေရာမှာ ထူးခြားမှုအများအပြားကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ ” 3D စကင်န်ဖတ်တာနဲ့ ဒရုန်းပုံရိပ်တွေလို နည်းပညာအသစ်တွေကို ပေါင်းစပ်အသုံးပြုပြီးတော့ ပိရမစ်တွေရဲ့ အတွင်းပိုင်းကိုစူးစမ်းလေ့လာခဲ့ပါတယ်။ ဒီနည်းပညာက ပိရမစ်တွေရဲ့ တည်ဆောက်ပုံနဲ့ ဒီဇိုင်းတွေကို ပိုပြီးနားလည်စေနိုင်ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ El-Shahaway က ” အရင်က ကျနော်တို့မသိခဲ့တဲ့ ပိရမစ်တွေထဲက လျှို့ဝှက်အခန်းတွေနဲ့ လမ်းကြောင်းတွေကိုရှာတွေ့ခဲ့တယ်” ဆိုပြီးတော့လည်း ပြောခဲ့ပါသေးတယ်။ ဒီလိုတွေ့ရှိချက်တွေက ဒီနေရာမှာတင် ရပ်နေမှာမဟုတ်ဘဲနဲ့ နောက်ထပ် နည်းပညာအသစ်တွေ ပေါ်လာတာနဲ့အမျှ ပိုပြီးတော့ တိကျတဲ့ သုတေသနရလဒ်တွေလည်း ထပ်ပြီးရရှိလာဦးမှာပါ။ ဒီလိုတွေ့ရှိချက်တွေဟာဆိုရင်လည်း ကမ္ဘာလှည့်ခရီးသည်တွေအပေါ်မှာဆွဲဆောင်မှုရှိနေတာကြောင့်ပဲ နောက်အချိန်အတော်ကြာကြာထိကို စိတ်၀င်စားစရာကောင်းတဲ့နေရာအဖြစ်တည်ရှိနေဦးမှာပါပဲ။

ဒါဆိုရင်နောက်ထပ်တစ်ခန်းကိုဆက်လိုက်ကြရအောင်။

ပိရမစ်တွေက ဖာရိုဘုရင်တွေရဲ့ သင်္ချိုင်းဂူတွေထားရှိဖို့အတွက် အထိမ်းအမှတ်အနေနဲ့တည်ဆောက်ထားကြပြီးတော့ သေခြင်းတရားက နောက်ထပ်ဘ၀အသစ်တစ်ခုရဲ့အစဆိုပြီးယုံကြည်ကြတာပါ။ ဒီ ပိရမစ်တွေကိုဆောက်လုပ်ခဲ့တဲ့ နည်းစနစ်တွေနဲ့ပတ်သက်ပြီး အခုလက်ရှိအချိန်အထိတော့ အဖြေ အတိအကျထွက်လာတာ မရှိသေးဘူးဆိုပေမယ့် ယုတ္တိရှိတဲ့ အဖြေတွေတော့ရှိနေပါတယ်။ အဖြေအတိအကျမထွက်နိုင်ဘူးဆိုတဲ့နေရာမှာ ဘယ်လိုဆောက်လုပ်ခဲ့လဲဆိုတာကို မသိနိုင်ခဲ့တာမဟုတ်ဘဲနဲ့ ထွက်ပေါ်လာတဲ့အဖြေတွေ‌အပေါ်မှာ ထပ်ဆောင်း Confirm မလုပ်နိုင်ခြင်းသာဖြစ်ပါတယ်။

ပိရမစ်တွေကို ဆောက်လုပ်တာ‌တွေနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ဒဏ္ဍာရီတွေထဲက ယုတ္တိအရှိဆုံး တစ်ခုအနေနဲ့ ကျွန်တွေဆောက်ခဲ့တယ်ဆိုပြီး ပြောကြပါတယ်။ ပိရမစ်တွေကို ဆောက်လုပ်ခဲ့တဲ့ အလုပ်သမားအများစုက တောင်သူလယ်သမားတွေနဲ့ စစ်မှုထမ်းခဲ့ကြတဲ့ အလုပ်သမားတွေဖြစ်နိုင်တယ်ဆိုပေမယ့် အမှန်တကယ်မှာ သူတို့တွေက ကျွန်အစစ်တွေမဟုတ်ကြပါဘူး။ ဆိုလိုချင်တာက ပိရမစ်တွေကိုဆောက်လုပ်ခဲ့တဲ့ အလုပ်သမားတွေက အစားအသောက်၊ အ၀တ်အထည်တွေနဲ့ သူတို့ရဲ့အလုပ်‌အတွက် အခကြေးငွေတွေရရှိခဲ့ကြပါတယ်။ ဒါကြောင့်မလို့ ကျွန်လို့ အသုံးပြုခြင်းထက် လုပ်သားတွေလို့ သုံးနှုန်းတာက ပိုပြီးမှန်ကန်နေပါလိမ့်မယ်။

အဲ့ဒီလိုပဲ ပိရမစ်တွေကို ‌ဂြိုလ်သားတွေကဆောက်လုပ်ခဲ့တယ်ဆိုတဲ့ Myth ကလည်း Social Media မှာတင်မကပဲ အပြင်လောကမှာပါ အတော်လေးကို နာမည်ကြီးတဲ့ အယူအဆဖြစ်နေပါတယ်။ YouTube က Pseudoscience သမားတွေရဲ့ Viewer ရအောင် ဖန်တီးထားတဲ့ လုပ်ဇာတ်အများအပြားကြောင့် ဒီလို အယူအဆဟာ လူတွေကြားမှာတော်တော်လေးကို ပေါ်ပြူလာဖြစ်လာခဲ့ပါတယ်။ ပိရမစ် အကြောင်းမှာမှမဟုတ်ဘဲ တခြားကိစ္စတွေမှာဆိုရင်လည်း ဂြိုဟ်သား ဆိုပြီး နာမည်တပ်လိုက်တာနဲ့ လူအများစိတ်၀င်စားလေ့ရှိတာကို အခွင့်ကောင်းယူပြီးတော့ အချက်အလက်အမှားတွေ ဖော်ပြနေတဲ့ Channel တွေ အများအပြားရှိနေပါတယ်။ တကယ်တမ်းမှာတော့ ဒီအယူအဆအတွက် တိကျတဲ့ သက်သေအထောက်အထားတွေရှိမနေပါဘူး။ အဲ့ဒီ ပိရမစ်တွေကို အဲ့ဒီခေတ်ကာလမှာရရှိနိုင်တဲ့ နည်းပညာနဲ့ ပစ္စည်းတွေကိုအသုံးပြုပြီးတော့ လူသားစစ်စစ်တွေကပဲ တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ ထိုခေတ်တွေမှာဆိုရင် လက်မှုပညာနဲ့ ဗိသုကာပညာက ယခုခေတ်နဲ့ယှဉ်သာနိုင်အောင်ကို အဲ့ခေတ်နဲ့ဆိုရင် အတော်လေးကို မြင့်မားနေခဲ့ရုံသာဖြစ်ပြီး အစဉ်အဆက် လက်ဆင့်မကမ်းနိုင်ခဲ့တာတွေကြောင့်သာ အဲ့လိုအတတ်ပညာတွေ ကွယ်ပျောက်လာခြင်းသာဖြစ်ပြီးတော့ ဂြိုဟ်သားတွေကနေ လာရောက်ပြီး ဆောက်ပေးထားခြင်း မဟုတ်ပါဘူးလို့ပြောနိုင်ပါတယ်။

ကဲဒါဆိုရင် ပိရမစ်တွေကိုဘယ်လိုတည်ဆောက်ခဲ့ကြသလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

ပိရမစ်တွေကို တည်ဆောက်တဲ့ လုပ်ငန်းစဉ်က ရှုပ်ထွေးပြီးတော့ လုပ်သားအင်အားကို အများအပြားအားပြုထားတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး စနစ်ကျတဲ့စီ မံကိန်းတွေများစွာလိုအပ်ခဲ့တာပါ။ ဒီထဲကမှ အကျော်ကြားဆုံး ပိရမစ်တစ်ခုဖြစ်တဲ့ ဂီဇာပိရမစ်ကို အနှစ်၂၀ ‌လောက်ထိ အချိန်ယူတည်ဆောက်ခဲ့ရပြီး လုပ်သား ထောင်ပေါင်းများစွာရဲ့ လုပ်အားတွေကို လိုအပ်ခဲ့ပါတယ်။ အလေးချိန် ၂ တန်ကနေ ၈၀ ကြားမှာရှိတဲ့ ကျောက်တုံးပေါင်း ၂.၃ သန်းခန့်ကို ဂီဇာပိရမစ်ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အသုံးပြုခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါဆိုရင် ပိရမစ်ကိုတည်ဆောက်ခဲ့တဲ့ အစီအစဉ်ရေးဆွဲနေရာကနေစလိုက်ရအောင်ပါ။ အရင်ဆုံး ပိရမစ်ကိုတည်ဆောက်မဲ့ နေရာအတွက် Site တစ်ခုကို ရွေးချယ်ရပါပြီ။ အဲ့တာပြီးပြီဆိုရင်တော့ ပိရမစ်ရဲ့အရွယ်အစားနဲ့ ပုံသဏ္ဍာန်ဘယ်လိုဆိုတာကို ဆုံးဖြတ်ခဲ့ပုံရပြီးတော့ အသုံးပြုမဲ့ပစ္စည်းတွေကိုလည်း စတင်ရွေးချယ်ရပါတော့တယ်။ ပိရမစ်တွေရဲ့ အခြေခံအုတ်မြစ်က သူ့ရဲ့ ကြီးမားလွန်းနေတဲ့ အလေးချိန်ကို ခံနိုင်ဖို့လိုတာမလို့ Foundation ချတာကလည်း တော်တော်လေးကိုအရေးကြီးပါတယ်။ ဖောင်ဒေးရှင်းကို ထုံးကျောက်တွေကို အဓိကအသုံးပြုရပါတယ်။

ဖောင်ဒေးရှင်းချတဲ့ပထမအဆင့်မှာဆိုရင် အပင်တွေနဲ့ အပျက်အစီးတွေကိုရှင်းလင်းရပါတယ်။ အဲ့တာပြီးတဲ့အခါမှ ပိရမစ်တည်ဆောက်မဲ့နေရာမှာ ဖောင်ဒေးရှင်းချဖို့အတွက် ကျင်းတွေတူးရပါတယ်။ ပိရမစ်တွေရဲ့ အရွယ်အစားအပေါ်မှာမူတည်ပြီးတော့ ကျင်းရဲ့ အတိမ်အနက်နဲ့ အကျယ်တွေကတော့ ကွဲပြားပါတယ်။ ဥပမာ‌အနေနဲ့ ဂီဇာ ပိရမစ်မှာဆိုရင် အောက်ခြေဖောင်ဒေးရှင်းရဲ့ အနက်က ၁၀ မီတာ (၃၃ ပေ) ၀န်းကျင်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဖောင်ဒေးရှင်းချပြီးတာနဲ့ အနီးနားက ထုံးကျောက်တွေကို အလုပ်သမားတွေနဲ့ တိရစ္ဆာန်တွေကို အသုံးပြုပြီးတော့ သယ်ယူကြပါတယ်။ ဖောင်ဒေးရှင်းက ခိုင်ခံ့ပြီးတည်ငြိမ်မှုရှိစေဖို့အတွက် ‌ကျောက်တုံးတွေကို ဂရုတစိုက်တိုင်းတာကြပြီးတော့ ပြီးပြည့်စုံတဲ့ ရေပြင်ညီအတိုင်းဖြစ်အောင်လုပ်ယူခဲ့ကြပါတယ်။ ဖောင်ဒေးရှင်းပြီးတာနဲ့ သဲအလွှာတွေ ဒါမှမဟုတ် ကျောက်စရစ်တွေနဲ့ မျက်နှာပြင်ကိုဖုံးအုပ်လိုက်ပါတယ်။ ဒီအလွှာက‌ ပိရမစ်ရဲ့အလေးချိန်ကို ‌‌ဖောင်ဒေးရှင်းတစ်လျှောက်အညီအမျှ ခံဖို့အတွက် ကူညီပေးနိုင်ခဲ့ပါတယ်။

ဖောင်ဒေးရှင်းချပြီးတဲ့နောက်မှာတော့ ပိရမစ်ရဲ့ Core Structure ( အဓိက ဖွဲ့စည်းတည်ဆောက်ပုံ ) ကိုစတင်တည်ဆောက်နိုင်ပါပြီ။ ပင်မဖွဲ့စည်းထားတဲ့ အူတိုင်ကို ထုံးကျောက်တုံးတွေနဲ့ ပြုလုပ်ပြီးတော့ ညီညာမှုရှိအောင် ဂရုတစိုက်လှီးဖြတ်ပြီးပုံသွင်းရပါတယ်။ကျောက်တုံးတွေကိုဖြတ်တဲ့နေရာမှာ အလုပ်သမားတွေက ထုံးကျောက်လို ကျောက်အပျော့တွေကို ဖြန့်ဖို့အတွက်ကြေးနီနဲ့လုပ်ထားတဲ့‌ ကျောက်တုံးတွေ ( Copper chisels ) တွေနဲ့ လွှတွေကို အသုံးပြုခဲ့ကြပုံ ရှိပြီးတော့ ဂရက်နစ် (Granite)၊ ဂန်နိုဒိုင်အိုရိုက် (Ganodiorite) ၊ ဆိုင်ယာနိုက် (Syenite) လိုကျောက်တွေနဲ့ ဗဆော့ (Basalt) ကျောက်တွေလို ပိုမာတဲ့ကျောက်တွေကိုတော့ ကြေးနီကိရိယာတစ်ခုထဲနဲ့ မလုံလောက်တော့ပါဘူး။ အဲ့အချိန်မှာ ‌copper chisels တွေကိုသုံးမယ့်အစား Delerite တွေနဲ့ လွှတွေကိုအသုံးပြုပြီး ဖြတ်ခဲ့ကြပုံပေါ်ပါတယ်။ ဒီနည်းလမ်းက တော်တော်လေးကိုအချိန်ယူခဲ့ရပြီးတော့ အလုပ်သမားတွေရဲ့ကျွမ်းကျင်မှုတွေအပေါ်မှာလည်း မူတည်နေပါတယ်။ ဒီဆောက်လုပ်ရေးမှာအသုံးပြုတဲ့ ကျောက်တုံးတွေကို အလုပ်သမားတွေ ဒါမှမဟုတ် တိရစ္ဆာန်တွေက ဆွဲတဲ့ စွတ်ဖားတွေကို အသုံးပြုပြီးတော့ အနီးနားမှာရှိတဲ့ ကျောင်းမိုင်းတွေကနေတစ်ဆင့် ဆောက်လုပ်ရေးနေရာကို သယ်ယူခဲ့ကြပါတယ်။

အူတိုင်ကို Horizontal Line အတိုင်းတည်ဆောက်ထားပြီးတော့ ‌တစ်ဆင့်ထပ်တက်တဲ့ အလွှာ (Layer) တွေက အောက်က အလွှာထက် နည်းနည်းချင်းစီပိုသေးအောင် လုပ်ပြီး ပိရမစ်ပုံကိုဖော်ကြပါတယ်။ ပြီးရင်တော့ အဲ့ဒီခေတ်က Ramp တွေကိုအသုံးပြီးတော့ လီဗာတွေနဲ့ ‌ကျောက်တုံးတွေကို အစီအစဉ်တကျ ဖြစ်အောင်လှီးဖြတ်ပြီးတော့ ပုံသွင်းကြပါတယ်။ ဒီ ဒီဇိုင်းကပဲ ပိရမစ်ရဲ့ထူးခြားတဲ့ ပုံသဏ္ဍာန်ဖြစ်လာပြီးတော့ ထင်ရှားလာပါတော့တယ်။

ပိရမစ်က ပိုပြီးမြင့်လာတာနဲ့အမျှ အလုပ်သမားတွေအလုပ်လုပ်နိုင်ဖို့အတွက် အပေါ်ကိုပို့ပေးနိုင်မဲ့ Ramp တွေကို တည်ဆောက်ရပါတယ်။ ဒီနေရာမှာ အီဂျစ်လူမျိုးတွေက တုံးတွေကို အမြင့်မှာနေရာချထားဖို့အတွက် Counterweight သဘောတရားနဲ့ Pulley တွေကိုအသုံးပြုပြီးတော့ ကျောက်တုံးတွေကို နေရာချထားခဲ့ဟန်ရှိပါတယ်။ နောက်ထပ်ဖြစ်နိုင်ချေတစ်ခုအနေနဲ့ ပိရမစ်ကိုပတ်ပြီး Ramp တွေကိုတည်ဆောက်ထားခဲ့ဟန်ရှိပြီး အလုပ်သမားတွေအားအမြင့်ဆီကို ပို့ပေးနိုင်ခဲ့ပါတယ်။ ပိရမစ်ရဲ့အတွင်းပိုင်းကို ပုံမှန်အားဖြင့် အခန်းတွေနဲ့ စင်္ကြန်လမ်းတွေဆိုပြီး ပိုင်းခြားထားပြီး ကျဉ်းမြောင်းတဲ့လမ်းကြောင်းတွေကနေတစ်ဆင့် သင်္ချိုင်းခန်းအတွင်းကို ၀င်ရောက်နိုင်ပါတယ်။ သင်္ချိုင်းခန်းက ပိရမစ်ရဲ့ နက်ရှိုင်းတဲ့နေရာတွေမှာတည်ရှိပြီးတော့ အများအားဖြင့် ဂရက်နစ်ကျောက်တုံးတွေနဲ့ပဲပြုလုပ်ကြပါတယ်။ ပိရမစ်ရဲ့အလေးချိန်အောက်မှာ သင်္ချိုင်းခန်းကို ပြုကျနိုင်တဲ့အန္တရယ်ကနေကာကွယ်ဖို့အတွက် Corbel arch နည်းကိုအသုံးပြုပြီးတော့တည်ဆောက်ကြပါတယ်။ ဒီပုံစံက ပြိုကျမှုမရှိဘဲ ပိရမစ်ရဲ့အလေးချိန်ကို ခံထားနိုင်တဲ့ ဖွဲ့စည်းပုံတစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။

ပင်မဖွဲ့စည်းပုံပြီးပြီဆိုရင်တော့ နောက်ဆုံးထည့်သွင်းရမဲ့ အလွှာအနေနဲ့ အပြင်ဘက်အကာ (Outer Casing) ပဲကျန်ပါ‌တော့တယ်။ ထုံးကျောက်နဲ့ပြုလုပ်ထားတဲ့ ဒီအလွှာမှာ အသုံးပြုဖို့လိုအပ်တဲ့ ထုံးကျောက်တွေကို ဂရုတိစိုက် တူးဖော်ရပါတယ်။ ပြီးရင်တော့ ထုံးကျောက်တွေကို ကျောက်အနုတွေနဲ့ သဲတွေကိုအသုံးပြုပြီး မျက်နှာပြင်ချောမွတ်နေစေဖို့ပွတ်တိုက်ရပါတယ်။ ဒီအပြင်ဘက် Casing တွေက အလှဆင်ဖို့တင်မဟုတ်ဘဲနဲ့ ပင်မဖွဲ့စည်းပုံကို နေရောင်ခြည်ဒဏ်ကနေလည်းကာကွယ်ပေးပါတယ်။ ချောမွေ့တဲ့မျက်နှာပြင်က နေရောင်ခြည်ကိုရောင်ပြန်ဟပ်စေပြီးတော့ ပိရမစ်ရဲ့အတွင်းပိုင်းကို အေးပြီးခြောက်သွေ့စေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ပိရမစ်အများစုရဲ့ အပြင်ဘက်အကာတွေကို တခြားဆောက်လုပ်ရေး နေရာတွေမှာ အသုံးပြုဖို့အတွက်ဖယ်ရှားပစ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဂီဇာပိရမစ်လို ပိရမစ်အချို့မှာတော့ သူတို့ရဲ့ အပြင်ဘက်အကာက ဆက်လက်တည်ရှိနေဆဲဖြစ်ပြီးတော့ ခေတ်တစ်ခေတ်ရဲ့ ဗိသုကာလက်ရာတွေကို ရောင်ပြန်ဟပ်စေပါတယ်။

ပိရမစ်တွေကို တည်ဆောက်‌တဲ့နေရာမှာ ခက်ခဲတဲ့ အခြေအနေအများစွာနဲ့ စိန်ခေါ်မှုတွေ ရှိခဲ့ဆိုပေမယ့် ရှေးခေတ်အီဂျစ်လူမျိုးတွေက ကမ္ဘာပေါ်မှာ အထင်ကြီးစရာအကောင်းဆုံးဖြစ်တဲ့ အဆောက်အဦး တွေကို ဖန်တီးနိုင်ခဲ့ကြပါတယ်။ ပိရမစ်ရဲ့ အထင်ကြီးစရာအကောင်းဆုံး တစ်ခုအနေနဲ့ အတော်လေးကိုတိကျတဲ့ အင်ဂျင်နီယာပညာကိုအသုံးပြုခဲ့ခြင်းဖြစ်ပြီးတော့ ဂီဇာပိရမစ်ကြီးရဲ့ ဘေးနှစ်ဖက်က သံလိုက်အိမ်မြှောင်မှ Cardinal Point တွေနဲ့ ထပ်တူနီးပါးကို ထူးထူးခြားခြားတိတိကျကျနဲ့ တည်ဆောက်ထားခဲ့ပါတယ်။

အဲ့လိုပဲ နောက်ထပ်စိတ်၀င်စားဖို့ကောင်းတဲ့ အချက်တစ်ချက်လည်း ထပ်ရှိနေပါ‌သေးတယ်။ ထိုပိရမစ်တွေကို တည်ဆောက်နေတဲ့ ဖြစ်စဉ်ကိုမှတ်တမ်းတင်ဖို့အတွက် Hieroglyphics (နံရံခြစ်သင်္ကေတ) တွေကိုအသုံးပြုခဲ့တာပါ။ ပိရမစ်တွေကို ဆောက်လုပ်ခဲ့တဲ့ အလုပ်သမားအချို့ဆိုရင် သင်္ချိုင်းနေရာတွေနဲ့ အခန်းတွေရဲ့ နံရံတွေမှာ Hieroglyphics တွေနဲ့ ရေးခြစ်ထားခဲ့ပြီးတော့ ဆောက်လုပ်ရေးလုပ်ငန်းစဉ်ရဲ့ အချက်အလက်တွေကို ပေးနိုင်ခဲ့ပါတယ်။ ယနေ့ခေတ်မှာ အင်ဂျင်နီယာ ဆိုင်ရာတွေ တိုးတက်နေပြီဆိုပေမယ့် ပိရမစ်တွေကို ဘယ်လို တည်ဆောက်ခဲ့သလဲဆိုတာကို အပြည့်အ၀ မနားလည်နိုင်သေးဘဲ ပိရမစ်တွေရဲ့ ကြီးမားတဲ့ အတိုင်းအတာနဲ့ တိကျမှုတွေက ဗိသုကာပညာရှင်တွေကိုပ အံ့အားသင့်နေဆဲပါ။ တည်ဆောက်မှုကို အပြည့်အ၀ နားမလည်နိုင်သေးဘူးဆိုပေမယ့်လည်း အသုံးပြုခဲ့တဲ့ သဘောသဘာ၀တွေကို ရှာတွေ့နိုင်နေပြီဖြစ်ပြီးတော့ တစ်ချိန်ချိန်မှာတော့ အတိအကျရှာဖွေနိုင်လိမ့်မယ်လို့တော့ ခန့်မှန်းနိုင်ပါတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် ပိရမစ်တွေကို ဆောက်လုပ်ခြင်းက လူသားတွေရဲ့ အင်ဂျင်နီယာ စွမ်းရည်နဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေအပေါ်မှာ ထပ်ဟပ်နေပါတယ်။ ဒီလိုတွေဖြစ်လာနိုင်ဖို့အတွက်လည်း ပေးဆပ်ခဲ့ရတဲ့ လုပ်သားတွေအများအပြားရှိနေပြီးတော့ သူတို့တွေအပေါ်မှာလေးစားမှုရှိတဲ့‌အနေနဲ့ရော အချက်အလက်မှားတွေကိုထပ်ပြီး မပြန့်ပွားစေဖို့ရော အတူတကွ တိုက်ထုတ်ဖို့လိုပါတယ်။ ဒါတွေကြောင့်ပဲနောက်ဆုံးအနေနဲ့ အချက်အလက်မှားတွေက အချိန်အတော်ကြာကြာအထိ ဆက်ရှိနေဦးမှာကြောင့် ကျနော်တို့ရဲ့ Page မှာတင်ထားတဲ့ အချက်အလက်တွေကအစ ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားချင့်ချိန်ပြီးတော့မှသာယုံသင့်ကြောင်းပြောချင်ပါတယ်။ Fact Hub က အချက်အလက်တွေကို စီစစ်ပြီးမှ တင်တာမလို့ ယုံယုံကြည်ကြည်နဲ့ ဖတ်နိုင်ပါတယ်၊ စိတ်ချလက်ချဖတ်နိုင်ဖို့အတွက် အပြည့်အဝမှန်ကန်ဖို့ကြိုးစားနေပါတယ်။ Fact Hub က မှန်ကန်တယ်ဆိုတာထက် မှန်ကန်ဖို့ကြိုးစားနေပါတယ်။ ဒီစာထဲမှာအသေးစိတ်မပါသွားတဲ့ အကြောင်းအရာတွေထဲကအသေးစိတ်ကို သိချင်တယ်ဆိုရင်လည်း ပြောသွားပေးနိုင်ပါတယ်။

 

Htoo Tay Za

Htoo Tay Za is the Co-Founder of Fact Hub Myanmar. Currently serving as the platform's Head of Publishing and Research and Development Officer, he oversees its technical operations and editorial frameworks. He initially contributed to the digital newsroom as a regular author dedicated to science communication and pseudoscience checking, but has since shifted his focus toward backend infrastructure. His technical background also extends to scientific computing and experimental physics, including experience developing simulations for practical applications. Alongside managing digital operations and coordinating grant-funded science education workshops, he maintains a broad interest in exploring the intersections of artificial intelligence, history, and physics.

Article Credits

Written by Htoo Tay Za

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.