“အသံတိတ် လူသတ်လက်နက် Heat Stroke အပူရှပ်ရောဂါ”
ယနေ့ခေတ်မြန်မာနိုင်ငံရဲ့ အပူအချိန်ကို ဘာကတော့ဘယ်လိုပါလို့ ရှည်ရှည်ဝေးဝေး ရှင်းပြစရာလိုမယ်မထင်ပါဘူး။ မြန်မာ့နိုင်ငံရဲ့အပူချိန်က အာရှတစ်ခွင်မှာတောင် အပူဆုံးနံပတ်တစ်နေရာကရပ်တည်နေခဲ့ပါပြီ။ ဒီအတွက် နွေရာသီမှာ အရမ်းပြင်းတဲ့အပူအချိန်ကြောင့်ဖြစ်တတ်တဲ့ Heat Stroke အကြောင်းကို ဆောင်ရန်ရှောင်ရန်တွေနှင့်အတူ ဘာတွေကြိုတင်ကာကွယ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။
အပူရှပ်တယ်ဆိုရင် လူတွေက သာမန်ပဲလို့ထင်တတ်ကြပါတယ်။ ဆေးမြီးတိုလေးတွေလုပ်လိုက် နေမကောင်းဖြစ်ရင် ပါရာစီတမောသောက်လိုက် ဒီလိုပေါ့ပေါ့လေးတွေးကြတာပါ။ တကယ်တော့ အဲတာက လုံးဝမှားနေပါတယ်။ Heat Stroke ဖြစ်လာပြီဆိုရင် ဖျားတာ သတိလစ်တာ မူးလဲတာကနေ ခန္ဓာကိုယ်က အစိတ်အပိုင်းတွေအကြောသေတာ၊ အကြောဆိုင်းတာကမေ အသက်အန္တရယ်ကိုထိခိုက်စေတဲ့ ဦးနှောက်သွေးကြောပြတ်တာထိ ဖြစ်တတ်ပါတယ်။ လူကြီး လူငယ် သက်ကြီးရွယ်အို မရွေးဖြစ်တတ်တာမိုး ဂရုစိုက်ဖို့လိုပါတယ်။ လုံးဝလျှော့တွက်လို့ရတဲ့ ရောဂါမျိုးမဟုတ်လို့ မပေါ့ဆကြဖို့လည်း ပြောချင်ပါတယ်။
အပူရှပ်တာ ဘာကြောင့်ဖြစ်ရလဲ ?
Heat Stroke အပူရှပ်တယ်ဆိုတာ ခန္ဓာကိုယ်က ရုတ်တရက်ကြီး အပူချိန်တွေမြင့်တက်လာပြီး အပူချိန်ကို မထိန်းချုပ်နိုင်တော့တာမျိုးပါ။
ဘာကြောင့် Heat Stroke အပူရှပ်ရလဲဆိုရင် ~~~
ပထမဆုံး တစ်ချက်ကတော့ ရာသီဥတုပြင်းထန်တာပါ။ ပြင်ပအပူချိန်အရမ်းပြင်းထန်လာတဲ့အခါ လူရဲ့ ခန္ဓာကိုယ်က မချိန်ညှိနိုင်တော့ဘဲ Heat Stroke ကိုဖြစ်စေတဲ့ အပူချိန်ကိုရောက်သွားတတ်ပါတယ်။
ဒုတိယတစ်ချက်က အရမ်းပူနေတဲ့အချိန် လေ့ကျင့်ခန်းတွေလုပ်တာ ဆော့တာ ကစားတာတွေနဲ့ ခန္ဓာကိုယ်ကို နေပူထဲမှာ အကြမ်းပတမ်း အလုပ်လုပ်ခိုင်းတာတွေကြောင့်ပါ။
တတိယအချက် ချွေးလုံးဝမထွက်လာတဲ့အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်။ မြန်မာတွေအယူအဆအရ ချွေးအောင်းရင် ဖျားတယ်ဆိုပေမယ့် ဆေးပညာအရတော့ အဲ့တာ အပူရှပ်ခြင်းတစ်မျိုးပါပဲ။
စတုထ္တအချက်ကတော့ ရေသောက်နည်းပြီး အရက်သောက်တဲ့သူတွေပါ။ အရက်ထဲမှာ ပါတဲ့ Alcohol က ခန္ဓာကိုယ်အပူချိန်ကိုမြင့်တက်စေပြီး ရာသီဥတုပြင်းတာနဲ့ပေါင်းသွားတဲ့အခါ Heat Stroke ကိုဖြစ်သွားစေပါတယ်။ ရေသောက်နည်းတဲ့ အတွက် ရေဓာတ်လည်း ခန်းခြောက်နေတဲ့အချိန် အပူရှပ်တာကနေ အရက်သောက်လိုက်ရင် အသက် ဆုံးရှုံးရတဲ့ထိ ဖြစ်တတ်ပါတယ်။ အဲတာကြောင့် နှစ်စဉ်နွေရာသီမှာ အပူရှပ်ပြီး အသက်ဆုံးရှုံးရတာ ယမကာလုလင်တွေ များနေရတာဖြစ်ပါတယ်။
အပူရှပ်တယ်လို့ သေချာပြီဆိုရင် ခန္ဓာကိုယ်ရဲ့ အပူချိန်က 106°F Celsius ဆိုရင် 41°C လောက်ကို မိနစ်နှစ်ဆယ်လောက်အတွင်း မြင့်တက်သွားတယ်။ ဒါဆိုရင် Heat Stroke ဖြစ်သွားပါပြီ။ လက္ခဏာတွေလည်းပြပါတယ်။
1. စိတ်အတက်အကျမြန်ခြင်း , စကားတွေတောင်စဉ်ရေမရပြောခြင်း, အသိစိတ်လွှတ်ခြင်း
2. သတိလစ်မေ့မြောခြင်း
3. အသားတွေပူလာပြီး ချွေးတွေအလွန်အမင်းထွက်လာခြင်း
4. ရုတ်တရက်တက်ခြင်း
5. ခန္ဓာကိုယ်အပူချိန်မြင့်မားခြင်း တွေဖြစ်နိုင်ပါတယ်။
အဲတာမျိုးဖြစ်လာခဲ့ရင် တစ်ချက်မှားတာနဲ့ အသက်အန္တရာယ်လည်းများသလို လုပ်တတ်ရင် အသက်ကယ်လို့လည်းရပါတယ်။ ပထမဆုံးတော့ ဆေးရုံကိုသွားဖို့ ဦးစားပေးတစ်ပါ။ အရမ်းအလှမ်းဝေးနေရင်တော့ ဒီလိုလေးကယ်လို့ရပါတယ်။ လုပ်ဆောင်ရမှာတွေက Heat Stroke ဖြစ်တယ်လို့ထင်ရတဲ့သူကို ပထဆုံး လေအေးရတဲ့နေရာ (ပန်ကာကပဲရရ/ Aircon ကပဲရရ) ဘယ်ကလေအေးအေးလေးရနိုင်မလဲဆိုတာ လူနာအတွက်စီစဉ်ပေးရပါမယ်။ ပြီးရင်တော့ ခန္ဓာကိုယ်ကို ရေပတ်တိုက်ပေးတာ ရေလောင်းပေးတာတွေ အဝတ်အစားတွေကို ရေစွတ်ပြီး ဝတ်ထားတာမျိုးတွေ လုံးဝဝတ်မပေးတာမျိုးလည်း လုပ်လို့ရပါတယ်။ အဲလိုဆိုရင်တော့ အသက်ဆုံးရှုံးရဖို့ ရာခိုင်နှုန်းနည်းသွားပါတယ်။ Heat stroke ဖြစ်ပြီဆိုရင် ရေအေးအေး၊ လေအေးအေးနဲ့ ထိတွေ့ပေးပြီး ဆေးရုံကို သွားဖို့တော့လိုပါလိမ့်မယ်။ အဓိက သိရမှာက ပြာယာခတ်နေရင်တော့ ဘာဆိုဘာမှကယ်လို့ရမှာမဟုတ်တာမို့ စိတ်အေးအေးနဲ့ကယ်ဖို့လိုပါလိမ့်တယ်။
ကာကွယ်လို့ရော ရလားဆိုရင် ရပါတယ်။ နေအပူပြင်းပြင်းနေရာတွေ ရှောင်ပါ။ အရမ်းရာသီဥတုပြင်းနေရင် အပြင်ထွက်တာမျိုးရှောင်ကြဉ်ပါ။ အရိပ်ရတဲ့နေရာတွေမှာနေပြီး ရေများများသောက်ပါ။ ချွေးထွက်နေရင် ကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။ ချွေးထွက်လွန်ရင်တော့ ရေဓာတ်ကို ဓာတ်ဆားသောက်ရင်း ဖြည့်တင်းပါ။ အနည်းနဲ့အများတော့ကာကွယ်နိုင်ပါလိမ့်မယ်။
အနှစ်ချုပ်အနေနဲ့ Heat Stroke အပူရှပ်တာဖြစ်လာပြီဆိုရင် လေအေးအေး ရေးအေးအေး ရမယ့်နေရာကို အမြန်ရွေ့ပါ ပြောင်းပါ။ ဒုတိယတစ်ချက်အနေနဲ့ ဖြစ်လာရင် နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားကြပါလို့ တိုက်တွန်းပါတယ်။ ကိုယ်တိုင်ထက် စာရင်တတ်သိနားလည်တဲ့သူတွေက ပိုမိုမြန်မြန်ဆန်ဆန်ကယ်နိုင်ပါလိမ့်မယ်။
ရာသီဥတုပူပြင်းတဲ့အတွက်ကြောင့် ကျန်းမာရေးဂရုစိုက်ကြဖို့နဲ့ မိမိပတ်၀န်းကျင်မှာ ဖြစ်ခဲ့တယ်ဆိုရင်လည်း ကယ်တင်နိုင်ဖို့ ရည်ရွယ်ပြီး Fact Hub ကနေ မျှေ၀ပေးလိုက်ပါတယ်။