May 25, 2026 | မြန်မာ
Fact Check 1 min read

မက္ကစီကို ကွန်ဂရက် ကြားနာပွဲမှာ ဂြိုဟ်သားတွေရဲ့ ရုပ်အလောင်းတွေကို ထုတ်ဖော်ပြသခဲ့

လက်တင်အမေရိက နိုင်ငံတွေကြား UFO တွေနဲ့ ပတ်သက်လို့ ပထမဆုံး ပြုလုပ်တဲ့ ကွန်ဂရက် ကြားနာပွဲမှာ လူသားမဟုတ်တဲ့ အခြား မျိုးစိတ် .. တစ်နည်း ဂြိုဟ်သားလို့ အဆိုပြုထားတဲ့ ရုပ်အလောင်းတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲ့ဒီကြားနာပွဲမှာ မက္ကစီကန်လူမျိုး သတင်းထောက်နဲ့ UFO လေ့လာသူ ဟိုင်မင် မောက်ဆန် (Jaime Maussan) တို့ကနေပြီး သေတ္တာနဲ့ ထည့်ထားတဲ့ .. (သူတို့အဆိုပြုချက်အရ) ဂြိုဟ်သားအသွင်ရှိိတဲ့ ရုပ်အလောင်းနှစ်ခုကို ဥပဒေပြုရေးလူကြီးတွေဆီ ပြသခဲ့တာပါ။

မောက်ဆန်ကနေပြီး အဲ့ဒီရုပ်အလောင်းတွေဟာ ကမ္ဘာပေါ်က သက်ရှိတွေနဲ့ လုံးလုံးလျားလျားမှ သက်ဆိုင်ခြင်း မရှိဘူးလို့လဲ ဆိုပါတယ်။

သေတ္တာငယ်နှစ်ခုထဲ ထည့်ထားတဲ့ အဲ့ဒီရုပ်အလောင်းတွေမှာ တစ်ဖက်ကို လက်သုံးချောင်းစီနဲ့ လက်နှစ်ဖက် ပါကြပြီး ခပ်ရှည်ရှည်ဦးခေါင်းတွေ ပါရှိပါတယ်။ ဒီရုပ်ကြွင်းတွေကို ပီရူးက ရှေးဟောင်းသုတေသနဆိုက်တစ်ခုဖြစ်တဲ့ Nazca Lines မှာ ၂၀၁၇ ခုနှစ်က တူးဖော်ရရှိခဲ့တာပါ၊ နောက် မက္ကစီကိုက National Autonomous University ဆီကို ပေးပို့ပြီး ဒီရုပ်ကြွင်းတွေရဲ့ သက်တမ်းကို ကာဗွန်ဒိတ်လုပ်ကြည့်တဲ့အခါ နှစ် ၁၀၀၀ နီးပါး ကြာမြင့်နေတဲ့ ရုပ်ကြွင်းဖြစ်တယ်လို့လဲ သူက ဆိုပါတယ်။

အလားတူ ဖြစ်ရပ်မျိုး ၂၀၁၇ တုန်းကလဲ အဲ့ဒီ ပီရူး ရှေးဟောင်းဒေသမှာ ဖြစ်ပွားဖူးပါတယ်၊ အဲ့ဒီတုန်းက ဖြစ်စဉ်ကတော့ လူသားကလေးကို ပတ်တီးတွေနဲ့ ကျပ်စည်းထားတဲ့ ရုပ်အလောင်းဖြစ်လို့ မှားယွင်းသက်သေအနေနဲ့ သတ်မှတ်ခံရဖူးပါတယ်၊ ဒီတစ်ခေါက် ကြားနာပွဲကလဲ အဲ့ဒီ ၂၀၁၇ တုန်းက ရုပ်ကြွင်းတွေ တူးဖော်တုန်းက ရရှိထားတာတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။

မောက်ဆန်က သက်သေအထောက်အထားတွေကို အခုလိုမျိုး လူသိရှင်ကြား ချပြဖော်ပြတာဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ ပြောပါတယ်။

နောက်ပြီး သူက “ကမ္ဘာပေါ်က သက်ရှိမျိုးစိတ်တွေနဲ့ လားလားမှ မဆိုင်တဲ့ အခြားကမ္ဘာဂြိုဟ်ပြင်ပ သက်ရှိဖြစ်နိုင်ပါတယ်၊ နိုင်ငံတကာသိပ္ပံအဖွဲ့အစည်းတွေအနေနဲ့လဲ ဒါကို သိပ္ပံ နည်းကျ လာရောက် စုံစမ်း စစ်ဆေးနိုင်ပါတယ်” လို့ ပြောပါတယ်။ စကြာဝဠာမှာ ငါတို့ပဲ ရှိတာ မဟုတ်ဘူးဆိုပြီးလဲ ထပ်မံဖြည့်စွက်ပြောသွားပါသေးတယ်။

မက္ကစီကို ရေတပ်က ဆေးသိပ္ပံဆိုင်ရာ ဒါရိုက်တာ Jose de Jesus Zalce Benitez ကလဲ ဒီရုပ်ကြွင်းတွေကို အိတ်ဇ်ရေးတွေ၊ သုံးဘက်မြင်ရုပ်ကြွ ပြန်လည်ပုံဖော်တာတွေနဲ့ ဒီအင်န်အေ စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

သူက “ကျွန်တော့်အနေနဲ့ ဒီရုပ်အလောင်းတွေဟာ လူသားမျိုးစိတ်တွေနဲ့ လုံးလုံးမှ ပတ်သက်ဆက်နွယ်နေတာမျိုး မရှိကြောင်း အတည်ပြုနိုင်ပါတယ်” လို့ ဆိုပြန်ပါသေးတယ်။

မောက်ဆန်ရဲ့ အဆိုအရ ရုပ်အလောင်းတွေကို ကာဗွန်ဒိတ် လုပ်ခဲ့တဲ့ မက္ကစီကို National Autonomous University ကနေပြီး ဒီနေ့ ကြာသပတေးနေ့ နံနက်ပိုင်း၊ အဲ့ဒီဓာတ်ပုံတွေ ပျံ့နှံ့လာတော့ ၂၀၁၇ တုန်းက ထုတ်ဝေခဲ့ဖူးတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ပြန်လည်ဖော်ပြခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲပါတာအရ သူတို့ဆီကို ပေးပို့လာတဲ့ အသားစ နမူနာကိုပဲ ကာဗွန်ဒိတ်လုပ် – သက်တမ်းတွက်ချက်ပေးခဲ့ရုံသာ ဖြစ်ပြီး အဲ့ဒီရုပ်ကြွင်းတွေရဲ့ မူလအစ လားရာနဲ့ ဘာဖြစ်ပါတယ်ဆိုပြီး ကောက်ချက်ချခဲ့တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

အလားတူပဲ မက္ကစီကိုရဲ့ ထိပ်တန်း astrologist တစ်ယောက်ဖြစ်တဲ့ ဆက်ဂူရာ (Antígona Segura) ကနေပြီး မောက်ဆန်ရဲ့ အဆိုပြုချက်ကို “ဒီကောက်ချက်ချမှုတွေက ဘယ်လိုမှ သက်သေအထောက်အထားမှ ကျောထောက်နောက်ခံ မရှိထားသေးဘူး” ဆိုပြီး ပြောခဲ့ပါတယ်။ ဆက်ဂူရာက ကမ္ဘာဂြိုဟ်ပြင်ပမှာ အသက်ရှင်နေထိုင်နေနိုင်တဲ့ သက်ရှိတွေနဲ့ ပတ်သက်ပြီး နာဆာနဲ့ အတူ စူးစမ်းလေ့လာမှုတွေ ပြုလုပ်နေတဲ့ သိပ္ပံပညာရှင်တစ်ယောက်ပါ။

သတင်းထောက်နဲ့ စုံစမ်းစစ်ဆေးရေးသမားတစ်ဦးဖြစ်တဲ့ မန်တယ်လာ (Jois Mantilla) ကတော့ ဒီ ရုပ်အလောင်းတွေကို ခွဲခြမ်းစိတ်ဖြာတာမျိုး အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးပြီဖြစ်ပြီး ရလဒ်တွေက ဒီကမ္ဘာပေါ်က ဘယ်လို သက်ရှိမျိုးစိတ်နဲ့မှ တူညီတာမျိုး မရှိဘူးလို့ ပြောပါတယ်၊ နောက် သူက ဒီကိစ္စနဲ့ ပတ်သက်လို့ အခြားပြင်ပ အဖွဲ့အစည်းတွေကနေပြီး လာရောက် စုံစမ်းစစ်ဆေးတာမျိုး လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဥပဒေပြုရေးအရာရှိတွေက ပြီးခဲ့တဲ့ အမေရိကန် UFO ကွန်ဂရက်ကြားနာရေးမှာ ပါဝင်ခဲ့တဲ့ လေတပ်ပိုင်းလော့ Ryan Graves ကလဲ ဒီတစ်ခေါက် မက္ကစီကိုက ကြားနာပွဲမှာ သူတွေ့ကြုံခဲ့ရတာတွေနဲ့ ပတ်သက်ပြီး လာအကြားနာခံခဲ့ပါတယ်။ ကွန်ဂရက်လူကြီး ဆာဂျီရို (Sergio Gutierrez) ကတော့ “ကျွန်တော်တို့အနေနဲ့ စဉ်းစားတွေးတောစရာတွေ၊ စိုးရိမ်စရာတွေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ တခြား ဆက်ပြောစရာတွေ အများကြီး ကျန်သေးပါတယ်” လို့ ပြောခဲ့ပါတယ်။

အမေရိကန် အစိုးရ အနေနဲ့လဲ လွန်ခဲ့တဲ့ နှစ်တွေက စလို့ ဒီ အမျိုးအမည်မသတ်မှတ်နိုင်တဲ့ ခပ်ဆန်းဆန်းဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ထင်ထင်ပေါ်ပေါ် လုပ်ဆောင်လာနေပါတယ်၊ ပင်တဂွန်ကလဲ လေတပ်က လေယာဉ်မှူးတွေ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးတာမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာသလို တစ်ဖက်မှာလဲ နာဆာက အာကာသအေဂျင်စီတစ်ခုအနေနဲ့ UFO ကိစ္စကို တိုးမြှင့်လေ့လာနေကြပါတယ်။ သူတို့လေ့လာထားတာတွေက ရလာတဲ့ ရလဒ်တွေနဲ့ တခြား ဖြစ်ရပ်တွေကိုတော့ ဒီကနေ့ မနက်ပိုင်းက ဆွေးနွေးသွားကြပါတယ်၊ Update တွေကိုတော့ Fact Hub က အချိန်နဲ့ တပြေးညီ မျှဝေပေးပါ့မယ်။

_________

ရရှိထားတဲ့ အချက်အလက်တွေကို အသုံးပြုပြီး Fact Hub က အကျဉ်းချုပ်ပေးပါ့မယ်။ ဒီအကြောင်းအရာမျိုးက မကြာခင် အချိန်အတွင်းမှာ သတင်းတု/သတင်းမှားတွေ၊ လုပ်ကြံ သတင်းတွေနဲ့ အထင်အမြင်လွဲစေနိုင်တဲ့ ဖော်ပြချက်တွေအဖြစ် ကူးပြောင်းသွားနိုင်လို့ ဒီအကျဉ်းချုပ်ကို သေချာဖတ်ပေးဖို့ လိုအပ်ပါတယ်။

– မက္ကစီကို ကွန်ဂရက် ကြားနာပွဲမှာ ဂြိုဟ်သားတွေရဲ့ ရုပ်အလောင်းတွေကို ထုတ်ဖော်ပြသခဲ့တာ မှန်ပါသလား။ 

မှန်ကန်ပါတယ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကြားနာပွဲမှာ ဂြိုဟ်သားတွေဆိုပြီး တင်သွင်းသူက အဆိုပြုထားတဲ့ ရုပ်အလောင်းတွေကို ပြသထားတာပါ။

– ဒီလိုကြားနာမှုမျိုး အရင်က လုပ်ဖူးလား။ 

လုပ်ဖူးပါတယ်၊ လွန်ခဲ့တဲ့ နှစ်လကတင် အမေရိကန်ကွန်ဂရက်ညီလာခံမှာ UFO တွေနဲ့ ပတ်သက်လို့ ညီလာခံ လုပ်ခဲ့ပါတယ်၊ လူသားမဟုတ်တဲ့ သက်ရှိတွေအတွက် ရုပ်ပိုင်းဆိုင်ရာ အထောက်အထားတွေတော့ မပါဝင်ခဲ့ပါ။ ဒီတစ်ခေါက် မက္ကစီကို ကြားနာပွဲကတော့ ၂၀၁၇ တုန်းကလိုမျိုးနဲ့ တူပါတယ်၊ အဲ့ဒီတုန်းကလဲ မောက်ဆန်က ဒီလိုအဆိုပြုချက်မျိုး တင်သွင်းခဲ့တာပါ၊ အဲ့ဒီတုန်းကတော့ ကလေးအလောင်းဖြစ်နေတာ၊ နောက် အရုပ်တွေကို အရေပြားနဲ့ တူအောင် စက္ကူနဲ့၊ ဖိုက်ဘာစတွေအပါအဝင် ကော်တွေနဲ့ ကပ်ပြီး လူအရိုး၊ တိရစ္ဆာန်အရိုးတွေနဲ့ အတုထုတ်လုပ်တာမျိုး ရှိခဲ့ဖူးပါတယ်။

– သိပ္ပံအသိုင်းအဝိုင်းက ဘယ်လိုသတ်မှတ်လဲ။

ပညာရှင် တော်တော်များများ အပါအဝင် သိပ္ပံအသိုင်းအဝိုင်းကတော့ ဒီအဆိုပြုချက်နဲ့ သက်သေတွေကို ဆင့်ကဲစစ်ဆေးတာနဲ့ ထပ်ဆင့်အတည်ပြုချက်တွေ၊ စုံစမ်းစစ်ဆေးတာတွေ လုပ်ဖို့ လိုသေးကြောင်း၊ သက်သေတွေက မခိုင်မာကြောင်း၊ ဒီရုပ်အလောင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေက မယုံကြည်ရကြောင်း၊ အဆိုတင်သွင်းတာကို အဓိက လုပ်ဆောင်သူရဲ့ နောက်ကြောင်းက မသန့်ရှင်းတာကြောင့် တစ်ကြောင်း၊ တိကျခိုင်မာတဲ့ သုတေသနရလဒ်တွေ၊ စစ်တမ်းတွေ မထွက်ရှိိသေးတာကြောင့် တစ်ကြောင်း ဒီဖြစ်စဉ်က အမှန်တကယ် အတည်မပြုနိုင်သေးပါဘူး။ မောက်ဆန်ကိုလဲ ဒီ ဂြိုဟ်သားတွေရဲ့ မံမီသဏ္ဌာန် ရုပ်အလောင်းတွေကို ပီရူးနိုင်ငံကနေ မက္ကစီကိုကို ဘယ်လိုသယ်ဆောင်လာတာလဲ၊ ပီရူးကဟာရော ဟုတ်ရဲ့လား၊ အရင်တစ်ခေါက်ကလိုပဲ အတုဖန်တီးပြီး ပြုလုပ်တာလား၊ စတာတွေကို အမျိုးမျိုးဝေဖန်ပြောဆိုနေကြဆဲပါပဲ။

– မက္ကစီကို ကွန်ဂရက်ကရော ဒီရုပ်အလောင်းတွေကို ကမ္ဘာဂြိုဟ်ပြင်ပ သက်ရှိ (extraterrestrial being) တွေအဖြစ် အတည်ပြုလိုက်ပြီလား။ 

Fact Hub က ဒီကနေ့ ညနေခြောက်နာရီအထိ အတည်ပြုနိုင်တာအရ မက္ကစီကို ကွန်ဂရက်က ဒါကို အတည်မပြုသေးပါဘူး၊ နောက်ထပ် စုံစမ်းစစ်ဆေးဖို့ လိုတာတွေကို အချိန်အကြာကြီး ပြုလုပ်သွားရဦးမှာပါ။

– လွန်ခဲ့တဲ့ နှစ်လက အမေရိကန်ကွန်ဂရက်ကရော လူသားမဟုတ်တဲ့ သက်ရှိတွေ .. ဂြိုဟ်သားတေွ တည်ရှိကြောင်းကို အတည်ပြုလိုက်ပြီလား။

အတည်မပြုသေးပါ။ အဲ့တာနဲ့ ပတ်သက်လို့ အချက်အလက်မှားပျံ့နှံ့မှုအပေါ် ရေးသားထားတဲ့ အကြောင်းအရာကို ဒီကဖတ်ပါ။

– ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဘယ်လိုကိစ္စတွေ ဆက်ဖြစ်နိုင်လဲ။ 

အခြားသိပ္ပံသုတေသနအဖွဲ့အစည်းတွေက ဒီအရာပေါ် စုံစမ်းစစ်ဆေးတာတွေ၊ ထပ်ဆင့်သုတေသနလုပ်တာတွေနဲ့ DNA စစ်ဆေးအတည်ပြုတာတွေ၊ X-ray ထက်ပိုတဲ့ အခြား scanning နည်းပညာတွေနဲ့ စစ်ဆေးဖို့ လိုပြီး အဲ့ဒါအပေါ် အခြေခံလို့မှ ရလဒ်တစ်ခု သတ်မှတ်နိုင်မှာပါ။

– အချက်အလက်မှားတွေ ပျံ့နှံ့လာနိုင်ပါတယ်။

ဒီလိုအကြောင်းအရာတွေက သိပ္ပံတု/သိပ္ပံယောင်တွေကို အာသီသရှိကြတဲ့ သူတွေအတွက် အချက်အလက်မှားဖြန့်ဝေစရာနဲ့ လူထုအာရုံစိုက်မှု ရယူနိုင်စရာကောင်းတာမလို့ မကြာခင်အချိန်အတွင်းမှာ ဖော်ပြချက်အမှားတွေ တက်လာနိုင်ချေရှိပါတယ်။ ဒါတွေကို သတိထားဖို့နဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ သံသယရှိနိုင်တဲ့ အကြောင်းအရာတွေ ကိုယ့်ဆီတက်လာရင် Fact Hub ကို ပေးပို့နိုင်ပါတယ်။ အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။

ကြားနာပွဲမှာ ပြသသွားတဲ့ ဒီရုပ်အလောင်းတွေရဲ့ ဗီဒီယိုမှတ်တမ်းကို ဒီမှာ ကြည့်ပါ။
ကြားနာပွဲအစအဆုံး

၂၀၁၇ တုန်းက ပီရူးဖြစ်စဉ်

Fact Hub က ဒီအကြောင်းအရာကို ကြားနာပွဲမှတ်တမ်းအပေါ် အခြေခံပြီး ရေးသားထားပါတယ်၊ အင်တာဗျူးတချို့ကိုတော့ သတင်းဌာနတွေက မှီငြမ်းသုံးစွဲထားပါတယ်။

Share Facebook Telegram Email
Zwe Thukha Min

Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People. With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.

Article Credits

Written by Zwe Thukha Min
Managing Editor Fact Hub Editor Team

Leave a Reply

Your email address will not be published. Required fields are marked *

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.