May 25, 2026 | မြန်မာ

ဥတ္တရအလင်းတန်းတွေကို သွားကြည့်ရအောင်

  ကမ္ဘာ့ဝင်ရိုးစွန်းဒေသတွေရဲ့ ကောင်းကင်ထက်မှာ တွေ့ရတတ်တဲ့ အလင်းတန်းရှည်ကြီးတွေကို စာဖတ်သူတွေ သတိထားကြပါလိမ့်မယ်။ ကောင်းကင်မှာ ဒီလို သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ အလှတရားဟာ ကမ္ဘာအနှံ့က ခရီးသွားတွေကို ဆွဲဆောင်နေတဲ့အပြင် သိပ္ပံရှုထောင့်က ကြည့်ရင်လဲ စိတ်ဝင်စားစရာပါပဲ။ ဒီတော့ ဒီအလင်းရောင်စဉ်တန်းတွေရဲ့ ကကြိုးဆင်လှုပ်ရှားမှုတွေနောက်ကို Fact Hub နဲ့အတူ ဒီနေ့ အလည်သွားကြည့်ကြရအောင်လား . .…

DGYPEC Northern lights, Aurora Borealis, College Fjord, Prince William Sound, Anchorage, Alaska, United States
Text size
 

ကမ္ဘာ့ဝင်ရိုးစွန်းဒေသတွေရဲ့ ကောင်းကင်ထက်မှာ တွေ့ရတတ်တဲ့ အလင်းတန်းရှည်ကြီးတွေကို စာဖတ်သူတွေ သတိထားကြပါလိမ့်မယ်။ ကောင်းကင်မှာ ဒီလို သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ အလှတရားဟာ ကမ္ဘာအနှံ့က ခရီးသွားတွေကို ဆွဲဆောင်နေတဲ့အပြင် သိပ္ပံရှုထောင့်က ကြည့်ရင်လဲ စိတ်ဝင်စားစရာပါပဲ။ ဒီတော့ ဒီအလင်းရောင်စဉ်တန်းတွေရဲ့ ကကြိုးဆင်လှုပ်ရှားမှုတွေနောက်ကို Fact Hub နဲ့အတူ ဒီနေ့ အလည်သွားကြည့်ကြရအောင်လား . . . ။

 
ကောင်းကင်ပြင်မှာ ယိမ်းနွဲ့ပျိုလေးတွေလို လှုပ်ရှားနေတဲ့ Aurora ခေါ် ဥတ္တရအလင်းတန်းတွေကို တောင်ဝင်ရိုးစွန်းဒေသနဲ့ မြောက်ဝင်ရိုးစွန်းဒေသတွေမှာအပြင် အာကာသထဲကနေပါ မြင်တွေ့နိုင်ပါတယ်။ ဥတ္တရအလင်းတန်းက သူ့ကို မြင်တွေ့ရတဲ့ နေရာဒေသကို လိုက်ပြီး အခေါ်ပြောင်းသွားတတ်ပါသေးတယ်။ အီကွေတာအပေါ်ဘက် မြောက်ကမ္ဘာခြမ်း (Northern Hemisphere) မှာတော့ Northern Light လို့ ခေါ်ပြီး အီကွေတာအောက်ဘက် တောင်ကမ္ဘာခြမ်း (Southern Hemisphere) မှာတော့ Southern Light လို့ ခေါ်တာပါ။
 
အခေါ်အဝေါ်ပိုင်းကပါ ဒီလို နန်းဆန်နေတာ မဟုတ်ဘဲ အမြင်မှာပါ ပသာဒဖြစ်စေတဲ့ အဲဒီအလင်းရောင်စဉ်တန်းတွေ ဖြစ်ပေါ်လာဖို့ အဓိက ကူညီဖန်တီးပေးနေသူက နေလုံးကြီးပဲပေါ့။ နေက ကမ္ဘာကို အပူနဲ့ အလင်းစွမ်းအင်တွေ အဓိက ပေးနေတဲ့အပြင် နေရဲ့ သံလိုက်စက်ကွင်းတွေထဲမှာ စွမ်းအင်မြင့် လျှပ်စစ်သံလိုက်အမှုန်တွေ ပမာဏအများကြီး ပါဝင်နေပြီး အဲဒီလျှပ်စစ်သံလိုက်အမှုန်တွေကလဲ နေလုံးကြီးဆီက လွတ်ထွက်ပြီး အာကာသအပြင်ဘက်ကို ရောက်သွားနိုင်ပါတယ်။ အဲဒီစွမ်းအင်မြင့်လျှပ်ဓာတ်ဆောင်အမှုန်တွေကို အကြမ်းဖျင်းအားဖြင့် နေလျှပ်လေလှိုင်း (Solar Wind) တွေ လို့ ခေါ်ကြတယ်။ နေလျှပ်လေလှိုင်းတွေက ပုံမှန်မှာတော့ အရွယ်အစားသိပ်မကြီးတဲ့ အမှုန်လှိုင်းလေးတွေပါ။
 
နေမှာပဲ သံလိုက်စက်ကွင်း ရှိတာ မဟုတ်ဘဲ ကမ္ဘာမှာလဲ ကိုယ်ပိုင်သံလိုက်စက်ကွင်းတစ်ခု တည်ရှိနေပါတယ်။ နေကနေ လွတ်ထွက်လာတဲ့ နေလျှပ်လေလှိုင်း (Solar Wind) ခေါ် စွမ်းအင်မြင့်အမှုန်လှိုင်းတွေထဲ ပါလာတဲ့ လျှပ်ဓာတ်ဆောင်အမှုန်လေးတွေက တစ်ခါတလေမှာ ကမ္ဘာကို လာရိုက်ခတ်တတ်ပါတယ်။ ဒါပေမဲ့ အများစုက ကမ္ဘာ့သံလိုက်စက်ကွင်းကို ကျော်လွန်ပြီး ကမ္ဘာ့လေထုထဲ ဝင်နိုင်စွမ်း မရှိကြဘူး။ နေက လာတဲ့ ဒီအမှုန်လေးတွေနဲ့ ကမ္ဘာ့သံလိုက်စက်ကွင်းတို့က Aurora ခေါ် ဥတ္တရအလင်းတန်းကို ဖြစ်ပေါ်လာစေမဲ့ အဓိကဇာတ်လိုက်တွေလို့ ဆိုနိုင်ပါတယ်။ ဒါဆို ဒီဇာတ်လိုက်တွေက Aurora ဆိုသူလေးကို ဘယ်လိုများ ဖြစ်လာစေမှာပါလိမ့် . . . ?
 
နေက လာတဲ့ ဒီအမှုန်လေးတွေနဲ့ ကမ္ဘာ့သံလိုက်စက်ကွင်းတို့ကြားက ထိပ်တိုက်တွေ့ အားပြိုင်မှုကြောင့် Aurora တွေ ဖြစ်ပေါ်လာတာပါ။ နေက တူညီတဲ့ စွမ်းအင်ပမာဏကိုပဲ အမြဲ ထုတ်လွှတ်နေလေ့မရှိပါဘူး။ တစ်ခါတလေမှာ ပုံမှန်ထက် ပိုများတဲ့ စွမ်းအင်ပမာဏကို အာကာသထဲ ထုတ်လွှတ်ပစ်လိုက်တတ်ပါတယ်။ ဒီလိုအခြေအနေတွေမှာ နေလျှပ်လေလှိုင်း (Solar Wind) တွေထက် ပိုအားပြင်းတဲ့ စွမ်းအင်မြင့်လျှပ်ဓာတ်ဆောင်အမှုန်တွေ၊ ဂမ်မာရောင်ခြည်တွေနဲ့ ပလာစမာတွေ အများကြီးကို ထုတ်လွှတ်လိုက်တာပေါ့။ ဒီလို ပလာစမာပမာဏ ခပ်များများ နေကနေ လွတ်ထွက်လာတာကို နေမုန်တိုင်း (Solar Storm) လို့ ခေါ်ကြတာပါ။
 
နေမုန်တိုင်းတွေ ဖြစ်တဲ့အခါ နေရဲ့မျက်နှာပြင်ပေါ်မှာ ဟိုက်ဒြိုဂျင်ဗုံးအလုံး ရာချီဖောက်ခွဲတာနဲ့ ညီတဲ့ ပေါက်ကွဲမှုကြီးတွေ ရှေ့ပြေးဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီပေါက်ကွဲမှုတွေရဲ့ လှုံ့ဆော်မှုကတစ်ဆင့် နေမုန်တိုင်းတွေ ဖြစ်လာရတာပါ။ ကာလအချို့မှာ နေရဲ့ အပေါ်ဘက် ကိုရိုနာအလွှာကနေ တန်ဘီလီယျံနဲ့ ချီတဲ့ ပလာစမာအမှုန်တွေ၊ လျှပ်ဓာတ်ဆောင်အမှုန်တွေ အပါအဝင် လျှပ်စစ်သံလိုက်စက်ကွင်းတွေပါ ပါဝင်ရောထွေးနေတတ်တဲ့ စွမ်းအင်မြင့်ဂတ်စ်လုံးကြီးတွေ လွှတ်ထုတ်တတ်ပြန်တယ်။ ဒီလိုမျိုး နေကနေ အားပြင်းပြင်း တဟုန်ထိုး လွတ်ထွက်လာတဲ့ စွမ်းအင်မြင့်လှိုင်းလုံးကြီးတွေကို Coronal Mass Ejection (CME) (နေမုန်တိုင်းမျိုးကွဲတစ်ခု) လို့ ခေါ်ကြပါတယ်။
 
CME တွေ ဖြစ်တဲ့အခါမှာ သူ့ထဲ ပါလာတဲ့ ပလာစမာအမှုန်တွေနဲ့ အခြားအမှုန်တွေ ကမ္ဘာကို ရောက်လာတဲ့အခါ ကမ္ဘာ့သံလိုက်စက်ကွင်းနဲ့ ထိတွေ့ ရိုက်ခတ်မိပါတယ်။ ဒီအခါမှာ အဲဒီလျှပ်ဓာတ်ဆောင်ပလာစမာလှိုင်းတွေက လမ်းကြောင်းသွေဖည်သွားကြတယ်။ ဒါပေမဲ့ သွေဖည်မသွားတဲ့ လှိုင်းအနားသတ်အချို့ကတော့ ကမ္ဘာ့ဝင်ရိုးစွန်းတွေထဲ ဝင်ရောက်လာကြပါတယ်။ အဲဒီလျှပ်ဓာတ်ဆောင်အမှုန်တွေ ကမ္ဘာ့လေထုထဲ ရောက်လာတော့ လေထုထဲက ဂတ်စ်အမှုန်တွေနဲ့ တစ်ခါ ထိတွေ့ပွတ်တိုက်မှုတွေ ဖြစ်ကြပြန်တယ်။ နေက လာတဲ့ အမှုန်လေးတွေနဲ့ ကမ္ဘာ့လေထုထဲက အမှုန်တွေ ဒီလို ထိပ်တိုက်တွေ့အားပြိုင်ကြရင်း ကောင်းကင်ယံမှာ အင်မတန် လှတဲ့ ဥတ္တရအလင်းတန်းတွေ ဖြစ်ပေါ်လာရတာပေါ့။ လျှပ်ဓာတ်ဆောင်အမှုန်တွေနဲ့ လေထုထဲက အောက်စီဂျင်အမှုန်တွေ ပွတ်တိုက်မိရင် အစိမ်း (ဒါမှမဟုတ်) အနီရောင်သမ်းတဲ့ ဓာတ်ပြုမှု ဖြစ်ပေါ်လာပြီး နိုက်ထရိုဂျင်နဲ့ တိုက်မိရင်တော့ အပြာ (ဒါမှမဟုတ်) ခရမ်းရောင်သမ်းတဲ့ အလင်းရောင်စဉ်တန်းလေးတွေ ပေါ်လာတတ်ပါတယ်။
 
ဂြိုဟ်အားလုံးထဲမှာ ကမ္ဘာဂြိုဟ်မှာပဲ ဒီလို Aurora ခေါ် ဥတ္တရအလင်းတန်းတွေ ရှိနေတာ မဟုတ်ဘဲ ဂျူပီတာနဲ့ စေတန်တို့မှာလဲ ကမ္ဘာနဲ့ အလားတူ Aurora တွေ ရှိနေကြပါတယ်။ ဒါ့အပြင် ဂျူပီတာနဲ့ စေတန်တို့တင်မကဘဲ သံလိုက်စက်ကွင်း ရှိတဲ့ ဘယ်ဂြိုဟ်မှာမဆို ဝင်ရိုးတန်းဒေသတွေမှာ ဒီအလင်းတန်းတွေကို မြင်တွေ့ရမှာပါ။
 
ကမ္ဘာကြီးမှာ သံလိုက်စက်ကွင်းရှိနေသရွေ့၊ နေလုံးကြီးကလဲ နေလျှပ်လေလှိုင်း (Solar Wind) တွေ၊ CME တွေနဲ့ လျှပ်ဓာတ်ဆောင်အမှုန်တွေကို ဆက်လက်ထုတ်လွှတ်နေသရွေ့ လူသားတွေလဲ ဒီဥတ္တရအလင်းတန်းတွေ လှလှပပ ကကြိုးဆင်လှုပ်ရှားနေတာကို ဝင်ရိုးစွန်းတန်းဒေသတွေမှာ ဆက်လက် မြင်တွေ့နေနိုင်အုံးမှာပါ။ ဒီတော့ မမြင်ဖူးမကြည့်ဖူးသေးရင် ဥတ္တရအလင်းတန်းတွေကို တစ်သက်မှာ တစ်ခါလောက် ချစ်ရသူလေးနဲ့ တူတူကြည့်ဖြစ်အောင် ကြိုးစားလိုက်ကြပါ . . . ရှိရှိ မရှိရှိ။ ။

Article Credits

Written by Aye Chan Oo 
Copy Editing Zwe Thukha Min
Final Review Htet Phone Shein 

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.