အက်တမ် (atom) ဆိုတာကို စာဖတ်သူတို့ ကြားဖူးနားဝ ရှိကြပါတယ်။ ဒြပ်ရှိတဲ့ အရာမှန်သမျှဟာ အက်တမ်တွေနဲ့ပဲ ဖွဲ့စည်းထားတာပါ။ ထမင်းစေ့၊ ရေသန့်ဘူး၊ စာရွက်စာအုပ်တွေ၊ လက်ကိုင်ဖုန်း၊ လူ့ခန္ဓာကိုယ်နဲ့ အခြားအခြားသော အရာဝတ္ထုများစွာကို ပုံပေါ်လာနိုင်အောင် အခြေခံ တည်ဆောက်ပေးသူတွေကတော့ အက်တမ်တွေပါ။
အက်တမ်ကို ခွဲခြမ်းစိတ်ဖြာ ကြည့်မယ်ဆိုရင် အခြေခံအားဖြင့် ပရိုတွန် (proton)၊ နျူထရွန် (neutron) နဲ့ အီလက်ထရွန် (electron) ဆိုတဲ့ အစိတ်အပိုင်း သုံးခုကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ ပရိုတွန်၊ နျူထရွန်နဲ့ အီလက်ထရွန်တွေကို အက်တမ်ရဲ့ subatomic particle (အက်တမ်တွင်း အမှုန်) တွေလို့ ခေါ်ပါတယ်။ ပရိုတွန်ဟာ အဖိုလျှပ်စစ်ဓာတ် (positive charge) ရှိပြီး အီလက်ထရွန်မှာတော့ အမလျှပ်စစ်ဓာတ် (negative charge) ရှိပါတယ်။ နျူထရွန်ကတော့ ဓာတ်ပြယ်နေတဲ့ (neutral ဖြစ်နေတဲ့) အမှုန်တစ်ခု ဖြစ်ပါတယ်။
ဒီအမှုန်လေးတွေဟာ အက်တမ်အတွင်းမှာ ဟန်ချက်ညီညီနဲ့ နေရာယူ တည်ရှိနေကြပါတယ်။ အက်တမ်ရဲ့ အလယ်မှာတော့ နျူးကလီးယပ်စ် (nucleus) လို့ခေါ်တဲ့ ဝတ်ဆံလေးတစ်ခု ရှိပြီးတော့ အဲ့အထဲမှာ ပရိုတွန်နဲ့ နျူထရွန် တည်ရှိနေပါတယ်။ ပရိုတွန်ဟာ positive charge ရှိပြီး နျူထရွန်ဟာ neutral ဖြစ်နေတာကြောင့် နျူးကလီးယပ်စ်ဟာ positive charge ကိုဆောင်ပါတယ်။ နျူးကလီးယပ်စ်ရဲ့ အပြင်ဘက်မှာတော့ အီလက်ထရွန်တွေက တဝဲလည်လည် ခိုနေပါတယ်။ နျူးကလီးယပ်စ်နဲ့ အီလက်ထရွန်ကြားမှာ လျှပ်စစ် အဖိုအမ ဆွဲငင်အား ရှိပါတယ်။ အဲ့ဒါကြောင့်လည်း အီလက်ထရွန်ဟာ နျူးကလီးယပ်စ်အနီးမှာ ဝဲလည်နေနိုင်တာပါ။ အက်တမ်ရဲ့ တည်ဆောက်မှုပုံစံပြီးပြီ ဆိုတော့ကား မေးစရာရှိလာတာက အက်တမ်ထဲကနေ subatomic particle တစ်မျိုးဖြစ်တဲ့ နျူထရွန်ဟာ အပြောင်းအလဲ ရှိနိုင်သလား ဆိုတာပါပဲ။
အဖြေကတော့ ရှိနိုင်ပါတယ်။ အက်တမ်အတွင်းက နျူထရွန်အရေအတွက်ဟာ တိုးသွားတာ ဒါမှမဟုတ် လျော့သွားတာဆိုရင် ဒီအက်တမ်ဟောင်းဟာ ဒြပ်စင်အသစ်တစ်ခု ဖြစ်သွားတာ မဟုတ်ပါဘူး။ နျူထရွန် ပြောင်းလဲမှုရှိသွားတဲ့ အက်တမ်အသစ်ဟာ မူလအက်တမ်နဲ့ အမျိုးအစားတူပြီးတော့ နျူထရွန်အရေအတွက်သာ ကွာခြားသွားပါတယ်။ ဒီလို နျူထရွန်အရေအတွက် မတူတဲ့ အက်တမ်ကို အိုက်ဆိုတုပ် (isotope) လို့ခေါ်ပါတယ်။ ဓာတုဗေဒပညာရပ်မှာ အိုက်ဆိုတုပ်တွေကို ပရိုတွန် အရေအတွက်တူပြီး နျူထရွန်အရေအတွက် မတူညီတဲ့ အက်တမ်ပုံစံတွေလို့ အဓိပ္ပါယ် သတ်မှတ်ပါတယ်။ အိုက်ဆိုတုပ်တွေမှာ အီလက်ထရွန် အရေအတွက်ကတော့ တူညီကြပါတယ်။
ဥပမာ – Periodic Table မှာပါတဲ့ ဟိုက်ဒရိုဂျင် အက်တမ် (Hydrogen atom) မှာဆိုရင် သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ အိုက်ဆိုတုပ် သုံးခု ရှိပါတယ်။ အဲ့ဒါတွေကတော့…
(၁) Protium – ¹H – Water (H2O)
(၂) Deuterium – ²H – Heavy Water (D2O)
(၃) Tritium – ³H – Tritiated Water (T2O) တို့ပဲ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ အိုက်ဆိုတုပ် အက်တမ်တွေမှာ ပရိုတွန်နဲ့ အီလက်ထရွန် အရေအတွက် တူညီကြပြီး နျူထရွန်အရေအတွက်ပဲ ကွဲပြားသွားကြပါတယ်။
နျူထရွန်အရေအတွက် ကွဲပြားပုံကို လိုက်ပြီးတော့ အိုက်ဆိုတုပ်တွေမှာ မူလအက်တမ်နဲ့ မတူညီတဲ့ ဂုဏ်သတ္တိတွေ ရှိလာပါတယ်။ ရေဆူမှတ် (Boiling point)၊ အရည်ပျော်မှတ် (Melting point) နဲ့ သိပ်သည်းခြင်း (density) ကွဲပြားမှုတွေ ရှိလာကြပါတယ်။ ဥပမာ – ရေကို ဖြစ်ပေါ်စေတဲ့ Protium-¹H ဟာ density 1 g cm‐³ ရှိပြီးတော့ သူ့ရဲ့ အိုက်ဆိုတုပ်ဖြစ်တဲ့ Heavy Water-²H ကတော့ density အားဖြင့် 1.11 g cm‐³ ရှိပါတယ်။ အက်တမ်တစ်ခုရဲ့ ရုပ်ဂုဏ်သတ္တိ (physical property) ဟာ အဲ့ဒီအက်တမ်အတွင်း နျူထရွန်ပြောင်းလဲမှုအပေါ်မှာ မူတည်ပြီး အပြောင်းအလဲရှိပါတယ်။
ဒီလို အိုက်ဆိုတုပ်တွေ အကြောင်းကို ပထမဆုံး သိရှိနားလည်ခဲ့သူကတော့ အင်္ဂလိပ်လူမျိုး ဓာတုပညာရှင်တစ်ဦးဖြစ်တဲ့ Frederick Soddy ဖြစ်ပါတယ်။ ဒီပညာရှင်ကြီးရဲ့ ကြိုးစားအားထုတ်မှုဟာ နောင်လာနောင်သားတွေအတွက် သိပ္ပံပညာကိုလေ့လာရာမှာ များစွာ အထောက်အကူ ဖြစ်စေပါတယ်။
အိုက်ဆိုတုပ်တွေကို အမျိုးမျိုးသော နေရာတွေမှာ အသုံးပြုနေကြပါတယ်။ ရေဒီယိုသတ္တုကြွ အိုက်ဆိုတုပ် (Radioactive Isotope) တွေကို ကင်ဆာရောဂါ ကုသရာမှာ အသုံးပြုနေကြတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
သိပ္ပံပညာနဲ့ နည်းပညာတွေ မြင့်မားလာတာနဲ့ အမျှ ပညာရှင်တွေဟာ အမျိုးမျိုးသော ကြိုးစားမှုတွေနဲ့ တိုးတက်အောင်လုပ်ဆောင်နေကြပါတယ်။ သိပ္ပံပညာမှာ “ရှာဖွေလေ၊ တွေ့ရှိလေ” ဆိုတဲ့အတိုင်း နောင်လာမဲ့ အနာဂတ်မှာလဲ ပညာရှင်တွေဟာ ထပ်မံ ရှာဖွေနေသရွေ့ ကမ္ဘာကြီးကို ပြောင်းလဲနိုင်မဲ့ ပညာရပ်တွေကို ထပ်မံတွေ့ရှိနေအုံးမှာ ဖြစ်ပါတယ်။
#Fact_Hub #Science #Article #What_Happens_When_You_Remove_A_Neutron_From_An_Atom #Neutron #Atom