May 1, 2026 | မြန်မာ
Climate Explainer

တိမ်တွေ ဘယ်လိုဖြစ်ပေါ်လာတာလဲ။

နေသာတဲ့နေ့တစ်နေ့မှာပဲဖြစ်ဖြစ်၊ မိုးတွေရွာနေတဲ့နေ့မှာပဲဖြစ်ဖြစ် ကောင်းကင်ကို မော့ကြည့်လိုက်မယ်ဆိုရင် ဝါဂွမ်းသဏ္ဍာန် တိမ်တွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီတိမ်တွေ ဘယ်လိုဖြစ်လာလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဆို‌တော့ အဲ့ဒီလိုထူထူထဲထဲ တိမ်တိုက်ကြီးတွေ ဘယ်လိုဖြစ်ပေါ်လာတာလဲဆိုတဲ့အကြောင်းကို မပြောခင် Physical Change လို့ခေါ်တဲ့ ရုပ်ပြောင်းလဲခြင်းအကြောင်းတွေကို အရင်ဆွေးနွေးကြရအောင်ပါ။   Evaporation (အငွေ့ပျံခြင်း)   Evaporation ဆိုတာ အရည် (liquid)…

Text size
နေသာတဲ့နေ့တစ်နေ့မှာပဲဖြစ်ဖြစ်၊ မိုးတွေရွာနေတဲ့နေ့မှာပဲဖြစ်ဖြစ် ကောင်းကင်ကို မော့ကြည့်လိုက်မယ်ဆိုရင် ဝါဂွမ်းသဏ္ဍာန် တိမ်တွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီတိမ်တွေ ဘယ်လိုဖြစ်လာလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဆို‌တော့ အဲ့ဒီလိုထူထူထဲထဲ တိမ်တိုက်ကြီးတွေ ဘယ်လိုဖြစ်ပေါ်လာတာလဲဆိုတဲ့အကြောင်းကို မပြောခင် Physical Change လို့ခေါ်တဲ့ ရုပ်ပြောင်းလဲခြင်းအကြောင်းတွေကို အရင်ဆွေးနွေးကြရအောင်ပါ။
 
Evaporation (အငွေ့ပျံခြင်း)
 
Evaporation ဆိုတာ အရည် (liquid) အခြေအနေမှာရှိတဲ့ အရာ၀တ္ထုတစ်ခုဟာ ပတ်၀န်းကျင်ရဲ့ အပူချိန် (temperature)နဲ့ ဖိအား (pressure) တို့ရဲ့ မြင့်တက်လာမှုကြောင့် အငွေ့ (gaseous) အခြေအနေကို ပြောင်းလဲသွားတဲ့ Process တစ်ခု ဖြစ်ပါတယ်။ ဥပမာ မျက်နှာသစ်ပြီးတော့ မျက်နှာကို ရေမသုတ်ဘဲ ထားထားမယ်ဆိုရင် မျက်နှာပေါ်မှာရှိနေတဲ့ ရေစက်တွေဟာ အချိန်အနည်းငယ်ကြာရင် ပျောက်သွားပါလိမ့်မယ်။ မျက်နှာပေါ်မှာရှိတဲ့ ရေတွေဟာ အရည်အခြေအနေ (Liquid State) ကနေ ပတ်၀န်းကျင်အပူချိန်ကြောင့် အရည်ဆုံးရှုံးမှုဖြစ်ပြီး အငွေ့အခြေအနေ (Gaseous State) သို့ ပြောင်းလဲသွားတာဖြစ်ပါတယ်။ အလားတူ ရေသိုလှောင်ထားတဲ့အ၀တ်ကို နေပူထဲမှာလှန်းခြင်းဟာလည်း အဲ့သလိုနည်းတူပါပဲ။ အ၀တ်စိုထဲမှာရှိတဲ့ရေဟာ နေရဲ့အပူချိန်ကြောင့် အငွေ့အဖြစ်ကို ရောက်ရှိသွားပြီးတော့ အ၀တ်ဟာလည်း အရည်သိုလှောင်ထားခြင်းမရှိတော့တဲ့အတွက် ခြောက်သွေ့လာပါတော့တယ်။ ဒါတွေဟာ Evaporation Process တွေပါပဲ။
 
Condensation (ငွေ့ရည်ဖွဲ့ခြင်း) 
 
Condensation ဆိုတာကတော့ Gaseous State ကနေ Liquid State သို့ ပြောင်းလဲခြင်းဖြစ်ပါတယ်။ ဥပမာ ရေကို ရေသန့်ဘူးထဲထည့်ပြီး ခဲသွားတဲ့အထိ အအေးခံထားမယ်။ အအေးခံထားပြီးလို့ ခဲသွားတဲ့ရေသန့်ဘူးကို ယူကြည့်မယ်ဆိုရင် ရေသန့်ဘူးရဲ့မျက်နှာပြင်ဟာ ရေခဲငွေ့ကြောင့် အေးနေပြီး အငွေ့တွေကိုပါမြင်နေရမှာ ဖြစ်တယ်။ အပြင်ကိုထုတ်ပြီး အချိန်အနည်းငယ်ကြာတဲ့အခါ ပြင်ပအပူချိန်ကြောင့် ရေခဲငွေ့ရိုက်နေတဲ့ ရေသန့်ဘူးမျက်နှာပြင်ပေါ်မှာ ရေစက်အရည်လေးတွေ စတင်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ထိုနည်းလည်းကောင်းပါပဲ အပူချိန်နိမ့်တဲ့နေရာမှာထားထားတဲ့ မျက်မှန်ကို အပူချိန်မြင့်တဲ့တစ်နေရာကို ပြောင်းရွှေ့ကြည့်မယ်ဆိုရင်လည်းပဲ မျက်မှန်ဟာ ရေခဲငွေ့ရိုက်ခြင်းကြောင့်ပဲ အငွေ့ဖုံးနေရာကနေ  အပူချိန်ပြောင်းလဲမှုကြောင့် မျက်မှန်ရဲ့မျက်နှာပြင်ပေါ်မှာ ရေစက်ရေပေါက်လေးတွေ ပေါ်ပေါက်လာမှာကို မြင်တွေ့ရမှာပါ။ ဒါတွေဟာ Condensation Process တွေ ဖြစ်ပါတယ်။ Condensation ဟာ Water Cycle အတွက်အရေးပါလှတဲ့ Process တစ်ခုလည်းဖြစ်ပါတယ်။
 
တိမ်‌တွေဘယ်လိုဖြစ်ပေါ်လာသလဲ
 
တိမ်တွေဟာ Gas တွေနဲ့ ဖွဲ့စည်းထားတယ်လို့ ထင်ရပေမဲ့ သူတို့ဟာ ရေစက်ပေါင်းမြောက်များစွာနဲ့ ရေခဲမှုန်လေးတွေ ပါ၀င်နေတဲ့ ဒြပ်ထုကြီးတွေပဲ ဖြစ်ပါတယ်။ တိမ်တွေဖြစ်ပေါ်လာမှုဟာ နေရဲ့ အပူစွမ်းအင်ကနေ စတင်တာပါ။ နေကနေ ထုတ်လွှတ်လိုက်တဲ့အပူဟာ ကမ္ဘာ့လေထုအလွှာတွေကိုဖြတ်ပြီး မြေကြီးပေါ်ကိုကျရောက်ပါတယ်။ အဲ့ဒီအခါ မြေပြင်ပေါ်မှာရှိတဲ့ရေတွေဟာ ပတ်၀န်းကျင်အပူချိန်ကြောင့် Evaporate (အငွေ့ပျံ) ဖြစ်ကာ ရေငွေ့အဖြစ်ကို ရောက်ရှိပြီး အထက်ကိုတဖြည်းဖြည်းတက်လာပါတော့တယ်။ လေထုဟာနွေးလေလေ ရေငွေ့ကို ထိန်းထားနိုင်ခြေပိုများလေလေ ဖြစ်ပါတယ်။ ရေငွေ့သိုလှောင်မှုများလာတဲ့အတွက် ငွေ့ရည်ဖွဲ့ခြင်းဖြစ်ပေါ်လာပြီး ရေငွေ့တွေဟာ ရေသီးရေပေါက်တွေအဖြစ် ပြောင်းလဲသွားပါတယ်။ ဒီလိုရေသီးရေပေါက်တွေအဖြစ်ကို ပြောင်းလဲအောင်လုပ်ဆောင်ပေးတဲ့အရာကိုတော့ Condensation Nuclei လို့ခေါ်ပြီး သူ့မှာ ဆားနဲ့ တခြားဖုန်မှုန့်တွေလည်း ပါ၀င်နေပါတယ်။ ရေငွေ့ဟာ အမြင့်ကိုတက်လာပြီး အေးလာတဲ့အခါ ဒီ Nuclei တွေအပေါ်မှာ ငွေ့ရည်စတင်ဖွဲ့စည်းပါတော့တယ်။ Condensation Nuclei ရဲ့မျက်နှာပြင်ပေါ်မှာ ရေငွေ့ တွေက ငွေ့ရည်ဖွဲ့ပြီးသွားတဲ့အခါ ရလဒ်အနေနဲ့ တိမ်စက်တိမ်မှုန်လေးတွေစတင်ဖြစ်ပေါ်လာတယ်၊ နောက် Saturation တွေ ဖြစ်ပေါ်လာပြီး တိမ်တွေစတင်ဖွဲ့စည်းလာပါတော့တယ်။ အမြင့်နေရာမှာရှိတဲ့ တိမ်တွေကျတော့ အေးတဲ့လေထုပတ်၀န်းကျင်ကြောင့် ရေငွေ့ကို ပမာဏအနည်းငယ်သာသိမ်းထားနိုင်ပြီး ငွေ့ရည်ဖွဲ့ခြင်းကိုလည်း အားနည်းတာကြောင့် တိမ်လွှာပါးတွေအဖြစ်နဲ့ မြင်တွေ့ရတာပါ။
 
Saturation – လေထုထဲမှာ ရေတွေဟာ Evaporate ဖြစ်ပြီး ရေငွေ့ပမာဏများပြားလာတာကြောင့် လေထုက မထိန်းသိမ်းနိုင်တော့ဘဲ ရေငွေ့ တွေကို အရည်အဖြစ်ကို ပြောင်းလဲပြီး လေထုထဲ စုဝေးစေခြင်း။ (ဝါဂွမ်းသည် ရေကိုစုပ်ယူကာ  ရေသိုလှောင်ထားသကဲ့သို့။)
 
တိမ်တွေရဲ့ အလေးချိန်
 
ဖြစ်ပေါ်လာတဲ့ တိမ်မှုန်လေးတွေဟာ အလွန်ကိုသေးငယ်ကြပြီးတော့ ၁ ကုဗမီတာမှာ တိမ်မှုန်ပေါင်း ၁၀၀ မီလီယမ်ခန့်ပါ၀င်နေပါတယ်။ ယေဘုယျအရွယ်အစားရှိတဲ့ Cumulus တိမ်ထုတစ်လွှာဖွဲ့စည်းဖို့အတွက် အဲ့ဒီတိမ်မှုန်လေးတွေကို စုပေါင်းလိုက်ရင် ဒြပ်ထု (Mass) အနေနဲ့ ၅၀၀ မက်ထရစ်တန်အထိ ရှိလာမှာဖြစ်ပြီး ဒါဟာ ဆင်အကောင်ရေ ၁၀၀ ရဲ့ ဒြပ်ထုနဲ့ညီမျှပါတယ်။ [500 tonnes=500,000 kg] ၁ ကီလိုဂရမ်ထုထည်ရှိတဲ့ Cumulus တိမ်ထုတစ်စုရဲ့ အလေးချိန် (Weight) ဟာ ၁.၁ ဘီလီယံပေါင်အထိ ရှိပါတယ်။ ဒါဟာ အလွန်ကိုလေးလံတဲ့ အလေးချိန်ပမာဏဖြစ်ပြီးတော့ လေပေါ်မှာလွှင့်မျောနေရတဲ့ အကြောင်းအရင်းဟာလည်း သူတို့ဟာ လေထက်သိပ်သည်းဆနည်းနေလို့ပါပဲ။
 
တိမ်တွေဘာကြောင့် အထက်ကို ဆက်မတက်ကြတာလဲ
 
ကမ္ဘာ့လေထုအလွှာမှာ Troposphere, Stratosphere, Mesosphere, Thermosphere နဲ့ Exosphere ဆိုပြီး အလွှာလိုက်ရှိနေပါတယ်။ Troposphere နဲ့ Stratosphere အလွှာစပ်ကြားကို Tropopause လို့ခေါ်ပြီး တိမ်တွေဟာ Troposphere အလွှာမှာ ဖြစ်ပေါ်ပါတယ်။ တိမ်တွေသာ အမြင့်ကို ဆက်တက်မယ်ဆိုရင် Tropopause ကိုဖြတ်တာနဲ့ အပူချိန်မြင့်တဲ့ Stratosphere အလွှာထဲကို ရောက်ရှိသွားမှာပါ။ Stratosphere အလွှာဟာ  အပူချိန်မြင့်တာကြောင့် Condensation Process ကို အားနည်းစေပြီး တိမ်တွေဖြစ်ပေါ်ခြင်းကိုလည်း တားဆီးလိုက်ပါတယ်။
 
တိမ်တွေရဲ့ အရောင်အသွေး
 
နေရောင်ခြည်ကနေလာတဲ့ အလင်းက ကောင်းကင်ကို ဖြတ်သန်းတဲ့အခါမှာ လေထုထဲမှာရှိနေတဲ့ နိုက်ထရိုဂျင် (Nitrogen) နဲ့ အောက်စီဂျင် (Oxygen) တို့ဟာ အဲဒီအလင်းကို နေရာအနှံ့အပြားကို ပျံ့နှံ့စေပါတယ်။ ဒီလိုပျံ့ရာမှာ အပြာရောင်လှိုင်းအလျားဟာ တခြားလှိုင်းတွေထက် ပိုပြီးတိုတာကြောင့်ရယ်၊ Gas Particle တွေကလည်း သေးငယ်တာကြောင့် အပြာရောင်ဟာ ပျံ့နှံ့မှုပိုများပြီး ကောင်းကင်ကို အပြာရောင်အဖြစ်နဲ့ မြင်ကြရတာဖြစ်ပါတယ်။ ဒါပေမဲ့ တိမ်ထုထဲမှာရှိနေတဲ့ ရေစက်ရေပေါက်တွေကျတော့ Gas Particle တွေထက် ကြီးမားကြတာကြောင့် နေရောင်ခြည်ကနေလာတဲ့ လှိုင်းရောင်စဉ်အကုန်လုံး ပမာဏတူညီစွာ ပျံ့နှံ့စေပါတယ်။ ဒါကြောင့် နေကနေလာတဲ့ အဖြူရောင်အလင်းတန်းဟာ တိမ်ကိုလည်း အဖြူရောင်ထွက်ပေါ်စေပါတယ်။ တစ်ခါတလေမှာတော့ တိမ်တွေဟာ အဝါရောင်သမ်းနေတတ်ပါတယ်။ ဒါဟာ လေထုညစ်ညမ်း (Air Pollution) ဖြစ်လာခြင်းရဲ့ သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။
 
တိမ်စိုင်တွေ ဘယ်လိုရွေ့လျားသွားလာကြတာလဲ
 
တိမ်လွှာတွေဟာ လေတိုက်ခတ်ခြင်းကြောင့် တစ်နေရာကနေ တစ်နေရာကို ဖြည်းဖြည်းချင်း ရွေ့လျားသွားလာနေပါတယ်။ လေတိုက်ခတ်ခြင်းဟာလည်း မြေကြီးကနေ ဂျက်လေယာဥ်တွေပျံသန်းနိုင်တဲ့ Stratosphere အလွှာအထိ ဖြစ်ပေါ်နေပါတယ်။ တစ်ခါတလေ မြေပြင်အနီးမှာလေတိုက်ခတ်ခြင်းမရှိပေမဲ့လည်း အမြင့်နေရာမှာရှိနေတဲ့ Cirrus တိမ်အမျိုးအစားကတော့ သူ့၀န်းကျင်မှာ တိုက်ခတ်တဲ့လေကြောင့် ရွေ့လျားနိုင်ကြပါတယ်။ တောင်ကုန်းတွေအပေါ်မှာဖြစ်ပေါ်လေ့ရှိတဲ့ Lenticular တိမ်အမျိုးအစားဟာ လေပြင်းတိုက်နေရင်တောင်မှ ရွေ့လျားခြင်းမရှိဘူးလို့ ထင်ရတတ်ပါလိမ့်မယ်။ တကယ်တော့ သူဟာ မရွေ့လျားဘဲရှိနေတာမဟုတ်ပါဘူး။ တိမ်စိုင်ထဲမှာရှိနေတဲ့ ရေသီးရေစက်တွေဟာ လေပြင်းနဲ့အတူ မြန်မြန်ဆန်ဆန်ပဲ ရွေ့လျားနေလျက်ရှိကြပါတယ်။ တစ်ချိန်တည်းမှာပဲ Condensation Process ကြောင့် တိမ်မှုန်အသစ်တွေဟာ တစ်နေရာတည်းမှာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ဒီလိုနဲ့ တိမ်တွေဟာ အရှေ့ဖျားမှာတင်မကဘဲ အနောက်စွန်းမှာပါ ဆက်တိုက်အသစ်ပြန်လည်ဖြစ်ပေါ်နေတာကြောင့် မရွေ့လျားဘူးလို့ ထင်နေရတာပါ။
 
မိုးရွာသွန်းခြင်း
 
တိမ်တွေဟာ ရေသီးရေပေါက်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒီရေသီးရေပေါက်လေးတွေဟာ တစ်ခုနဲ့တစ်ခုပူးမိတိုက်မိကြပြီးတော့ ရေစက်အကြီးကြီးတွေဖြစ်လာပါတယ်။ ဒီလိုရေစက်အကြီးကြီးတွေဖြစ်ပေါ်လာတဲ့အတွက် လေးလံလာပြီးတော့ ကောင်းကင်ပေါ်မှာမတည်မြဲနိုင်ကြတော့ပါဘူး။  အဲ့ဒီအခါ မြေပြင်ပေါ်ကို မိုးအဖြစ်နဲ့ ရွာချပါတော့တယ်။ နွေးနေတဲ့လေဟာ အေးနေတဲ့လေထက် ရေငွေ့ကို ထိန်းသိမ်းနိုင်စွမ်းပိုမြင့်တာကြောင့် ငွေ့ရည်ဖွဲ့ခြင်းကို များစွာဖြစ်ပေါ်ပြီး မိုးပြင်းထန်စွာ ရွာသွန်းခြင်းတွေဖြစ်ပေါ်တတ်ပါတယ်။
 
တိမ်အမျိုးအစားများ
 
အင်္ဂလန်လူမျိုး ဓာတုဗေဒနဲ့ မိုးလေ၀သပညာရှင်တစ်ဦးဖြစ်တဲ့ Luke Howard ဟာ တိမ်တွေကို လက်တင်အမည်တွေပေးထားပြီး ယေဘုယျအားဖြင့် အမျိုးအစားလေးမျိုးခွဲခြားသတ်မှတ်ခဲ့ပါတယ်။ အဲ့တာတွေကတော့
၁။ Cumulus
၂။ Stratus
၃။ Cirrus
၄။ Nimbus တို့ပဲ ဖြစ်ကြပါတယ်။
 
တိမ်တွေကို သူတို့ဖြစ်ပေါ်တဲ့အမြင့်အပေါ်မူတည်ပြီးတော့ အုပ်စုသုံးစုထပ်မံခွဲခြားထားပါသေးတယ်။ အဲ့တာတွေကတော့
 
၁။ Low Clouds – 7000 ft
၂။ Medium Clouds – 7000 – 17000 ft
၃။ High Clouds – 17000 – 35000 ft တို့ပါ။
 
 
Low Cloud အုပ်စု၀င် တိမ်အမျိုးအစားတွေက
 
Cumulus (Cu)
Cumulonimbus (Cb)
Stratus (St)
Stratocumulus (Sc) တို့ပါ။
 
ကျွန်တော်တို့ မြင်တွေ့နေရတဲ့ တိမ်စိုင်နိမ့်တွေနဲ့ မိုးရွာသွန်းစေတဲ့ တိမ်လွှာတွေဟာ Low Cloud အုပ်စု၀င် Cumulus တိမ်အမျိုးအစားတွေဖြစ်ပါတယ်။ ဒီလိုတိမ်တွေဟာ အပြင်ပန်းမှာ အဖြူရောင်ရှိပြီး အတွင်းဘက်မှာတော့ နက်မှောင်တဲ့အရောင်ရှိပါတယ်။
 
Medium Cloud အုပ်စု၀င် တိမ်အမျိုးအစားများတွေကတော့
 
Altocumulus (Ac)
Altostratus (As)
Nimbostratus (Ns) တို့ပါ။
 
အမြင့်ပေ 7000 ကနေ 17000 ကြားမှာရှိတဲ့ Medium Cloud တွေဟာလည်း မိုးရွာသွန်းခြင်း နဲ့ နှင်းကျခြင်းတွေကိုဖြစ်ပေါ်စေပါတယ်။  မိုးကြိုးမုန်တိုင်းတွေဟာလည်း Ac တိမ်အမျိုးအစားကနေ ဖြစ်ပေါ်လာတတ်ပါသေးတယ်။
 
High Cloud အုပ်စု၀င် တိမ်အမျိုးအစားများတွေက
 
Cirrus (Ci)
Cirrocumulus (Cc)
Cirrostratus (Cs) တို့ပါ။
 
အပူချိန်နိမ့်ပြီး အမြင့်နေရာမှာရှိတဲ့ တိမ်တွေဟာ ice crystal တွေနဲ့ ဖွဲ့စည်းထားပါတယ်။ တိမ်တွေဖြစ်ပေါ်လာမဲ့ လေနေရာကွက်ဟာ အမြင့်နေရာကိုရောက်သွားတဲ့အခါမှာ နှင်းစက်နှင်းပေါက်တွေစတင်ဖြစ်ပေါ်တဲ့ အပူချိန်ကိုရရှိလာပြီး ice crystal လို့ခေါ်တဲ့ ရေခဲပုံဆောင်ခဲလေးတွေဖြစ်လာပါတော့တယ်။
 
 
ဆက်စပ်ဆောင်းပါးတွေကို ကောမန့်မှာ ဝင်ကြည့်နိုင်ပါတယ်။ ဝဘ်ဆိုက်ကတဆင့် ဖတ်ရင်တော့ ဘေးက ကွန်းတန့်အမျိုးအစားတွေကို နှိပ်ပြီး သက်ဆိုင်တဲ့ ဆက်စပ်ပိုစ့်တွေကို ဆက်ဖတ်နိုင်မှာပါ။
 
Fact Hub Myanmar page ကို ရီဗျူးဝင်ရေးပေးခဲ့ဖို့အတွက် တောင်းဆိုချင်ပါတယ်။
 
Telegram – t.me/facthub_mm မှာလည်းဝင်ဖတ်နိုင်ပါတယ်။
 
 
 
#Fact_Hub #Science #Article #General_Science #Clouds #Physics

Article Credits

Written by   Aye Chan Oo
Copy Editing Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.