May 25, 2026 | မြန်မာ
Chemistry Explainer

ပြောင်းလဲခြင်းကို လေ့လာခြင်း

လူသားတွေဟာ နေ့စဥ်နဲ့အမျှ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးပေါ်မှာ နေထိုင်နေကြပါတယ်။ အရာဝတ္တုပစ္စည်းတွေ ဟောင်းသွားတာကိုလဲ ပုံမှန် မြင်တွေ့နေရပြီး ဒီဝတ္ထုတွေရဲ့ ရုပ်ဂုဏ်နဲ့ ဓာတ်ဂုဏ် ပြောင်းလဲနေတာကိုလဲ မြင်နေရပါတယ်။ ဒါဆိုရင် ဘာလို့များ အဲဒီလိုတွေ ပြောင်းလဲရသလဲလို့ မေးရင် ဓာတုဗေဒကြောင့်ပါ လို့ပဲ ဖြေပါမယ်။ ဓာတုဗေဒ (Chemistry) လို့ ပြောလိုက်တာနဲ့ လူအတော်များများက အက်တမ်တွေ၊…

Text size

လူသားတွေဟာ နေ့စဥ်နဲ့အမျှ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးပေါ်မှာ နေထိုင်နေကြပါတယ်။ အရာဝတ္တုပစ္စည်းတွေ ဟောင်းသွားတာကိုလဲ ပုံမှန် မြင်တွေ့နေရပြီး ဒီဝတ္ထုတွေရဲ့ ရုပ်ဂုဏ်နဲ့ ဓာတ်ဂုဏ် ပြောင်းလဲနေတာကိုလဲ မြင်နေရပါတယ်။ ဒါဆိုရင် ဘာလို့များ အဲဒီလိုတွေ ပြောင်းလဲရသလဲလို့ မေးရင် ဓာတုဗေဒကြောင့်ပါ လို့ပဲ ဖြေပါမယ်။

ဓာတုဗေဒ (Chemistry) လို့ ပြောလိုက်တာနဲ့ လူအတော်များများက အက်တမ်တွေ၊ မော်လီကျူးတွေ၊ ဒြပ်တွေနဲ့ သူတို့ရဲ့ ဓာတ်ပြုမှုတွေကို လေ့လာရတဲ့ ပညာရပ်လို့ ဆိုလေ့ရှိတယ်။ တကယ်တော့ အဲဒီအက်တမ်တွေ၊ မော်လီကျုးတွေက ဓာတုဗေဒပညာရပ်ကို မျက်လုံးထဲ မြင်လာအောင် ပုံဖော်ပေးတဲ့ အရာတွေသက်သက်ပဲ ဖြစ်ပြီး တကယ့်တကယ် ဓာတုဗေဒက ‘ပြောင်းလဲခြင်း’ ကို လေ့လာတာပါ။ အက်တမ်တွေရဲ့  ပြောင်းလဲခြင်း၊ မော်လီကျူးတွေရဲ့  ပြောင်းလဲခြင်း၊ ဒြပ်တွေရဲ့  ပြောင်းလဲခြင်းကို လေ့လာတာက ဓာတုဗေဒပါပဲ။ ဓာတုဗေဒက လူသားတွေ နေ့စဥ်ဘဝမှာ ထိတွေ့နေရတဲ့ ပညာရပ်တစ်ခု ဖြစ်ရုံတင်မကဘဲ လေ့လာသူတိုင်း မြင်တွေ့နိုင်တဲ့ အလှတရားတစ်ခု ဆိုလဲ မမှားပါဘူး။

စာဖတ်သူတို့ ကြားဖူးနားဝ ရှိကြတဲ့ ဓာတုဗေဒဟာ အခုမှ ထပေါ်လာတဲ့ ပညာရပ်တစ်ခု မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မွေးဖွားလာခဲ့တဲ့ ရှေးပညာရပ်တစ်မျိုးပါ။ ဒါပေမဲ့ လက်ရှိ လေ့လာနေကြရတဲ့ ဓာတုဗေဒဟာ ခေတ်သစ်ဓာတု (Modern Chemistry) ဖြစ်ပြီး ရှေးကတည်းက ပေါ်ပေါက်ခဲ့တဲ့ ဓာတုဆိုင်ရာ ပညာရပ်တွေကတော့ အဂ္ဂိရတ်ပညာ (Alchemy) နဲ့ ‘မှော်နက်ပညာ’ လို့ ဆိုရတဲ့ Black Magic ပဲ ဖြစ်ပါတယ်။ Alchemy နဲ့ Black Magic တို့က Modern Chemistry ကို အမြစ်ခိုင်အောင် တည်ပေးခဲ့သူတွေပါ။ Alchemy နဲ့ Black Magic ခေတ်တုန်းက လေ့လာတွေ့ရှိခဲ့တဲ့ ပညာရပ်တွေဟာ Modern Chemistry ရဲ့ အုတ်မြစ်တွေ ဖြစ်လာခဲ့ပါတယ်။ ဘယ်လို ကြီးကျယ်တဲ့ ရှာဖွေတွေ့ရှိမှုတွေက ဓာတုဗေဒပညာရပ်ကို အထောက်အပံ့ဖြစ်စေခဲ့ပါသလဲ. . .။

အဖြေကို သိရဖို့ Black Magic ကာလဆီကို ပြန်သွားကြည့်ပါမယ်။ Black Magic က ဘီစီ ၃၀၀ (300 BC) လောက်မှာ ထွန်းကားခဲ့တဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ ဂရိအတွေးအခေါ်ပညာရှင်ကြီး အရစ္စတိုတယ် (Aristotle) သက်ရှိထင်ရှားရှိနေစဥ် ကာလပေါ့။ အဲဒီခေတ်တုန်းက လူတွေဟာ လောကကြီးကို ရေ၊ မြေ၊ လေ၊ မီး ဆိုတဲ့ ဓာတ်ကြီးလေးပါးနဲ့ ဖန်တီးထားတယ်လို့ ယုံကြည်ခဲ့ကြတာပါ။ ဒီကာလမှာတော့ ပညာရှင်တွေက မီးကို အသုံးပြုပြီး ဓာတုပြောင်းလဲခြင်း အမျိုးမျိုးကို ဖော်ဆောင်နေခဲ့ကြပါပြီ။ သတ္တုရိုင်းကနေ သန့်စင်တဲ့ သတ္တုကို ထုတ်ဖော်တာ၊ အိုးလုပ်ငန်းတွေအပြင် အရက်နဲ့ ဘီယာချက်တာတွေဟာ Black Magic ခေတ်ကတည်းက ပေါ်ပေါက်နေခဲ့တဲ့ ပညာရပ်တွေပါပဲ။ ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ အဲဒီဘက်ခေတ်က ပညာရှင်တွေဟာ သတ္တုစပ်ဖော်ခဲ့၊ အပင်တွေကနေ ဆေးထုတ်ခဲ့၊ ဆပ်ပြာတွေပါ ဖန်တီးနိုင်ခဲ့ပြီး အဲဒါတွေကိုလဲ သိပ္ပံသဘောတရားတွေ ကောင်းကောင်း နားမလည်သေးဘဲ အကုန် ဖန်တီးခဲ့ကြတာပါ။ ဓာတုဗေဒကို နားလည်ဖို့ ကြိုးစားကြတဲ့ သမိုင်းက ဒီကနေ စတင်လာခဲ့ပါပြီ။

ဒီသမိုင်းက ဆက်ပြီး တိုးတက်လာဖို့ပဲ ရှိပါတော့တယ်။ ဓာတုဗေဒသမိုင်းကို ဆက်လက် ရေးသားခဲ့တဲ့ နောက်တစ်ခေတ်ကတော့ Alchemy ပါ။ Alchemy ပညာရပ်က ဘီစီ ၃၀၀ (300 BC) အကုန်ကနေ စတင်ခဲ့ပြီး ၁၇ ရာစုအကုန်အထိ တွင်ကျယ်ခဲ့ပါတယ်။ အထူးသဖြင့် တရုတ်၊ အီဂျစ်၊ အိန္ဒိယနဲ့ ဂရိနိုင်ငံတွေမှာ အခြေစိုက်ခဲ့တဲ့ ပညာရပ်တစ်ခုလဲ ဖြစ်ပါတယ်။ အဂ္ဂိရတ်ပညာရှင်တွေဟာ စျေးပေါပေါ သတ္တုတွေကို ရွှေအဖြစ် ပြောင်းသွားအောင် ကြိုးစားခဲ့ပြီး မှော်၀င်ဆေးဝါးနဲ့ ယတြာတွေကိုပါ ဖော်စပ်ခဲ့ကြပါသေးသတဲ့။ အဂ္ဂိရတ်ပညာရှင်တွေက ကာလအတော်ကြာတဲ့အထိ ဓာတ်လုံး (Philosopher Stone) နဲ့ အသက်ရှည်ဆေးကို ကြိုးစားရှာဖွေခဲ့ပေမဲ့ အထမမြောက်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီပညာရှင်တွေကပဲ Chemical Processes လို့ ခေါ်တဲ့ ပေါင်းခံခြင်း (Distillation)၊ အရစ်ကျပေါင်းခံခြင်း (Fractional Distillation)၊ ထုတ်ယူခြင်း (Extraction) စတဲ့ ပညာရပ်တွေကို ရှာတွေ့ခဲ့ပြီး သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုတွေဟာ ဓာတုသမိုင်းမှာတော့ တကယ်ကို လှပနေခဲ့တာပါ။

ဓာတုဗေဒသမိုင်းကို လှလှပပဖြစ်အောင် ရေးခဲ့တဲ့ ပထမဆုံးပညာရှင်ကတော့ ဂရိအတွေးအခေါ်ပညာရှင်ကြီး ဒီမိုကရေးတက်စ် (Democritus) ပဲ ဖြစ်ပါတယ်။ ဒီမိုကရေးတက်စ် (Democritus) က အက်တမ်သီအိုရီ (Atomic Theory) ကို ပထမဆုံးအဆိုပြုခဲ့သူပါ။ ရှေးတုန်းက ဂရိအတွေးအခေါ်ပညာရှင်တွေဟာ လက်တွေ့စမ်းသပ်ချက် မပါဘဲ အတွေးအခေါ်ကိုပဲ ဦးစားပေးကြတာက တစ်ကြောင်း၊ လူအများက လက်ခံခြင်းမရှိကြတာက တစ်ကြောင်းကြောင့် သာမန်အဆိုတစ်ခုအနေနဲ့သာ တည်ရှိခဲ့ရပါတယ်။  ဒါပေမဲ့ ဒီမိုကရေးတက်စ် (Democritus) ရဲ့ Atomic Theory က အတွေးအခေါ် မြင့်မားလွန်းလှပြီးတော့ ဓာတုဗေဒသမိုင်းမှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ရှာဖွေလေ့လာကြတဲ့ ပညာရှင်တွေကတော့ ရပ်သွားရိုးထုံးစံ မရှိပါဘူး။ ဆက်ပြီးတော့ ရိုဘတ်ဘွိုင်း (Robert Boyle) ဟာ ဂတ်စ်တို့ရဲ့ သဘောသဘာဝတွေကို လေ့လာတင်ပြနိုင်ခဲ့တာတို့၊ အန်တိုနီလဗွိုင်စီယာ (Antoine Lavoisier) က ဒြပ်ဝတ္ထုတို့ရဲ့  နိယာမကို ရှင်းပြနိုင်ခဲ့တာတို့၊ ဂျွန်ဒေါ်တန် (John Dalton) ကလဲ Democritus ကို အခြေပြုပြီး Atomic Theory ကို တစ်ဖန်ဆန်းသစ်စေခဲ့တာတို့၊ အမီဒီယိုအာဗိုဂါဒရို (Amedeo Avogadro) ဟာ ဓာတုပညာရပ်မှာ အင်မတန် အရေးပါတဲ့ Avogadro’s constant ကို တွက်ချက်ဖော်ထုတ်နိုင်ခဲ့တာတို့၊ ဒီမီထရီမန်ဒလိဗ် (Dmitri Mendeleev) က ဓာတု‌ဗေဒရဲ့ အသက်ဖြစ်တဲ့ Periodic Table ကို ရေးဆွဲတင်ပြနိုင်ခဲ့တာ စတဲ့ ရှာဖွေတွေ့ရှိမှု၊ လေ့လာမှုတွေက ဓာတုဗေဒသမိုင်းကို ကြီးကျယ်စေခဲ့ပါတယ်။ ဒီလို သိပ္ပံပညာကို ကြီးကျယ်စေခဲ့တဲ့အထဲ အမျိုးသားတွေတင် ပါဝင်ခဲ့ကြတာမဟုတ်ဘဲ အမျိုးသမီးသိပ္ပံပညာရှင်တွေ ဖြစ်ကြတဲ့ မာရီကျူရီ (Marie Curie) က ရေဒီယမ် (Radium) နဲ့ ပိုလိုနီယမ် (Polonium) ဒြပ်စင်တို့ကို ရှာတွေ့ခဲ့ပြီး ဒေါက်တာရို့စလင်းဖရင်ကလင် (Dr. Rosalind Franklin) ဟာ ဒီအန်အေရဲ့ တည်ဆောက်ပုံကို ရှာတွေ့ခဲ့တာတွေကလဲ ဓာတုဗေဒရဲ့ သမိုင်းမှာတင်မက သိပ္ပံပညာရပ်ရဲ့ သမိုင်းမှာပါ မော်ကွန်းရေးထိုးနိုင်ခဲ့ကြတာပါ။

ဓာတုဗေဒ၊ တစ်နည်းအားဖြင့် ‘ပြောင်းလဲခြင်း’ ကို လေ့လာကြပြီး ပညာရှင်တွေရဲ့ ကြီးကျယ်တဲ့ ရှာဖွေတွေ့ရှိမှုတွေက ကမ္ဘာကြီးကိုပါ အံ့သြဖွယ် ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ ပညာရှင်တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကြိုးစားလေ့လာမှုနဲ့ ရှာဖွေတွေ့ရှိမှုတွေဟာ ဓာတုဗေဒကို ပိုပိုပြီး ပြည့်စုံစေခဲ့ရုံသာမက သိပ္ပံနယ်ပယ်မှာလဲ အကျိုးအမြတ်အဖြစ် တည်ရှိနေစေမှာပါ။ မပြီးဆုံးသွားမဲ့ နောက်ထပ် ရှာဖွေမှုတွေ့ရှိမှုတွေကလဲ သိပ္ပံရဲ့ အလှတရားအဖြစ် ဆက်လက်တည်ရှိနေအုံးမှာပါ။ ။

Article Credits

Written by Aye Chan Oo
Copy Editing Nyan WIn Htet

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.