May 25, 2026 | မြန်မာ
Chemistry Explainer

❝သမိုင်းထဲက ကြီးကျယ်တဲ့ ရှာဖွေတွေ့ရှိမှုတစ်ခု❞

စာဖတ်သူတို့ ဟယ်ရီပေါ်တာ (Harry Potter) ရုပ်ရှင်ကို ကြည့်ဖူးကြပါသလား . . . ? ကြည့်ဖူးကြတယ် ဆိုရင် ဒီရုပ်ရှင်ကြီးရဲ့ ပထမဆုံးအပိုင်းဖြစ်တဲ့ “Harry Potter and the Philosopher’s Stone” ဆိုတဲ့ အပိုင်းကိုလဲ သိလောက်မယ်လို့ ထင်ပါတယ်။ ဒီ Philosopher’s Stone ဆိုတဲ့…

Text size

စာဖတ်သူတို့ ဟယ်ရီပေါ်တာ (Harry Potter) ရုပ်ရှင်ကို ကြည့်ဖူးကြပါသလား . . . ?

ကြည့်ဖူးကြတယ် ဆိုရင် ဒီရုပ်ရှင်ကြီးရဲ့ ပထမဆုံးအပိုင်းဖြစ်တဲ့ “Harry Potter and the Philosopher’s Stone” ဆိုတဲ့ အပိုင်းကိုလဲ သိလောက်မယ်လို့ ထင်ပါတယ်။ ဒီ Philosopher’s Stone ဆိုတဲ့ ထူးဆန်းတဲ့ ကျောက်တုံးကြီးကို ရှေးခေတ်ပညာရှင်တွေဟာ အမှန်တကယ် ဖော်စပ်ဖို့ ကြိုးစားခဲ့ကြဖူးတယ်လို့ ပြောလိုက်ရင် အံ့သြသွားကြမလား . . .?

ဓာတုဗေဒရဲ့ အုတ်မြစ်လို့တောင် ‌ပြောလို့ ရတဲ့ အဂ္ဂိရတ်ပညာ (Alchemy) နဲ့ သမိုင်းကြောင်းမှာ မော်ကွန်းတင်နိုင်ခဲ့တဲ့ Philosopher Stone လို ဖော်စပ်မှုတွေက ဒီနေ့ခေတ် သိပ္ပံပညာကို အခြေခိုင်အောင် ပြုလုပ်ပေးခဲ့တဲ့ အရာတွေပါပဲ။ Philosopher Stone ရဲ့ သမိုင်းကြောင်းနဲ့ ဒီအရာကို ရှာဖွေစမ်းသပ်ရင်း ဘယ်သူတွေကများ သိပ္ပံပညာကို ပြောင်းလဲစေခဲ့သလဲ ဆိုတာကလဲ စိတ်၀င်စားစရာပါ။

သမိုင်းကြောင်းကို ပြန်ရစ်တဲ့အခါ ဓာတုဗေဒလို့ ပြောလိုက်တာနဲ့ တွဲမြင်ရမှာက အဂ္ဂိရတ်ပညာ ဖြစ်ပါတယ်။ သူက မှော်နက်ပညာ (Black Magic) ခေတ်အနောက်ကနေ ကပ်လျက် ထွန်းကားလာတဲ့ ရှေးပညာရပ်တစ်ခု ဖြစ်ပြီး ဘီစီ ၃၀၀ ကနေ ၁၇ ရာစုအကုန်အထိ လွှမ်းမိုးခဲ့ပါတယ်။ တရုတ်နဲ့ ဥရောပနိုင်ငံတွေကနေ စတင်ပေါ်ပေါက်လာတဲ့ ဒီပညာရပ်မှာ ရည်ရွယ်ချက် ၂ မျိုးပဲ ရှိပါတယ်။ အသက်ရှည်ဆေးနဲ့ ရောဂါဘယ မှန်သမျှကို ကုပေးနိုင်တဲ့ ဆေးကို ရှာဖို့ ဆိုတာက တစ်ချက်နဲ့ Philosopher Stone ကို ဖော်စပ်နိုင်ဖို့ တစ်ချက် ဆိုပြီး ရှိခဲ့ပါတယ်။ 

ဒီတော့ Philosopher Stone ဆိုတာ ဘာများလဲ . . .? မှော်ဆန်တဲ့ အရာတစ်ခုလား . . .? ဒါမှမဟုတ် သိပ္ပံပညာလား . . .?

အဲဒီခေတ်ကာလက အဂ္ဂိရတ်ပညာရှင်တွေဟာ စျေးပေါတဲ့ သတ္တုတွေကို ရွှေအဖြစ် ပြောင်းလဲနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီလိုပြောင်းလဲတဲ့အခါ သူတို့ အသုံးပြုမယ်လို့ ကြံရွယ်ခဲ့တဲ့ အရာကြီးကတော့ Philosopher’s Stone ပဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ Philosopher’s Stone ကို အသုံးပြုပြီး တန်ဖိုးနည်းတဲ့ သတ္တုတွေကို ရွှေအဖြစ် ပြောင်းလဲမယ်လို့ ရည်ရွယ်ချက်ချခဲ့ကြတာပါပဲ။ ထူးထူးဆန်းဆန်း အတွေးပေါ့။ ဒါပေမဲ့ ဒီအတွေးလေးတစ်ခုကနေ ကြီးကျယ်တဲ့ ရှာဖွေတွေ့ရှိမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီခေတ်ကြီးထဲမှာ တစ်စုံတစ်ယောက်က သိပ္ပံပညာကြီးကို ပြောင်းလဲပစ်လိမ့်မယ်လို့ ဘယ်ထင်မိကြပါ့မလဲ။ ဒါပေသိ လူတစ်ယောက်ကတော့ ပြောင်းလဲခဲ့ပါတယ်။

၁၆၆၉ ခုနှစ်၊ ဂျာမနီနိုင်ငံ၊ ဟန်ဘာ့ (Hamburg) မြို့လေးတစ်မြို့မှာ နေထိုင်တဲ့ အဂ္ဂိရတ်ပညာရှင်တစ်ဦး Philosopher’s Stone ကို ဘယ်လို ဖော်စပ်ရမလဲလို့ စူးစမ်းရင်း၊ ရှာဖွေရင်းနဲ့ပဲ ဓာတ်ခွဲခန်းထဲမှာ အလုပ်တွေ ရှုပ်နေပါတယ်။ သူ့နာမည်ကတော့ ဟန်းနစ်ဘရန်း (Hennig Brandt) ပါ။ ဟန်းနစ်က Philosopher’s Stone ကို ပြုလုပ်ဖို့အတွက် မှော်ဆန်တဲ့ ပစ္စည်းတစ်ခုကို ပေါင်းထည့်ပြီး ဖော်စပ်ဖို့ ကြိုးစားနေခဲ့တာပေါ့။ သူ ဖော်စပ်မဲ့ မှော်ဆန်ဆန် ပါဝင်ပစ္စည်းတစ်ခုကတော့ ကျင်ငယ်ရည် (urine) ပဲ ဖြစ်ပါတယ်။ ကျင်ငယ်ရည်က ရွှေဝါရောင်၊ ဝါတောက်တောက်ရှိတာမို့ သူတို့ခေတ်ကာလတုန်းကတော့ “Golden Stream” လို့တောင် ခေါ်ကြပါသတဲ့။ တန်ဖိုးနည်း သတ္တုတွေကို ရွှေအဖြစ် ပြောင်းချင်နေကြတဲ့ အဂ္ဂိရတ်ပညာရှင်တွေကြားမှာတော့ ရွှေရောင်ရှိနေတဲ့ ကျင်ငယ်ရည်က Philosopher’s Stone လုပ်ဖို့အတွက် မျက်စိကျစရာ ဖြစ်နေခဲ့ပါတယ်။  

ဟန်းနစ်က ကျင်ငယ်ရည်ကို အဓိက ပါဝင်ပစ္စည်းအနေနဲ့ ယူပြီးတော့ ဆူပွက်ခြင်း (Boiling)၊ အငွေ့ပျံခြင်း (Evaporation) နဲ့ အပူပေးခြင်း (Heating) ဆိုတဲ့ ဓာတုဆိုင်ရာ နည်းလမ်း‌တွေကို အသုံးပြုခဲ့ပါတယ်။ သူ့ရဲ့ ဖော်စပ်မှုတွေက Philosopher’s Stone ကို ရရှိစေလိမ့်မယ်လို့ မျှော်လင့်ရင်းနဲ့ပါပဲ။ သူ့စမ်းသပ်မှုတွေရဲ့ နောက်ဆုံးအဆင့်ရလဒ်မှာတော့ အဖြူရောင် ဖယောင်းသားဆန်ဆန် အစိုင်အခဲတွေ ရရှိလာပါတယ်။ ဒီအရာတွေက အမှောင်ထဲမှာဆို အစိမ်းရောင် တောက်နေပြီး လေနဲ့ ထိတွေ့လိုက်တဲ့အခါမှာတော့ အဖြူရောင် တောက်ပါတော့တယ်။ ဒီတောက်တောက်ပြောင်ပြောင်အရာကြီးက ဘာများ ဖြစ်မလဲလို့ ဟန်းနစ်တစ်ယောက် တွေးတောနေခဲ့တာပေါ့။

နောက်ဆုံးမှာတော့ ပညာရှင်ကြီးဟန်းနစ်က ဒီအရာကို ဖော့စဖောရပ်စ် (Phosphorus) လို့ အမည်မှည့်လိုက်ပါတယ်။ “Phosphorus” ဆိုတဲ့ ဝေါဟာရဟာ ဂရိဘာသာစကားကို ယူသုံးထားတာ ဖြစ်ပြီး “The Bearer of Light” လို့ အဓိပ္ပာယ်ရပါတယ်။ ဟန်းနစ်ဘရန်းတစ်ယောက် ဒြပ်စင်အသစ်တစ်ခုကို ရှာတွေ့သွားခဲ့ပါပြီ။ ဒီဒြပ်စင်က မျက်မှောက်ခေတ်မှာလဲ အလင်းနဲ့ ပတ်သက်လာရင် တွင်တွင်ကျယ်ကျယ် အသုံးပြုကြတဲ့ ဖော့စဖောရပ်စ်ပါပဲ။ ဒီတွေ့ရှိမှုက ၁၆၆၉ ခုနှစ်ရဲ့ ခမ်းနားတဲ့ တွေ့ရှိမှုတစ်ရပ်ဆိုရင်လဲ မမှားပါဘူး။

ဒီဖြစ်ရပ်ဟာ အဂ္ဂိရတ်ပညာခေတ်မှာ Philosopher’s Stone ဆိုတဲ့ အရာတစ်ခု၊ တန်ဖိုးနည်းတဲ့ သတ္တုတွေကို ရွှေအဖြစ် ပြောင်းလဲမယ်ဆိုတဲ့ စိတ်ကူးလေးတစ်ခုကနေ သမိုင်းတစ်လျှောက် ကြီးကျယ်ခမ်းနားတဲ့ ဒြပ်စင်တစ်ခုကို အမှတ်မထင် ရှာတွေ့မှုဆီ  ဦးတည်သွားခဲ့ပါတယ်။ မှော်အတတ်ပညာကနေ သိပ္ပံပညာဆီကို ဦးတည်သွားခဲ့ပါတယ်။ “ရှာဖွေလေ၊ တွေ့ရှိလေ” ဆိုတဲ့အတိုင်း ပညာရှင်တို့ရဲ့ စဥ်ဆက်မပြတ် ရှာဖွေမှုတွေကြောင့် တွေ့ရှိခဲ့ရတဲ့ ပညာရပ်အသစ်တွေဟာ ကမ္ဘာကြီးကို တစ်ခေတ်ပြီး တစ်ခေတ် ဆန်းသစ်စေခဲ့ပါတော့တယ်။      ။


Article Credits

Written by Aye Chan Oo
Copy Editing Nyan Win Htet
Final Review Aww Myat Khin Khin and H of C

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.