နာမည်ကြီး ပန်းချီကားတွေထဲ တစ်ချပ်အပါအဝင်ဖြစ်တဲ့“Starry Night” ကို တွေ့လိုက်တာနဲ့ ဗင်းစင့်ဗန်ဂိုး (Vincent Van Gogh) ကိုပါ တွဲမြင်ကြမှာပါ။ ဗန်ဂိုးက ဒတ်ခ်ျလူမျိုး ပန်းချီပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ တစ်မူထူးခြားတဲ့ ရေးဆွဲပုံတွေ၊ အရောင်စပ်ပုံတွေကြောင့် ထင်ရှားကျော်ကြားလှပါတယ်။ ဒီလိုပါရမီထူးတဲ့ ဗန်ဂိုး ဇူလိုင်လ ၂၉ ရက်၊ ၁၈၉၀ ခုနှစ်၊ သူ့အသက် ၃၇ နှစ်မှာပဲ ကွယ်လွန်သွားရှာပါတယ်။ တစ်နည်း၊ ဗန်ဂိုးတစ်ယောက် ကမ္ဘာမြေပေါ်က ထွက်ခွာသွားတာ ဒီနေ့မှာပဲ နှစ်ပေါင်း ၁၃၄ နှစ် ပြည့်ပါပြီ။ ဗန်ဂိုးကို အများစုက သမရိုးကျ သေဆုံးခဲ့တာ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ ဆိုကြပါတယ်။ တစ်ဖက်မှာလဲ ဗန်ဂိုးက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာ မဟုတ်ဘဲ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရတာဆိုတဲ့ အဆိုပြုချက်ကလဲ ရှိနေပြန်တာပါ။ တကယ်လို့သာ ဗန်ဂိုးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေတာ မဟုတ်ခဲ့ရင် . . . လုပ်ကြံခံခဲ့ရတာဆိုရင် . . . လက်ရှိ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားတဲ့ အယူအဆတွေ အားလုံးက ကပြောင်းကပြန် ဖြစ်ကုန်ပါလိမ့်မယ်။ ဒီနေ့တော့ Fact Hub နဲ့အတူ ဗန်ဂိုးသေဆုံးမှုရဲ့ တခြားတစ်ဖက်ခြမ်းက စကားသံတွေကို စူးစမ်းကြည့်ကြရအောင်ပါ။
ဗန်ဂိုးက သေဆုံးချိန်မှာ အသက် ၃၇ နှစ်ပဲ ရှိသေးတဲ့အပြင် ပြင်းထန်တဲ့ စိတ်ရောဂါ ဝေဒနာကိုပါ ခံစားနေခဲ့ရတယ်လို့ ဆိုကြပါတယ်။ အဲဒီအချိန်တုန်းက ဗန်ဂိုးက သူ့ရဲ့ နောက်ဆုံးပန်းချီကားဖြစ်တဲ့ “Wheatfield With Crows” ကို ရေးဖို့ ပြင်သစ်မြောက်ပိုင်းမှာရှိတဲ့ Auvers-sur-Oise ခေါ် ရွာလေးတစ်ရွာဆီ ရောက်နေခဲ့တာပါ။ တစ်နေ့ ဂျုံခင်းတွေထဲ ပန်းချီသွားဆွဲပြီး ခန့်မှန်းခြေ ညကိုးနာရီလောက်မှာ ဗန်ဂိုးတစ်ယောက် သူတည်းတဲ့ နေရာဆီ သေနတ်ဒဏ်ရာနဲ့အတူ ပြန်ရောက်လာခဲ့ပါတယ်။ ခြောက်လုံးပြူနဲ့ သူ့ကိုယ်သူ ပြန်လည်ပစ်ခတ်ခဲ့တာလို့လဲ ဝန်ခံတယ် ဆိုပါတယ်။ သေနတ်ဒဏ်ရာဟာ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို မထိခိုက်သွားပေမဲ့ နှစ်ရက်အကြာ၊ ဇူလိုင်လ ၂၉ ရက်နေ့မှာပဲ တည်းခိုခန်းထဲ သေဆုံးသွားခဲ့တာပါ။ ဒီလိုမျိုး ဝန်ခံခဲ့တာနဲ့ စိတ်ကျန်းမာရေးပြဿနာပါ ရှိနေခဲ့သူမို့ အကုန်လုံး တစ်ပြိုင်တည်း ကောက်ချက်ချလိုက်တာက ဗန်ဂိုး သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တာပါတဲ့ . . .။
ပူလစ်ဇာဆုရှင်တွေ ဖြစ်ကြတဲ့ စတီဖင်နိုက်ဖှ (Stephen Naifeh) နဲ့ ဂရီဂေါ်ရီ ဝှိုက်စမစ်သ် (Gregory White Smith) တို့ ရေးသားပြုစုပြီး ၂၀၁၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ “Van Gogh: The Life” ဆိုတဲ့ စာအုပ်မှာ ဗန်ဂိုးတစ်ယောက် သူ့ကိုယ်သူ မသတ်သေခဲ့ကြောင်းကို သက်သေတွေနဲ့တကွ ထောက်ပြထားပါတယ်။ ပထမဆုံးအချက်က ဗန်ဂိုးရဲ့ အိတ်ကပ်ထဲ ရှာတွေ့ခဲ့တဲ့ စာတစ်စောင်ကြောင့်ပါ။ ဒီစာကို ဗန်ဂိုးက သူ့အစ်ကို သီအို (Theo)ဆီ ပေးဖို့ ရည်ရွယ်ခဲ့ပြီး စာကို လေ့လာကြည့်ချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မဲ့ လူတစ်ယောက် ရေးထားတာနဲ့ မတူနေပါဘူး။ ပုံမှန်စာတွေလို သာကြောင်း၊ မာကြောင်းပဲ ရေးထားတာပါ။ ဒုတိယတစ်ချက်ကတော့ ဗန်ဂိုး ဂျုံခင်းထဲ ပန်းချီသွားဆွဲတဲ့ နေ့၊ တစ်နည်း သေနတ်ဒဏ်ရာ ရလာတဲ့နေ့မှာ သူ့ဆီ သေနတ်မတွေ့ခဲ့ရသလို ယူသွားတဲ့ ပန်းချီပစ္စည်းတွေနဲ့ အတူပြန်ပါမလာခဲ့ပါဘူး။ ဘယ်ရောက်သွားလဲ ဘယ်သူမှ မသိကြသလို ဗန်ဂိုးဆီ သေနတ် ဘယ်လိုရောက်သွားလဲလဲ ဘယ်သူမှ မသိကြပါဘူး။
တကယ်လို့သာ သူဟာ သူ့ကိုယ်သူ သေနတ်နဲ့ အမှန်တကယ် ပစ်သတ်ခဲ့မယ်ဆိုရင် သူ့လက်မှာ ယမ်းမှုန့်တွေ ပေကျံနေခဲ့မှာပါ။ အဲဒီခေတ်က သုံးတဲ့ သေနတ်တွေဟာ ယမ်းမှုန့် ထည့်ရတာမို့ အသုံးပြုသူရဲ့ လက်မှာ ယမ်းမှုန့်တွေ စွန်းထင်းနေတတ်ပါတယ်။ ဗန်ဂိုးရဲ့ လက်မှာတော့ အဲဒီလိုမျိုး မရှိနေခဲ့ပါဘူး။ ဒီအချက်တွေနဲ့တင် ဗန်ဂိုးက ကိုယ့်ကိုယ်ကိုယ် မသတ်သေခဲ့ဘူးလို့ ချေပနိုင်နေပါပြီ။ ဒါပေမဲ့ သတ်သေတယ်လို့ ယူဆတဲ့ဘက်မှာလဲ ခိုင်ခိုင်မာမာ အထောက်အထားတွေ ရှိနေလို့ ဒီထင်ကြေးနှစ်ခုက အချင်းချင်း ထောက်ကန်ပြု လွန်ဆွဲနေကြတာပါ။ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တဲ့ လူတစ်ယောက်က နှစ်ရက်လောက် ဝေဒနာခံပြီး အသက်ကို ဆွဲမဆန့်လောက်ဘူးလို့ ပြောကြပေမဲ့ တကယ်တမ်း ဗန်ဂိုးကို ‘ဘယ်သူက ပစ်ခတ်သွားသလဲ’ ဆိုတဲ့ မေးခွန်းမှာတော့ ဖြေသူမဲ့နေဆဲပါ။ တချို့ကတော့ ၁၆ နှစ်အရွယ် ကလေးတစ်ယောက်က မတော်တဆ ပစ်မိသွားတယ်လို့ ဆိုကြပေမဲ့ အငြင်းပွားစရာ ပုစ္ဆာတစ်ရပ်အဆင့်ကနေ မတက်နိုင်သေးပါဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဒီလိုထူးချွန်ပြောင်မြောက်တဲ့ ပန်းချီဆရာတစ်ဦးကို ဆုံးရှုံးလိုက်ရတာဟာ အနုပညာလောကအတွက်တော့ ဝမ်းနည်းဖွယ်ရာပါ။ ဗန်ဂိုးက သူအသက်ရှင်နေဆဲ ကာလတစ်လျှောက်မှာ ပန်းချီကားပေါင်း ၉၀၀ ကျော်ကို ရေးဆွဲခဲ့ပြီး “Starry Night ” နဲ့ ဗန်ဂိုးရဲ့ “Self Portrait” တို့ကတော့ ပိုနာမည်ကြီးပါတယ်။ ဂန္တဝင်လက်ရာတွေ အဖြစ်လဲ အသိအမှတ်ပြုခံနေရဆဲပါ။