July 11, 2026 | မြန်မာ
Chemistry Article

“မျက်မှောက်ခေတ် နည်းပညာလောကကို မောင်းနှင်နေတဲ့ မြေရှားသတ္တုများ”

စာဖတ်သူအများစု မြေရှားသတ္တုတွေအကြောင်း ကြားဖူးကြပါလိမ့်မယ်။ မြေရှားသတ္တု ထုတ်လုပ်ရေး လုပ်ငန်းစဥ်တွေကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းတာ၊ ချောင်းမြောင်းတောတောင် အဆိပ်သင့်တာတွေကိုလဲ သတင်းတွေမှာ တွေ့ဖူးကြမှာပါ။ မြေရှားသတ္တုဆိုတာ ဒြပ်စင်အလှည့်ကျဇယား (Periodic Table) ထဲမှာ ပါဝင်တဲ့ လန်သနိုက်(ဒ်) (Lanthanide) အုပ်စုဝင် ဒြပ်စင် ၁၅ ခုနဲ့အတူ သူတို့နဲ့ ဂုဏ်သတ္တိချင်း ဆင်တူတဲ့ စကန်ဒီယမ်…

Text size

စာဖတ်သူအများစု မြေရှားသတ္တုတွေအကြောင်း ကြားဖူးကြပါလိမ့်မယ်။ မြေရှားသတ္တု ထုတ်လုပ်ရေး လုပ်ငန်းစဥ်တွေကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းတာ၊ ချောင်းမြောင်းတောတောင် အဆိပ်သင့်တာတွေကိုလဲ သတင်းတွေမှာ တွေ့ဖူးကြမှာပါ။ မြေရှားသတ္တုဆိုတာ ဒြပ်စင်အလှည့်ကျဇယား (Periodic Table) ထဲမှာ ပါဝင်တဲ့ လန်သနိုက်(ဒ်) (Lanthanide) အုပ်စုဝင် ဒြပ်စင် ၁၅ ခုနဲ့အတူ သူတို့နဲ့ ဂုဏ်သတ္တိချင်း ဆင်တူတဲ့ စကန်ဒီယမ် (Scandium)၊ ယစ်ထရီယမ် (Yttrium) တို့ကို စုပေါင်းခေါ်ဆိုတဲ့ စကားရပ်တစ်ခု ဖြစ်ပါတယ်။ မြေရှားသတ္တုတွေဟာ ခေတ်သစ် နည်းပညာမြင့် လူ့အသုံးအဆောင်ပစ္စည်းတွေမှာ မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါအပြင် လူသားတွေအတွက် လိုအပ်တဲ့ မြေရှားသတ္တုပမာဏဟာ တိုးလာနေပြီး သိသာတဲ့ ဥပမာတစ်ခု ပြရရင်တော့ လွန်ခဲ့တဲ့ နှစ် ၂၀ ဝန်းကျင်က မိုဘိုင်းဖုန်း ကိုင်နိုင်တဲ့လူဦးရေ နည်းနည်းပဲ ရှိပေမဲ့ ဒီနေ့ခေတ်မှာဆို လူဦးရေ ၅ ဘီလျံကျော်လောက်က မိုဘိုင်းဖုန်း ကိုင်နေကြပါပြီ။ ဒီလို နည်းပညာ ပိုမိုတိုးတက်လာတာနဲ့အမျှ ဒီဒြပ်စင်တွေအပေါ် မှီခိုရမှုကလဲ ဖုန်းတွေမှာတင်မကဘဲ ကွန်ပျူတာတွေမှာပါ မြင့်တက်လို့လာနေပါတယ်။

မြေရှားသတ္တုထဲမှာပါတဲ့ ဒြပ်စင်အမည်တွေ

မြေရှားဒြပ်စင်တွေမှာ လန်သနိုက်(ဒ်) (Lanthanides) ၁၅ မျိုး (အက်တမ်နံပါတ် ၅၇ ကနေ ၇၁ အထိ) နဲ့ စကန်ဒီယမ် (Scandium)၊ ယစ်ထရီယမ် (Yttrium) တို့ ပါဝင်ကြပါတယ်။ ဒီဒြပ်စင်တစ်ခုချင်းစီမှာ သူတို့ရဲ့ ကိုယ်ပိုင် ရုပ်ပိုင်းဆိုင်ရာနဲ့ ဓာတ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိတွေ ရှိကြပါတယ်။ အဲ့ဒီဂုဏ်သတ္တိတွေပေါ် မူတည်ပြီးတော့မှ သူတို့ကို ဘယ်လို စက်မှုလုပ်ငန်းတွေမှာ သုံးမလဲဆိုတာ ခွဲခြားကြတာပါ။

မြေရှားဒြပ်စင်တွေရဲ့ နာမည်တွေကတော့ စကန်ဒီယမ် (Scandium – Sc – 21)၊ ယစ်ထရီယမ် (Yttrium – Y – 39)၊ လန်သနမ် (Lanthanum – La – 57)၊ စီရီယမ် (Cerium – Ce – 58)၊ ပရေစီယိုဒီမီယမ် (Praseodymium – Pr – 59)၊ နီယိုဒီမီယမ် (Neodymium – Nd – 60)၊ ပရိုမီသီယမ် (Promethium – Pm – 61)၊ ဆမားရီယမ် (Samarium – Sm – 62)၊ ယူရိုပီယမ် (Europium – Eu – 63)၊ ဂါဒိုလီနီယမ် (Gadolinium – Gd – 64)၊ တာဘီယမ် (Terbium – Tb – 65)၊ ဒစ်ပရိုစီယမ် (Dysprosium – Dy – 66)၊ ဟို(လ်)မီယမ် (Holmium – Ho – 67)၊ အာဘီယမ် (Erbium – Er -68)၊ သူလီယမ် (Thulium – Tm – 69)၊ ယစ်ထာဘီယမ် (Ytterbium – Yb – 70) နဲ့ လူတီးရှီယမ် (Lutetium – Lu – 71) တို့ ဖြစ်ပါတယ်။

မြေရှားဒြပ်စင်တွေရဲ့ နာမည်၊ သင်္ကေတ (Symbol)၊ အက်တမ်နံပါတ် (Atomic Number)၊ သတ္တု အပေါ့စား/အလေးစား (LREE/HREE) အမျိုးအစားနဲ့ ပေါများမှု (Abundance – ppm) တွေကို ဒီအောက်က ဇယားလေးမှာ ဖော်ပြထားပါတယ်။ HREE ဆိုတာ လေးလံတဲ့ မြေရှားဒြပ်စင်ဖြစ်ပြီး LREE ဆိုတာက ပေါ့ပါးတဲ့ မြေရှားဒြပ်စင်ပါ။ ဇယားထဲမှာ ကြည့်လိုက်မယ်ဆိုရင် ပရိုမီသီယမ် ဒြပ်စင်ကို ပေါများမှုပြတဲ့ နေရာမှာ ‘Trace’ လို့ ‌‌ရေးထားတာကို တွေ့ရပါလိမ့်မယ်။ Trace ဆိုတာက ပရီုမီသီယမ် ဒြပ်စင်ဟာ သဘာဝထဲမှာ အစအနလောက်သာရှိတဲ့အတွက် အလွန်အမင်းရှားပါးတဲ့ ပမာဏလို့ ဆိုလိုတာဖြစ်ပါတယ်။

အက်တမ်နံပါတ် (Atomic Number)သင်္ကေတ(Symbol)ဒြပ်စင်(Element)အပေါ့စား/အလေးစားအမျိုးအစား
(Class)
ပေါများမှု(Abundance)(ppm)
21ScScandiumHREE22
39YYttriumHREE33
57LaLanthanumLREE39
58CeCeriumLREE66.5
59PrPraseodymiumLREE9.2
60NdNeodymiumLREE41.5
61PmPromethiumLREETrace
62SmSamariumLREE7.05
63EuEuropiumLREE2.0
64GdGadoliniumHREE6.2
65TbTerbiumHREE1.2
66DyDysprosiumHREE5.2
67HoHolmiumHREE1.3
68ErErbiumHREE3.5
69TmThuliumHREE0.52
70YbYtterbiumHREE3.2
71LuLutetiumHREE0.8

မြေရှားဒြပ်စင်တွေရဲ့ အသုံးဝင်ပုံ

မြေရှားသတ္တုဒြပ်စင်တွေဟာ အဆင့်မြင့်နည်းပညာသုံး ကိရိယာ တန်ဆာပလာတွေ ထုတ်လုပ်တဲ့နေရာမှာ ပဓာနကျပါတယ်။ မြေရှားသတ္တုတွေနဲ့ မြေရှားဒြပ်စင်တွေ ပါဝင်တဲ့ သတ္တုစပ်တွေကို ကွန်ပျူတာမှတ်ဉာဏ် (Memory)၊ ဒီဗွီဒီ (DVD)၊ လျှပ်စစ်ကား (EV)၊ မော်တာ၊ အားပြန်သွင်းပြီး သုံးနိုင်တဲ့ ဘက်ထရီ၊ စမတ်ဖုန်း၊ အိတ်ဇောအဆိပ်ငွေ့ စစ်ထုတ်ကိရိယာ (Catalytic Converters)၊ သံလိုက်၊ ဖလော်ရီဆင့်မီးချောင်းနဲ့ တခြားနေ့စဉ်သုံး ပစ္စည်းကိရိယာတွေ တော်တော်များများမှာ အသုံးပြုကြပါတယ်။ မြေရှားဒြပ်စင်တွေကိုတော့ ဓာတ်ကူပစ္စည်း (Catalyst)၊ အလင်းလွှတ်ပစ္စည်း (Phosphor) နဲ့ အချောတိုက်ဆေး (Polishing compound) တွေ အဖြစ် အသုံးပြုကြပါတယ်။ အလင်းလွှတ်ပစ္စည်း ဆိုတာက စွမ်းအင်တစ်မျိုးမျိုးကို လက်ခံရရှိတဲ့အခါမှာ အလင်း ပြန်လည်ထုတ်လွှတ်ပေးနိုင်တဲ့ ပစ္စည်းတွေဖြစ်ပြီး ဖုန်းမျက်နှာပြင်၊ တီဗွီဖန်သားပြင်နဲ့ မီးချောင်းတွေမှာ သုံးပါတယ်။ အချောတိုက်ဆေးတွေကိုတော့ မှန်ဘီလူးတွေ၊ ဖန်သားပြင်တွေနဲ့ သတ္တုမျက်နှာပြင်တွေကို ပြောင်လက်ချောမွေ့သွားအောင် ပွတ်တိုက်ဖို့ အသုံးပြုတာပါ။

၁၉၅၀ ပြည့်လွန်နှစ်တွေကနေ ၂၀၀၀ ပြည့်နှစ်အစောပိုင်းအထိ စီရီယမ်အောက်ဆိုဒ် (Cerium Oxide) ဟာ ကျောက်မျက်ရတနာတွေကို အချောတိုက်တဲ့နေရာမှာ ရေပန်းစားတဲ့ ပစ္စည်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီကာလတွေတုန်းကတော့ စီရီယမ်အောက်ဆိုဒ်က ‌စျေးသက်သာပြီး တော်တော်လေးလဲ ထိရောက်မှုရှိခဲ့တာပါ။ ဒါပေမဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ ဝယ်လိုအားနဲ့ ဈေးနှုန်းမြင့်တက်မှုတွေကြောင့် ကျောက်မျက်ရတနာ ပြုပြင်မွမ်းမံတဲ့ လုပ်ငန်းတွေမှာ စီရီယမ်အောက်ဆိုဒ် အသုံးပြုမှု တော်တော်လေး လျော့နည်းသွားပါတယ်။ စီရီယမ်အောက်ဆိုဒ်အစား အလူမီနီယမ်အောက်ဆိုဒ် (Aluminium oxide) နဲ့ တိုက်တေနီယမ်အောက်ဆိုဒ် (Titanium oxide) လို တခြားအရောင်တင်ပစ္စည်း အမျိုးအစားတွေကို အစားထိုး အသုံးပြုနေကြပါပြီ။

မြေရှားသတ္တုအကြောင်း ဆက်ရရင် ဒီသတ္တုဒြပ်စင်တွေကို စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးစနစ်တွေဖြစ်တဲ့ အီလက်ထရောနစ် ပြသစနစ်၊ အီလက်ထရောနစ် ပဲ့ထိန်းစနစ်၊ လေဆာ၊ ရေဒါနဲ့ ဆိုနာစနစ်တွေမှာလဲ သုံးကြရပါတယ်။ မြေရှားသတ္တုသုံး အမြဲတမ်းသံလိုက်တွေဟာ ခေတ်မီ အမေရိကန်စစ်ဘက်ဆိုင်ရာ နည်းပညာတွေမှာ တော်တော်လေး အရေးပါတဲ့ အစိတ်အပိုင်းတွေပါ။ ထူးကဲတဲ့ သံလိုက်အားနဲ့ အပူဒဏ်ခံနိုင်တဲ့ ဂုဏ်သတ္တိတွေကြောင့် ရိုးရိုးသံလိုက်တွေထက် ပိုအားကောင်းသလို အပူချိန်မြင့်မားတဲ့ စစ်ဘက်သုံး စက်ပစ္စည်းတွေမှာလဲ ဂုဏ်သတ္တိမပျက်ဘဲ အလုပ်လုပ်နိုင်ကြပါတယ်၊ များသောအားဖြင့် နီယိုဒီမီယမ်-သံ-ဘိုရွန် (NdFeB) နဲ့ ဆမားရီယမ်-ကိုဘော့ (SmCo) သံလိုက်အမျိုးအစားပေါ့။ ဒီသံလိုက်တွေဟာ လေယာဉ်တွေမှာသုံးတဲ့ လျှပ်စစ်မော်တာတွေ၊ မောင်းနှင်ထိန်းချုပ်တဲ့ စနစ်တွေကနေ စလို့ တိကျတဲ့ ပဲ့ထိန်းလက်နက်ခဲယမ်းတွေနဲ့ ဂြိုဟ်တုစနစ်တွေအထိ ကာကွယ်ရေးပိုင်းဆိုင်ရာ နည်းပညာတွေမှာ အများကြီး အထောက်အကူပြုနေတာပါ။

ထုတ်ကုန်တစ်ခုမှာ ပါဝင်တဲ့ မြေရှားသတ္တုဒြပ်စင် ပမာဏက အလေးချိန်၊ တန်ဖိုး၊ ထုထည်အားဖြင့် သိသိသာသာ ပြောပလောက်အောင် မရှိပေမဲ့ ဒီကိရိယာထုတ်ကုန် လည်ပတ်အလုပ်လုပ်ဖို့အတွက်တော့ အခြေခံလိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ဥပမာဆိုရရင် မြေရှားသတ္တုဒြပ်စင်နဲ့ ပြုလုပ်ထားတဲ့ သံလိုက်တွေဟာ ထုတ်ကုန်ရဲ့ အလေးချိန်တစ်ခုလုံးနဲ့ ယှဥ်ရင် သေးငယ်တဲ့ အပိုင်းလေး တစ်ခုလောက်ပဲ ရှိပေမဲ့ ဒီသံလိုက်တွေသာမရှိရင် လက်တော့ (Laptop)၊ ဒက်စတော့ (Desktop) နဲ့ ကွန်ပျူတာ တွေရဲ့ စပင်ဒယ် မော်တာ (Spindle Motor)၊ ဗွိုက်(စ်) ကွိုင်(လ်) (Voice Coils) တွေ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။

ကဲ… နောက်ထပ် အဲဒီဒြပ်စင်တစ်ခုချင်းစီကို ဘယ်လိုနေရာတွေမှာ အဓိက အသုံးချကြသလဲဆိုတာကို ဆက်ပြီး ကြည့်လိုက်ရအောင်။

ပထမဆုံး၊ စကန်ဒီယမ်ကို အလူမီနီယမ်-စကန်ဒီယမ် သတ္တုစပ်‌တွေ၊ အခဲပုံစံ အောက်ဆိုဒ် လောင်စာဆဲ(လ်)တွေ (Solid Oxide Fuel Cells) နဲ့ အားကစားကွင်းသုံး မီးအလင်းရောင်စနစ်တွေမှာ အသုံးပြုကြပါတယ်။

ယစ်ထရီယမ်ကိုတော့ YSZ ကြွေထည်တွေ (ယစ်ထရီယမ်နဲ့ တည်ငြိမ်အောင် ပြုလုပ်ထားတဲ့ ဇာကိုးနီးယား)၊ LED မီးသီးသုံး အလင်းလွှတ်ပစ္စည်း (Phosphor) တွေ၊ ဂျက်အင်ဂျင် အပူဒဏ်ခံ အလွှာ (Coating) တွေနဲ့ လျှပ်ကူးပစ္စည်း (Superconductor) တွေမှာ သုံးပါတယ်။

လန်သနမ်ကို ရေနံချက်တဲ့နေရာမှာ သုံးတဲ့ FCC ဓာတ်ကူပစ္စည်းတွေ၊ နီကယ်-မက်တယ် ဟိုက်ဒရိုက် (NiMH) ဘက်ထရီ လျှပ်ခေါင်း‌တွေ၊ မှန်ဘီလူးလို အလင်းသုံး ဖန်ထည်ပစ္စည်း (Optical Glass) တွေ နဲ့ ဟိုက်ဒရိုဂျင် သိုလှောင်မှု စနစ်တွေမှာ သုံးပါတယ်။

စီရီယမ်ကို မော်တော်ယာဉ် အိပ်ဇောစစ်ထုတ်စနစ်တွေ (Catalytic Converters)၊ ဖန်သားအချောတိုက်ပစ္စည်းတွေ (Glass Polishing)၊ ဒီဇယ်လောင်စာဆီ အရည်အသွေးမြင့် ပစ္စည်းတွေ (Diesel Fuel Additives) နဲ့ အလိုအလျောက် သန့်စင်စနစ်ပါတဲ့ မီးဖိုတွေမှာ (Self-cleaning Ovens) သုံးပါတယ်။

ပရေစီယိုဒီမီယမ်ကို NdFeB သံလိုက်တွေ (NdPr alloy)၊ လေယာဉ်အင်ဂျင်သုံး သတ္တုစပ်‌တွေ နဲ့ ကြွေထည်ဆေးရောင်ခြယ် ပစ္စည်းတွေ (Ceramic Pigments) အဖြစ် သုံးပါတယ်။

နီယိုဒီမီယမ်ကိုတော့ လျှပ်စစ်ကားတွေ (EVs)၊ လေအားလျှပ်စစ် တာဘိုင်‌တွေ၊ အီလက်ထရွန်နစ် ပစ္စည်းတွေနဲ့ စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးစနစ်တွေမှာ သုံးတဲ့ နီယိုဒီမီယမ်-သံ-ဘိုရွန် (NdFeB) အမြဲတမ်းသံလိုက်တွေအဖြစ် သုံးကြပါတယ်။

ပရိုမီသီယမ်ကို နျူကလီးယား ဘက်ထရီတွေ၊ အလင်းတောက် ဆေးရောင်စုံတွေ (Luminous Paint)၊ အထူတိုင်းကိရိယာတွေမှာ သုံးပါတယ်။ ပရိုမီသီယမ်ရဲ့ အိုင်ဆိုတုပ်အားလုံးဟာ တည်ငြိမ်မှုမရှိဘဲ ရေဒီယိုသတ္တိကြွနေကြတာပါ။

ဆမားရီယမ်ကို ဆမားရီယမ်-ကိုဘော့ (SmCo) သံလိုက်တွေ၊ ကင်ဆာကုထုံး (Sm-153 ရေဒီယိုသတ္တိကြွ ဒြပ်စင်) နဲ့ နျူကလီးယား ဓါတ်ပေါင်းဖို ထိန်းချုပ်ရေး သတ္တုချောင်းတွေအဖြစ် သုံးပါတယ်။

ယူရိုပီယမ်ကို အနီရောင်/အပြာရောင် အလင်းလွှတ်ပစ္စည်းတွေ (Phosphors)၊ ယူရိုငွေစက္ကူ အတုအပပြုလုပ်မှု တားဆီးမှုစနစ်၊ LED မီးသီးတွေနဲ့ နျူကလီးယားဓာတ်ပေါင်းဖို ထိန်းချုပ်ရေးသတ္တုချောင်းတွေမှာ သုံးပါတယ်။

ဂါဒိုလီနီယမ်ကိုတော့ MRI ရိုက်တဲ့အခါ ခန္ဓာကိုယ်အတွင်းပိုင်းက အင်္ဂါအစိတ်အပိုင်းတွေနဲ့ သွေးကြောတွေကို ထင်ထင်ရှားရှား မြင်ရအောင် သွေးကြောထဲ ထိုးပေးရတဲ့ ဆေးရည်တွေ (Contrast Agents)၊ နျူကလီးယားဓါတ်ရောင်ခြည်ကာကွယ်ရေး အလွှာ‌တွေ၊ သံလိုက်ဓာတ်နဲ့ ထိတွေ့ရင် ပုံသဏ္ဌာန်ပြောင်းလဲနိုင်တဲ့ သတ္တုစပ်တွေ (Magnetostrictive Alloys) နဲ့ အစိမ်းရောင် အလင်းလွှတ်ပစ္စည်းတွေ (Phosphors) အဖြစ် သုံးပါတယ်။

တာဘီယမ်ကို NdFeB သံလိုက်တွေရဲ့ သံလိုက်ဓာတ်ထိန်းနိုင်စွမ်း (Coercivity)၊ အစိမ်းရောင် အလင်းလွှတ်ပစ္စည်းတွေ (Phosphors) နဲ့ တာဘီယမ်-သံ- ဒစ်စ်ပရိုးစီယမ် ရေအောက်အသံလှိုင်း (Terfenol-D Sonar) အချက်ပေးကိရိယာတွေမှာ သုံးပါတယ်။

ဒစ်ပရိုစီယမ်ကို အပူချိန်မြင့်မားတဲ့ အခြေအနေတွေမှာ NdFeB သံလိုက်တွေရဲ့ သံလိုက်ဓာတ်ထိန်းနိုင်စွမ်း (Coercivity)၊ အလင်းအားကောင်းတဲ့ ဟေလိုင်း (Halide) မီးသီးတွေနဲ့ နျူကလီးယားဓာတ်ပေါင်းဖို စတာတွေကို ထိန်းချုပ်တဲ့ သတ္တုချောင်းတွေအဖြစ် သုံးပါတယ်။

ဟိုလ်မီယမ်ကိုတော့ သံလိုက်ဓာတ် အားအကောင်းဆုံးလို့ သိကြတဲ့ သံလိုက်တိုင်တွေ (Magnetic Pole Pieces)၊ ဆေးဘက်ဆိုင်ရာ လေဆာကိရိယာတွေ၊ နျူကလီးယားဓာတ်ပေါင်းဖိုထဲက နျူထရွန်စီးဆင်းမှုကို ထိန်းညှိပေးတဲ့ ကိရိယာတွေ (Neutron Flux Adjusters) အဖြစ် သုံးပါတယ်။

အာဘီယမ်ကို ဖိုင်ဘာ-အော်ပတစ် အချက်ပြလှိုင်းချဲ့စနစ် (EDFA – Erbium-Doped Fiber Amplifier) တွေ၊ လေဆာသုံး ခွဲစိတ်ကုသမှုတွေ (Laser Surgery)၊ ဖန်ထည်သုံး ပန်းရောင်ခြယ်ပစ္စည်းတွေနဲ့ သတ္တုဗေဒ (Metallurgy) ဆိုင်ရာ လုပ်ငန်းတွေမှာ သုံးပါတယ်။

သူလီယမ်ကို သယ်ဆောင်ရလွယ်ကူတဲ့ X-ray စက်တွေ၊ အပူချိန်မြင့် လျှပ်ကူးပစ္စည်း (Superconductors) တွေနဲ့ ခွဲစိတ်ကုသရေး လေဆာစက်တွေ (Surgical Lasers) မှာ သုံးပါတယ်။

ယစ်ထာဘီယမ်ကို ဖိုက်ဘာလေဆာ (Fiber Lasers) တွေ၊ အက်တမ်စွမ်းအင်သုံး နာရီတွေ (Atomic Clocks)၊ ဖိအားတိုင်းကိရိယာတွေ (Stress Gauges) နဲ့ သံမဏိတုကို ပိုခိုင်မာစေတဲ့ ပစ္စည်းတွေအဖြစ် သုံးပါတယ်။

နောက်ဆုံး၊ လူတီးရှီယမ်ကို PET Scan ရောဂါရှာဖွေရေး အာရုံခံကိရိယာ‌တွေ၊ အလင်းယိုင်ညွှန်းကိန်းမြင့်မားတဲ့ မှန်ဘီလူးသုံး ဖန်ထည်တွေနဲ့ ဓာတုဗေဒ ဓာတ်ပြုမှုတွေကို မြန်ဆန်စေတဲ့ ဓာတ်ကူပစ္စည်းဆိုင်ရာ သုတေသနလုပ်ငန်းတွေမှာ သုံးပါတယ်။

မြေရှားသတ္တုက နာမည်အတိုင်း တကယ်ပဲ ရှားသလား. . . ?

မြေရှားသတ္တု ဒြပ်စင်တွေထဲ သူလီယမ်နဲ့ လူတီးရှီယမ်တို့က အရှားပါးဆုံးဖြစ်ကြပေမဲ့ ဒီဒြပ်စင်နှစ်မျိုး ကမ္ဘာ့အပေါ်ယံမြေလွှာထဲ ပျမ်းမျှရှိနေတဲ့ ပမာဏက ရွှေရဲ့ ပျမ်းမျှပမာဏထက် အဆ ၂၀၀ နီးပါး ပိုများပါတယ်။ အပေါများဆုံး တွေ့ရနိုင်တဲ့ မြေရှားသတ္တု ဒြပ်စင်တွေကတော့ စီရီယမ်၊ ယစ်ထရီယမ်၊ လန်သနမ် နဲ့ နီယိုဒီမီယမ်တို့ ဖြစ်ပြီး သူတို့ရဲ့ ကမ္ဘာ့အပေါ်ယံမြေလွှာထဲ ပျံ့နှံ့တည်ရှိမှု ပျမ်းမျှပမာဏဟာ စက်မှုလုပ်ငန်းသုံး သတ္တုတွေဖြစ်တဲ့ ခရိုမီယမ်၊ နီကယ်၊ ဇင့် (သွပ်)၊ မိုလစ်ဒီနမ် (Molybdenum)၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်တို့ရဲ့ တည်ရှိမှု ပမာဏတွေနဲ့ ဆင်တူကြပါတယ်။ တကယ်တော့ မြေရှားသတ္တု ဒြပ်စင်တွေဟာ နာမည်မှာသာ “Rare” (ရှားပါး) လို့ ပါတာဖြစ်ပြီး အမှန်တကယ် မြေကြီးထဲမှာ ရှိနေတဲ့ ပမာဏက လူတွေ အသုံးများနေတဲ့ နီကယ်တို့ ခဲတို့လို သတ္တုတွေနဲ့ မကွာခြားပါဘူး။ ဒါဆို ဘာကြောင့် မြေရှားသတ္တုလို့ နာမည်တွင်ရသလဲဆိုရင် မြေရှားဒြပ်စင်တွေရဲ့ ပြန့်နှံ့တည်ရှိနေမှု သဘောသဘာဝကြောင့် စီးပွားဖြစ် တွက်ခြေကိုက်အောင် ထုတ်ယူဖို့ဟာ ရှုပ်ထွေးခက်ခဲလို့ပါပဲ။

သတ္တုကြောအဖြစ် စုစည်းတည်ရှိနေတတ်တဲ့ တခြားသတ္တုရိုင်းတွေနဲ့မတူဘဲ မြေရှားသတ္တုတွေကတော့ ကျောက်လွှာအမျိုးမျိုးကြားမှာ ပြန့်နှံ့တည်ရှိနေတတ်ပါတယ်။ ဒါကြောင့်မို့လို့ လိုချင်တဲ့ ဒြပ်စင်ပမာဏ နည်းနည်းလေး ရဖို့အတွက်တောင်မှ သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ သတ္တုရိုင်း အမြောက်အမြားကို အဆင့်ဆင့် ပြုပြင်ထုတ်ယူကြရတာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီမြေရှားဒြပ်စင်တွေဟာ ဓာတုဗေဒ သဘောသဘာဝချင်း တော်တော်လေး ဆင်တူကြတာပါ။ သူတို့ကို တစ်ခုချင်းစီ ဖြစ်အောင် ခွဲထုတ်ဖို့နဲ့ သန့်စင်ဖို့ဆိုတာက အတော်လေး ရှုပ်ထွေးပြီး ငွေကုန်ကြေးကျ များပါတယ်။ ဒါကြောင့် ‘ရှားပါးတယ်’ ဆိုတာကို ကမ္ဘာပေါ်မှာ လုံးဝမရှိသလောက် အကြွင်းမဲ့ရှားပါးမှု ဆိုတာထက် စီးပွားရေးအရ တွက်ခြေကိုက်အောင် ထုတ်ယူဖို့ ခက်ခဲတာကို ဆိုလိုတာလို့ပဲ နားလည်ထားရမှာပါ။ ဒီလိုမျိုး ပြန့်နှံ့တည်ရှိနေခြင်းကို ဖြစ်ပေါ်စေတဲ့ ဘူမိဓာတုဗေဒဆိုင်ရာ ဂုဏ်သတ္တိတွေကပဲ မြေရှားသတ္တုတွေရဲ့ ‘ရှားပါးမှု’ နားလည်ဖို့ အဓိကသော့ချက် ဖြစ်ပါတယ်။

ဒီဒြပ်စင်တွေဟာ အိုင်ယွန်အချင်းဝက် (Ionic Radii) နဲ့ လျှပ်စစ်ဓာတ်ဆောင်မှု (Charge) ချင်း ဆင်တူကြတဲ့အတွက် သတ္တုပုံဆောင်ခဲ တည်ဆောက်ပုံတွေ (Mineral Structures) ထဲမှာ တစ်ခုနဲ့တစ်ခု အစားထိုးဝင်ရောက်နိုင်ကြပြီး ပမာဏအမြောက်အမြား စုစည်းတည်ရှိမှုကို တားဆီးပေးပါတယ်။ သတ္တုပုံဆောင်ခဲ တည်ဆောက်ပုံ ဆိုတာ သတ္တုတွေရဲ့ အတွင်းပိုင်း အက်တမ် တည်ဆောက်ပုံ ဖြစ်ပြီး သတ္တုရဲ့ ပုံသဏ္ဌာန်နဲ့ ဂုဏ်သတ္တိတွေကို သတ်မှတ်ပေးတဲ့ အရာပါ။ အဲဒီတည်ဆောက်ပုံထဲမှာ မြေရှားသတ္တုတွေဟာ တခြားဒြပ်စင်တွေနဲ့ ရောနှောပြီး ပုန်းကွယ်နေတတ်ကြတာပါ။ ဒါကြောင့်ပဲ မြေရှားသတ္တုတွေကို တခြားသတ္တုတွေလိုမျိုး သတ္တုကြောကြီးတွေအနေနဲ့ မတွေ့ရတာ ဖြစ်ပါတယ်။

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဒီရှားပါးဒြပ်စင်တွေအပေါ် မှီခိုရမှုကလဲ ပိုမြင့်မားလာဦးမှာပါ။ ဒါအပြင် ဒီဒြပ်စင်တွေ တူးဖော်ဖို့အတွက် ပေးရတဲ့ သဘာဝပတ်ဝန်းကျင် အဖိုးအခကလဲ များလွန်းလှပါတယ်။ ဒါကြောင့် ဒီသယံဇာတတွေကို စနစ်တကျ စီမံခန့်ခွဲပြီး အစားထိုးပစ္စည်းသစ်တွေ ရှာဖွေဖော်ထုတ်နိုင်မှုဟာ နောင်အနာဂတ် သိပ္ပံလောကအတွက် အလွန်အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာမှာပဲ ဖြစ်ပါတယ်။ နေ့စဉ်သုံးနေတဲ့ စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ ဆေးရုံသုံး စက်ကိရိယာတွေရဲ့ နောက်ကွယ်မှာ အခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ဒြပ်စင်လေးတွေ ရှိနေတယ်ဆိုတာကို သိထားရင်ပဲ ဒီဆောင်းပါးလေးက အကျိုးရှိသွားပါပြီ။ အားလုံးပဲ ဗဟုသုတ တိုးပွားကြပါစေ။     ။

Article Credits

Written by Kyawt Mu Han
Copy Editing Khin Myat Noe Zaw
Managing Editor Aww Myat Khin Khin
Final Review Pyae Thukha

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.