May 21, 2026 | မြန်မာ
Physics Article

မထိတွေ့ခြင်းရဲ့ အရှိတရား

“The cosmos is within us. We are made of star-stuff. We are a way for the universe to know itself.”— Carl Sagan, Cosmos: A Personal Voyage (1980) ‘အာရုံခံစားမှု၏…

Text size

“The cosmos is within us. We are made of star-stuff. We are a way for the universe to know itself.”— Carl Sagan, Cosmos: A Personal Voyage (1980)

‘အာရုံခံစားမှု၏ လှည့်စားချက်’

အခုဆောင်းပါးကိုဖတ်နေရင်း အနီးအနားက စားပွဲဖြစ်ဖြစ် နံရံဖြစ်ဖြစ် လက်နဲ့ တစ်ချက်လောက် လှမ်းထိကြည့်လိုက်ပါ။ အဲဒီလို ထိတွေ့လိုက်တဲ့ အခိုက်အတန့်မှာတင် “ဒါဟာ အစိုင်အခဲပဲ၊ တကယ်ရှိတယ်၊ ငါ့လက်ထဲမှာ တစ်ခုခု ရှိနေတယ်” ဆိုပြီး ဦးနှောက်က ချက်ချင်းမှတ်ချက်ပေးလိုက်ပါတယ်။ လူသားတွေရဲ့ သမိုင်းတစ်လျှောက်လုံးမှာလဲ ဒီအချက်ကို သံသယမဝင်ခဲ့ကြပါဘူး။ လောကကြီးရဲ့ ‘ခိုင်မာတဲ့ ဖြစ်တည်မှု’ (Solidity) ဆိုတာ အယုံကြည်ရဆုံး အမှန်တရားတစ်ခုအနေနဲ့ပဲ ရှိခဲ့တာပါ။ 

တကယ်တမ်းတော့ သိပ္ပံနည်းကျ သုံးသပ်ရင် စာဖတ်သူအနေနဲ့ အခုထိုင်နေတဲ့ ထိုင်ခုံကို တစ်စက္ကန့်လေးတောင် တကယ်မထိဖူးပါဘူး။ ခန္ဓာကိုယ်က ထိုင်ခုံရဲ့ အက်တမ်တွေအပေါ်မှာ အလွန့်အလွန်တိုတောင်းတဲ့ အကွာအဝေးလေးတစ်ခုကနေ တောက်လျှောက် ‘ပျံဝဲ’ (Hovering) နေတာပါ။ ခံစားနေရတဲ့ အထိအတွေ့ဆိုတာ တကယ်တော့ လူရဲ့ အီလက်ထရွန်တွေနဲ့ ထိုင်ခုံရဲ့ အီလက်ထရွန်တွေ အချင်းချင်း မထိမိအောင် ပြင်းပြင်းထန်ထန် တွန်းကန်နေတဲ့ ‘စွမ်းအားစက်ကွင်း’ (Force Field) တွေက အာရုံကြောတွေကို ပေးလိုက်တဲ့ အချက်ပေးသံသတ်သတ်ပါပဲ။

ဒီလှည့်စားမှုကို နားလည်ဖို့ဆိုရင် ရုပ်ဝတ္ထုဆိုတာ လုံးဝမရှိတော့တဲ့အထိ အဆပေါင်းသန်းနဲ့ချီ ချုံ့ကြည့်ရမဲ့ ခရီးစဉ်တစ်ခု လိုပါလိမ့်မယ်။ ထူးခြားတာက ပိုပြီးသေးငယ်တဲ့ အတိုင်းအတာတစ်ခုဆီ ရောက်သွားတိုင်း အစိုင်အခဲလို့ ထင်ခဲ့တဲ့အရာတွေက သာမန်တွေ့နေကျပုံစံမျိုး မဟုတ်တော့ဘဲ၊ ထူးခြားဆန်းပြားတဲ့ ပုံသဏ္ဌာန်တွေအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာတာကို မြင်ရမှာပါ။

အရင်ဆုံး လက်ကို အဆ ၅၀ လောက် (၅၀ မိုက်ခရိုမီတာအထိ) မိုက်ခရိုစကုပ်အောက်မှာ ချဲ့ကြည့်လိုက်မယ်ဆို ပုံမှန်မြင်နေကျ ချောမွေ့နေတဲ့ အရေပြားမျက်နှာပြင်ဆိုတာ ပျောက်ကွယ်သွားပြီး၊ ကောင်းကင်ပေါ်ကနေ ငုံ့ကြည့်လိုက်ရတဲ့ မြို့ပြကြီးတစ်ခုလို ဖြစ်သွားပါတယ်။ ဖန်ခွက်ကို မြဲမြဲကိုင်နိုင်ဖို့နဲ့ လက်ဗွေရာတွေ ချန်ထားနိုင်ဖို့ ဖန်တီးပေးထားတဲ့ အရေပြားက တကယ်တမ်းတော့ ချောမွေ့နေတာမဟုတ်ဘဲ မျိုးရိုးဗီဇနဲ့ သန္ဓေသားဘဝကတည်းက ရရှိခဲ့တဲ့ သက်ရောက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးလှတဲ့ ခရုပတ်တွေ၊ အစင်းကြောင်းတွေ ပြည့်နေတဲ့ မြေပြင်လိုအနေအထားပါ။

ဒီထက် ထပ်ချဲ့ကြည့်လိုက်မယ်ဆိုရင်တော့ အဲဒီမြို့ပြထဲက အဆောက်အအုံတွေကို စ,မြင်လာရပါပြီ။ အရေပြားရဲ့ အပြင်ဘက်ဆုံး အလွှာကို တည်ဆောက်ထားတဲ့ ဒီဆဲလ်တွေကို ကယ်ရာတီနိုဆိုက် (Keratinocytes) လို့ ခေါ်ပြီး ၂၅ ကနေ ၃၀ မိုက်ခရိုမီတာလောက်ပဲ အရွယ်အစားရှိကြပါတယ်။ ဒီဆဲလ်တွေကို ဒက်စမိုဆုမ်း (Desmosomes) ဆိုတဲ့ မော်လီကျူးတံတားလေးတွေနဲ့ ချိတ်ဆက်ထားပြီး အဝေးကကြည့်ရင် တစ်သားတည်း ဖြစ်နေသလို ထင်ရပေမဲ့ အနီးကပ်ကြည့်လိုက်မယ်ဆိုရင်တော့ ဆဲလ်တစ်ခုချင်းစီတိုင်းက သူ့အစီအစဉ်နဲ့သူ လည်ပတ်နေတဲ့ သီးခြား ကမ္ဘာငယ်လေးတွေလို ဖြစ်နေတာကို မြင်ရမှာပါ။

ဒီဆဲလ်ကမ္ဘာလေးတွေကို ကာရံထားတဲ့ အမြှေးပါး (Cell Membrane) ဆိုတာ တကယ်တော့ အဆီမော်လီကျူး (Lipid) လွှာတွေနဲ့ တည်ဆောက်ထားတဲ့ ‘အသက်ဝင်နေတဲ့ မြို့ရိုး’ ကြီးတစ်ခုလိုပါပဲ။ ဒီအမြှေးပါးက ဆဲလ်ရဲ့ လုံခြုံရေးဂိတ်တံခါးလို အလုပ်လုပ်ပြီး၊ ဆဲလ်အတွက် လိုအပ်တဲ့ အာဟာရတွေ ပေးဝင်၊ အညစ်အကြေးတွေကိုတော့ ပြန်ထုတ်ပေးပါတယ်။ ဒီအမြှေးပါးကတစ်ဆင့် အာဟာရတွေ စီးဝင်သလို၊ ဟော်မုန်းတွေလိုမျိုး အချက်ပြမော်လီကျူးတွေကလဲ ဆဲလ်ရဲ့ လုပ်ငန်းဆောင်တာတွေကို လမ်းညွှန်ပေးဖို့ ဒီအကာအကွယ်ကို အချိန်နဲ့အမျှ ဖြတ်သန်းနေကြပါတယ်။ ဒီအမြှေးပါးကို ကျော်ဖြတ်ပြီး ပရိုတင်းတွေနဲ့ ဆဲလ်အင်္ဂါနုပ် (Organelles) တွေ ပြည့်နှက်နေတဲ့ ဆိုက်တိုပလာဇမ် (Cytoplasm) အထိ သွားမယ်ဆိုရင်တော့ ဆဲလ်တစ်ခုလုံးရဲ့ သတင်းအချက်အလက်တွေ စုစည်းရာ ဗဟိုချက် — နျူကလိယ (Nucleus) ဆီ ရောက်သွားပါပြီ။

လူ့ဆံပင်တစ်မျှင် အထူရဲ့ ဆယ်ပုံတစ်ပုံ (၆ မိုက်ခရိုမီတာလောက်) ပဲရှိတဲ့ ဒီနျူကလိယထဲမှာ အရှည် ၂ မီတာလောက်ရှိတဲ့ ဒီအန်အေ (DNA) တွေ သိမ်းဆည်းထားပါတယ်။ ဒီ DNA တွေကို နျူကလိယထဲမှာ ဆံ့အောင် ဟစ်စတုန်း (Histone) ခေါ် ပရိုတင်းရစ်လုံးလေးတွေမှာ အထပ်ထပ်အခွေခွေ ရစ်ပတ်ပြီး သိမ်းထားတာပါ။ ဒါကို ခရိုမာတင် (Chromatin) အမျှင်တန်းလေးတွေအဖြစ် စုစည်းထားပြီး ဆဲလ်ပွားခါနီးကျမှ ပိုသိပ်သည်းတဲ့ ခရိုမိုဆုန်း (Chromosome) အချောင်းလေးတွေအဖြစ် ပြောင်းလဲသွားပါတယ်။

DNA ကို နာနိုမီတာအရွယ်ထိ ထပ်ချဲ့ကြည့်ရင်တော့ ဒီအောက်ဆီရိုင်းဘို့စ် (Deoxyribose) — မိုနိုဆက်ခရိုက် (Monosaccharide) သကြားတစ်မျိုး — နဲ့ ဖော့စဖိတ်တို့ ချိတ်ဆက်ထားရာ ကွင်းဆက်နှစ်ခု အပြန်အလှန် လိမ်ယှက်နေတဲ့ ဒပ်ဘယ်ဟဲလစ် (Double Helix) ပုံစံကို မြင်ရပါပြီ။ အဲဒီကြိုးမျှင်တွေကို အဒီနင်း (Adenine) နဲ့ သိုင်မင်း (Thymine)၊ ဂွာနင်း (Guanine) နဲ့ ဆိုက်တိုဆင်း (Cytosine) ဆိုတဲ့ ဓာတု‌ဘေ့စ် (Chemical Bases) အစုံလေးတွေက လှေကားထစ်တွေလို တွဲဆက်ပေးထားတာပါ။ ဒီအတိုင်းအတာထိ ရောက်လာတဲ့အခါ အရင်က အစိုင်အခဲ လို့ မှတ်ယူခဲ့တဲ့ အရေပြားဟာ အင်ဇိုင်း (Enzymes) တွေ သွားလာလှုပ်ရှားနေတဲ့၊ ဓာတုနည်းအရ အသက်ဝင်တုန်ခါနေတဲ့ ဇစ် (Zipper) တစ်ခုလို ဖြစ်လာတာ တွေ့ရပါလိမ့်မယ်။

DNA ကြိုးမျှင်တွေထဲက — အော်ဂဲနစ်ဓာတုဗေဒရဲ့ ကျောရိုးတစ်ခုဖြစ်တဲ့ — ကာဗွန်အက်တမ်တစ်ခုတည်းကို သီးသန့်ရွေးထုတ်ပြီး ဆက်ချဲ့ကြည့်ရအောင်ပါ။ အဲဒီ အက်တမ်တွေရဲ့ အတွင်းပိုင်းမှာ အစိုင်အခဲရယ်လို့ မရှိသလောက်ဖြစ်သွားပြီး ဟင်းလင်းပြင်လိုဖြစ်နေတာ မြင်ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အက်တမ်ရဲ့ အတွင်းမှာရှိတဲ့ နျူကလိယကို လှည့်ပတ်နေတဲ့ အီလက်ထရွန်တွေဟာ နေကို ဂြိုဟ်တွေ လှည့်သလိုမဟုတ်ဘဲ၊ သင်္ချာနည်းအရ “ဒီနေရာမှာ ရှိနိုင်ခြေရှိတယ်” ဆိုတဲ့ ‘ဖြစ်တန်စွမ်း ဖြန့်ကျက်မှု တိမ်တိုက်’ (Probability Distributions Cloud) တွေသာ ဖြစ်ပါတယ်။ အက်တမ်ရဲ့ နေရာအတော်များများကို ဒီ အီလက်ထရွန် တိမ်တိုက်တွေကပဲ ယူထားပြီး၊ နျူကလိယက အချင်း 5.4 10-15 (5.4 femtometers) ပဲ ရှိပါတယ်။ မြင်သာအောင် နှိုင်းယှဉ်ပြရရင် ကာဗွန်အက်တမ်တစ်ခုကို အချင်း မီတာ ၁၀၀ ဘောလုံးကွင်းကြီး တစ်ကွင်းစာ ချဲ့လိုက်မယ်ဆိုရင် အလယ်ဗဟိုက နျူကလိယဟာ ကွင်းလယ်ခေါင်က ဂေါ်လီလုံးလေးတစ်လုံး အရွယ်လောက်ပဲရှိပြီး၊ ကျန်တဲ့ နေရာလွတ်အားလုံးက အီလက်ထရွန်တွေရဲ့ နယ်မြေဖြစ်နေမှာပါ။

ဒါက ‘အစိုင်အခဲ’ ဆိုတဲ့ ယုံကြည်မှုကို စိန်ခေါ်လာတဲ့ ပထမဆုံးအဆင့်ပါ။ ဒီအဆင့်မှာ သိရတာက ထိတွေ့နေရတဲ့ မျက်နှာပြင်ရဲ့ ၉၉.၉၉၉၉၉၉၉၉၉၉၉၉၆ ရာခိုင်နှုန်းလောက်က ဖြစ်တန်စွမ်းတိမ်တိုက်တွေချည်း ဖြစ်နေတာပါ။ တကယ်တမ်းရှိတဲ့ ဒြပ်သားက ဘယ်လောက်သေးငယ်လဲဆိုရင် လူသားမျိုးနွယ်တစ်ခုလုံးရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အက်တမ်တွေကြားက နေရာလွတ်တွေကိုသာ ဖယ်ထုတ်လိုက်မယ်ဆိုရင်တောင် ကျန်ရှိမဲ့ ဒြပ်သားစစ်စစ်က သကြားခဲလေးတစ်ခဲလောက်ထိကို သေးငယ်ပါလိမ့်မယ်။ ဒါဆိုရင် မေးစရာရှိလာတာက အက်တမ်ထဲမှာ နေရာလွတ်တွေ ဒီလောက်များနေတာတောင် ဘာလို့ နံရံတွေကို ဖောက်ထွက်သွားလို့ မရတာလဲ။ ဘာလို့ ကြမ်းပြင်ပေါ်မှာ မတ်တတ်ရပ်နေနိုင်ရတာလဲပေါ့။

ဒါကို နားလည်ဖို့ တိုက်ကားကစားကွင်းတစ်ခုကို မြင်ယောင်ကြည့်ပါ။ ကားနှစ်စီး နီးကပ်လာတဲ့အခါ ကားချင်း မထိခင်မှာတင် ဘေးက ရာဘာဘမ်ပါတွေက တစ်ဖက်နဲ့တစ်ဖက် မဆောင့်မိအောင် တွန်းထုတ်လိုက်ပါတယ်။ ဒီလိုပဲ အီလက်ထရွန်တွေကလဲ ‘ပေါလီရဲ့ ဖယ်ထုတ်ခြင်းမူ’ (Pauli Exclusion Principle) အရ သူတို့နယ်မြေထဲကို တခြားအရာတွေ ဝင်မလာအောင် ပြင်းပြင်းထန်ထန် တွန်းကန်နေကြတာပါ။ ဒီစည်းမျဉ်းအရ အီလက်ထရွန်နှစ်ခုက တူညီတဲ့ ကွမ်တမ်အခြေအနေ (Quantum State) တစ်ခုတည်းမှာ ထပ်တူကျပြီး ရှိမနေနိုင်ပါဘူး။ ဥပမာအနေနဲ့ စားပွဲကို လက်နဲ့ ထိလိုက်တဲ့အခါ လက်ထဲက အီလက်ထရွန်တိမ်တိုက်တွေနဲ့ စားပွဲပေါ်က အီလက်ထရွန်တိမ်တိုက်တို့က လျှပ်စစ်သံလိုက်အားကြောင့် အချင်းချင်း တွန်းကန်ကြပါတယ်။ ဒါကြောင့်ပဲ လက်ကနေ မာကျောတဲ့ အစိုင်အခဲ ဆိုတဲ့ ခံစားချက်ကို ရတာ ဖြစ်တယ်။

အီလက်ထရွန်တိမ်တိုက်တွေကို ကျော်ဖြတ်ပြီးတဲ့နောက် ကာဗွန်အခြေခံထားတဲ့ အော်ဂဲနစ်ဒြပ်ဝတ္ထုတစ်ခု (ဥပမာ- သစ်သားစားပွဲ) ဆိုရင် ပရိုတွန် ၆ ခုနဲ့ နျူထရွန် ၆ ခုပါတဲ့ ကာဗွန်နျူကလိယကို တွေ့ရမှာပါ။ အရာဝတ္ထုတစ်ခုမှာရှိတဲ့ စုစုပေါင်းဒြပ်ထုရဲ့ ၉၉.၉၇ ရာခိုင်နှုန်း‌လောက်က ဒီနျူကလိယထဲမှာပဲ ကိန်းအောင်းနေပါတယ်။ သူ့ရဲ့ သိပ်သည်းဆကို ဥပမာပေးရရင် နျူကလိယအမှုန်တွေကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက်ပဲ ခပ်ယူပြီး ချိန်တွယ်ကြည့်မယ်ဆိုရင်တောင် အလေးချိန်က တန်ချိန် သန်းပေါင်းတစ်ထောင် (၁ ဘီလျံ) ကျော်အထိ ရှိနေပါလိမ့်မယ်။ 

နှစ်ပေါင်းများစွာတိုင်အောင် သိပ္ပံလောကမှာ ပရိုတွန်၊ နျူထရွန်နဲ့ အီလက်ထရွန်တို့ ပါဝင်တဲ့ ဒီအဆင့်က အသေးငယ်ဆုံး နောက်ဆုံးအဆင့်ပဲ ဆိုပြီး ယူဆခဲ့ပေမဲ့ ဆွစ်ဇာလန်အခြေစိုက် ဥရောပနျူကလီးယားသုတေသနအဖွဲ့ (CERN) ရဲ့ အကြီးစား ဟက်ဒရွန် တိုက်လွှတ်စက်ကြီး (LHC) မှာ ပရိုတွန်တွေကို အလင်းအလျင်နီးပါး အရှိန်တင်ပြီး တိုက်ခတ်စမ်းသပ်ချက်တွေအရ ပရိုတွန်တွေက အခြေခံအကျဆုံးအမှုန်တွေ မဟုတ်တော့ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ခရီးစဉ် နောက်ဆုံးအဆင့်အနေနဲ့ 10-18 မီတာ အောက်ကိုဆင်းပြီး ပရိုတွန်တစ်ခုကို ထပ်ခွဲကြည့်ကြပါမယ်။ 

ပရိုတွန်တစ်ခုစီရဲ့ အထဲမှာ ‘ကွာ့ခ်’ (Quarks) လို့ခေါ်တဲ့ အခြေခံအမှုန် ၃ ခု ရှိနေပြီး၊ သူတို့ကို ‘ဂလူအွန်’ (Gluons) ဆိုတဲ့ အမှုန်လေးတွေက အပြန်အလှန် ချိတ်ဆက်ပေးထားပါတယ်။ သူတို့ရဲ့ ချိတ်ဆက်မှုက ခိုင်မာလွန်းတာကြောင့် လက်ရှိနည်းပညာအရ ဘယ်ကွာ့ခ်ကိုမှ တစ်ခုတည်း သီးသန့်ခွဲထုတ်ပြီး လေ့လာလို့မရနိုင်သေးပါဘူး။ ဒါကို အရောင်အချုပ်အနှောင် (Color Confinement) လို့ ခေါ်ပါတယ်။ တကယ်လို့ ဒီကွာ့ခ်နှစ်ခုကို အတင်းဆွဲခွာဖို့ ကြိုးစားရင် အဲလို ဆွဲခွာဖို့ သုံးလိုက်တဲ့ စွမ်းအင်ကနေပဲ နောက်ထပ် ကွာ့ခ်အသစ်တွေ ထပ်ပြီးဖြစ်ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် ကွာ့ခ်တွေဟာ အမြဲတမ်း အုပ်စုလိုက်ပဲ တည်ရှိနေကြတာပါ။ 

ဒီနေရာမှာ အရေးကြီးတဲ့အချက်က ပရိုတွန်တစ်ခုရဲ့ ဒြပ်ထု (Mass) တည်ဆောက်ပုံပါ။ ပရိုတွန်ရဲ့ အထဲမှာရှိတဲ့ ကွာ့ခ် ၃ ခုရဲ့ ဒြပ်ထုကို ပေါင်းလိုက်ရင် ပရိုတွန်တစ်ခုလုံး ဒြပ်ထုရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ကျန်တဲ့ ၉၉ ရာခိုင်နှုန်း‌က ပရိုတွန်ထဲမှာ လျင်လျင်မြန်မြန် လှုပ်ရှားနေတဲ့ ကွာ့ခ်တွေရဲ့ အရွေ့စွမ်းအင် (Kinetic Energy) နဲ့ သူတို့ကို စုစည်းပေးထားတဲ့ ဂလူအွန်တွေရဲ့ ချိတ်ဆက်မှုစွမ်းအင် (Binding Energy) တို့ကနေ ဖြစ်ပေါ်လာတာပါ။ ဆိုလိုတာကတော့ ပရိုတွန်ရဲ့ အလေးချိန် အများစုဟာ ‘ဒြပ်ပစ္စည်း’ကြောင့် မဟုတ်ဘဲ ‘စွမ်းအင်’ ကြောင့် ဖြစ်နေတာပါ။ ဒါကို သဘောပေါက်ဖို့ ပျားတွေ ထည့်ထားတဲ့ သေတ္တာတစ်လုံးကို ဥပမာပြပါရစေ။ သေတ္တာထဲမှာ ပျားတွေက ငြိမ်မနေဘဲ အလွန်မြန်တဲ့ အရှိန်နဲ့ ပျံသန်း ရုန်းကန်နေကြမယ်ဆိုရင် အဲဒီ ‘အရွေ့စွမ်းအင်’ ကြောင့်ပဲ သေတ္တာရဲ့ စုစုပေါင်း အလေးချိန်က ပိုပြီးများလာပါလိမ့်မယ်။ ခန္ဓာကိုယ်ထဲက အမှုန်လေးတွေကလဲ ဒီအတိုင်းပါပဲ၊ သူတို့ဟာ အက်တမ်အတွင်းထဲ မရပ်မနား တုန်ခါရုန်းကန်နေကြလို့ အဲဒီကနေ ‘ဒြပ်ထု’ နဲ့ ‘အလေးချိန်’ ဆိုတာ ဖြစ်ပေါ်လာရတာပါ။

ကွာ့ခ်လေးတွေမှာ Flavour လို့ခေါ်တဲ့ ကွမ်တမ်ဂုဏ်သတ္တိ ၆ မျိုး ရှိပါတယ်။ ပရိုတွန်တစ်ခုကို ‘အထက်’ (Up) ကွာ့ခ် နှစ်ခု၊ ‘အောက်’ (Down) ကွာ့ခ်တစ်ခုနဲ့ ဖွဲ့စည်းထားပြီး၊ နျူထရွန်မှာတော့ ‘အထက်’ ကွာ့ခ် တစ်ခုနဲ့ ‘အောက်’ ကွာ့ခ် နှစ်ခု ပါဝင်ပါတယ်။ သူတို့ကို ချိတ်ဆက်ပေးထားတဲ့ ဂလူအွန်တွေမှာ တစ်ခုနဲ့တစ်ခု ဝေးကွာသွားလေလေ ပိုအားကောင်းလာလေလေဖြစ်တဲ့ Asymptotic Freedom လို့ခေါ်တဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိ ရှိကြပါတယ်။

လက်ရှိ ရူပဗေဒပညာရပ်အရ ဒီကွာ့ခ်လေးတွေမှာ တိုင်းတာလို့ရတဲ့ အရွယ်အစားဆိုတာမရှိတာကြောင့် လက်ရှိ ကျွန်တော်တို့ အသေးဆုံး တိုင်းတာနိုင်တဲ့ ယူနစ်ဖြစ်တဲ့ 10-19 မီတာထက် ပိုပြီး သေးငယ်မယ်လို့ပဲ ယူဆထားကြပါတယ်။ စမ်းသပ်ချက်တွေအရ သူတို့တွေက ထုထည် (Physical Volume) မရှိဘဲ ဒြပ်ထု၊ တည်နေရာနဲ့ ဂုဏ်သတ္တိပဲရှိတဲ့ ‘ပွိုင့်ပါတီကယ်’ (Point Particle) အနေနဲ့ပဲ တည်ရှိနေကြတာပါ။

ဒါကတော့ အရွယ်အစားတွေထဲက အသေးဆုံးဆိုတဲ့ နေရာကို ရောက်လာတာဖြစ်ပြီး ကျွန်တော်တို့ ခရီးစဉ်ကလဲ ဒီအခြေခံအကျဆုံးဆိုတဲ့ ကွာ့ခ် အမှုန်လေးတွေဆီမှာ လမ်းဆုံးသွားပါပြီ။ ဒီနယ်နိမိတ်ရဲ့ အလွန်မှာ ကျွန်တော်တို့ သိထားတဲ့ ပုံသဏ္ဌာန်တွေ၊ အစိုင်အခဲတွေဆိုတာ မရှိတော့ဘဲ သင်္ချာညီမျှခြင်းတွေနဲ့ စွမ်းအင်လှိုင်းတွေပဲ ကျန်ပါတော့တယ်။

‘စစ်မှန်မှု၏ အဓိပ္ပာယ်’

အခု စားပွဲကို နောက်တစ်ခေါက် ပြန်စမ်းကြည့်လိုက်ပါ။ အရင်ကလို အစိုင်အခဲကြီးတစ်ခုကို ထိတွေ့လိုက်တယ်ဆိုတဲ့ ခံစားချက်မျိုး မဟုတ်တော့ဘဲ တကယ့်အစစ်အမှန်ကို မြင်ယောင်ပုံဖော်ကြည့်ပါ။ တကယ်တော့ သိပ္ပံအမြင်နဲ့ အဆုံးထိလိုက်မယ်ဆို လက်ဆိုတာ အစိုင်အခဲဝတ္ထုကြီးတစ်ခု မဟုတ်သလို၊ စားပွဲဆိုတာလဲ ငြိမ်သက်နေတဲ့ အခဲကြီး ဟုတ်မနေပါဘူး။ ခံစားနေရတဲ့ ‘မာကျောမှု’ ဆိုတာ လျှပ်စစ်သံလိုက်စွမ်းအားစက်ကွင်း (Electromagnetic Fields) နှစ်ခု အချင်းချင်း တွန်းကန်နေတဲ့ ‘အား’ သတ်သတ်ပါပဲ။

မြင်တွေ့နေရတဲ့ တောင်တန်းတွေ၊ သမုဒ္ဒရာတွေကအစ၊ ချစ်ရသူရဲ့ လက်တစ်စုံအထိ အရာအားလုံးဟာ အနက်ရှိုင်းဆုံးအဆင့်မှာတော့ ငြိမ်သက်နေတဲ့ အရာဝတ္ထုတွေ မဟုတ်ကြပါဘူး။ စွမ်းအင်တွေ အဆက်မပြတ် စီးဆင်းနေပြီး မရပ်မနား လှုပ်ရှားရုန်းကန်နေတဲ့ ‘ဖြစ်စဉ်’ (Process) ကြီးတစ်ခုပါပဲ။

ဒါကြောင့် အရာဝတ္ထုတစ်ခုခုကို ထိတွေ့လိုက်တိုင်း “တစ်ခုခု ရှိနေတယ်” ဆိုတဲ့ သာမန်လုပ်ရိုးလုပ်စဉ်အဖြစ် မထင်လိုက်ပါနဲ့။ အဲဒီအစား ‘မထိတွေ့ခြင်းရဲ့ အရှိတရား’ ကို ဆင်ခြင်ရင်း ကိုယ်ဟာ စကြဝဠာရဲ့ အခြေခံအကျဆုံး စွမ်းအင်စက်ကွင်းတွေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံနေတာ ဖြစ်သလို၊ မိမိကိုယ်တိုင်ကလဲ ထုထည်ရှိတဲ့ ဟင်းလင်းပြင် (Presence of Absence) တစ်ခုပဲဆိုတာ သတိရလိုက်ပါ။    ။  

Htoo Tay Za

Htoo Tay Za is the Co-Founder of Fact Hub Myanmar. Currently serving as the platform's Head of Publishing and Research and Development Officer, he oversees its technical operations and editorial frameworks. He initially contributed to the digital newsroom as a regular author dedicated to science communication and pseudoscience checking, but has since shifted his focus toward backend infrastructure. His technical background also extends to scientific computing and experimental physics, including experience developing simulations for practical applications. Alongside managing digital operations and coordinating grant-funded science education workshops, he maintains a broad interest in exploring the intersections of artificial intelligence, history, and physics.

Article Credits

Written by Htoo Tay Za
Copy Editing Aung Min Khant
Fact-Checking Mon Myat Kyaw
Managing Editor Nyan Win Htet
Final Review Pyae Thukha

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.