“ဝိုင်ဖိုင်ကေဘယ်ကြိုးတွေကို ငါးမန်းကိုက်တာတဲ့”
“ကိုဗစ်-၁၉ က တရုတ်မှာ ဓာတ်ခွဲခန်းထဲ မွေးပြီး ဖြန့်လိုက်တာတဲ့”
ဒီစကားတွေကို အရပ်ထဲမှာ ဟိုကဒီက မကြာခဏ ကြားဖူးကြမှာပါ။ ပထမစကားကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလလောက်က မြန်မာနိုင်ငံမှာ အင်တာနက်လိုင်းတွေ ဆိုးဆိုးဝါးဝါးပြတ်တောက်ချိန်တုန်းက ကြားခဲ့ရပြီး ဒုတိယစကားကိုတော့ ၂၀၂၀ ပြည့်နှစ် အစောပိုင်း ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှာ ကြားခဲ့ရတာပါ။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ . . . အများပြည်သူကတော့ ဒီစကားတွေကို အမှား/အမှန် မစိစစ်ဘဲ ပြောဆိုလက်ဆင့်ကမ်းနေခဲ့ကြတာ အရှိတရားပါ။ ဘာလို့ပါလဲ . . . ? မေးစရာ ရှိလာပါတယ်။ အကြောင်းကတော့ ဘေးအန္တရာယ်၊ အကျပ်အတည်း၊ မတည်ငြိမ်မှု တစ်ခုခု ကြုံလာတဲ့အခါ ဖြစ်ရတဲ့ အကြောင်းအရင်းကို မသိရမချင်း လူတွေဟာ ဦးနှောက်ရဲ့ လစ်ဟာနေမှုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြည့်စဉ်းစား၊ ဆက်စပ်တတ်ကြလို့ပါပဲ။ ဒီလိုမျိုး ဦးနှောက်ရဲ့ လစ်ဟာမှုကိုဖြည့်ချင်တာနဲ့ပဲ လူတွေဟာ ပူးပေါင်းကြံစည်မှု သီအိုရီ (Conspiracy Theory) တွေကို ယုံလာကြပါတယ်။
Conspiracy Theory ဆိုတာက အာဏာရှိတဲ့ လူတစ်စု၊ လူတစ်ယောက်၊ ဒါမှမဟုတ် မမြင်ရတဲ့ အားတစ်ခုက ထူးခြားတဲ့ ဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်နေတယ်လို့ ယုံကြည်ကြတဲ့ သီအိုရီတစ်ခုပါ။ Conspiracy Theory တွေဟာ ပဋိပက္ခ၊ သဘာဝဘေးအန္တရာယ်၊ အကျပ်အတည်းနဲ့ မတည်ငြိမ်မှု တစ်ခုခုကြုံရတဲ့အခါ အများဆုံးပေါ်လာတတ်ပါတယ်။ သုတေသနတွေရဲ့ အဆိုအရ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု သုံးခု — သိမှုဆိုင်ရာ လှုံ့ဆော်မှု (Epistemic Motives)၊ ဖြစ်တည်မှုဆိုင်ရာ လှုံ့ဆော်မှု (Existential Motives)၊ လူမှုရေးဆိုင်ရာ လှုံ့ဆော်မှု (Social Motives) — တွေကြောင့် လူတွေဟာ Conspiracy Theory ကို ယုံတတ်ကြတယ်လို့ ဆိုပါတယ်။
၁) သိမှုဆိုင်ရာလှုံ့ဆော်မှု
ဖြစ်ရပ်တွေအပေါ်မှာ တည်ငြိမ်ပြီး တသတ်မတ်တည်းဖြစ်တဲ့ နားလည်မှုမျိုးကို လိုချင်ကြတဲ့အတွက် လူတွေဟာ အကြောင်းအကျိုး ဆက်စပ်မှုတွေကို လိုက်ရှာဖွေလေ့ရှိပါတယ်။ သတင်းအချက်အလက်တွေ ဖောင်းပွပြီး ရှုပ်ထွေးနေချိန်မှာ Conspiracy Theory တွေက ဇာတ်လမ်းတစ်ခုပေးပြီး လူတွေရဲ့ ကျပန်းဖြစ်ရပ်တွေအပေါ် နားမလည်ရခြင်း၊ အလိုမကျခြင်းတွေကို ဖြေဖျောက်ပေးတာပါ။ တွေ့ရှိသမျှ သတင်းအချက်အလက်တိုင်းကို သီအိုရီအထောက်အပံ့ပြု သက်သေတွေအဖြစ် ဆွဲယူပြီး ရှိရင်းစွဲ ယုံကြည်ချက်တွေကို ကာကွယ်ပါတယ်။ ဥပမာအနေနဲ့ အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ (John F Kennedy) လုပ်ကြံခံရတဲ့ကိစ္စမှာ လီဟာဗီအော့စ်ဝဲလ် (Lee Harvey Oswald) ဆိုတဲ့ ပုဂ္ဂိုလ်က လုပ်ကြံသူပါလို့ ဖော်ထုတ်ပြီးတာတောင် မယုံကြဘဲ နောက်ကွယ်မှာ အမေရိကန် CIA ၊ ကျူးဘားအစိုးရ၊ ဆိုဗီယက်တို့ ရှိနေတယ်လို့ ယုံကြသူ အများအပြားပါ။ ဒီလိုလူတွေကို စိတ်ပိုင်းဆိုင်ရာ တိကျပြတ်သားမှု အလွန်အမင်း လိုလားသူတွေ (High Need for Cognitive Closure) လို့ ခေါ်ပါတယ် — သာမန်ကိစ္စတစ်ခုဖြစ်နေရင်တောင် နောက်ကွယ်မှာ ရည်ရွယ်ချက်ကြီးကြီး တစ်ခုရှိတယ်ဆိုပြီး ထင်တတ်ကြတဲ့ လူတွေပေါ့။ ဒါ့အပြင် ဝေဖန်ပိုင်းခြားစဉ်းစားတွေးခေါ်မှု အားနည်းတဲ့သူတွေမှာလဲ Conspiracy Theory တွေကို အယုံလွယ်တတ်တာ တွေ့ရပါတယ်။
၂) ဖြစ်တည်မှုဆိုင်ရာ လှုံ့ဆော်မှု
မတည်ငြိမ်တဲ့ အနေအထားတစ်ခုခု ကြုံတဲ့အခါမျိုး၊ ကိုယ့်ကိုယ်ကိုယ် အားကိုးရာမဲ့တယ်လို့ ခံစားရတဲ့ အခါမျိုးတွေမှာ လူတွေဟာ Conspiracy Theory တွေကို ယုံတတ်ကြပါတယ်။ အဲဒီလို ယုံလိုက်တာက လက်ရှိဖြစ်ရပ်တွေအပေါ်မှာ သူတို့ထိန်းချုပ်နိုင်စွမ်း ရှိနေသေးတယ်ဆိုတဲ့ ခံစားချက်ကို ပေးနိုင်တာကြောင့်ပါ။ နောက်ပြီး အလွန်အမင်းစိုးရိမ်ကြောက်ရွံ့မှု ခံစားနေရတဲ့အခါမှာလဲ ရန်သူကို ဖယ်ထုတ်လိုက်တဲ့နည်းနဲ့ ကိုယ့်ကိုယ်ကိုယ် အကာအကွယ် ယူတတ်ကြပါတယ်။ ကြောက်နေရတဲ့ အုပ်စုကို အမည်နာမတပ် ဖော်ထုတ်လိုက်တာက ပိုလုံခြုံသွားတယ်လို့ ခံစားရစေလို့ပါ။ ဥပမာ – ၂၀၂၀ ခုနှစ် ကိုရိုနာဗိုင်းရပ်(စ်) တစ်ကမ္ဘာလုံးဖြစ်ပွားတဲ့အချိန်မှာ 5G တာဝါတိုင်တွေဆီက ထွက်တဲ့လှိုင်းက ရောဂါပိုးကို ပိုပျံ့စေတာလို့ ယုံကြည်ကြပြီး 5G တာဝါတိုင်တွေကို လိုက်လံဖျက်စီးကြတာတွေ ရှိခဲ့ပါတယ်။ ဒီနေရာမှာ 5G တာဝါတိုင်တွေ မရှိတော့ရင် ရောဂါပိုးဖြန့်နေတဲ့ တရားခံလျော့ပြီဆိုတဲ့ အယူမှားနဲ့ ဘာမှမဆိုင်တဲ့ တာဝါတိုင်တွေကို ငြှိုးကြတော့တာပါပဲ။
၃) လူမှုရေးဆိုင်ရာ လှုံ့ဆော်မှု
Conspiracy Theory တွေ ယုံကြည်ခြင်းဟာ အစုအဖွဲ့ဖြစ်မှုကို အားပေးပါတယ်။ သီအိုရီ ယုံကြည်သူနဲ့ မယုံကြည်သူတွေကြား “ငါတို့” နဲ့ “သူတို့” ဆိုတဲ့ စည်းကို ပြတ်ပြတ်သားသား တားပစ်လိုက်ပြီး ကိုယ်နဲ့အယူအဆတူတွေက အမှန်တရားဘက်တော်သားတွေ ဖြစ်လာပြီး မယုံကြည်သူပြင်ပအုပ်စုကတော့ ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေပဲလို့ အပြစ်ပုံချတတ်ပါတယ်။ ဒီလိုနည်းနဲ့ အစုအဖွဲ့ဖြစ်မှုကို တည်ဆောက်ပေးတာပါ။ ဥပမာ – ကမ္ဘာပြားတယ်လို့ ယုံကြည်ကြတဲ့ “Flat Earth Society” လို သီးသန့်အစုအဖွဲ့တွေလဲ အခုထက်ထိ ရှိနေပါသေးတယ်။
ဒါ့အပြင် Conspiracy Theory တွေက လူမှုပတ်ဝန်းကျင်မှာ အပယ်ခံရသူတွေ၊ နိုင်ငံရေးအရ ရှုံးနိမ့်မှုကြုံနေရသူတွေ၊ လူမှုစီးပွားအခြေအနေ နိမ့်ပါးလို့ ဘေးဖယ်ခံထားရသူတွေကြားမှာ ပိုပြီး အမြစ်တွယ်လေ့ရှိပါတယ်။ ကိုယ့်ရဲ့ လူမှုရေးအဆင့်အတန်း ခြိမ်းခြောက်ခံရပြီး မလုံခြုံဘူးလို့ ခံစားရတဲ့အခါ “ငါတို့ ညံ့လို့ မဟုတ်ဘူး၊ ဟိုလူယုတ်မာတွေ နောက်ကွယ်ကနေ နှောင့်ယှက်လို့ပဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့ လက်နက်တစ်ခုအနေနဲ့ အသုံးပြုတတ်ကြပါတယ်။
နောက်ပြီး စိတ်ပညာရဲ့ အဆိုအရ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်လိုစိတ် အလွန်အမင်းပြင်းထန်တဲ့ အတ္တပေမဝါဒီတွေ (Narcissists) ဟာလဲ Conspiracy Theory တွေကို ပိုပြီး ယုံတတ်ကြပါသတဲ့။ အများမသိတဲ့ လျှို့ဝှက်ချက် တစ်ခုကို သူတစ်ဦးတည်း သိထားတယ်ဆိုတဲ့ ခံစားချက်က သူတို့ရဲ့ အတ္တကို အရောင်တင်ပေးနိုင်လို့ပါ။
Conspiracy Theory တွေဟာ ကမ္ဘာကြီးရဲ့ ရှုပ်ထွေးဆန်းပြားမှုတွေ၊ မရေရာမှုတွေကြားမှာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို အခွင့်ကောင်းယူပြီး ဆွဲဆောင်လေ့ရှိတဲ့ စိတ်ကူးယဉ် အဖြေတွေသာ ဖြစ်ပါတယ်။ အမှန်တရားကို သိချင်စိတ်၊ ဘေးကင်းလုံခြုံလိုစိတ်၊ အုပ်စုရဲ့ အသိအမှတ်ပြုမှုကို လိုလားစိတ် ဆိုတဲ့ လှုံ့ဆော်မှုတွေကြောင့် လူတွေဟာ ဒီသီအိုရီတွေနောက်ကို လိုက်မိတတ်ကြတာ သူတို့အမှားလို့လဲ မဆိုသာပါဘူး။ ဒါပေမဲ့ ဒီလှုံ့ဆော်မှုတွေဟာ အဖြေမှန်ကို မပေးနိုင်ဘဲ ပိုရှုပ်ထွေးသွားစေပါတယ်။ ဒီတော့ စိတ်ခံစားချက်တွေနောက် လိုက်မဲ့အစား အကြောင်းအရာတစ်ခုကို ယုတ္တိကျကျ ဆင်ခြင်တွေးခေါ်နိုင်စွမ်း (Critical Thinking) ကို မြှင့်တင်ထားမှသာ မရေရာ၊ မသေချာမှုတွေများတဲ့ ကမ္ဘာကြီးထဲ တကယ့်အမှန်ကို ရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။ ။
References
| # | Source name | Citation | Type |
| 1Re | 5G and coronavirus: Debunking the fake news stories | Bitesize, B. (2020, October 30). 5G and coronavirus: Debunking the fake news stories. BBC Bitesize. https://www.bbc.co.uk/bitesize/articles/zbw492p | News Article |
| 2 | The Psychology of Conspiracy Theories | Douglas, K. M., Sutton, R. M., & Cichocka, A. (2017). The Psychology of Conspiracy Theories. Current directions in psychological science, 26(6), 538–542. https://doi.org/10.1177/09637214177182 | Academic Journal Article |
| 3 | Assassination of John F. Kennedy | Summary, facts, aftermath, & Conspiracy | Wallenfeldt, & Jeff. (2026, May 25). Assassination of John F. Kennedy | Summary, facts, aftermath, & Conspiracy. Encyclopedia Britannica. https://www.britannica.com/event/assassination-of-John-F-Kennedy/Conspiracy-theories | Encyclopedia |
| Writer | Su Myat Noe |
| Copy-editor | Thin Htet Htet Zaw |
| Fact-checker | Min Z |
| Managing Editor | Nyan Win Htet/AMKK |
| Final-reviewed Editor | Htet Phone Shein |
