May 20, 2026 | မြန်မာ
Physics Article

Nikola Tesla ရဲ့ ကြိုးမဲ့လျှပ်စစ်နည်းပညာ

Wireless Electricity ဒါမှမဟုတ် Wireless Power Transfer ဆိုပြီးသိကြတဲ့ ကြိုးမဲ့လျှပ်စစ်နည်းပညာဆိုတာဟာ ဝါယာကြိုးတွေ ကေဘယ်ကြိုးတွေမလိုဘဲ လျှပ်စစ်စွမ်းအင်ကို ထုတ်လွှတ်ပေးပို့နိုင်တဲ့ နည်းပညာတစ်ခုပါ။ ဒီနည်းပညာကို ကမ္ဘာကျော်သိပ္ပံပညာရှင် Nikola Tesla ကနေစတင်ခဲ့ပြီးတော့ လက်ရှိအချိန်မှာလည်း အများအပြားအသုံးပြုနေကြပါတယ်။ ဒီကြိုးမဲ့လျှပ်စစ်နည်းပညာဟာ Electromagnetic Induction နဲ့ Resonance နိယာမတွေပေါ်မှာ အခြေခံပြီး အလုပ်လုပ်ပါပါတယ်။…

Text size

Wireless Electricity ဒါမှမဟုတ် Wireless Power Transfer ဆိုပြီးသိကြတဲ့ ကြိုးမဲ့လျှပ်စစ်နည်းပညာဆိုတာဟာ ဝါယာကြိုးတွေ ကေဘယ်ကြိုးတွေမလိုဘဲ လျှပ်စစ်စွမ်းအင်ကို ထုတ်လွှတ်ပေးပို့နိုင်တဲ့ နည်းပညာတစ်ခုပါ။ ဒီနည်းပညာကို ကမ္ဘာကျော်သိပ္ပံပညာရှင် Nikola Tesla ကနေစတင်ခဲ့ပြီးတော့ လက်ရှိအချိန်မှာလည်း အများအပြားအသုံးပြုနေကြပါတယ်။

ဒီကြိုးမဲ့လျှပ်စစ်နည်းပညာဟာ Electromagnetic Induction နဲ့ Resonance နိယာမတွေပေါ်မှာ အခြေခံပြီး အလုပ်လုပ်ပါပါတယ်။ Electromagnetic induction (လျှပ်စစ်သံလိုက်ညှိယူခြင်း) ဆိုတာက သံလိုက်ကတဆင့် လျှပ်ကူးပစ္စည်း (ဥပမာ ဝိုင်ယာကြိုး) လို ကြားခံတွေကနေ လျှပ်စစ်စီးကြောင်းကို ဖြစ်ပေါ်စေတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ တည်ငြိမ်သံလိုက်စက်ကွင်းက လျှပ်စီးကြောင်းကို လုံးဝထုတ်မပေးဘူး၊ အဲ့အစားပြောင်းလဲနေတဲ့ သံလိုက်စက်ကွင်းကသာ လျှပ်စီးကြောင်းကိုထုတ်ပေးတာပါ။သီအိုရီနည်းအရ ရွေ့လျားနေတဲ့သံလိုက်က ပြောင်းလဲသံလိုက်စက်ကွင်းပဲ၊ အဲ့ဒီပြောင်းလဲသံလိုက်စက်ကွင်းရဲ့အနားကို လျှပ်ကူးပစ္စည်း (Conductor) တစ်ခုခုကို ထားတဲ့အခါမှာ လျှပ်ကူးပစ္စည်းထဲက လျှပ်စစ်ဆောင်အမှုန်တွေကို ပြောင်းလဲသံလိုက်စက်ကွင်းက ညှိယူပြီး ဦးတည်ဘက်တစ်ခုစီကိုရွေ့လျားစေတယ်၊ သံလိုက်စက်ကွင်းပြောင်းလဲမှုကနေတဆင့် ဝါယာကြိုးထဲမှာ လျှပ်စစ်စီးဆင်းစေပြီး လျှပ်စစ်စီး‌ကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။ဒါကိုမှ လျှပ်စီးကြောင်း(Current)လို့ခေါ်တာပါ။

ဒီအယူအဆကို ၁၉ ရာစုအစောပိုင်းမှာ Michael Faraday ကနေ ပထမဆုံးရှာဖွေတွေ့ရှိခဲ့ပြီး ဒီနည်းပညာဟာ Generator တွေနဲ့ Transformer တွေလို လျှပ်စစ်ပစ္စည်းတွေရဲ့အခြေခံလည်းဖြစ်ပါတယ်။

ကြိုးမဲ့လျှပ်စစ်ဓာတ်အားကို အသုံးပြုတဲ့အခြေအနေမှာ လျှပ်စစ်စွမ်းအင်ကို ပါဝါအရင်းအမြစ် (အားသွင်းခုံ) ကနေ လက်ခံသူ (စမတ်ဖုန်း ဒါမှမသုတ် လျှပ်စစ်ကား) ဆီကိုလွှဲပြောင်းပေးနိုင်ဖို့ လျှပ်စစ်သံလိုက်လှိုင်းကို အသုံးပြုပါတယ်။ ဒါကိုလက်ခံမယ့် ပစ္စည်းအတွင်းမှာရှိတဲ့ ဝါယာကြိုးတစ်ခုအတွင်း လျှပ်စီးကြောင်းကိုတွန်းပို့နိုင်တဲ့ ပါဝါရင်းမြစ်နားမှာ သံလိုက်စက်ကွင်းတစ်ခုဖန်တီးခြင်းကနေ လုပ်ဆောင်ပါတယ်။ ဒါပြီးသွားရင်တော့လျှပ်စစ်စီးကြောင်းကို စက်ပစ္စည်းအတွက် ပါဝါပေးဖို့ ဒါမှမဟုတ် ဘက်ထရီအားသွင်းဖို့အတွက် အသုံးပြုနိုင်ပါပြီ။

နောက်တစ်ခု‌အနေနဲ့ Resonance ဆိုတာကတော့ အရာ၀တ္ထုတစ်ခုခု အချိန်အပိုင်းအခြားအလိုက် အားတစ်ခုခုနဲ့ ထိတွေ့တဲ့အခါမှာ သီးခြားကြိမ်နှုန်းတစ်ခုစီ တုန်ခါစေတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒီသဘောတရားကို ဂီတလောကမှာအများစုတွေ့ရနိုင်ပြီးတော့ ဂီတာနဲ့ စန္ဒယားတို့လို တူရိယာတွေဟာ Resonance အလိုက် အသံထွက်တဲ့တူရိယာပစ္စည်းတွေဖြစ်ပါတယ်။

ကြိုးမဲ့လျှပ်စစ် ကိုအသုံးပြုတဲ့အခြေအနေမှာတော့ ပါဝါအရင်းအမြစ်နဲ့ လက်ခံပစ္စည်းကြား စွမ်းအင်လွှဲပြောင်းနိုင်တဲ့ပမာဏကိုတိုးမြှင့်ဖို့အတွက် Resonance ကိုအသုံးပြုရပါတယ်။ အမြင့်‌ဆုံး စွမ်းအင်လွှဲပြောင်းခြင်းကို အသုံးပြုနိုင်တဲ့စက်နှစ်လုံးရဲ့ Resonance ကိုတူညီစေခြင်းကနေပြီးတော့ ဒီ Process ကိုလုပ်ဆောင်ပါတယ်။

ကြိုးမဲ့ပါဝါထုတ်လွှတ်တဲ့နေရာမှာ Resonance ကို ရရှိဖို့ ပါဝါရင်းမြစ်နဲ့ လက်ခံပစ္စည်းနှစ်ခုလုံးမှာ တူညီတဲ့ကြိမ်နှုန်းကိုချိန်ညှိထားပြီးသား Resonance Coils တွေကို တပ်ဆင်ထားရပါတယ်။ ကွိုင်နှစ်ခုကို နီးအောင်ယူလာလိုက်မယ်ဆိုရင် Resonance ကနေ ချဲ့ထားတဲ့သံလိုက်စက်ကွင်းတစ်ခုကို ဖန်တီးပေးပြီး များပြားတဲ့အကွာအဝေးကြားမှာ ပိုပြီးများပြားတဲ့ စွမ်းအင်လွှဲပြောင်းမှုပမာဏကို ရရှိစေပါတယ်။

ဒီကြိုးမဲ့လျှပ်စစ်ဓာတ်အားရဲ့ သဘောတရားရှိနေတာ ရာစုနှစ်တစ်ခုလောက်ရှိနေပါပြီ။ ဒီကြိုးမဲ့ပါဝါပို့လွှတ်တာကို အထင်ရှားဆုံး သိပ္ပံပညာရှင်တွေထဲကတစ်ဦးဖြစ်တဲ့ Nikola Tesla က ပထမဆုံးအနေနဲ့ စမ်းသပ်ခဲ့ပါတယ်။ ၁၈၀၀ ခုနှစ်နောက်ပိုင်းတွေမှာ Tesla က ကြိုးမဲ့လျှပ်စစ်နည်းပညာကို စပြီးတော့ စမ်းသပ်လာခဲ့ပါတယ်။။ ၁၈၉၁ ခုနှစ်မှာတော့ ယနေ့ခေတ် အီလက်ထရွန်နစ် ပစ္စည်းတွေမှာ အသုံးပြုလျက်ရှိနေသေးတဲ့ ဗို့အားမြင့် Transformer ဖြစ်တဲ့ Tesla Coil ကို မူပိုင်ခွင့်ရယူခဲ့ပါတယ်။ ၁၈၉၉ ခုနှစ်ရောက်တဲ့အချိန်မှာတော့ Tesla က မီတာများစွာ အကွာအဝေးကနေ လျှပ်စစ် စွမ်းအင်ကို ကြိုးမဲ့နည်းပညာနဲ့ ပို့လွှတ်ခဲ့ပြီးတော့ သူ့ရဲ့ Wireless Power Transfer စနစ်ကို သရုပ်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပညာကန့်သက်ချက်တွေနဲ့အတူ နည်းပညာကိုအသုံးပြုနိုင်တဲ့ Infrastructure တွေမရှိတာကြောင့် ဒီနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒီကြိုးမဲ့လျှပ်စစ်ဓာတ်အားပေး နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးမှာ ‌အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့တဲ့ သိပ္ပံပညာရှင်ကတော့ လျှပ်စစ်သံလိုက်လှိုင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် လူသိများခဲ့တဲ့ ဂျာမန်ရူပဗေဒပညာရှင် Heinrich Hertz ပဲဖြစ်ပါတယ်။ ၁၈၈၇ ခုနှစ်မှာ Hertz က ကြိုးမဲ့ လျှပ်စစ်ပို့လွှတ်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေရှိကြောင်း သက်သေပြနိုင်ခဲ့ပြီးတော့ စမ်းသပ်မှုတွေ အများအပြားပြုလုပ်ခဲ့ပါတယ်။ ဒီစမ်းသပ်ချက်တွေ အောင်မြင်သွားပြီးနောက်ပိုင်းမှာမှ သူ့ရဲ့ရှာဖွေတွေ့ရှိချက်တွေကို အသုံးပြုထားတဲ့ ကြိုးမဲ့လျှပ်စစ်နည်းပညာဆိုတာပေါ်ပေါက်လာခဲ့ပါတော့တယ်။

နောက်ထပ် Guglielmo Marconi လို့ခေါ်တဲ့ အီတလီနိုင်ငံက အင်ဂျင်နီယာတစ်ဦးကလည်း ပထမဦး‌ဆုံး လက်တွေ့ကျတဲ့ ကြိုးမဲ့ဆက်သွယ်ရေးစနစ်ကို တီထွင်နိုင်ခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ ၁၈၉၅ ခုနှစ်မှာ Marconi က တစ်မိုင်ခွဲအကွာအဝေးကနေ ရေဒီယိုအချက်ပြမှုကိုအောင်မြင်စွာ ထုတ်လွှင့်နိုင်ခဲ့ပြီး ကြိုးမဲ့လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်ရေးအတွက်လမ်းခင်းပေးနိုင်ခဲ့ပါတယ်။

ကြိုးမဲ့လျှပ်စစ်နယ်ပယ်ဟာ အစောပိုင်းမှာ အောင်မြင်မှုတွေရှိခဲ့တယ်ဆိုပေမယ့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခြင်းမရှိခဲ့ပါဘူး။ ၁၉၀၀ ခုနှစ် အစောပိုင်းမှာ Tesla က Wardenclyffe Tower လို့ခေါ်တဲ့ ကြိုးမဲ့ပါဝါပို့လွှတ်မှုစနစ်တစ်ခုကို တည်တောက်ဖို့အတွက် ကြိုးစားခဲ့ပေမယ့်လည်း ရန်ပုံငွေမရှိတာကြောင့် စီမံကိန်းဟာမအောင်မြင်ခဲ့ပါဘူး။ သိပ္ပံပညာရှင်တွေနဲ့ တီထွင်သူတွေက ၁၉ ရာစုအစောပိုင်းထဲကစတင်စမ်းသပ်ခဲ့ပေမယ့်လည်း ၁၉၀၀ ပြည့်နှစ်လွန်အစောပိုင်းတွေအထိ သိသာထင်ရှားတဲ့ တိုးတက်မှုတွေတော့ မရရှိခဲ့ပါဘူး။

နည်းပညာပိုင်းဆိုင်ရာစိန်ခေါ်မှုတွေအပြင် လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အတားအဆီးတွေပါရှိခဲ့ပါသေးတယ်။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ဖို့အျွက် လက်ရှိ Infrastructure တွေကို ကြိုးတွေနဲ့သွယ်တန်းပြီးတော့ ဒီဇိုင်းထုတ်ထားတာကြောင့် ကြိုးမဲ့စနစ်ကိုကူး‌ပြောင်းဖို့အတွက် ခက်ခဲစေပါတယ်။ ဒီကိစ္စတွေကို‌အကောင်အထည်ဖော်တဲ့နေရာမှာ ကုန်ကျစရိတ်အလွန်မြင့်မားတာကလည်း အတားအဆီးတစ်ခုဖြစ်‌နေခဲ့ပါတယ်။

ဒီလိုစိန်ခေါ်မှုတွေကြားထဲကနေ ကြိုးမဲ့လျှပ်စစ်နည်းပညာက ၂၀ ရာစုတစ်လျှောက်လုံး ဆက်လက်တိုးတက်လာနေခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်မှာ Massachusetts Institute of Technology (MIT) မှ သုတေသီတွေက Resonant Coil တွေကို အသုံးပြုပြီးတော့ကြိုးမဲ့ပါဝါပို့လွှတ်ခြင်းအတွက် နည်းလမ်းတစ်ခုကို တီထွင်ခဲ့ပြီး‌ တိုးတောင်းတဲ့ အကွာအဝေးအတွင်းမှာ ပိုပြီးများပြားတဲ့ စွမ်းအင်လွှဲပြောင်းမှုတွေ ပြုလုပ်စေနိုင်ခဲ့ပါတယ်။ ဒီနည်းပညာက မော်ဒန်ခေတ် ကြိုးမဲ့အားသွင်းစနစ်အတွက် လမ်းခင်းပေးခဲ့ပြီး ယခုအချိန်မှာဆိုရင် လူသုံးအီလက်ထရွန်းနစ်ပစ္စည်းတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုလာနေကြပါပြီ။

ဒါပေမယ့်လည်း ပိုပြီးဝေးတဲ့ တာဝေးကြိုးမဲ့ ပါဝါပို့လွှတ်မှုတွေကို အောင်မြင်ဖို့အတွက် ကျော်လွှားရမယ့် စိန်ခေါ်မှုတွေလဲရှိနေပါသေးတယ်။ အဓိက စိန်ခေါ်မှုတွေအနေနဲ့ အကွာအဝေး၊ ချိန်ညှိနိုင်မှုနဲ့ ပို့လွှတ်နေတဲ့အချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အနှောက်အယှက်တွေလို အကြောင်းအရင်းတွေနဲ့ ကန့်သတ်ထားတဲ့ စွမ်းအင်လွှဲပြောင်းမှုရဲ့ ထိရောက်မှုပမာဏတွေကြောင့်ဖြစ်ပါတယ်။ ဒါတွေအပြင် ကျန်းမာရေးနဲ့ သဘာ၀ပတ်၀န်းကျင်အပေါ် ဘယ်လောက်ထိ သက်ရောက်လာနိုင်မလဲဆိုတာတွေအပေါ်မှာ စိုးရိမ်မှုတွေရှိနေပါတယ်။

ဒါပေမယ့့်လည်း ဒီနည်းပညာမှာအလားအလာကောင်းတွေရှိနေပါတယ်။ ဒီနယ်ပယ်မှာ သုတေသနတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် အနာဂတ်မှာ အောင်မြင်မှု‌‌ေတွနဲ့အတူ တီထွင်မှုအသစ်တွေလည်း ထွက်ပေါ်လာနိုင်ပါသေးတယ်။

Wireless Electricity နည်းပညာတိုးတက်လာတာနှင့်အမျှ ပိုလက်တွေ့ကျပြီး လက်ရှိမှာလည်း အသုံးပြုနေတဲ့ ပစ္စည်းတွေလည်းပေါ်ပေါက်လာခဲ့ပါတယ်။ ယနေ့ခေတ် Smart Phone တွေ၊ Laptop တွေနဲ့ Smart Watch တွေလို လူသုံးများတဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေမှာဆိုရင် ကြိုးမဲ့အားသွင်းနည်း ( Wireless Charging ) တွေကိုထည့်သွင်းပေးလာကြပါတယ်။ ဒီလိုပဲ အဲ့စက်ပစ္စည်းတွေကိုအားသွင်းပေးတဲ့ Pads တွေကိုလည်း လူကြိုက်များလာကြပါတော့တယ်။

Wireless Electricity ကို ဒီပစ္စည်းတွေမှာအပြင် တခြားအသုံးချနိုင်တဲ့ ပစ္စည်းတွေလည်းရှိနေပါသေးတယ်။ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာဆိုရင် လျှပ်စစ်ကားတွေဟာ မောင်းနှင်နေတဲ့အချိန်အတွင်းမှာပဲ ကြိုးမဲ့နည်းပညာနဲ့ အားသွင်းနိုင်မှာဖြစ်ပြီးတော့ စက်မှုကဏ္ဍမှာဆိုရင်လည်း စက်ရုပ်တွေနဲ့ ဒရုန်းတွေကို ကြိုးမဲ့စနစ်နဲ့ပါဝါပေးနိုင်ပြီး ပို Effective ဖြစ်လာစေပါတယ်။ ဒီလိုတွေအသုံးပြုနိုင်တယ်ဆိုပေမယ့်လည်း သူ့မှာအားနည်းချက်တွေရှိနေပါသေးတယ်။ ထုတ်လွှတ်ပေးနိုင်တဲ့ လျှပ်စစ်ပမာဏဟာ အကန့်အသက်ရှိပြီး ကြိုးမဲ့လျှပ်စစ်ဓာတ်အားထုတ်ပေးတဲ့ လျှပ်စစ်သံလိုက်စက်ကွင်းတွေနဲ့ ထိတွေ့မှုတွေနဲ့ဆယ်နွယ်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ကျန်းမာရေးအန္တရယ်တွေလည်းရှိနေပါတယ်။

Wireless Charging တွေမှာ အသုံးပြုကြတဲ့ အဓိကနည်းပညာနှစ်ခုရှိပါတယ်။ Near-field နဲ့ Far-field ဆိုပြီးဖြစ်ပြီးတော့ နည်းပညာတစ်ခုစီမှာ အားသာချက်နဲ့ အားနည်းချက်တွေရှိကြပါတယ်။ သူတို့ရဲ့ကြားက ခြားနားချက်တွေကိုနားလည်ပြီးတော့ ဘယ် နည်းစနစ်က ကိုယ်သုံးမယ့်ပစ္စည်းနဲ့ကိုက်ညီမလဲဆိုတာကို ရွေးချယ်နိုင်ဖို့လည်းလိုပါတယ်။

Near-field Charging ရဲ့အားသာချက်အနေနဲ့ စွမ်းအင်ကို လွှဲပြောင်းပို့ဆောင်တဲ့နေရာမှာ ပမာဏအနည်းငယ်ပဲ ဆုံးရှုံးနိုင်တာကြောင့် Far-field charging ထက် စွမ်းအင်ပမာဏ များများကို မြန်မြန်နဲ့ ပိုရောက်ရှိစေမှာပါ။ ဒါပေမယ့်လည်း သူ့မှာအကန့်အသက်အနေနဲ့ အားသွင်းတဲ့အကွာအဝေး တိုတောင်းတဲ့ပြဿနာရှိပါတယ်။ ပုံမှန်အားဖြင့် စင်တီမီတာအနည်းငယ်ထက် ပို့လို့ရဘဲနဲ့ အားသွင်းမည့်ပစ္စည်းကို ထိုCharging ပေါ်မှာ တိုက်ရိုက်ထားထားမှသာအသုံးပြုနိုင်မှာပါ။ ယခုခေတ်ဖုန်းတွေမှာပါလာတဲ့ Wireless Charging တွေမှာဆိုရင် Near-field အားသွင်းခုံတွေကို အသုံးပြုကြပါတယ်။

နောက်တစ်ခု Far-field ကြိုးမဲ့အားသွင်းနည်းမှာကျတော့ မတူညီတဲ့ နည်းပညာကိုအသုံးပြုပြီးတော့ ပိုဝေးတဲ့နေရာကနေ အားသွင်းလို့ရအောင် ဖန်တီးပေးပါတယ်။ ဒီနည်းပညာမှာ Near-field သံလိုက်စက်ကွင်းထက် ပိုပြီး အကွာအဝေးများများကို ထုတ်လွှတ်ပေးနိုင်တဲ့ Radio Frequency Wave ( RF ) တွေကိုအသုံးပြုပါတယ်။

Far-field charging ရဲ့ အဓိကအမျိုးအစားနှစ်ခုကတော့ ရေဒီယိုကြိမ်နှုန်း ( RF ) နဲ့အားသွင်းခြင်းနဲ့ Microwave နဲ့အားသွင်းခြင်းဆိုပြီး ဖြစ်ပါတယ်။ RF ကို ပုံမှန်အားဖြင့် Frequency နည်းတဲ့ Wave တွေကိုဟအသုံးပြုထားပြီးတော့ Smart Phone တွေနဲ့ Smart watch တွေလိုသေးငယ်တဲ့ စက်ပစ္စည်းတွေကို အားသွင်းဖို့အသုံးပြုကြပါတယ်။ Microwave အားသွင်းနည်းမှာတော့ ပိုပြီးမြင့်မားတဲ့ Frequency Wave တွေကိုအသုံးပြုရပြီး လျှပ်စစ်ကားတွေလို ကြီးမားတဲ့လျှပ်စစ်ပစ္စည်းတွေကိုအားသွင်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။

Far-field အားသွင်းနည်းတွေမှာ အကွာအဝေးများစွာကနေ စက်ပစ္စည်းတွေက Charging နဲ့မထိတွေ့ဘဲနဲ့ အားသွင်းနိုင်တာကြောင့် လွယ်လွယ်ကူကူနဲ့ အဆင်ပြေပေမယ့်လည်း လွှဲပြောင်းတဲ့လုပ်ငန်းစဉ်အတွင်းမှာ စွမ်းအင်ပိုမိုဆုံးရှုံးတာကြောင့် Far-field ‌အားသွင်းနည်းက Near-field ထက် အားသွင်းနိုင်တဲ့ပမာဏပိုနည်းပြီး နှေးပါတယ်။ ဥပမာအနေနဲ့ Near-field နဲ့အားသွင်းတဲ့ဖုန်းမှာ 30 Watt အထိ Support ပေးမယ်ဆိုရင် Far-field မှာဆိုရင်တော့ 10 Watt လောက်အထိပဲ Support ပေးနိုင်မယ်ဆိုတဲ့ သဘောမျိုးပါ။

ကျနော်တို့ရဲ့ နေ့စဉ်ဘ၀မှာဆိုရင် အခုအချိန်အထိ Wireless electricity နဲ့ Charging နည်းပညာတွေက အရမ်းကြီးအသုံးများနေသေးတာတော့မဟုတ်ပါဘူး။ လက်လှမ်းမှီနိုင်တဲ့အဆင့်အနေနဲ့ ဖုန်းတွေကို Wireless နဲ့အားသွင်းတာလောက်ပဲရှိနေပါသေးတယ်။ များများစားစားအသုံးမပြု၊ မထုတ်လုပ်နိုင်သေးတာရဲ့နောက်ကွယ်မှာ ကုန်ကျစရိတ်မြင့်မားမှုတွေနဲ့ အားနည်းချက်တွေအချို့ရှိနေသေးလို့ပါ။ အိမ်တွေမှာဆို အရင်ကတည်းက ကြိုးတပ်လျှပ်စစ်တွေကိုပဲ အားထားလာကြရတယ်ဆိုပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ကြိုးမဲ့လျှပ်စစ်နည်းပညာကို အသုံးပြုလာနိုင်တဲ့အလားအလာတွေရှိပါတယ်။ ဒါဆိုရင် ဒီနည်းပညာရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို လေ့လာကြည့်လိုက်ရအောင်။

ကြိုးမဲ့လျှပ်စစ်ရဲ့ အဓိကအားသာချက်တစ်ခုက Flexible ဖြစ်တာဖြစ်ပြီး ကြိုးမဲ့နည်းပညာကိုအသုံးပြုခြင်းကြောင့် လျှပ်စစ်ပေးဖို့လိုအပ်တဲ့ပစ္စည်းတွေကို နံရံမှာပလပ်ထိုးထားစရာ‌လိုတော့မှာမဟုတ်ပါဘူး။ ဒါက အိမ်တွေမှာ ရှုပ်ထွေးတဲ့ ဝိုင်ယာကြိုးလိုင်းတွေကိုအသုံးပြုတာထက် တော်တော်လေးကို လွယ်ကူသွားစေမှာပါ။ ဒါ့အပြင်ကို Safe ဖြစ်တဲ့အပိုင်းမှာလည်း အားသာချက်တွေရှိနေပါသေးတယ်။ လက်ရှိအသုံးပြုနေတဲ့ လျှပ်စစ်မီးကြိုးတွေမှာဆို အထူးသဖြင့် ဝိုင်ယာကြိုးတွေ ပွန်းပဲ့ပျက်စီးနေတာမျိုးရှိမယ်ဆိုရင် လျှပ်စစ်ရှော့ခ်ဖြစ်ခြင်းတွေနဲ့ မီးလောင်နိုင်ခြေတွေရှိပါတယ်။ ကြိုးမဲ့လျှပ်စစ်မှာတော့ ဒီအန္တရယ်ကိုဖယ်ရှားပေးနိုင်ပြီးတော့ ပို Safe ဖြစ်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်လာမှာပါ။

ဒါပေမယ့် ကြိုးမဲ့လျှပ်စစ်ရဲ့ အားနည်းချက်အနေနဲ့ လက်ရှိအချိန်အထိ လျှပ်စစ်ပို့လွှတ်နိုင်တဲ့ပမာဏကနည်းနေပြီး လွှဲပြောင်းတဲ့နေရာမှာ လျှပ်စစ် အဆုံးအရှုံးများနေပါသေးတယ်။ ဒါကြောင့် ပုံမှန်လျှပ်စစ်ဓာတ်အားထက် ထိရောက်မှုနည်းနိုင်ပြီးတော့ လျှပ်စစ်အတွက် ကုန်ကျစရိတ်ကိုလည်း မြင့်မားစေပါတယ်။ ဒီနှစ်ချက်ကလက်ရှိမှာ ကြိုးမဲ့လျှပ်စစ်နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့်အသုံးမပြုကြသေးတာရဲ့ အဓိကအချက်ဖြစ်ပြီးတော့ နောင်မကြာတော့တဲ့ အနာဂတ်မှာ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မယ်ဆိုရင်တော့ တော်တော်လေးကို Flexible ဖြစ်လာမယ့် အနာဂတ်တစ်ခုကိုဦးတည်စေပါလိမ့်မယ်။

Htoo Tay Za

Htoo Tay Za is the Co-Founder of Fact Hub Myanmar. Currently serving as the platform's Head of Publishing and Research and Development Officer, he oversees its technical operations and editorial frameworks. He initially contributed to the digital newsroom as a regular author dedicated to science communication and pseudoscience checking, but has since shifted his focus toward backend infrastructure. His technical background also extends to scientific computing and experimental physics, including experience developing simulations for practical applications. Alongside managing digital operations and coordinating grant-funded science education workshops, he maintains a broad interest in exploring the intersections of artificial intelligence, history, and physics.

Article Credits

Written by Htoo Tay Za

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.