July 18, 2026 | မြန်မာ

အသက်ဓာတ်အတွက် ခန္ဓာကိုယ်ထဲက စက်ယန္တရားတစ်ခု

ဒီအရာ မရှိခဲ့ရင် သက်ရှိဆိုတာ ရှိနေနိုင်မလား . . . ? လှေကားကွေးလေးသဏ္ဌာန် ရှိတဲ့ ဒီအရာကို မျက်မှန်းတန်းမိကောင်း တန်းမိနိုင်ပေမဲ့ ဒီအရာနဲ့ မဖွဲ့စည်းထားတဲ့ သက်ရှိတွေရော ရှိနေမလား . . . ? ဘက်တီးရီးယားတွေ . . . ပြီးတော့ ဒိုင်နိုဆောတွေ .…

Text size

ဒီအရာ မရှိခဲ့ရင် သက်ရှိဆိုတာ ရှိနေနိုင်မလား . . . ?

လှေကားကွေးလေးသဏ္ဌာန် ရှိတဲ့ ဒီအရာကို မျက်မှန်းတန်းမိကောင်း တန်းမိနိုင်ပေမဲ့ ဒီအရာနဲ့ မဖွဲ့စည်းထားတဲ့ သက်ရှိတွေရော ရှိနေမလား . . . ?

ဘက်တီးရီးယားတွေ . . . ပြီးတော့ ဒိုင်နိုဆောတွေ . . . ပြီးတော့ ဟိုမိုဆေပီယန်တွေ . . . ဒီအရာကို မဖြစ်မနေ လိုအပ်နေတယ် လို့ တစ်ထစ်ချ ပြောနိုင်သလား . . . ?

ကမ္ဘာပေါ်က ဘယ်သက်ရှိမဆို ဆဲလ် (Cell) တွေနဲ့ ဖွဲ့စည်းထားပြီး အဲဒီဆဲလ်တွေရဲ့ ဗဟိုချက် နျူးကလီးယပ်စ် (Nucleus) ထဲမှာတော့ ဒီအောက်စီရိုင်ဘိုနျူးကလီးယစ် အက်စစ် (Deoxyribonucleic acid) အမည်ရ DNA ရှိနေပါတယ်။ DNA ဟာ ဇီဝဖြစ်တည်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး သက်ရှိတွေရဲ့ မျိုးဗီဇဆိုင်ရာ အချက်အလက် (Genetics Information) တွေ ပါဝင်တယ်။ သက်ရှိမျိုးစိတ်အားလုံးရဲ့ ရှင်သန်ရေး၊ ကြီးထွားရေးက DNA ထဲ ရှိတဲ့ မျိုးဗီဇအချက်အလက်တွေနဲ့ ညွှန်ကြားချက်တွေပေါ် မှီခိုနေရတာပါ။ 

“ရှင်သန်ရေးနဲ့ ကြီးထွားရေးအတွက် အဓိက ဘာလိုလဲ” — ပရိုတိန်း (Protein) လို့ ခေါ်တဲ အသားဓာတ်ပါ။ လူသားတွေက ထရီလီယမ်ချီတဲ့ ဆဲလ်တွေနဲ့ ဖွဲ့စည်းထားပြီး ဒီဆဲလ်တွေ အလုပ်လုပ်နိုင်ဖို့ရာ ပရိုတိန်းလိုပါတယ်။ ပရိုတိန်းက ပျက်စီးချို့ယွင်းသွားတဲ့ တစ်ရှူးတွေကို ကူဖာပေးတယ်၊ ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းချုပ်တဲ့ အန်ဇိုင်းတွေနဲ့ ဟော်မုန်းတွေကို ကူထုတ်ပေးတယ်၊ ရောဂါတွေကို ကူတိုက်ပေးတယ်၊ နောက်တော့ ကြွက်သားတွေ၊ အရေပြားတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ ဖွဲ့စည်းပုံကို အထောက်အပံ့ပြုတယ် — သက်ရှိအခက်အလက်တွေ ရှင်သန်ကြီးထွားနိုင်ဖို့ရာအတွက် မြေဆီဩဇာပါပဲ။ ဒီတော့ သင့်တင့်တဲ့ ကာလမှာ သင့်တင့်တဲ့ ပရိုတိန်းကို ထုတ်နိုင်မှသာ အဲဒီသက်ရှိရဲ့ ရှင်သန်ရေးက အာမခံချက် ရှိပါလိမ့်မယ်။

ဆဲလ်တွေက ပရိုတိန်းကို ဘယ်လို ထုတ်လုပ်သလဲ . . . DNA ထဲက မျိုးဗီဇကုဒ်တွေကို ပရိုတိန်းအဖြစ် အသွင်ပြောင်းနိုင်ဖို့ အဏုကမ္ဘာမှာ ဘယ်လိုဆောင်ရွက်ကြလဲ . . . စဉ်းစားစရာပါပဲ။

DNA ထဲမှာ ရှိတဲ့ ဗီဇပိုင်း (genes) တွေက ပရိုတိန်းထုတ်ဖို့အတွက် ကုဒ်ကူးခြင်း (transcription) နဲ့ ကုဒ်ဖြည်ခြင်း (translation) အမည်ရ အဓိကအဆင့် ၂ ဆင့်ကို ကျော်ဖြတ်ရပါတယ်။ DNA ကို ဟင်းချက်နည်းစာအုပ်တွေ ရှိတဲ့ စာကြည့်တိုက်လို့ မြင်ကြည့်ပါ။ စာအုပ်တွေထဲ ဘယ်ဟင်းကို ဘယ်လိုချက်ရမယ်၊ ဘယ်အချိန်ချက်ပါ ဆိုတဲ့ လမ်းညွှန်ချက်တွေ ပုံအောနေမှာပါပဲ။ ဒါပေမဲ့ ဆဲလ်တွေက သူတို့ ချက်မဲ့ဟင်း (ပရိုတိန်း) အမျိုးအစားပေါ် လိုက်ပြီး လိုတဲ့ လမ်းညွှန်ချက်ကိုပဲ ပုံတူကူးတာပါ။ ဒီလိုကူးနိုင်ဖို့ RNA ပိုလီမာရေ့ဇ် (RNA polymerase) (အထူးအန်ဇိုင်းတစ်မျိုး) ရဲ့ အကူအညီကို ယူရပါတယ်။ DNA မှာ ‘Promoter’ ခေါ် ပုံတူကူးမှု အစပြုနိုင်တဲ့ သီးသန့်နေရာတွေ ရှိပြီး ပိုလီမာရေ့ဇ်အန်ဇိုင်းတွေက အဲဒီနေရာတွေကို သွားချိတ်ရင်း ကုဒ်တွေကို ဖတ်ပါတယ် — ကြောင်လိမ်လှေကားသဏ္ဌာန် နှစ်ပင်လိမ်ယှက်ရှိနေတဲ့ DNA မှာ တစ်ပင် (Single strand) ဘက်ခြမ်းကိုပဲ ပိုလီမာရေ့ဇ်တွေက ကုပ်တွယ်ရင်း A, T, C, G . . . အစရှိတဲ့ နျူကလီယိုတိုက် အစဉ် (nucleotides sequence) တွေကို စကင်န် (scan) ဖတ်တာပါ။ ပြီးတဲ့အခါ နှစ်ပင်ရှိတဲ့အထဲက ဖတ်ထားတဲ့ တစ်ပင်ပေါ်က နျူကလီယိုတိုက်အစဉ်တွေနဲ့ RNA အပင်တန်း (Strand) တစ်ခု တည်ဆောက်လိုက်ပါတယ်။ RNA တန်းက လွတ်နေတဲ့ဘက်ခြမ်းမှာတော့ စကင်န်ဖတ်ပြီး ထည့်ထားတဲ့ နျူကလီယိုတိုက်တွေရဲ့ တွဲဘက်တွေကို ပိုလီမာရေ့ဇ်က သူ့အလိုလို ဖြည့်ပေးပြန်တယ်။ DNA မှာ ကူးခဲ့တာက အဒဲန်နင်း (Adenine – A) ဆိုရင် RNA မှာ ယူရာဆဲ (Uracil – U) နဲ့ သိုင်မိုင်း (Thymine – T) ဆိုရင်လဲ အဒဲန်နင်း၊ ဂွာနိုင်း (Guanine – G) ဆိုရင် စိုက်တိုဆိုင်း (Cytosine – C) နဲ့ တစ်ဖက်က စိုက်တိုဆိုင်းဖြစ်နေရင်တော့ နောက်တစ်ဖက်ကို ဂွာနိုင်း . . . စသဖြင့် တွဲလိုက်ပါတယ်။ mRNA တွေက သိုင်မိုင်းနေရာကို ယူရာဆဲတွေနဲ့ အစအဆုံး အစားထိုးလိုက်လို့ DNA ရဲ့ A, T, C, G က A, U, C, G ဖြစ်သွားတာပေါ့။

ပိုလီမာရေ့ဇ်အန်ဇိုင်းက DNA မှာ ‘ဆက်ကူးလို့ မရတော့ဘူး’ လို့ ဆိုင်းဘုတ်ထောင်ထားတဲ့ နေရာ (termination signal) နေရာရောက်ရင်တော့ ကုဒ်ကူးတဲ့ လုပ်ငန်းစဉ် — Transcription ကို အပြီးသတ်လိုက်ပါတယ်။ ဒီလိုနဲ့ pre-mRNA လို့ ခေါ်တဲ့ DNA မိတ္တူထွက်လာပါပြီ။ မူလ DNA ထဲကနေ ကူးလိုက်တဲ့ မျိုးဗီဇကုဒ်တွေကို ရိုင်ဘိုနျူးကလီးယစ် အက်စစ် (Ribonucleic acid – RNA) လို့ ခေါ်ပါတယ်။ RNA မှာ အမျိုးအစားကွဲတွေ အများကြီးပါပဲ။ ခုနက ကူးလိုက်တာကတော့ mRNA (Messenger RNA) အဖြစ်ကို ရောက်တော့မဲ့ pre-mRNA ပါ။ ဒါပေမဲ့ mRNA အဖြစ်ကို ရောက်မှ ပွားထားတဲ့မူကို နျူးကလိယရဲ့ အပြင်ဘက်ဆီ ထုတ်ပြီး ပရိုတိန်းချက်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် pre-mRNA ကို mRNA အဖြစ် အဆင့်မြှင့်ရပါတော့မယ်။ ဆဲလ်နျူကလိယထဲက ထွက်ပြီး ပရိုတိန်းထုတ်ဖို့ ရိုင်ဘိုဆုမ်း (Ribosome) တွေဆီ သွားတဲ့လမ်းမှာ နျူကလိရေ့စ် (nucleases) လို့ ခေါ်တဲ့ RNA မော်လီကျူး ဖြိုခွဲတဲ့ အန်ဇိုင်းတွေက အသင့်ရှိနေပါတယ်။ ဒီအန္တရာယ်ကို ကျော်လွှားနိုင်ဖို့ mRNA တန်းရဲ့ ခေါင်းပိုင်းထဲ ဂွာနိုင်း (Guanine – G) နဲ့ လုပ်ထားတဲ့ 5’ cap (5-prime-cap) ခေါ် သာမန်နျူကလီယိုတိုက်နဲ့ ကွဲတဲ့ ပုတီးလုံးတန်းတစ်ခုကို ဓာတုပြုပြင်မှုအဖြစ် ထည့်ရတာပါ။ ဓာတုနည်းအရ ပြုပြင်ထားတဲ့ ဒီ ဂွာနိုင်းအခြေပြု 5’ cap ကို mRNA ရဲ့ နျူကလီယိုတိုက်အစဉ်တန်းရှေ့ ကျည်ကာဦးထုပ်လို ဆောင်းချိတ်ထားလိုက်ရင် အန်ဇိုင်းအန္တရာယ်က လွတ်ကင်းနိုင်သလို နျူကလိယထဲကနေလဲ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်ပါလိမ့်မယ်။ 

mRNA တွေ နျူကလိယအပြင်ဘက်ကို ထွက်တာနဲ့ ကြုံရမဲ့ နောက်ထပ်အန္တရာယ်က အိတ်ဇိုနျူကလိရေ့စ် (exonucleases) အန်ဇိုင်းတွေပါ။ သူကလဲ နျူကလိရေ့စ်အန်ဇိုင်းလိုပဲ RNA တန်းကို ဖြိုခွဲနိုင်စွမ်း ရှိပါတယ်။ 5’ cap က RNA ရဲ့ ထိပ်ပိုင်းကို ကာကွယ်ပေးပေမဲ့ အမြီးပိုင်းကတော့ အကာအကွယ်မဲ့နေဆဲပေါ့။ ဒါကို ဖြေရှင်းဖို့ pre-mRNA တွေရဲ့ နျူကလီယိုတိုက်အစဉ်တန်း အပိတ်ဘက်ခြမ်းထဲ ပိုလီအေမြီး (Poly-A Tail) ထည့်ရပါတယ်။ (ပိုလီအေမြီးကို အဒဲန်နိုင်း (Adenine – A) နျူကလီယိုတိုက် အလုံး ၅၀ ကနေ ၂၅၀ ဝန်းကျင်နဲ့ စီစီရီရီ သွယ်တန်းတည်ဆောက်ထားလို့ သူ့ကို mRNA ရဲ့ ခြံစည်းရိုးလို့ တင်စားကြပါတယ်၊ ဒါ့အပြင် ပိုလီအေမြီးထဲ ပါမဲ့ A အလုံးရေဟာ အဲဒီ mRNA ကနေ ပရိုတိန်းဘယ်နှမျိုးလောက် ထုတ်နိုင်လဲဆိုတာပေါ် မူတည်ပါတယ်၊ အမြီးတိုရင် mRNA က အန်ဇိုင်းတွေရဲ့ ဖြိုခွဲတိုက်စားမှုဒဏ်ကို ပိုမြန်မြန်ခံရပြီး ပရိုတိန်းကို ကြာကြာမထုတ်နိုင်ပါဘူး၊ အမြီးရှည်ရင်တော့ mRNA အသက်ပိုရှည်ပြီး ပရိုတိန်း ပိုထုတ်နိုင်ပါတယ်။) အဲဒီပိုလီအေမြီးကို pre-mRNA ရဲ့ နောက်ဘက်အပိတ်ခြမ်းထဲ ချိတ်ထားလိုက်ရင် အိတ်ဇိုနျူကလိရေ့စ်တွေရဲ့ အန္တရာယ်က ကာကွယ်ပြီးသား ဖြစ်သွားတာပေါ့။ 

နောက်တော့ pre-mRNA က သူ့ရဲ့ ဗီဇကုဒ်တွေထဲ မိတ္တူကူးချိန် မလိုအပ်ဘဲ ပါလာတဲ့ ကုဒ်တွေကို ဖြတ်ထုတ်ပြီး တကယ်အလုပ်လုပ်တဲ့ ကုဒ်တွေနဲ့ချည်း ပြန်ဆက်ပါတယ်။ ပိုနေတဲ့ ကုဒ်တွေကို အင်ထရွန် (Introns) လို့ ခေါ်ပြီး လိုတဲ့ ကုဒ်တွေကိုတော့ အိတ်စ်ဇွန် (Exons) တွေလို့ ခေါ်တာပါ။ ‘လိုတာယူ၊ မလိုတာပယ်’ တဲ့ ဒီလုပ်ငန်းစဉ်တစ်ရပ်လုံးကို ‘Splicing’ – ဖြတ်၊ ထုတ်၊ ဆက်တယ် လို့လဲ သိကြပါတယ်။ RNA တစ်ခုကို ဖြတ်ထုတ်ဆက်နိုင်ဖို့ စပလိုက်စ်ယိုဇုမ်း (spliceosome) လို့ ခေါ်တဲ့ RNA နဲ့ ပရိုတိန်းအရော ဓာတုဇီဝဒြပ်ရဲ့ အကူအညီကို ယူရပြန်တယ်။ စပလိုက်စ်ယိုဇုမ်းတွေက တစ်ခါတလေ အိတ်စ်ဇွန်တွေကို သူတို့အလိုကျ လှည့်ပြောင်းပေါင်းစပ်ပေးတတ်တာပါ။ ဒီ့အခါမှာတော့ ဗီဇပိုင်း (gene) တစ်မျိုးတည်းကနေ မတူတဲ့ ပရိုတိန်းတွေ ထုတ်နိုင်သွားတာပေါ့။ ဒီလုပ်ငန်းစဉ်ကိုတော့ ‘ပြောင်း’၊ ဖြတ်၊ ထုတ်၊ ဆက် လုပ်တယ် — Alternative Splicing — လို့ ခေါ်နိုင်ပါလိမ့်မယ်။ 

အခုလို ပြုပြင်လိုက်ရင်တော့ ဒိုင်းကာလက်နက်အပြည့်အစုံနဲ့ ပြင်ပဆဲလ်ကမ္ဘာထဲ ပရိုတိန်းထုတ်လုပ်ရေးမစ်ရှင်တွေ ဖော်ဆောင်နိုင်တဲ့ သင်တန်းဆင်း mRNA (mature mRNA) ကို ရပါပြီ — ကုဒ်ကူးတယ် . . . တစ်နည်း မျိုးဗီဇအချက်အလက်တွေကို Transcript လုပ်တယ်ဆိုတာ ဒါပါပဲ။ 

ကုဒ်ကူးပြီးတဲ့အခါ အဲဒီကုဒ်တွေကို ဖြည်ဖို့၊ တစ်နည်း Translate လုပ်ဖို့ mRNA တွေဟာ ဆဲလ်ရဲ့ နျူကလိယပ်စ်က ထွက်ပြီး ဆိုက်တိုပလာဇမ် (Cytoplasm) ထဲ ရှိနေတဲ့ ရိုင်ဘိုဆုမ်း (ribosome) ခေါ် ပရိုတိန်းထုတ်လုပ်ရေးတပ်သားတွေဆီ ခရီးနှင်ပါပြီ။ အပြင်ကို ထွက်နိုင်ဖို့ ‘mRNA export machinery’ အမည်ရ ‘mRNA လဝကဌာန’ ကို ဖြတ်ရပါတယ်။ ဒီလဝက,က အပြင်ထွက်မဲ့ mRNA တွေမှာ ရှိသင့်/ရှိထိုက်တဲ့ လက်နက်ကိရိယာတွေ ရှိ/မရှိ၊ အရည်အသွေးပြည့်မီတဲ့ သင်တန်းဆင်းတွေ ဟုတ်/မဟုတ် အတည်ပြုပါတယ်။ လဝကပြီးရင်တော့ နျူကလီးယားအမြှေးပါး (nuclear envelope) ထဲ ရှိတဲ့ ဂိတ်တစ်ခုကို ထပ်ဖြတ်ရပါတယ်။ mRNA တွေရဲ့ အဝင်/အထွက်ကို ခွင့်ပြုပေးတဲ့ အဲဒီဂိတ်ကိုတော့ Nuclear Pore Complex (NPC) လို့ ခေါ်တာပါ။ အဲဒီဂိတ်မှာ mRNA တွေ အပြင်ကို ချောချောမွေ့မွေ့ထွက်လာနိုင်အောင် အသင့်စောင့်နေတဲ့ အကူပရိုတိန်း (Export proteins) တွေ ရှိပါတယ်။ အကူပရိုတိန်းတွေက mRNA ကို တွယ်ကပ်လိုက်ပြီး နျူကလီးယားအမြှေးပါးကနေ ထွက်နိုင်အောင် ကူပေးတာပါ။ ဆိုက်တိုပလာဇမ်ထဲ ရောက်ရင်တော့ ကပ်ထားတဲ့ ပရိုတိန်းလေးတွေက mRNA အနားက ခွာလိုက်ပြီး ကုဒ်ဖြည်မဲ့ နေရာကို ဆက်သွားရပါပြီ။

ပရိုတိန်းထုတ်တဲ့ လုပ်ငန်းစဉ်တစ်ခုလုံးရဲ့ ဒုတိယအဆင့်ကို ဆောင်ရွက်ဖို့ mRNA တွေက ရိုင်ဘိုဆုမ်းဆီ သွားရပါတယ်။ ရိုင်ဘိုဆုမ်းတွေက ဆဲလ်ရဲ့ ဆိုက်တိုပလာဆမ်ထဲမှာ မျောနေတတ်သလို ပရိုတိန်းစက်ရုံလို့ အလွယ်သိကြတဲ့ Rough Endoplasmic Reticulum – RER မှာလဲ ကပ်နေတတ်တာပါ။ mRNA တွေ ရိုင်ဘိုဆုမ်းဆီ ရောက်ရင် mRNA စဉ်တန်းရဲ့ ဦးစွန်းပိုင်း ကိုဒွန် (AUG) ကို  ရိုင်ဘိုဆုမ်းရဲ့ အင်္ဂါနုပ်ငယ် (Small Ribosomal Subunit) က ရှာပါတယ်။ (ကိုဒွန်ဆိုတာ နျူကလီယိုတိုက် သုံးလုံးတွဲတစ်ဖြတ်ကို ခေါ်တာပါ။) 5’ cap ရှိတဲ့နားမှာ ဦးစွန်းပိုင်း ကိုဒွန် ရှိတောကြောင့် အင်္ဂါနုပ်ငယ်က အလွယ်တကူပဲ ရှာရင်း ကပ်တွယ်ထားလိုက်တယ်။ နောက်တော့ transfer RNA – tRNA လို့ ခေါ်တဲ့ RNA မျိုးကွဲထဲက ပရိုတိန်းထုတ်တဲ့ လုပ်ငန်းစဉ်ကို စမဲ့ အထူး tRNA က မီသိုင်းယနိုင်း (methionine) လို့ ခေါ်တဲ့ အမီနိုအက်ဆစ် (Amino acid) တစ်မျိုးကို သယ်ပြီး ဦးစွန်းပိုင်း ကိုဒွန်မှာ တွယ်လိုက်ပြန်တယ်။ အဲဒီ tRNA မှာပဲ mRNA ရဲ့ ကိုဒွန် (AUG) နဲ့ တွဲနိုင်တဲ့ အန်တီကိုဒွန် (anticodon – UAC) တစ်မျိုးရှိတာလဲ မှတ်သားစရာပါပဲ။ ဒီအဆင့်တွေ ပြီးရင်တော့ ရိုင်ဘိုဆုမ်းရဲ့ အင်္ဂါနုပ်ကြီး (large ribosomal subunit) က လာပေါင်းလိုက်ပြီး ပရိုတိန်းထုတ်ဖို့ အသင့်ဖြစ်တဲ့ ရိုင်ဘိုဆုမ်း ရပါပြီ။ 

ပရိုတိန်းတွေဆိုတာ အမီနိုအက်ဆစ်အမျိုး ၂၀ ကို အခြေခံပြီး အစုံအလင်ပေါင်းစပ်ရင်းပဲ ထုတ်လုပ်ရတာပါ။ ဆဲလ်တွေရဲ့ ဆိုက်တိုပလာဇမ်ထဲမှာ အမီနိုအက်ဆစ်တွေ ပေါပေါများများ ရှိပါတယ်။ အဲဒီအမီနိုအက်ဆစ်တွေကို ရိုင်ဘိုဆုမ်းဆီ ယူလာပေးဖို့က tRNA တွေရဲ့ တာဝန်ပါ။ ဘယ်လိုအမီနိုအက်ဆစ်ကို ယူလာရမလဲဆိုတာတော့ ရိုင်ဘိုဆုမ်းက mRNA ရဲ့ ကုဒ်တွေကို ဖတ်ရင်း ညွှန်ကြားပါလိမ့်မယ်။ tRNA တစ်ခုဆီက အမီနိုအက်ဆစ်တစ်မျိုးစီကို သယ်ထားရင်း ရိုင်ဘိုဆုမ်းရဲ့ ညွှန်ကြားချက်ကို စောင့်ရပါတယ်။ အဲဒီလို စောင့်ရတဲ့ နေရာက ရိုင်ဘိုဆုမ်းရဲ့ အေဆိုက် (Aminoacyl site) မှာပါ။ tRNA တွေ လာပို့တဲ့ အမီနိုအက်ဆစ်တွေနဲ့ တစ်ထစ်ချင်းစီ ပရိုတိန်းရုပ်လုံးပေါ်အောင် ထုဆစ်ရတဲ့ နေရာကိုတော့ ပီဆိုက် (Peptidyl site) လို့ ခေါ်ပါတယ်။ အမီနိုအက်ဆစ် လာပို့ပြီးတဲ့ tRNA တွေကတော့ အီးဆိုက် (Exist site) ကနေ ရိုင်ဘိုဆုမ်းအပြင်ကို ပြန်ထွက်ရပါမယ်။ ရိုင်ဘိုဆုမ်းက ကုဒ်ကို ဖတ်ရင်း ‘ဘယ်အမီနိုအက်ဆစ်တော့ လိုတယ်’ ဆိုရင် တာဝန်ရှိတဲ့ tRNA က အေဆိုက်ထဲ ဝင်ရပါတယ်။ tRNA မှာ ပါတဲ့ အန်တီကိုဒွန်က mRNA ရဲ့ ကုဒ်စဉ်တန်းမှာ နောက်ဆက်လာတဲ့ ကိုဒွန်နဲ့ ကိုက်ညီမှု ရှိရင် သူ့ဆီက အမီနိုအက်ဆစ်ကို ယူပြီး ပရိုတိန်းထုတ်နေတဲ့ ပီဆိုက်ထဲ ထည့်လိုက်တာပါ။ ပီဆိုက်ထဲမှာတော့ ribosomal RNA ခေါ် rRNA က ရောက်လာတဲ့ အမီနိုအက်ဆစ်တွေကို တစ်ခုနဲ့တစ်ခု Peptide Bond ခေါ် ဓာတုတစ်မျိုးနဲ့ ဂဟေဆက်ပေးရင်း ‘Amino Acid Chain’ တစ်ရပ် ဖြစ်လာအောင် တည်ဆောက်ပါတယ်။ ဓာတုနည်းအရ ဂဟေဆက်သလို တွယ်နှောင်ထားတဲ့ အဲဒီ အမီနိုအက်ဆစ် ချိန်းစဉ်တန်းတွေကို ပိုလီပက်ပ်တိုက်ချိန်း (polypeptide chain) လို့လဲ မှတ်သားနိုင်ပါလိမ့်မယ်။ mRNA ရဲ့ ညွှန်ကြားချက်ကုဒ်တွေကို ရိုင်ဘိုဆုမ်းက ထိပ်ဆုံးကနေ အောက်ဘက်ထိ တောက်လျှောက်ဖတ်သွားရင်း ကိုဒွန်တစ်ခုစီအလိုက် အမီနိုအက်ဆစ်သယ်ထားသူ tRNA တွေကို ဆက်တိုက်ခေါ်ပါတယ်။ အေဆိုက်ထဲမှာ ကိုဒွန်ကိုက်/မကိုက် စစ်၊ မှန်ရင် ပီဆိုက်ထဲခေါ်  အမီနိုအက်ဆစ်ယူပြီး အီးဆိုက်ကနေ ပြန်ထွက်ခိုင်းရင်း ပရိုတိန်းကို တစ်ဆင့်ချင်း လှလှပပ တည်ဆောက်သွားတာပါ။ 

အဲဒီလို ကုဒ်ဖြည်တဲ့၊ ဘာသာပြန်တဲ့ လုပ်ငန်းစဉ်ဟာ အဆုံးသတ်ကိုဒွန်ဆီ မရောက်ခင်အထိ ပြောခဲ့သလို ပုံစံနဲ့ ဆောင်ရွက်ပါတယ်။ အဆုံးသတ်ကိုဒွန်က UAA, UAG ဒါမှမဟုတ် UGA . . . စတဲ့ နျူကလီယိုတိုက်တွေ ပုံစံနဲ့ ရှိနေတတ်ပြီး mRNA စဉ်တန်းရဲ့ နောက်ဘက်ပိတ်မှာ ရှိပါတယ်။ ဒါပေမဲ့ အဆုံးသတ်ကိုဒွန်ကုဒ်တွေဟာ အမီနိုအက်ဆစ်ကို ရည်ညွှန်းတာ မဟုတ်ဘဲ ရိုင်ဘိုဆုမ်းကို ‘ကုဒ်ဖြည်တာ ရပ်လို့ ရပြီ’ ဆိုတဲ့ သတင်းစကားပါးဖို့ mRNA ထဲ ပါလာတာပါ။ အမီနိုအက်ဆစ်ပေးဖို့ ရောက်နေတဲ့ ဘယ် tRNA မှ ဒီကုဒ်နဲ့ မကိုက်လို့ အမီနိုအက်ဆစ် ထပ်ဖြည့်လို့လဲ မရတော့ပါဘူး။ အဲဒီအချိန်မှာတော့ RF (Release factor) လို့ ခေါ်တဲ့ ပရိုတိန်းတစ်မျိုးက အေဆိုက်ထဲ ဝင်ချလာပါတယ်။ နောက်၊ ဓာတုဓာတ်ပြုမှုတစ်ခု စလိုက်ချိန်မှာတော့ အမီနိုအက်ဆစ်တွေကို ဂဟေဆော်ပေးတဲ့ rRNA က သူလုပ်နေတာတွေကို ရပ်ပြီး ပီဆိုက်ထဲ ရှိတဲ့ နောက်ဆုံး tRNA နဲ့ ဆောက်ထားတဲ့ ပရိုတိန်းချိန်းကြီးတစ်ခုလုံးကို ဖြတ်တောက်ပစ်လိုက်ပါတော့တယ်။ ဒီနည်းနဲ့ ပိုလီပက်ပ်တိုက်ချိန်းခေါ် အမီနိုအက်ဆစ်ချိန်း . . . ဒါမှမဟုတ်လဲ ပရိုတိန်းဖွဲ့စည်းမှုကို အပြီးသတ်လိုက်တာပါ။ ဒီလိုနဲ့ အသစ်စက်စက် ဖွဲ့စည်းထားတဲ့ ပရိုတိန်းက ရိုင်ဘိုဆုမ်းထဲကနေ ထွက်လာပါတယ်။ ရိုင်ဘိုဆုမ်းကလဲ အင်္ဂါနုပ်ငယ်နှစ်ခုအဖြစ်ကို ပြန်ကွဲထွက်သွားရင်း ပရိုတိန်းထုတ်ဖို့ ကုဒ်လာပေးတဲ့ mRNA က ချေဖျက်ခံရရင် ခံရ၊ မခံရရင်လဲ နောင်တစ်ချိန် ပရိုတိန်းပြန်ထုတ်ဖို့ ဆိုက်တိုပလာဇမ်ထဲပဲ ရှိနေတော့တာပေါ့။

ဒါပေမဲ့ လောလောလတ်လတ် ထွက်လာတဲ့ ပရိုတိန်းကို အသုံးပြုလို့ရတဲ့ ပုံစံဖြစ်အောင် ပြန်ပြောင်းရပါအုံးမယ်။ ခုနက ပိုလီပက်ပ်တိုက်ချိန်းပုံစံနဲ့ ရှိနေတာကို ချက်ပ်ပါရုန်း (Chaperone) ဆိုတဲ့ ပရိုတိန်းတွေရဲ့ အကူအညီနဲ့ 3D ပုံစံဖြစ်အောင် ပြန်ခေါက်လုပ်ပါတယ်။ နောက်တော့ မလိုတဲ့ အစိတ်အပိုင်းတွေကို ပြန်ဖယ်ထုတ် (Cleavaging) ပါတယ်။ ထုတ်လိုက်တဲ့ ပရိုတိန်းတွေက အမြဲတစေ လိုချင်မှ လိုနိုင်တာမို့ သူ့ကို ဖွင့်/ပိတ်လုပ်နိုင်တဲ့၊ တခြားမော်လီကျူးတွေနဲ့ အဆက်အသွယ်ပြုနိုင်တဲ့ ခလုတ်တစ်ခုထပ် တပ်ရပါမယ်။ ဖော့စ်ဖိတ်အုပ်စုတွေက အဲဒီခလုတ်တွေအဖြစ် တာဝန်ယူပါလိမ့်မယ်။ ပရိုတိန်းထဲ ဖော့စ်ဖိတ်အုပ်စု (PO₄) ထည့်တာကိုတော့ ‘Phosphorylation’ လို့ ခေါ်ပါတယ်။ ကိုယ်ခံစွမ်းအားစနစ်က ဆဲလ်တွေကို သန္ဓေမမှန်တဲ့ ပရိုတိန်းတွေ မထုတ်အောင်  အမြဲလိုက်စစ်ဆေးနေပါတယ်။ ဒီတော့ ဆဲလ်တွေက သူတို့မှာ ဘယ်လိုပရိုတိန်းတွေကို အထူးပြုပြီး ထုတ်နေပါတယ်ဆိုတာကို ကိုယ်ခံအားစနစ်ရဲ့ စုံထောက်ဆဲလ်တွေ သိအောင် ပြသရလေ့ ရှိတာပေါ့။ ဒါ့အပြင် ဆဲလ်အချင်းချင်းလဲ ‘ဒီရက်ပိုင်း ဘာပရိုတိန်းတွေ ထုတ်ဖြစ်နေလဲ’ လို့ မေးရင် ကြောင်အမ်းအမ်းဖြစ်မနေဖို့ အရေးကြီးပါသေးတယ်။ ဒီလို ‘ဆဲလ်မှုရေးရာ’ တွေနဲ့ ဆဲလ်တွင်းပစ္စည်းတွေ အချင်းချင်း ချိတ်ဆက်အလုပ်လုပ်နိုင်ဖို့ကိုတော့ သကြားမော်လီကျူးတွေက ကူညီပေးရတာပါ။ ရိုင်ဘိုဆုမ်းကနေ အသစ်ထုတ်လိုက်တဲ့ ပရိုတိန်းတွေကိုလဲ သန္ဓေမှန်အောင်၊ တည်ငြိမ်အောင်နဲ့ တခြားဆဲလ်တွေနဲ့ အချက်ပြ၊ သွားလာဆက်ဆံနိုင်အောင် သကြားမော်လီကျူးတွေ တပ်ပေးရပါတယ်။ ဒါကိုတော့ ‘Glycosylation’ လို့ သိကြပါလိမ့်မယ်။ ဒီလို ဓာတုနည်းအရ ပြုပြင်တဲ့ အဆင့်တွေ အကုန်ပြီးရင်တော့ လုပ်ငန်းခွင်ဝင်နိုင်တဲ့ ပရိုတိန်းကို ရပါပြီ။ 

ဆဲလ်တွင်း၊ ဆဲလ်ပြင်မှာ ရှိနေတဲ့ သူတို့အလုပ်လုပ်ရမဲ့ နေရာတွေဆီ ပရိုတိန်းတွေ သွားရပါတော့မယ်။ ဆိုက်တိုပလာဇမ်လား၊ နျူးကလီးယပ်စ်လား၊ ဆဲလ်အမြှေးပါးလား . . . ဒါတွေပေါ် လိုက်လို့ သူတို့ကို လိုတဲ့ဆီ အချိန်မှန်၊ နေရာမှန် ရောက်သွားနိုင်ဖို့ကလဲ အရေးကြီးပြန်ပါတယ်။ ဒါမှပဲ လုပ်ငန်းဆောင်တာတွေကို သေချာဆောင်ရွက်နိုင်မှာပါ။

အဏုကြည့်မှန်ပြောင်းတွေနဲ့တောင် မြင်ရဖို့ ခဲယဉ်းတဲ့ ဆဲလ်ဗဟိုချက် နျူကလိယပ်စ်ရဲ့ ဒီအင်န်အေကနေ အသက်ရှင်သန်ရေးမှာ အဓိကအကျဆုံး ပရိုတိန်းတွေကို ယန္တရားအဆင့်ဆင့် ထုတ်လုပ်သွားပုံက ရင်သပ်ရှုမောစရာပါပဲ။ သက်ရှိမျိုးစိတ်တွေကို ဘာတွေနဲ့ ဖွဲ့စည်းထားလဲလို့ မေးရင် ပရိုတိန်းလို့ ဖြေနိုင်ပြီး ပရိုတိန်းက ဘယ်လို ဖြစ်လာလဲ လို့ မေးလာရင်တော့ . . . ဒါကပဲ သက်ရှိဖြစ်တည်မှုရဲ့ အလှတရားသော့ချက်ပဲ မဟုတ်လား . . . ။     ။

Zwe Thukha Min

Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People.With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.

Article Credits

Written by Zwe Thukha Min

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.