ကျွန်တော်တို့ဟာ လေထုအလွှာကြီးအောက်မှာရှင်သန်နေကြတဲ့ သက်ရှိတွေဖြစ်တဲ့အတွက် လေရဲ့အပြုအမူနဲ့ရွေ့လျားမှုတွေကို သက်ရောက်ခံစားနေကြရပါတယ်။ အဲ့လို လေရဲ့ သက်ရောက်မှုတွေထဲက တစ်ခုကတော့ လေတိုက်တာပဲဖြစ်ပါတယ်။
ဒီတော့ လေညင်းဆိုတာဘယ်လိုဖြစ်ပေါ်လာတာလဲ။
ဘာကြောင့်တိုက်ခတ်မှုတွေဖြစ်ပေါ်လာတာလဲ။
လေတိုက်ခတ်မှုဖြစ်ပေါ်အောင် ဘယ်သူတွေက လုပ်ဆောင်ပေးနေတာလဲ ဆိုတဲ့မေးခွန်းတွေကို ဆွေးနွေးကြရအောင်ပါ။
ကမ္ဘာကြီးကို Atmosphere လို့ခေါ်တဲ့ လေထုအလွှာကြီးနဲ့ဖုံးလွှမ်းထားပါတယ်။ Atmosphere ထဲမှာ
အောက်စီဂျင် (Oxygen)၊ နိုက်ထရိုဂျင် (Nitrogen)၊ ကာဗွန်ဒိုင်အောက်ဆိုဒ် (Carbon dioxide)၊ မီသိန်း (Methane) စတဲ့ gas particle တွေပါဝင်နေပါတယ်။ အဲ့ဒီ gas particle တွေဟာ ကမ္ဘာကြီးရဲ့ ဆွဲအား (Gravitational Force) ကြောင့် မြေကြီးအနီးနားမှာ သိပ်သည်းစွာနဲ့ စုပြုံပြီးရှိနေကြပါတယ်။ အားသက်ရောက်မှုများလေလေ ဖိအား (Pressure)လဲများလာလေလေဖြစ်ပါတယ်။ အပူချိန်မြင့်တဲ့အခါမှာ ဒီ gas particle တွေဟာ ယေဘုယျအားဖြင့် အပြုအမူသုံးချက်ကို လုပ်ဆောင်ကြပါတယ်။ အဲ့ဒါတွေကတော့ လေမော်လီကျူးတွေပွလာခြင်း၊ တုန်ခါမှုမြင့်လာခြင်းနဲ့ လေထုပူနွေးမှုကြောင့် သိပ်သည်းဆနည်းလာပြီး အထက်ကိုတက်လာခြင်းတို့ပဲဖြစ်ပါတယ်။ မြေပြင်အနားမှာရှိနေတဲ့ လေမော်လီကျုးတွေဟာ အထက်ကိုမြင့်တက်လာတဲ့အတွက် အဲ့ဒီနေရာဟာ လေဖိအားနည်းရပ်ဝန်း (Low Air Pressure Area) ဖြစ်လာပါတယ်။
အပူချိန်နိမ့်တဲ့ဒေသတွေမှာဆိုရင်တော့ လေထုထဲမှာရှိနေတဲ့ လေမော်လီကျုးတွေဟာ အေးမြမှုကြောင့် အထက်ကလုပ်ဆောင်ချက်တွေနဲ့ ဆန့်ကျင်ဘက်ကို လုပ်ဆောင်ပါတယ်။ လေမော်လီကျူးတွေကျုံ့လာခြင်း၊ တုန်ခါမှုနှေးလာခြင်းနဲ့ လေထုအေးလာမှုကြောင့် သိပ်သည်းဆများပြီး အောက်ဘက်ကိုနိမ့်ဆင်းလာခြင်းတို့ပဲဖြစ်ပါတယ်။ အဲ့ဒီအခါ မြေပြင်အနီးနားမှာ မော်လီကျူးတွေပိုများလာတဲ့အတွက် သူတို့ကြားမှာပွတ်တိုက်ခြင်း (Collision)တွေဖြစ်ပေါ်လာပြီး အား (Force) လဲ များလာပါတယ်။ ရလဒ်အနေနဲ့ အဲဒီနေရာဟာ ဖိအားများလာပြီးတော့ လေဖိအားမြင့်ရပ်ဝန်း (High Air Pressure Area) ဖြစ်လာပါတယ်။
လေဆိုတာ Fluid တစ်မျိုးဖြစ်ပြီး စီးဆင်းမှုတွေကို လုပ်ဆောင်နိုင်ပါတယ်။ ဖိအားဟာလဲ မြင့်ရာကနေနိမ့်ရာကိုကူးပြောင်းနိုင်တဲ့အတွက်ကြောင့် လေဖိအားမြင့်ရပ်ဝန်းမှာရှိတဲ့ လေတွေဟာ လေဖိအားနိမ့်ရပ်ဝန်းမှာရှိတဲ့ လေတွေဆီကို ကူးပြောင်းပြီး စီးဆင်းလာကြပါတယ်။ လေမော်လီကျူးအများအပြားရဲ့ နေရာကူးပြောင်းမှုကြောင့် wind (တိုက်ခတ်မှုဖြစ်နေသော လေ) ဆိုတာဖြစ်ပေါ်လာပါတော့တယ်။
ကျွန်တော်တို့တွေ ရေပြင်နားအနီးမှာသွားရပ်နေမယ်ဆိုရင် လေတိုက်ခတ်မှုတွေကို ပိုပြီးခံစားရမှာဖြစ်ပါတယ်။ ရေပြင်ဒေသဟာ အပူချိန်နိမ့်တာကြောင့် လေဖိအားများရပ်ဝန်းဖြစ်ပေါ်နေပြီး ကုန်းပေါ်မှာတော့ အပူချိန်မြင့်တာကြောင့် လေဖိအားနည်းရပ်ဝန်းတွေဖြစ်ပေါ်နေရတာ ဖြစ်ပါတယ်။ ရေပြင်အနီးနား လေဖိအားများဒေသက လေမော်လီကျူးတွေဟာ ကုန်းမြေပြင်အထက် လေဖိအားနည်းဒေသက လေမော်လီကျူးတွေဆီကို စီးကူးလာတာကြောင့် လေထုထဲရွေ့လျားမှုတွေဖြစ်ပေါ်လာပြီး လေတိုက်ခတ်တာတွေကို ခံစားရတာဖြစ်ပါတယ်။ ဒီလို ရေပြင်ဆီကနေ မြေပြင်နေရာကို စီးကူးတဲ့လေကို Sea Breeze လို့ခေါ်ပါတယ်။
ညဘက်ရောက်လာတဲ့အခါမှာ မြေပြင်ဒေသဟာ ရေပြင်ဒေသထက် အပူချိန်နိမ့်ဆင်းမှုမြန်သွားတဲ့အတွက် မြေပြင်ပေါ်မှာ လေဖိအားမြင့်ရပ်ဝန်းဖြစ်ပေါ်လာပြီး ရေပြင်မှာတော့ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာပါတယ်။ မြေပြင်ဒေသက လေမော်လီကျူးတွေဟာ ရေပြင်ဒေသဆီကို စီးကူးသွားကြတဲ့အတွက် ညဘက်အခါမှာလည်း လေတိုက်ခတ်မှုတွေဆိုတာ ဖြစ်ပေါ်နေပါတယ်။ အဲ့ဒီလို မြေပြင်ကနေ ရေပြင်ဆီကို စီးကူးသွားတဲ့လေကိုတော့ Land Breeze လို့ခေါ်ပါတယ်။