April 22, 2026 | မြန်မာ

ကွမ်တမ်အကြောင်း ကွမ်တာအရာ (ကွမ်တမ်ရူပဗေဒသို့ ချဉ်းကပ်ခြင်း အပိုင်း – ၂)

မနေ့က ကွမ်တမ်ရူပဗေဒနဲ့ ပတ်သက်လို့ မိတ်ဆက်အပိုင်းလေး ရေးထားပါတယ်။ မဖတ်ရသေးရင် ဒီလင့်ခ်က နေ ဝင်ဖတ်နိုင်ပါတယ်။ ――――――― ကွမ်တမ်ရူပက သာမန်ရူပဗေဒနဲ့ ဘယ်လိုကွဲနေတာ .. Regular Physics လို့ ခေါ်ချင်ခေါ်လို့ရနိုင်တဲ့ သမရိုးကျ ရူပဗေဒကတော့ ကျွန်တော်တို့ လက်ရှိ ရှင်သန်နေထိုင်နေတဲ့ အနှိုင်းဘောင် (reference frame) အတွင်းက တည်ရှိမှုတွေကို…

3D Illustration Atomic structure. Atom is the smallest level of matter that forms chemical elements. Glowing energy balls. Nuclear reaction. Concept nanotechnology. Neutrons and protons - nucleus
Text size

မနေ့က ကွမ်တမ်ရူပဗေဒနဲ့ ပတ်သက်လို့ မိတ်ဆက်အပိုင်းလေး ရေးထားပါတယ်။ မဖတ်ရသေးရင် ဒီလင့်ခ်က နေ ဝင်ဖတ်နိုင်ပါတယ်။

―――――――

ကွမ်တမ်ရူပက သာမန်ရူပဗေဒနဲ့ ဘယ်လိုကွဲနေတာ ..

Regular Physics လို့ ခေါ်ချင်ခေါ်လို့ရနိုင်တဲ့ သမရိုးကျ ရူပဗေဒကတော့ ကျွန်တော်တို့ လက်ရှိ ရှင်သန်နေထိုင်နေတဲ့ အနှိုင်းဘောင် (reference frame) အတွင်းက တည်ရှိမှုတွေကို လေ့လာတာဖြစ်ပါတယ်။ ဥပမာ .. နယူတန်ရဲ့ ရွေ့လျားမှုဆိုင်ရာ နည်းဥပဒေသတွေနဲ့ သူနဲ့ သက်ဆိုင်တဲ့ မက္ကင်းနစ်တွေလိုပေါ့။ ဒါတွေကို ကျွန်တော်တို့က ‘Classical Physics’ လို့လဲ ခေါ်နိုင်တယ်။ ဘောလုံးလိမ့်သွားမှု၊ ကမ္ဘာကြီးလည်နေမှု၊ စက်အင်ဂျင်တွေရဲ့ မက္ကင်းနစ် .. စတာတွေ အကုန်လုံးက ဒီ Classical Physics ထဲ ဝင်ပါတယ်။

မေးစရာတစ်ခုက .. အကယ်၍ ဒီရူပဗေဒတစ်ခုလုံးက အင်မတန်ကျယ်ပြန့်ပြီး အကုန်လုံးကို ခြုံငုံမိနေတယ်ဆိုရင် ကွမ်တမ်ရူပဗေဒလို မျိုးကွဲတွေက ဘာကိစ္စကြောင့် ပေါ်လာရတာလဲ။ သမရိုးကျရူပက ကွမ်တမ်ပုစ္ဆာတွေကို မဖြေနိုင်လို့လား။

ကွမ်တမ်ရူပဗေဒရဲ့ ဇာစ်မြစ်ကို လိုက်ကြရအောင်ပါ။

ကွမ်တမ်ရူပဗေဒ မွေးဖွားရာ အချိန်က လွန်ခဲ့တဲ့ ၁၉၀၀ ခုနှစ် ပတ်ဝန်းကျင်ပါ။ အဲ့ဒီအချိန်တုန်းက သိပ္ပံပညာရှင်တွေအနေနဲ့ Photoelectric effect ကို လေ့လာနေကြချိန်ပေါ့။ လေ့လာနေကြပေမဲ့ သူတို့အနေနဲ့ ဒါကို နားမလည်နိုင်ကြဘူး။ Photoelectric effect ဆိုတာ ရှင်းအောင် ပြောရရင် သတ္ထုတစ်ခုပေါ် အလင်းက လာရိုက်ခတ်ပြီး (သတ္ထုဆီက) အီလက်ထရွန်တွေ ပြန်ကန်ထွက်တဲ့ ဖြစ်စဉ်ပါ။

သမရိုးကျ ရူပဗေဒအရတော့ သတ္ထုကို လာရိုက်ခတ်တဲ့ အလင်းတန်းရဲ့ တောက်ပမှု ပမာဏ/Brightness လယ်ဗယ်က လုံလောက်တာထက် ပိုသွားတဲ့ ပမာဏကို ရောက်သွားတာနဲ့ အီလက်ထရွန်တွေက စပြီး ပြန်ကန်ထွက်ပါလိမ့်မယ်။ ဒါပေမဲ့ တကယ့်တကယ်မှာတော့ အီလက်ထရွန်တွေ ထွက်/မထွက်က လာရိုက်တဲ့ အလင်းတွင်းက ရောင်စဉ်တန်းအပေါ် မူတည်နေတာပါ။

အဲ့ဒီယူဆချက်က အိုင်းစတိုင်း မက်စ်ပလန့်ခ်ရဲ့ အီကွေးရှင်း (Max Planck) ကို သုံးပြီး photoelectric effect ကို လေ့လာနေချိန်ပါ။ ပလန့်ခ်ရဲ့ အီကွေးရှင်းအရ အလင်းလှိုင်းတွေက ကွမ်တာလို့ခေါ်တဲ့ အထုပ်သေးလေးတွေနဲ့ စွမ်းအင်တွေကို သယ်ဆောင်တယ်လို့ ပြောပါတယ်။ အဲ့ဒီအီကွေးရှင်းက အလင်းရောင်စဉ်လှိုင်းတွေအနေနဲ့ သူတို့ရဲ့ လှိုင်းအလျားအပေါ် မူတည်ပြီး စွမ်းအင်ပမာဏ ဘယ်လောက် သယ်ဆောင်တယ်ဆိုတာကို ချိတ်ဆက်ပေးထားပါတယ်။ အဲ့တော့ အလင်းတန်းထဲက သတ်မှတ်စွမ်းအင်ပမာဏ လုံလုံလောက်လောက်ပါတဲ့ ရောင်စဉ်တန်းတစ်ခု သတ္ထုမျက်နှာပြင်ပေါ် လာရိုက်ခတ်တဲ့အခါ အလင်းတန်းရဲ့ ဖိုတွန်အတွင်းမှာ ပါလာတဲ့ စွမ်းအင်တွေက သတ္ထုအတွင်းက အီလက်ထရွန်တွေဆီ လွှဲပြောင်းပေးတယ်လို့ မှတ်ယူရနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ ဒြပ်အတွင်းက အီလက်ထရွန်တွေက  သတ္ထုမျက်နှာပြင်ပေါ်ကနေ emit လုပ်ဖို့ လိုအပ်တဲ့ စွမ်းအင်ပမာဏကို ပိုင်ဆိုင်သွားပြီး photoelectric effect ကို ဖြစ်စေပါတယ်။

အိုင်းစတိုင်းက ပလန့်ခ်ရဲ့ အီကွေးရှင်းကို အခြေခံပြီး အလင်းဆိုတာ လှိုင်းအသွင်ဆောင်သလို ပါတစ်ကယ်အသွင်လဲ ဆောင်နိုင်တယ်၊ ဖိုတွန်တွေဟာ လှိုင်းနဲ့ အမှုန် ပုံစံနှစ်ခုစလုံးနဲ့ ယှဉ်တွဲသွားလာနိုင်တယ်ဆိုတဲ့ ယူဆချက်တစ်ခုကို အဆိုပြုခဲ့တာပါ။

အဲ့ဒီအချိန်ကတည်းက ရူပဗေဒပညာရှင်တွေက သမရိုးကျရူပဗေဒမှာရှိတဲ့ အသိပညာတွေက အဏုမြူအဆင့်က ဒြပ်တွေကို နားလည်နိုင်ဖို့အတွက် အသုံးပြုလို့မရဘူးဆိုတာ ကောင်းကောင်းသဘောပေါက်သွားတာပေါ့။

သူတို့က သမရိုးကျ ရူပကိုတော့ Classical Physics လို့ နာမည်ပေးတယ် .. ခေတ်သစ်ရူပဗေဒမှာ ကွမ်တမ်လယ်ဗယ်ဒြပ်တွေကို လေ့လာဖို့အတွက်တော့ ကွမ်တမ်ရူပဗေဒ (Quantum Physics) ဆိုပြီး သတ်မှတ်ခဲ့တယ်။ ကွမ်တမ်ရူပဗေဒက အလေ့လာခံ ကမ္ဘာကိုတော့ ကွမ်တမ်ကမ္ဘာလို့ သုံးနှုန်းကြပါတယ်။

―――――――

ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့လို သာမန်လူတွေရဲ့ ဦးနှောက်က ကျွန်တော်တို့ ကြုံတွေ့ခံစားနေရတဲ့ အနှိုင်းဘောင်ထဲက အရာတွေကိုပဲ နားလည်နိုင်စွမ်းရှိတာပါ။ လမ်းပေါ်မှာ မောင်းနေတဲ့ ကား၊ ဘောပင်တစ်ချောင်းရဲ့ မက္ကင်းနစ်၊ အပေါ့သွားရင်း မြင်ရတဲ့ ဆီးလမ်းကြောင်းရဲ့ Projectile motion .. စသဖြင့်ပေါ့။ တစ်ခါတလေ ဒီအဆင့်မှာတောင် ရှုပ်ရှက်ခတ်နေတာကြောင့် ကွမ်တမ်အနှိုင်းဘောင်အတွင်းက ကွမ်တမ်ကမ္ဘာကို နားလည်နိုင်ဖို့ဆိုတာ အလှမ်းဝေးတယ်ပြောရမလားပါပဲ။

နမူနာပေါ့ဗျာ၊ အခုစာဖတ်နေတဲ့သူက အင်မတန်ကြီးမားတဲ့ နံရံကြီးတစ်ခု ရှေ့မှာ ရပ်နေတယ်လို့ မြင်ယောင်ကြည့်ပေါ့။ ခင်ဗျားက နံရံရဲ့ ဟိုဘက်ခြမ်းကို ရောက်ချင်တယ်။ ဒါပေမဲ့ နံရံရဲ့ ပတ်ပတ်လည်ဘက်တွေမှာ အတော်အန္တရာယ်များတဲ့ မိကျောင်းတွေရှိနေမယ်။ ခင်ဗျားက ဟိုဘက်တစ်ခြမ်းကို ရောက်ချင်တာဖြစ်လို့ ဒီနံရံကို ကုတ်ကပ်ပြီး တွယ်တက်ရင်တက်၊ မတက်ရင်လဲ နံရံကို အပေါက်ကြီးကြီးတစ်ခု ဖောက်ပြီး ဖြတ်သွားမယ်ဆိုပါစို့။ ဒါပေမဲ့ ခင်ဗျားအနေနဲ့ အဲ့ဒီနည်းနှစ်ခုလုံး လုပ်ဖို့ရာအတွက် လိုအပ်တဲ့ စွမ်းအင်ပမာဏ တစ်ခု မရှိဘူးဆိုရင် နံရံဟိုဘက်ခြမ်းကို ဘယ်ရောက်နိုင်မလဲ။ ဒါက ကျွန်တော်တို့ တွေ့ကြုံခံစားရတဲ့ ကမ္ဘာလောကမှာပေါ့လေ။

ဒီတွေးဆချက်က အခုကမ္ဘာမှာတော့ မှန်ပေမဲ့ ကွမ်တမ်မှာတော့ အဲ့လိုမဟုတ်ပါဘူး။ ကွမ်တမ်ကမ္ဘာမှာရှိတဲ့ ပါတစ်ကယ်တွေအနေနဲ့ ဒီအတားအဆီး (စွမ်းအင်အတားအဆီး) တစ်ခုကို စွမ်းအင်လုံလုံလောက်လောက် မရှိထားဘဲ ဖြတ်သွားနိုင်ပါတယ်၊ စနစ်တကျပြောရရင်တော့ ပါတစ်ကယ်ရဲ့ ဖြစ်နိုင်ချေလှိုင်းလို့ ခေါ်တဲ့ လှိုင်းတစ်မျိုးကို အတားအဆီးရဲ့ ဆန့်ကျင်ဘက်ခြမ်းမှာ တွေ့ရနိုင်ချေရှိတယ်ဆိုတဲ့ အယူအဆပါ။  ဒါကိုတော့ Quantum Tunneling လို့ ခေါ်ပါတယ်တဲ့။ (အကြမ်းဖျင်း နားလည်လွယ်အောင်ရေးထားတာပါ။)

ဒီဖြစ်စဉ်က ကြယ်တွေကို မွေးဖွားပေးဖို့နဲ့ ကြယ်တွေရဲ့ စွမ်းအင်အရင်းအမြစ် ထုတ်လုပ်ရေးတွေအတွက် အဓိကကျတဲ့ နျူကလီးယားဖျူရှင်နဲ့လဲ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ပညာရှင်တွေက ဒါကို နေရဲ့ ဗဟိုကတဆင့် သိရှိနိုင်ခဲ့ကြတာပေါ့။ (နျူကလီးယားဖျူရှင်နဲ့ ကြယ်တွေ ဘယ်လိုမွေးလဲရယ်၊ ဆက်စပ်ဆောင်းပါးတချို့ရယ်ကိုတော့ အောက်မှာ တင်ပေးထားပါမယ်။)

―――――――

ဆက်ပြောရရင်တော့ လက်တွေ့ဘဝမှာ ကျင့်သုံးနေတဲ့ အသိပညာတွေက ကွမ်တမ်အနှိုင်းဘောင်အတွက် အဆင်မပြေနေဘူး။ နောက်ဆုံးကျန်တဲ့ အားကိုးစရာတစ်ခုကတော့ သင်္ချာပါပဲ။ ကွမ်တမ်ရူပဗေဒကို လှလှပပ တင်စားဖော်ပြနိုင်တဲ့ ဘာသာစကားက သင်္ချာဖြစ်ပါတယ်။

ကွမ်တမ်ရူပဗေဒရယ်လို့ သတ်သတ်မှတ်မှတ်ဖြစ်လာချိန်ကတည်းက ကွမ်တမ်ကမ္ဘာရဲ့ ရှုပ်ထွေးမှုတွေ၊ ဆန်းကြယ်လှပမှုတွေကို သင်္ချာကျေးဇူးနဲ့ နားလည်ခဲ့ရတယ်ပေါ့။ ဥပမာ .. ရှရိုးဒင်းဂါးရဲ့ သင်္ချာညီမျှခြင်းမှာဆိုရင် ကွမ်တမ်ကမ္ဘာထဲက ပါတစ်ကယ်တွေက သတ်မှတ်အခြေအနေ (Definite state) မှာ ရှိမနေဘူးလို့ ဖော်ပြထားတယ်။

ရှရိုးဒင်းဂါးက သူ့ညီမျှခြင်းကြီးကို ရှုပ်နေသူတွေအတွက် အပေါ်မှာ ပြောခဲ့ဖူးတဲ့ ကြောင်စမ်းသပ်ချက်နဲ့ ဥပမာပေးပြီး ရှင်းပြခဲ့ပါသေးတယ်။ ဒီမှာလဲ အလားတူပါပဲ။ ကွမ်တမ်ကမ္ဘာထဲက ပါတစ်ကယ်တွေအနေနဲ့ သူတို့နှစ်ခုကို အချင်းချင်း ဆန့်ကျင်ဘက် အခြေအနေနဲ့ ခွဲထားရင်တောင် ဒီပါတစ်ကယ်တွေက တစ်ခုနဲ့ တစ်ခု ရောယှက် ချိတ်ဆက်ထားနိုင်မှု ရှိသေးတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်ကိုလဲ Quantum Entanglement လို့ လူတွေ သိကြပါတယ်။ မြင်သာအောင် ပြောရရင် ကျွန်တော်တို့ အကြွေစေ့လေးနှစ်စေ့ကို လက်က ကိုင်ထားကြည့်ပါ။ ဒီနှစ်ခုက သူတို့ဟာ သူတို့ တစ်ခုစီ သီးခြား တည်ရှိနေတာပါ၊ ချိတ်ဆက်နေတာမျိုး မရှိပါဘူး။ အကြွေစေ့နှစ်ခုစလုံးက ခေါင်း၊ ဒါမှမဟုတ် ပန်းကျဖို့ ၅၀ ရာခိုင်နှုန်း အသီးသီးရှိကြပါတယ်။ အခု ကျွန်တော်တို့က ဒီ အကြွေစေ့နှစ်စေ့ဟာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ငြိ (Entangle) ဖြစ်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ တစ်ဖက်က အကြွေစေ့ကို လှန်လိုက်လို့ သူက ခေါင်းကျရင် နောက်တစ်ဖက်က အကြွေစေ့က ပန်းကျနေတယ်၊ သူတို့နှစ်ခုက ချိတ်ဆက်နေပြီးတော့ တစ်ခုနဲ့ တစ်ခု ဆန့်ကျင်ဘက်ဖြစ်နေတယ်ပေါ့။ ဒါဆို အဲ့အကြွေစေ့တွေကို အာကာသယာဉ်တစ်စင်းစီထဲ ထည့်ပြီး ဆန့်ကျင်ဘက်ကို ဦးတည်ပြီး အချိန်ငါးနှစ်ကြာအောင် ခရီးနှင်ခိုင်းကြည့်ပါမယ်။ ငါးနှစ်ပြည့်တဲ့အခါ ယာဉ် ၁ က အကြွေစေ့ကို ယာဉ်ထဲပါလာတဲ့ မောင်မောင်က လှန်ကြည့်ပါမယ်၊ အလားတူပဲ ယာဉ် ၂ ထဲ ပါလာတဲ့ အောင်အောင်က သူ့ဆီက အကြွေစေ့ကို လှန်ပါလိမ့်မယ်။ ယာဉ် ၁ က မောင်မောင်က အကြွေစေ့ကို လှန်နေချိန်မှာ ဒီအကြွေစေ့က ခေါင်း/ပန်းကျနိုင်ခြေက ၅၀% စီ ရှိနေမှာပါ။ ဒါပေမဲ့ မောင်မောင်လှန်လိုက်တဲ့ အကြွေက ခေါင်းကျတာနဲ့ အောင်အောင့်ဆီက အကြွေစေ့ကလဲ ၁၀၀% သေချာပေါက် ပန်းကျကိုကျမှာပါ။ အကြောင်းကတော့ ဒီအကြွေစေ့နှစ်ခုက တစ်ခုနဲ့တစ်ခု ချိတ်ဆက်ရောယှက် (Entangle) ဖြစ်နေလို့ ဖြစ်ပါတယ်။ မောင်မောင့်အနေနဲ့ သူ့ဆီက အကြွေစေ့ ခေါင်းကျတယ်ဆိုတာကို သိတာနဲ့ တပြိုင်နက် အောင်အောင့်ဆီက အကြွေစေ့က ပန်းဖြစ်နေမယ်ဆိုတာကို တပ်အပ်သိနိုင်မှာပါ၊ အပြန်အလှန်အနေနဲ့ အောင်အောင်ကလဲ ဒီဟာကို သိပါလိမ့်မယ်။ ဒါက လူသိများတဲ့ ဖြစ်ရပ်တွေပေါ့။ ဒီဖြစ်ရပ်တွေက ကွမ်တမ် realm မှာ တွေ့ကြုံခံစားရတာတွေလို့ ပြောနိုင်တယ်။

ကွမ်တမ်က အဲ့လို ဆန်းကြယ်ထွေပြားလှပါတယ်။ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီအရ ဘယ်လိုအရာကမှ အလင်းအလျင်ထက် မြန်အောင် မသွားနိုင်ပါဘူး၊ ဘယ်လိုသတင်းအချက်အလက်ကမှ အလင်းအလျင်ထက် မြန်အောင် စီးဆင်းနိုင်ခြင်းမရှိဘူးဆိုပေမဲ့ ကွမ်တမ်ကမ္ဘာမှာတော့ အဲ့ဒီအချက်က အကျုံးမဝင်ဘူး ဖြစ်နေတာပေါ့။ ဒီနေရာမှာ Classical Physics က ရလေတီဗတီ နဲ့ ကွမ်တမ် စပြီး ညှိမရတော့တာပါ။ ဒီနှစ်ခုကို ညှိနိုင်ဖို့ကလဲ ရူပဗေဒနယ်ပယ်ရဲ့ အကြီးမားဆုံး ရည်ရွယ်ချက်ပါပဲ။

နောက်ဆုံးအပိုင်းကိုတော့ နက်ဖြန်တင်ပေးပါ့မယ်။

ကြယ်တွေဘယ်လိုမျိုး ဂြိုဟ်တွေဘယ်လိုဖြစ်

ကြယ်တာရာတွေရဲ့ နေဝင်ချိန်

Fission, Fusion အမေးအဖြေ

ဖိုတွန်တစ်လုံးဟာ နေရဲ့ဝတ်ဆံကနေ ကမ္ဘာကိုရောက်ဖို့ နှစ်‌ပေါင်းသိန်းချီ ဘာကြောင့်ကြာမြင့်ရတာလဲ။

နေကလာတဲ့ ခရီးသည်ရောင်ခြည်

Zwe Thukha Min

Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People. With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.

Article Credits

Written by Zwe Thukha Min
Copy Editing Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.