May 10, 2026 | မြန်မာ

သက်ရှိတွေရဲ့ Civilization နှင့်ဂြိုဟ်သားတွေတကယ်ပဲရှိနေနိုင်သလား?

ကျွန်တော်တို့အခုနေထိုင်နေတဲ့ ကမ္ဘာကြီးတည်ရှိရာ Milky Way Galaxy တစ်ခုထဲမှာတင် ကမ္ဘာနဲ့ တူတဲ့ဂြိုလ်ပေါင်း သန်း ၄ သောင်း၊ Solar System ၄၀၀၀ နီးပါးနဲ့ ဂြိုလ်ပေါင်း ၁၀၀ ဘီလီယံ၀န်းကျင်အနည်း‌ဆုံး ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါတွေအပြင်ကိုမှ Universe ထဲမှာလည်း Galaxy တွေက ရေတွက်လို့မ‌ရအောင်ကိုရှိနေတာပါ။ ဒီလိုမျိုး ရေတွက်လို့မရအောင်များတဲ့…

Text size

ကျွန်တော်တို့အခုနေထိုင်နေတဲ့ ကမ္ဘာကြီးတည်ရှိရာ Milky Way Galaxy တစ်ခုထဲမှာတင် ကမ္ဘာနဲ့ တူတဲ့ဂြိုလ်ပေါင်း သန်း ၄ သောင်း၊ Solar System ၄၀၀၀ နီးပါးနဲ့ ဂြိုလ်ပေါင်း ၁၀၀ ဘီလီယံ၀န်းကျင်အနည်း‌ဆုံး ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါတွေအပြင်ကိုမှ Universe ထဲမှာလည်း Galaxy တွေက ရေတွက်လို့မ‌ရအောင်ကိုရှိနေတာပါ။ ဒီလိုမျိုး ရေတွက်လို့မရအောင်များတဲ့ ဂြိုလ်တွေ၊ Galaxy တွေမှာ တခြားဉာဏ်ရည်မြင့် သက်ရှိတွေ တည်ရှိမနေနိုင်ဘူးလို့ တပ်အပ်ပြောမယ်ဆိုရင် သိပ်တော့ လက်ခံချင်စရာ ကောင်းမှာမဟုတ်ပါဘူး။ ဒါပေမယ့်တကယ်လည်း စကြာဝဠာလုံးဆိုင်ရာမှာ ကျွန်တော်တို့ကမ္ဘာက တစ်ခုတည်းသော သက်ရှိရှင်သန်ရာ နေရာတစ်ခု ဖြစ်နေနိုင်ပါတယ်။ သက်ရှိတွေ လုံး၀မရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီသီအို‌ရီတွေရဲ့အနောက်မှာ ကပ်ပါလာတာတွေရှိနေပါတယ်။ ဒါဆို ဂြိုလ်သား (Alien) တွေတကယ်ပဲရှိနေသလား။ ရှိနေတယ်ဆိုရင်ရော သူတို့ကို ဘယ်လိုရှာကြမလဲဆိုတာပါ။

ဂြိုလ်သားတွေသာ တကယ်ရှိခဲ့မယ်ဆိုရင် သူတို့က ကျွန်တော်တို့လူသားတွေထက် နှစ်သန်းပေါင်းများစွာကျော်ကြာတည်ရှိနေခဲ့ပြီးတော့ သူတို့ရဲ့ နည်းပညာနဲ့ သိပ္ပံပညာတွေက ကျွန်တော်တို့လူသားတွေလိုက်မမီနိုင်တဲ့ အဆင့်အတန်းတစ်ခုကို ရောက်နေပြီးသားဖြစ်နိုင်နေသလို ကျွန်တော်တို့ထက် နောက်ကျ‌ပြီးမှ ပေါ်ပေါက်လာပြီး အခုအချိန်ထိ ကျောက်ခေတ်လိုမျိုးမှာပဲရှိနေသေးတာကိုလည်း ထည့်တွေးဖို့လိုပါလိမ့်မယ်။

Nikolai Kardashev လို့ခေါ်တဲ့ နက္ခတ္တဗေဒပညာရှင်ကလည်း ဒီလိုအတွေးကိုတွေးမိခဲ့ပါတယ်။ ဒါကြောင့်ပဲ Civilization တွေကို နည်းပညာအဆင့်အတန်းတွေအပေါ်မှာလိုက်ပြီးတော့ ခွဲခြားခဲ့ပါတယ်။ Kardashev အနေနဲ့ Civilization Type တွေအပေါ်မှာမူတည်ပြီးတော့ ဘယ်လိုပုံစံတွေရှိနေမလဲ၊ ဘယ်လို Energy တွေကိုအသုံးပြုပြီး တိုးတက်လာကြလဲဆိုတာတွေကို လေ့လာခဲ့ပါတယ်။ Energy ဆိုတာက သိပ္ပံနဲ့ နည်းပညာ‌တိုးတက်လာဖို့အတွက် အရေးပါတဲ့အခန်း ကဏ္ဍကနေ ပါ၀င်နေပါတာပါ။ Energy တွေကိုပိုပြီးထုတ်လုပ်လာနိုင်တာနဲ့အမျှ ပိုပြီး Advanced ဖြစ်တဲ့ Civilization Type ကိုရောက်ရှိလာကြမှာပါ။ ဒီလိုလိုထုတ်လုပ်မှုတွေအပေါ်လိုက်ပြီးတော့ ဖြစ်နိုင်ချေရှိတဲ့ Civilization Type တွေကိုခွဲခြားပြီးတော့ အဲ့ဒီ Type တွေကို ယနေ့ခေတ်မှာ Kardashev Scale လို့ခေါ်ကြပါတယ်။ Kardashev အနေနဲ့ Civilization Type သုံးခု ( Type I,II,III ) ကိုပဲဖော်ပြထားတယ်ဆိုပေမယ့် နောက်ပိုင်း Researcher တွေက Type VII (7) အထိထပ်ခွဲခဲ့ပါတယ်။

ဒါဆိုရင် ဒီ Civilization Type 7 ခုအကြောင်း တစ်ခုချင်းစီ လေ့လာကြည့်လိုက်ရအောင်။

Type 0 Civilization

Type 0 Civilization မှာဆိုရင် Energy တွေကိုအသုံးပြုနိုင်ဖို့အတွက် ကျွန်တော်တို့နေထိုင်နေတဲ့ ဂြိုလ်မှာရှိနေတဲ့ သဘာ၀သယံဇာတတွေဖြစ်တဲ့ သစ်ပင်၊ ဆီတွေနဲ့ Gas တွေကနေပြီးတော့ထုတ်ယူသုံးစွဲရပါတယ်။ ဒီအဆင့်မှာက ကိုယ်ပိုင် ပါဝါတွေကို Generate မလုပ်နိုင်‌သေးဘဲ နေနဲ့ တခြား resource တွေကနေမှီခိုပြီးတော့ အသုံးပြုနေရတဲ့ အဆင့်မှာပဲရှိပါသေးတယ်။ ဒီအဆင့်ကို “Baby” Civilization Type လို့လည်း ခေါ်ပါတယ်။ Kardashev Scale အရ Civilization Type တွေက Energy Produced Per Second ( တစ်စက္ကန့်မှာ စွမ်းအင်ထုတ်လုပ်မှုနှုန်း ) အပေါ်မှာအခြေခံပါတယ်။ Type I Civilization အဆင့်ရောက်ဖို့ဆိုရင် အနည်းဆုံး 10^16 watt per second ထုတ်လုပ်နိုင်ဖို့လိုအပ်မှာပါ။ နက္ခတ္တဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ Carl Sagan ရဲ့တွက်ချက်မှုတွေအရ ကျွန်တော်ရဲ့အခု Civilization က 0.72 ပဲရှိသေးတယ်လို့ဆိုပါတယ်။ Kardashev Scale အရ 0.1 တက်လာဖို့အတွက် စွမ်းအားထုတ်လုပ်နိုင်စွမ်းက 10ဆပိုတက်ဖို့လိုအပ်မှာပါ။ လက်ရှိအခြေအနေအရ နောက်လာမယ့် နှစ်ပေါင်း 100 နဲ့ 200 ကြားမှာ 0.72 ကနေ 1.0 ကိုရောက်နိုင်လိမ့်မယ်လို့ခန့်မှန်းကြပါတယ်။

Type I Civilization

ဒီ Civilization ကို တစ်နည်းအားဖြင့် “Planetary Civilization” လို့လည်းခေါ်ကြပါတယ်။ ဒီအဆင့်မှာဆိုရင် သဘာဝသယံဇာတတွေဖြစ်တဲ့ ဆီလို Resources တွေအစား နျူကလီးလားစွမ်းအင်ကိုပြောင်းလဲအသုံးပြုကြရပါတော့မယ်။ အခုလက်ရှိ Level 0.72 မှာနျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေမှာ Nuclear fission ကနေတစ်ဆင့် စွမ်းအင်ထုတ်လုပ်နိုင်နေပါပြီ။ Nuclear Fission မှာဆိုရင် Energy Conversion Ratio နည်းပါးတာ၊ ရေဒီယိုသတ္တုကြွပစ္စည်းတွေထွက်တာကြောင့် နျူကလီးယားမတော်တဆမှုဖြစ်ပေါ်နိုင်ချေ အနည်းငယ်ရှိပါတယ်။ ဒါပေမယ့် Type I Civilization မှာတော့ Nuclear Fission အစား Nuclear Fusion ကိုအစားထိုးပြောင်းလဲအသုံးပြုကြလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ( Fission, Fusion အကြောင်းအသေးစိတ်ကို ပေ့ချ်မှာ “Fission, Fusion အမေးအဖြေ” ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ထားပေးတာရှိပါတယ်၊ နျုကလီးယားစွမ်းအင်နဲ့ လျှပ်စစ်ထုတ်တဲ့ အကြောင်းကိုလည်း အလုပ်လုပ်ပုံအသေးစိတ် ရေးထားပါတယ်။) တကယ်လို့ Nuclear Fusion ကို အသုံးပြုနိုင်ပြီဆိုရင် ပိုအန္တရာယ်ကင်းပြီးတော့ အခုထက်ပိုပြီးများပြားတဲ့ စွမ်းအင်ကိုထုတ်လုပ်လာနိုင်တော့မှာပါ။ Type I Civilization ဖြစ်လာပြီဆိုရင် ကျွန်တော်တို့တွေအနေနဲ့ Solar System ထဲမှာရှိတဲ့ ဂြိုလ်အားလုံးဆီကို အာကသယာဉ်တွေ ပို့လွှတ်လာနိုင်လာမယ့်အပြင် ပိုပြီးတိုးတက်လာမယ့် သိပ္ပံနဲ့ နည်းပညာတွေက ကင်ဆာနဲ့ လက်ရှိအချိန်မှာ ကုသဖို့မဖြစ်နိုင်သေးတဲ့ ဗိုင်းရပ်စ်‌တွေ တခြားရောဂါတွေကို အရှင်းပျောက်အောင် ကုပေးလာနိုင်မှာဖြစ်တဲ့အပြင် ဆေးပညာပိုင်းမှာလည်း ဘယ်ကိုယ်အင်္ဂါအစိတ်အပိုင်းကိုမဆို အစားထိုးလာနိုင်ပြီး ကျွန်တော်တို့ရဲ့ ပျမ်းမျှသက်တမ်းကိုပါ ဆွဲဆန့်လာနိုင်မယ့်အနေအထားရှိပါတယ်။ ဒါတွေက Type I Civilization ရဲ့အစောပိုင်းမှာ ဖြစ်လာဖို့ခဲယဉ်းပြီးတော့ Early Civilization ကနေ အဆင့်မြင့် Advanced Civilization ကိုရောက်ရှိဖို့အတွက် နှစ်ပေါင်း ၃၀၀၀ လောက်လိုအပ်ဦးမှာဖြစ်ပါတယ်။

Type II Civilization

Stellar Civilization လို့ခေါ်တဲ့ ဒီ Civilization မှာဆိုရင် အဓိကစွမ်းအင်အရင်းအမြစ်က အနီးနားမှာရှိတဲ့ ကြယ်တွေဆီကနေ ရယူဖို့လိုအပ်လာပါပြီ။ ဒီအဆင့်မှာဆိုရင် Type I မှာအသုံးပြုခဲ့တဲ့ Nuclear Fusion ကရတဲ့ စွမ်းအင်ပမာဏက စွမ်းအင်လိုအပ်ချက် ပိုများလာနေတဲ့ သိပ္ပံနဲ့ နည်းပညာပိုင်းဆိုင်ရာတွေအတွက် လုံလောက်မှုမရှိတော့ပါဘူး။ ဒါကြောင့်ပဲ အနီးနားမှာရှိတဲ့ ကြယ်တွေဆီကနေ ရယူမယ့်အကြံက အဖြစ်နိုင်ဆုံးကိစ္စတစ်ခုဖြစ်လာပါတော့တယ်။ ရူပဗေဒပညာရှင်တစ်ယောက်ဖြစ်တဲ့ Freeman Dyson က ကြယ်တွေဆီကနေ စွမ်းအင်ရယူနိုင်မယ့် “Dyson Sphere”လို့ခေါ်တဲ့ ပုံကြမ်းကိုရေးဆွဲခဲ့ပါတယ်။ Dyson က Cilvilization ကပိုပြီးတိုးတက်လာတာနဲ့အမျှ ကြယ်တွေဆီကနေ စွမ်းအင်တွေကိုထုတ်ယူသုံးစွဲရလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ Dyson Sphere ဆိုတာက ကြယ်တစ်လုံးရဲ့ ပတ်ပတ်လည်ကနေ စွမ်းအင်ရယူနိုင်ဖို့အတွက် အာကာသထဲမှာဆောက်လုပ်ထားမယ့် အကာအရံတစ်ခုပါ။ ကြယ်ရဲ့ပတ်ပတ်လည်ကိုကာရံထားတာနဲ့အမျှ သူ့ဆီကနေထွက်လာမယ့် စွမ်းအင်အားလုံးကို သိမ်းကြုံးပြီးယူထားလိုက်တဲ့သဘောပါပဲ။ ဒါပေမယ့်လည်း ဒီကိစ္စကတော်တော်လေးက လက်ရှိအချိန်မှာ တော်တော်လေးကို ယုတ္တိမရှိတာကြောင့်မလို့ ပိုပြီးတော့ ဖြစ်နိုင်ချေရှိတဲ့ Dyson Ring ဆိုတာပေါ်လာပါတော့တယ်။ ဒါကတော့ ကြယ်ကို အဝိုင်းပုံစံတပ်ဆင်ထားပြီးတော့ စွမ်းအင်ထုတ်လုပ်မှာပါ။ Type II ကိုရောက်လာပြီဆိုရင် အခုချိန်မှာကြုံတွေ့နေရတဲ့ စွမ်းအင်ပြဿနာတွေ (ရေးနေရင်းမီးပျက်) တာတွေရှိမှာမဟုတ်တော့ပါဘူး။ ကျွန်တော်တို့တွေအနေနဲ့ Solar System ထဲမှာရှိတဲ့ ကြိုက်တဲ့ဂြိုလ်တိုင်းကို ခါးပိုက်နှိုက်ခံရမှာစိတ်မပူဘဲ အလွယ်တကူ သွားလာနိုင်တော့မှာပါ။ ဒီ Level ကိုရောက်ဖို့ဆိုရင် နောက်ထပ် နှစ်ပေါင်း 100,000 ကနေ နှစ်ပေါင်း 1,000,000 ကြားလိုအပ်နေသေးတာကြောင့် ကျွန်တော်တို့ဒီဘဝမှာတော့ လူဖြစ်ရတာ သိပ်ကိုကောင်းတဲ့ မြန်မာနိုင်ငံတော်ကြီးထဲမှာပဲ နေနေရဦးမှာဖြစ်ပါတယ်။

Type III Civilization

ဒီ Civilization ကို Galatic Civilization လို့လဲခေါ်ပြီးတော့ ဒီအဆင့်မှာတော့ Type II အတိုင်းပဲ စွမ်းအင်ရယူပါတယ်။ဒါပေမယ့် ဒီအချိန်မှာတော့ ကြယ်ရဲ့အနီးကနေပဲမဟုတ်ဘဲ အဝေးကနေပါ စွမ်းအင်ထုတ်ယူလာနိုင်ပါပြီ။ နောက်ပြီးတော့ Type III Civilization က Antigravity Device တွေကို အသုံးပြုတဲ့ ပထမဆုံး Civilization ဖြစ်လာတော့မှာပါ။ ဒီလိုလုပ်နိုင်လာပြီးတဲ့နောက်မှာ Wormhole တွေကိုအသုံးပြုပြီး Galaxy တွေကြားဖြတ်သန်းသွားလာနိုင်လာပါပြီ။ လူတွေရဲ့သက်တမ်းက ရှည်သထက်ရှည်လာပြီးနောက်မှာ တော်ရုံမသေနိုင်တော့တဲ့အထိ ရှည်လာပါတော့တယ်။ လူတွေရဲ့သက်တမ်းကိုဆွဲဆန့်နေတဲ့ Life Science ကလည်းအဆုံးသတ်နီးနီးထိ ရောက်လာနေပြီဆိုနေမယ့် ဒီ Civilization မှာတော့ ထာဝရအသက်ရှင်နိုင်စွမ်း ( Immortality ) ကိုတော့ရရှိနိုင်ဦးမှာမဟုတ်သေးပါဘူး။ ဒါပေမယ့်လည်း Kardashev ကဒီထက်ပိုပြီးတော့မတိုးတက်နိုင်တော့ဘူးလို့ပြောခဲ့ပြီးတော့ ဒီအဆင့်ကသာ လူသားတွေရဲ့ အထွတ်အထိပ်လို့ယုံကြည်ခဲ့ပါတယ်။ တကယ်တမ်းမှာလည်း ဒီအဆင့်ရဲ့နောက်ပိုင်းက Civilization တွေက ယုံကြည်ဖို့အတော်လေးခက်ခဲပြီးတော့ ဘာတွေဖြစ်လာမလဲဆိုတာကိုတပ်အပ်မပြောနိုင်ပါဘူး ။ ဒါပေမယ့်လည်း တခြား  နက္ခတ္တပညာရှင်တွေက ဒိအကြောင်းကိုငြင်းခုန်ခဲ့ကြပြီးနောက်မှာ ဒီ့ထက်ပိုပြီးအဆင့်မြင့်တဲ့ Civilization 4 ခုတည်ရှိဦးမယ်ဆိုပြီး ထပ်ချဲ့ခဲ့ကြတောကြောင့် Civilization Type 7 အထိရှိလာပါတော့တယ်။ ကျန်တဲ့ Civilization 4 ခုကိုတော့ နောက်ထပ်ပိုစ့်တစ်ခုမှာ ဖော်ပြပေးသွားပါမယ်။

အခုလက်ရှိအချိန်မှာ ဂြိုဟ်သား ရှိနိုင်၊ မရှိနိုင်ကတော့ တပ်အပ်မပြောနိုင်သေးပါဘူး။  သိပ္ပံက လက်ရှိအချိန်ထိ လက်လှမ်းမီသေးတဲ့ အတိုင်းအတာအရတော့ မားစ်‌ဂြိုဟ်ပေါ်မှာ တစ်ချိန်က သက်ရှိတွေ.. ဟိုလို အကောင်တွေ၊ တိရစ္ဆာန်ကြီးတွေမဟုတ်၊ micro organism လေးတွေ နေခဲ့နိုင်တဲ့ အထောက်အထားတွေ့ရပါတယ်။ တခြား နေအဖွဲ့အစည်းတွေမှာလည်း သက်ရှိရှင်သန်ဖို့အတွက် အထောက်အကူပြုတဲ့ ဂြိုဟ်တွေ ရှိကောင်းရှိနိုင်မယ့်အပြင်၊ ကမ္ဘာပေါ်က သက်ရှိတွေလို evolution ကြီးကြီးမားမားမဖြစ်သေးဘဲ အခုမှ စတင်နေတာမျိုး၊ ဒါမှမဟုတ်လည်း evolution တော့ ဖြစ်နေတယ်၊ ဒါပေမဲ့ သက်ရှိပျက်ကပ်တွေနဲ့ ကြုံရတာမျိုးကြောင့် အကုန်သေဆုံးကုန်တာမျိုး ဖြစ်နိုင်ပါတယ်။ (ကမ္ဘာပေါ်က သက်ရှိတွေလည်း ဟိုးးအရင်ချိန်တုန်းက ကပ်ဘေးအမျိုးမျိုး ကြုံခဲ့ပါတယ်၊ ကျန်ရစ်တာတွေကနေ အခုလိုအထိ ဆင့်ကဲပြောင်းလဲလာတာပါ။ သိပ္ပံပညာရှင်တွေက နေအဖွဲ့အစည်းပြင်ပက သက်ရှိတွေ ရှင်သန်နေနိုင်တဲ့ exoplanet တွေအကြောင်း အကျယ်တဝင့်လေ့လာတာမျိုးရှိပါတယ်။ သိပ္ပံက အဲ့လိုလေ့လာတာဟာ ကမ္ဘာလို သက်ရှိတွေရှင်သန်နိုင်ဖို့ အပြီးပြည့်စုံဆုံး အထောက်အကူပြုနိုင်တဲ့ ဂြိုဟ်မျိုးတွေ ရှိနေသေးလားဆိုတာနဲ့ ဂြိုဟ်တွေ ကြယ်တွေအကြောင်း ပိုမိုနားလည်ချင်ရုံသာဖြစ်ပါတယ်။ ဂြိုဟ်သားတွေနဲ့ ဆက်သွယ်ချင်တာမျိုးမဟုတ်ပါ၊ ဒီလောက်ဝေးတဲ့ ဂြိုဟ်တွေပေါ်မှာ သက်ရှိတွေရှိနေနိုင်လည်း ရှာတွေ့နိုင်မယ့်နည်းလမ်း အခုမရှိသေးပါဘူး။)

 

Htoo Tay Za

Htoo Tay Za is the Co-Founder of Fact Hub Myanmar. Currently serving as the platform's Head of Publishing and Research and Development Officer, he oversees its technical operations and editorial frameworks. He initially contributed to the digital newsroom as a regular author dedicated to science communication and pseudoscience checking, but has since shifted his focus toward backend infrastructure. His technical background also extends to scientific computing and experimental physics, including experience developing simulations for practical applications. Alongside managing digital operations and coordinating grant-funded science education workshops, he maintains a broad interest in exploring the intersections of artificial intelligence, history, and physics.

Article Credits

Written by Htoo Tay Za

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.