ခံစားချက်တစ်ခုခုအတွက် စကားလုံးမရှိတဲ့ ခံစားချက်ကို သိတယ် မဟုတ်လား . . . ? ဒါက သိမှုဆိုင်ရာလစ်ဟာခြင်း (Hypocognition) ဆိုတာလေ၊ ဆင်ဆာဖြတ်ဖို့နဲ့ ဖိနှိပ်ဖို့အတွက် သုံးကြတာပေါ့။
ဖော်ပြထားတဲ့ သင်္ကေတတွေထဲမှာ ကွဲထွက်နေတဲ့ တစ်ခုကို သင် ရှာနိုင်ပါသလား ?

ရှာတွေ့ဖို့ အချိန်ဘယ်လောက် ယူလိုက်ရပါသလဲ ?
နောက်တစ်ခုလောက် ထပ်ရှာကြည့်ရအောင်။ ထပ်ပြီး ကွဲထွက်နေတဲ့ သင်္ကေတကို ရှာကြည့်ပါ။

ဒီပုံက ပထမပုံကို ညာဘက် ၉၀ ဒီဂရီ လှည့်ထားရုံပါ။ အခုတစ်ခေါက်မှာတော့ ကွဲထွက်နေတဲ့ သင်္ကေတကို ရှာတွေဖို့ ပိုလွယ်သွားတယ် မဟုတ်လား။ အဲဒီသင်္ကေတတွေကို 2 နဲ့ 5 ဆိုပြီး ခွဲခြားမြင်ယောင်ကြည့်လိုက်ရတဲ့ အကြောင်းရင်းက 2 နဲ့ 5 ဖြစ်နေလို့ပဲ – ငယ်ငယ်ကတည်းက ဂဏန်းသင်္ချာမှာ သင်ယူခဲ့ကြရတဲ့ ကိန်းဂဏန်းဆိုင်ရာအယူအဆတွေ၊ အနက်သဘောနဲ့ ပတ်သက်ပြီး သေချာခံစားသိမိနေတဲ့ စိတ်သဘောဆိုင်ရာ ကိုယ်စားပြုချက်တွေကြောင့်ပါပဲ။ ပထမပုံအတွက် ဒီအယူအဆ မရှိတာကြောင့် ကပေါက်တိကပေါက်ချာ သင်္ကေတတွေ လို့ပဲ မြင်နေပြီး ဂြိုဟ်သားစာတွေလို ထူးဆန်းတဲ့၊ တစ်ခုနဲ့တစ်ခု ဝေခွဲမရ ခွဲခြားမရတဲ့ သင်္ကေတတွေအဖြစ် မြင်ခဲ့တာပေါ့။ (ဖြည့်စွက် — ပထမဆုံး ပြတဲ့ သင်္ကေတတွေကို မြန်မာစာဖတ်သူတွေဆိုရင် ‘လ’ နဲ့ ‘ဟ’ အဖြစ် မြင်နိုင်လို့ မူရင်းစာရေးသူ ပြောထားသလို မခွဲခြားနိုင်တာမျိုး ဖြစ်နေမှာတော့ မဟုတ်ပါဘူး။)
အတွေ့အကြုံတစ်ခုကို ဖော်ပြဖို့ စကားလုံးတွေရှိရင်၊ တိကျတဲ့ ဘာသာစကားနဲ့သာ ဖမ်းဆုပ်လို့ရရင် ကောင်းမှာပဲ ဆိုတဲ့ ထူးထူးဆန်းဆန်း ခံစားချက်မျိုးပေါ့လေ။ အဲဒီလိုမှ မဟုတ်ရင် လူတွေက သိမှုဆိုင်ရာလစ်ဟာခြင်း (Hypocognition)– အတွေးအကြံတွေ၊ အတွေ့အကြုံတွေကို ဖော်ပြဖို့နဲ့ အဓိပ္ပာယ်ကောက်ဖို့ ဘာသာစကားဆိုင်ရာ၊ ဒါမှမဟုတ် သိမှုပိုင်းဆိုင်ရာ ကိုယ်စားပြုမှု ကင်းမဲ့ခြင်း — အဆင့်ကို ရောက်နေကြတော့တာ။ တမျိုးတမည်ထူးခြားနေတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုကို ၁၉၇၃ ခုနှစ်မှာ မှတ်တမ်းတင်ခဲ့တဲ့ အမေရိကန် မနုဿဗေဒပညာရှင် ရောဘတ် လီဗီက ဒီစကားလုံးကို အမူအကျင့်ဆိုင်ရာသိပ္ပံနယ်ပယ်မှာ စပြီး မိတ်ဆက်ပေးခဲ့ပါတယ် — တဟီတီကျွန်းသားတွေက ကိုယ်ချစ်ရတဲ့သူ တစ်ယောက်ယောက်ကို ဆုံးရှုံးရလို့ စိတ်ဆင်းရဲရတဲ့အခါ ဝမ်းနည်းပူဆွေးမှုကို မဖော်ပြခဲ့ကြဘူး။ နာမကျန်းတွေ ဖြစ်ကြတယ်။ ထူးဆန်းတဲ့ ခံစားချက်တွေ ရကြတယ်။ ဒါပေမဲ့ ဝမ်းနည်းပူဆွေးတာမျိုးကိုတော့ ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ အစကတည်းက သူတို့ဆီမှာ ဝမ်းနည်းပူဆွေးခြင်းဆိုတဲ့ အယူအဆ မရှိလို့ပါပဲ။ အချစ်နဲ့ အဆုံးအရှုံးကို လက်ခံယူဆထားပုံ၊ သေခြင်းတရားနဲ့ အမိုက်အမှောင်တွေနဲ့ ရုန်းကန်နပန်းသတ်ကြရပုံအရ တဟီတီကျွန်းသားတွေက ပူဆွေးသောကကနေ စိတ်ဆင်းရဲနေခဲ့တာ မဟုတ်ဘဲ သောကလစ်လပ်နေတဲ့ စိတ်အခြေအနေကသာ စိတ်ဆင်းရဲနေခဲ့ကြတာပါ။
တကယ်တော့ ဘယ်သူကမှ သိမှုလစ်လပ်ခြင်းကနေ ပြေးမလွတ်ပါဘူး။ မီချီဂန်တက္ကသိုလ် စိတ်ပညာရှင် ဒေးဗစ် ဒန်းနင်းနဲ့ အတူတွဲလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ ကျွန်မတို့က အမေရိကန်လူမျိုး ပါဝင်ဖြေဆိုသူတွေကို ‘benevolent sexism’ (သိမ်မွေ့သောလိင်ခွဲခြားမှု) ဆိုတဲ့ အယူအဆကို ကြားဖူးလားလို့ မေးခဲ့ပါတယ်။
တကယ်လို့ မကြားဖူးသေးရင် ဒီစကားလုံးက အမျိုးသမီးတွေကို လိုက်လျောပေးတဲ့ သဘောထားလို့ ထင်ရပေမဲ့ အမှန်မှာတော့ ရှေးရိုးစွဲ လိင်ဖြစ်တည်မှုဆိုင်ရာ အခန်းကဏ္ဍတွေကို အားဖြည့်ကျားကန်ပေးပြီး လိင်ဖြစ်တည်မှုဆိုင်ရာ ပုံစံသွတ်သွင်းခြင်းတွေကို အရှည်ကြာ တည်တံ့မြဲမြံစေတဲ့ အမျိုးသမီးညှာတာထောက်ထားမှုဆိုင်ရာ သဘောထားအမြင်ကို ဖော်ပြတဲ့ အသုံးအနှုန်းတစ်ခု ဖြစ်ပါတယ်။ ပါမောက္ခတစ်ယောက်ယောက်က ‘မိန်းမတွေက ပျော့ပျောင်းနူးညံ့တဲ့ သတ္တဝါတွေပဲ’ လို့ ပြောလာရင်၊ ဒါမှမဟုတ် အိမ်နီးချင်းတစ်ယောက်ယောက်က ‘ဆေးသုတ်တာနဲ့ပတ်သတ်ရင် ငါ့မိန်းမကို လွှဲထားတယ်လေ — မိန်းမတွေက အဲဒီလိုနေရာမှာ တော်ကြတာကိုး’ လို့ အရွှန်းဖောက်လာရင် သင့်အနေနဲ့ စိတ်မသက်မသာဖြစ်စရာတွေ ရစ်ဝဲနေတာကို ခံစားမိနိုင်ပါတယ်။ ဒီလို မှတ်ချက်မျိုးတွေက သိမ်မွေ့သော လိင်ခွဲခြားမှု ဆိုတဲ့ အယူအဆကို ထင်ဟပ်နေပါတယ်၊ ဘာလို့လဲဆိုတော့ ချီးမွမ်းတာလို့ ထင်ရပေမဲ့ အစောင့်အရှောက် အကာအကွယ် လိုအပ်နေတဲ့ ထိလွယ်ရှလွယ် မိန်းမငယ်လေးအဖြစ်၊ ဒါမှမဟုတ် အိမ်ထောင်မှုကိစ္စအဝဝ သိမ်းထုပ်သေချာနေရမဲ့ ပုံသေ ပြုစုစောင့်ရှောက်သူအဖြစ် ထင်မြင်ယူဆမှုတွေကို ဖော်ပြနေပါတယ်။
အဲဒါနဲ့ ကျွန်မတို့က မေးလိုက်တယ်၊ သိမ်မွေ့သော လိင်ခွဲခြားမှုမြောက် မှတ်ချက်တွေ၊ ဒါမှမဟုတ် အပြုအမူတွေကို ပြီးခဲ့တဲ့ ၂ ပတ်မှာ ဘယ်နှခါလောက် သတိထားမိခဲ့လဲ။ ရလဒ်တွေကတော့ အံ့အားသင့်စရာပါပဲ။ ဒီအယူအဆအကြောင်း သိမှုလစ်လပ်နေသူတွေဟာ အယူအဆသိထားသူတွေနဲ့စာရင် ဖြစ်ရပ်ဖြစ်စဉ်တွေကို သတိထားမိကြတာ နည်းပါတယ်။ သိမ်မွေ့သော လိင်ခွဲခြားမှု အယူအဆကို မသိတာက အဲဒီအယူအဆဆိုင်ရာ အဖြစ်အပျက်တွေကိုပါ သတိမထားမိအောင် ဟန့်တားပစ်လိုက်တယ်။ သိလာတဲ့အခါမှာတော့ ဒီလို အဖြစ်အပျက်တွေက ပိုပြီး မြင်သာထင်ရှားလာတော့တာပေါ့။
တစ်ဖက်မှာလဲ ‘shoeburyness’ ဆိုတဲ့ စကားလုံးကို တစ်ခါမှ မကြားဖူးသေးရင်တော့ သင်ကံကောင်းပါတယ်။ ဒီစကားလုံးဟာ တစ်ယောက်ယောက်ထိုင်သွားတဲ့နေရာကို ထိုင်တဲ့အခါ နွေးနွေးကြီး ဖြစ်နေတာကို ခံစားမိတဲ့ မသက်မသာခံစားချက်ကို ဖော်ပြတာပါ။ ဒီသဘောတရားကို သိထားသူတွေက သဘောတရားလစ်လပ်နေသူတွေထက် ပိုခံစားရတတ်ပါတယ်။
သိမှုဆိုင်ရာလစ်ဟာချက်ဆိုတာ စကားလုံးသစ်တစ်လုံးကို သင်ယူလိုက်ရုံနဲ့ အဆင်သင့် ပျောက်ပြယ်သွားတာတော့ မဟုတ်ပါဘူး။ ‘တစ်နှစ်တာရဲ့ အကောင်းဆုံးစကားလုံးများ’ အဖြစ် သတ်မှတ်ခံရတဲ့ စကားလုံးတွေတောင်မှပဲ ဝေါဟာရတွေအဖြစ် တည်မြဲနေကြတာမှ မဟုတ်တာ။ ဒါပေမဲ့လဲ ဝေါဟာရအသစ်တွေ ပေါ်လာတာက ခေတ်သစ်ကမ္ဘာထဲက စကားနဲ့ပြောမပြဖြစ်တဲ့ ပူပန်စိုးထိတ်စရာ အဖြစ်အပျက်တွေ၊ ပုံဆောင်မဲ့ ဂနာမငြိမ်မှု မိုးတိမ်တစ်ခုကို အသိအမှတ်ပြု အားဖြည့်ပေးရာ ရောက်နေနိုင်ပါတယ်။
‘Phubbing’ (စကားဝိုင်းထဲ ထိုင်ပြီး ဖုန်းကြည့်နေခြင်း) ဆိုတာကို မသိခင်က စကားပြောလက်စနဲ့ ဖုန်းကြည့်နေတဲ့ သူငယ်ချင်းကို ‘Phubbing’ မလုပ်နဲ့လို့ ပြောရမှန်း မသိခဲ့ဘူး။ အခုလဲ ကျွန်မ မပြောမိသေးဘူး – ကျွန်မကိုယ်တိုင် ‘Figital’ လုပ်တာ – ‘ထပ်တလဲလဲ ဖုန်းထုတ်ထုတ်စစ်တဲ့ အပြုအမူ’ – ကို မရပ်နိုင်သေးတဲ့အပြင် ကိုယ်တိုင်အယောင်ပြအလုပ်ရှုပ်နေတာကို မရပ်တန့်နိုင်နေချိန်မှာ (သူ့ကို) မပြောနိုင်သေးတာပေါ့။ ဒါပေမဲ့ ဖြစ်ချင်တော့ ကျွန်မက အတောမသတ်နိုင်တဲ့ ဒစ်ဂျစ်တယ်စွဲလမ်းမှုရဲ့ လွှမ်းမိုးရိပ်ကနေ လွတ်မြောက်ဖို့ လမ်းမမြင်မိသေးပေမဲ့ အဲဒီဖြစ်ရပ်တွေကို မသိနားမလည်နေတာမျိုးတော့ မဖြစ်တော့ပါဘူး။ သိမှုဆိုင်ရာစိတ်ပညာက အခိုင်အမာဆိုထားသလိုပဲ – အဓိပ္ပာယ်မရှိသေးတဲ့ ဝေါဟာရတစ်ခု၊ သိသာနေတဲ့ စကားရင်းနှစ်လုံးတွဲ စကားပေါင်း (portmanteau) တစ်ခုခု ဖြစ်နေစေအုံးတော့ – နှုတ်ပြောနာမတစ်ခု သတ်မှတ်ပေးလိုက်တာက မပြတ်မသားဝေဝါးနေတဲ့ အခြေအနေတစ်ခုကို ပိုပြီး ထင်ရှားပြတ်သား လက်ငင်းဆန်တဲ့ အတွေ့အကြုံတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။
ပြဿနာတစ်ခုကို ဖြေရှင်းဖို့ အဲဒီပြဿနာက ဘာလဲ အရင်အမည်တပ်ရမယ်ဆိုရင် ပြဿနာကိုယ်တိုင်ကို အမည်တပ်ဖို့ သိမှုလစ်ဟာနေရင်ရော . . . ? အမေရိကန်စာရေးဆရာ အန်ဒရူး ဆိုလိုမွန် (Andrew Solomon) က သူ့ရဲ့ သမာရိုးကျ မဟုတ်တဲ့ မိသားစုပုံစံကို ဖော်ပြရာမှာ ရှုပ်ထွေးတဲ့ ခေတ်သစ်ဆွေမျိုးတော်စပ်ပုံတွေက ဘာသာစကားချို့တဲ့မှုကို ထင်ဟပ်နေတယ် လို့ မှတ်ချက်ပေးခဲ့တယ်။ ဝေါဟာရစကားလုံးတစ်ခုကို ချဲ့ထွင်ဖို့ မတတ်သာ ပျက်ကွက်ကြတဲ့အခါ ကျွန်မတို့တွေက ဝေါဟာရနယ်ပယ်တစ်ခုထဲက ရှိပြီးသား အသုံးတွေကိုပဲ သုံးစွဲမိရက်သား ဖြစ်ကုန်ကြတယ်။ ‘ကျွန်မနဲ့ ကျွန်မယောက်ျားကို ခဏခဏ မေးတတ်ကြတာက ကျွန်မတို့သား ဂျော့ချ်ကို အငှားကိုယ်ဝန်ဆောင်ပေးခဲ့တဲ့ အမျိုးသမီးက (သူ့အတွက်) “အဒေါ်တစ်ယောက်လို တော်စပ်နေလား” တဲ့’ — ဆိုလိုမွန်က ဂါးဒီးယန်း (The Guardian)မှာ ၂၀၁၇ ခုနှစ်တုန်းက ရေးခဲ့ပါတယ်။ ‘မေးကြတာက ဘယ်တစ်ယောက်က “တကယ့်အမေ” လဲတဲ့။ တစ်ကိုယ်တည်းမိဘတွေဆိုလဲ နိစ္စဓူဝ အမေးခံရတာက “တစ်ချိန်တည်းမှာ အဖေရော အမေရော ဖြစ်ရတာ ဘယ်လိုနေလဲ” တဲ့’။
ဒါပေမဲ့ သိမှုဆိုင်ရာလစ်ဟာခြင်းရဲ့ အဆိုးဆုံးပုံစံကတော့ စိတ်အားထက်သန်တဲ့၊ ရည်ရွယ်ချက်ပါနေတဲ့ ဦးတည်ချက်သဘောထားတွေကနေ မွေးဖွားလာတဲ့ တစ်ခုပါပဲ။ တဟီတီကျွန်းသားတွေအကြောင်း လီဗီရဲ့ လေ့လာချက်မှာ မကြာခဏဆိုသလို မျက်ကွယ်ပြု ကျော်သွားခံရတဲ့ အပိုင်းကတော့ ဘာကြောင့် သူတို့ဟာ ဝမ်းနည်းပူဆွေးခြင်းသဘောတရား လစ်ဟာနေကြရတာလဲ ဆိုတာပါ။ ဖြစ်ပုံက တဟီးတီးကျွန်းသားတွေမှာ ပုဂ္ဂလဆန်တဲ့ ဝမ်းနည်းပူဆွေးတဲ့ အရိပ်အရောင်မျှင်မျှင်လေး ရှိနေခဲ့ကြတယ်။ ဒါပေမဲ့ သူတို့အသိုက်အဝန်းက ရည်ရွယ်ချက်ရှိရှိပဲ ခံစားချက်ကို ဖော်မပြနိုင်အောင် ဖိနှိပ်ထားဖို့အတွက် သိမှုဆိုင်ရာ လစ်ဟာမှုနဲ့ ပတ်သက်တဲ့ လူထုအသိကို ထိန်းချုပ်ထားခဲ့တယ်။ သိမှုဆိုင်ရာလစ်ဟာခြင်းအယူအဆက လူ့အသိုက်အဝန်းကို ထိန်းချုပ်ဖို့ ကိရိယာတစ်ခုအနေနဲ့ အသုံးချခံခဲ့ရတယ်၊ မလိုလားအပ်တဲ့ အယူအဆတွေကို တစ်လုံးတစ်ပါဒမှ ပြောဆိုဆွေးနွေးချဲ့ထွင်တာ မရှိဘဲ လုံးဝပပျောက်သွားအောင် လုပ်လိုက်တဲ့ နည်းဗျူဟာ တစ်ခုအဖြစ်ပေါ့။ ကုန်ကုန်ပြောရရင် အစကတည်းက ရှိတောင် မရှိနေတဲ့ အရာတစ်ခုကို သင် ဘယ်လိုများ ခံစားသိရှိနိုင်နိုင်တော့မှာလဲလေ . . . ?
ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတဲ့ သိမှုဆိုင်ရာလစ်ဟာခြင်းက သတင်းအချက်အလက်ထိန်းချုပ်ရာမှာတော့ အစွမ်းထက်တဲ အသုံးချခံတစ်ခု ဖြစ်နေတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းက တရုတ်နိုင်ငံသား အရေးရဲတဲ့ စာရေးဆရာ ဟန်ဟန်က စီအင်(န်)အင်(န်)ကို ပြောခဲ့တယ် – သူ့စာတွေထဲမှာ ‘အစိုးရ’ (ဒါမှမဟုတ်) ‘ကွန်မြူနစ်’ ဆိုတဲ့ စကားလုံးတွေ ပါရင် တရုတ်ရဲ့ အင်တာနက်ပေါ်လစီအရ ဆင်ဆာအဖြတ်ခံရမှာပါတဲ့။ ရယ်ရတာက အဲဒီလို ဆင်ဆာဖြတ်တာတွေက အစိုးရခေါင်းဆောင်မှုကို အံ့ချီးထောပနာပြုနေတဲ့ ဘလော့ဂ်တွေက စာတွေကိုပါ ဖြတ်ချသွားတာပဲ။ ‘အစိုးရ သက်တော်ရာကျော်ရှည်ပါစေ’ လို့ ရေးရင်လဲ ဆင်ဆာမိမှာပဲ – ‘အစိုးရ’ ဆိုတဲ့ စကားလုံး ပါနေတာကိုး။
သေချာကြည့်ကြည့်ရင် သိမှုဆိုင်ရာလစ်ဟာခြင်းရဲ့ လျို့ဝှက်အလုပ်လုပ်ပုံကို ဖော်ညွှန်းနေတာ။ အနုတ်သဘောဆောင်တဲ့ မှတ်ချက်တွေတင် မကဘဲ ချီးမွမ်းထောပနာပြုတာတွေကိုပါ ပိတ်ချလိုက်တဲ့အခါ အစိုးရက ဒီစကားလုံးတွေနဲ့ ပတ်သက်ဆက်စပ်နေတဲ့ ဘယ်လိုဆွေးနွေးမှုမျိုးကိုမှ မလုပ်ခိုင်းတာတော့တာပေါ့၊ နိုင်ငံရေးအရ ထိရှလွယ်တဲ့ ဘယ်သတင်းအချက်အလက်တွေကိုမဆို သဘောပေါက်နားလည်တာမျိုး ပြည်သူတွေစိတ်ထဲ တော်တော်ကြီး ယုတ်လျော့လာအောင် တားတဲ့ သဘောပါပဲ။ “အစိုးရက ပြည်သူတွေကို နိုင်ငံရေး မဆွေးနွေးစေချင်ဘူးလေ၊ ဘာမှမဖြစ်ခဲ့သယောင် အေးအေးဆေးဆေးလေး ကျော်သွားချင်ကြတာ . . . အဲဒါက သူတို့ရဲ့ ပန်းတိုင်ပဲ” လို့ ဟန်ဟန်က ပြောပါတယ်။ ‘ဘာ’ ပြောသလဲဆိုတာ လိုက်စောင့်ကြည့်တာထက် ‘ဘာမှ’ မပြောခိုင်းတာက ပိုလွယ်တယ်လေ။ တိတ်ဆိတ်မှုရဲ့ အန္တရာယ်က အတွေးအခေါ်တွေ နစ်မွန်းအသက်ပျောက်သွားတာ မဟုတ်ဘူး။ လူ့ စိတ်ထဲ ဘယ်အတွေးအခေါ်မှ အခြေတည်ခွင့်မရအောင် လျစ်လျူရှုနိုင်တဲ့အခြေအနေကို ဖန်တီးပစ်လိုက်တာမျိုးပဲ။
ဒီ့တိုင် အယူအဆတစ်ခုကို သိမှုဆိုင်ရာလစ်ဟာပြီး မှေးမှိန်ပျောက်ကွယ်သွားအောင် ကြိုးပမ်းမှုတာကပဲ အဲဒီ အယူအဆကို ထုတ်ဖော်ပြသဖို့ရာ အလောတကြီး လိုအပ်လာဖို့ တွန်းအားဖြစ်စေတယ် လို့ ကျွန်မ တွေးကြည့်ချင်တယ်။ အားလုံးကို တစ်သားတည်း စည်းလုံးစေခဲ့တဲ့ ‘#MeToo’ ဆိုတဲ့ ဘုံဘာသာစကားတစ်ခု ပေါ်လာတာက အဓမ္မ အသံဖျောက်ခံထားရတဲ့ ဖြစ်တည်မှုတွေကို အသံထုတ်ဖော်ခွင့်ပေးလိုက်သလိုပါပဲ။ ၂၀၁၇ ခုနှစ်မှာ ဂျန်ဒါဝေါဟာရအသစ်တွေ ပေါ်ပေါက်လာတာက ကိုယ့်ကိုယ်ကိုယ် ယောက်ျား၊ မိန်းမ ဆိုတဲ့ တင်းကျပ်တဲ့ ခွဲခြားမှုတွေကနေ ခွဲထွက်ပြီး ‘ငါဖြစ်မှု’ တည်ဆောက်သူတွေရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုပေးရာ ရောက်ပါတယ်။ အတွေးအခေါ်တွေ၊ အမျိုးအစားခွဲခြားမှုတွေဟာ အခုထိ အယူအဆတစ်ခုအဖြစ် လုံးလုံးလျားလျား မဖြစ်သေးတဲ့တိုင် နောင်အနာဂတ်ရဲ့ တိုးတက်ပြောင်းလဲမှုအတွက် မျှော်မှန်းချက်အလားအလာ ပွင့်စေပါတယ်။ ဒါက အသိအမှတ်ပြုမှုကို ဆာလောင်နေတဲ့ ဘဝလွှာအသီးသီးအတွက် အဓိပ္ပာယ်တစ်ခုခု ပေးအပ်နိုင်ဖို့၊ ရေရေရာရာမသိတဲ့ စိတ်ချဉ်ခြင်းတွေကို အသက်သွင်းဖို့နဲ့ တကယ် ပြောပြဖို့ လိုအပ်နေတဲ့ ဇာတ်လမ်းပုံပြင်တွေကို ပြောပြလိုက်နိုင်ဖို့အတွက် အခါအားလျော်စွာပဲ စကားလုံးအသစ်တစ်လုံးက ရေပွက်တစ်ခုလို ပေါ်လာလိမ့်မယ်၊ အယူအဆသစ်တစ်ခုက အရှိန်အဟုန်နဲ့ ပေါက်ဖွားလာပါလိမ့်မယ်။ ။
