May 10, 2026 | မြန်မာ
Space Explainer

Artemis II လကမ္ဘာခရီးစဉ်နဲ့ ပတ်သက်လို့ သိထားသင့်တာတွေ . . .

မတ်လ ပထမပတ်ထဲ နောက်ဆုံးအဆင့် စစ်ဆေးအတည်ပြုပြီး စမ်းသပ်သမျှ အောင်မြင်ခဲ့ရင် Artemis II ကို မတ် ၆ ရက်ကနေ ၁၁ ရက်ကြားမှာ လွှတ်တင်ပါလိမ့်မယ်။ ဒီတော့ အခုမစ်ရှင်နဲ့ ပတ်သက်လို့ ကြိုသိထားသင့်တာတွေကို Fact Hub Myanmar ကနေ စာဖတ်သူတွေအတွက် ကောက်နုတ်တင်ဆက်လိုက်ရပါတယ်။

Text size
Peer Reviewed · Mon Myat Kyaw, Senior Fact-checker · February 19, 2026

ရာစုနှစ်ဝက်ကျော် ကြာပြီးတဲ့နောက် လူသားတွေဟာ လကမ္ဘာနား တဖန်ပြန်သွားနိုင်ဖို့ တာစူနေကြပါပြီ။ နာဆာ (NASA) ရဲ့ အာတီးမစ် ၂ (Artemis II) မစ်ရှင်က Artemis မျိုးဆက်ရဲ့ ပထမဆုံးသော လူလိုက်ပါမဲ့ ခရီးစဉ်ဖြစ်ပြီး အပိုလို (Apollo) စီမံကိန်းရဲ့ အောင်မြင်မှုအမွေအနှစ်တွေနဲ့ လကမ္ဘာလေ့လာရေး ခေတ်သစ်ဆီ ပေါင်းကူးပြု ဆက်စပ်ပေးမဲ့ အရေးပါတဲ့ ခရီးစဉ်ပါ။ ၁၀ ရက် ကြာမြင့်မဲ့ ဒီမစ်ရှင်ဟာ အရင်က မှတ်ကျောက်တင်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေကို ပြန်သွေးသစ်လောင်းမဲ့အပြင်၊ မဝေးတော့တဲ့ အနာဂတ်မှာ လူသားတွေ လကမ္ဘာပေါ် ရေရှည်အခြေချနိုင်ဖို့နဲ့ နောင်တစ်ချိန် အင်္ဂါဂြိုဟ် (Mars) ဆီ ခြေဦးလှည့်နိုင်ဖို့ထိ နည်းပညာနဲ့ လုပ်နိုင်စွမ်းအကန့်အသတ်ကို စမ်းသပ်အတည်ပြုမဲ့ အခြေခံအုတ်မြစ်ပါပဲ။

လက်ရှိအချိန်မှာ Artemis II က ဒုံးလွှတ်စင်ဆီ ရောက်နေပါပြီ၊ ‘Wet Dress Rehearsal’ လို့ ခေါ်တဲ့ လွှတ်တင်ရေးလုပ်ငန်းစဉ်တစ်ခုလုံးကို အစအဆုံး စစ်ဆေးပြင်ဆင်လေ့ကျင့်နေတာ ဖြစ်ပါတယ်။ အစောပိုင်းက ဖေဖော်ဝါရီလ ၆ ရက်နေ့ကို လွှတ်တင်ရေးကာလ (Launch Window) ရဲ့ စရက်အဖြစ် သတ်မှတ်ခဲ့ပေမဲ့ ဖလော်ရီဒါမှာ အေးခဲပြင်းထန်တဲ့ ရာသီဥတုနဲ့ ရုတ်တရက်ကြုံနေရလို့ ၈ ရက်နေ့ကို လွှတ်တင်နိုင်မဲ့ရက်အဖြစ် ထပ်ပြောင်းပါတယ်။ ဒါပေမဲ့ ၈ ရက်နေ့မတိုင်ခင် ဖေဖော်ဝါရီ ၂ မှာ Wet Dress Rehearsal ဆောင်ရွက်ချိန် ဟိုက်ဒြိုဂျင်လောင်စာရည် စိမ့်ထွက်တဲ့ ပြဿနာကြုံရလို့ စမ်းသပ်မှု ခေတ္တဖျက်သိမ်းပြီး အစောဆုံးလွှတ်တင်နိုင်မဲ့ကာလကို မတ်လဆီ အစောဆုံး ရွှေ့ဆိုင်းလိုက်တာပါ။

ဆိုလိုတာက မတ်လ ပထမပတ်ထဲ နောက်ဆုံးအဆင့် စစ်ဆေးအတည်ပြုပြီး စမ်းသပ်သမျှ အောင်မြင်ခဲ့ရင် Artemis II ကို မတ် ၆ ရက်ကနေ ၁၁ ရက်ကြားမှာ လွှတ်တင်ပါလိမ့်မယ်။ ဒီတော့ အခုမစ်ရှင်နဲ့ ပတ်သက်လို့ ကြိုသိထားသင့်တာတွေကို Fact Hub Myanmar ကနေ စာဖတ်သူတွေအတွက် ကောက်နုတ်တင်ဆက်လိုက်ရပါတယ်။


၁။ “ပထမဆုံးတွေ” ပါဝင်တဲ့ သမိုင်းဝင် အာကာသယာဉ်မှူးအဖွဲ့

Artemis II အဖွဲ့ဝင်တွေကို ရွေးချယ်ထားပုံက စနစ်ကျပါတယ်။ အာကာသနက် (Deep-space) လေ့လာရေးခရီးစဉ်တွေရဲ့ အနာဂတ်က နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၊ လူသားအားလုံးကို ကိုယ်စားပြုမှုတွေအပေါ်မှာ တည်ဆောက်ထားတယ်ဆိုတာ ပြသနိုင်ဖို့ အရောင်အသွေးစုံလင်ပြီး မတူကွဲပြားတဲ့ အာကာသယာဉ်မှူးတွေနဲ့ မစ်ရှင်အဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ မစ်ရှင်အဖွဲ့မှာ အမေရိကန်ရဲ့ ‘အမျိုးသား အာကာသနှင့် လေကြောင်းဦးစီးဌာန – နာဆာ’ (National Aeronautics and Space Administration, NASA) က အာကာသယာဉ်မှူး ၃ ဦးနဲ့ ‘ကနေဒါအာကာသအေဂျင်စီ’ (Canadian Space Agency, CSA) က ၁ ဦး၊ စုစုပေါင်း ၄ ဦး ပါဝင်တာပါ။ ယာဉ်မှူးချုပ် (Commander) အဖြစ် ရိဒ် ဝိုက်စမန်း (Reid Wiseman) က တာဝန်ယူထားပါတယ်၊ ပိုင်းလော့နေရာမှာတော့ လကမ္ဘာအနီး သွားရောက်ခွင့်ရမဲ့ ပထမဆုံး လူမည်းနွယ်ဖွား ဗစ်တာ ဂလိုဗာ (Victor Glover) ရှိပြီး မစ်ရှင်အထူးပြုယာဉ်မှူးတွေအဖြစ် ခရစ္စတီးနား ကော့ရှ် (Christina Koch) နဲ့ ဂျယ်ရမီ ဟန်ဆန် (Jeremy Hansen) တို့ အသီးသီး ဆောင်ရွက်ကြမှာပါ။ ခရစ္စတီးနား ကော့ရှ်က လလေ့လာရေးမစ်ရှင်မှာ လိုက်ပါခွင့်ရပြီး လအနားချဉ်းကပ်ခွင့်ရမဲ့ ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူး ဖြစ်လာပါတယ်၊ ဂျယ်ရမီ ဟန်ဆန်ကတော့ ကနေဒါနိုင်ငံကို ကိုယ်စားပြုပြီး လိုက်ပါတာမို့ အမေရိကန်မဟုတ်တဲ့ ပထမဆုံးပုဂ္ဂိုလ်ပါ။

အရင် အပိုလိုမစ်ရှင်တွေတုန်းက အမေရိကန်တွေရဲ့ အာကာသတစ်ခွင် ပြဲပြဲစင်အောင် လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းကိုပဲ ကမ္ဘာက ကြည့်ခဲ့ရတာဖြစ်လို့ အခုတစ်ခေါက် Artemis ပရိုဂရမ်ဟာ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုပြယုဂ်ကို ဘယ်လောက် ကိုယ်စားပြုနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။


၂။ အာကာသနက် (Deep Space) ထဲက စံချိန်တင် ခရီးစဉ်

Artemis II မစ်ရှင်ရဲ့ ထူးခြားချက်က ခရီးစဉ်မှာ ပါဝင်တဲ့ အာကာသယာဉ်မှူးတွေဟာ ကမ္ဘာဂြိုဟ်ကနေ အဝေးဆုံး သွားရောက်ဖူးတဲ့ လူသားတွေအဖြစ် စံချိန်သစ်တင်ဖို့ ရှိနေပါတယ်။ ၁၀ ရက်ကြာမဲ့ ဒီမစ်ရှင်မှာ အိုရိုင်ယွန် (Orion) အာကာသယာဉ်ဟာ ကမ္ဘာကနေ ကီလိုမီတာ ၄၀၀,၀၀၀ (မိုင်ပေါင်း ၂၅၀,၀၀၀) အကွာအဝေးထိ ခရီးနှင်မှာ ဖြစ်ပြီး လကမ္ဘာကို ကွေ့ပတ်ကျော်လွန်ရင်း မိုင်ပေါင်း ၄၆၀၀ ကျော် ဆက်သွားမှာပါ။ ဒီလိုနဲ့ ၁၉၇၀ တုန်းက အပိုလို ၁၃ အဖွဲ့သားတွေရဲ့ ကမ္ဘာမြေနဲ့ အဝေးဆုံးစံချိန် — မိုင်ပေါင်း ၂၄၈,၀၀၀ — ကို ချိုးဖြတ်ကျော်တက်မှာ ဖြစ်ပါတယ်။ 


၃။ လဆင်းမစ်ရှင် မဟုတ်တဲ့ စွန့်စားခရီး

Artemis II ဟာ လူသားတွေကို လကမ္ဘာအနီး ပြန်ခေါ်ဆောင်သွားမှာဆိုပေမဲ့ ပင်မရည်ရွယ်ချက်က စမ်းသပ်ပျံသန်း (Test flight) ဖို့သာဖြစ်ပြီး လပေါ် ဆင်းသက်မဲ့ လဆင်းမစ်ရှင် မဟုတ်ပါဘူး။ အိုရိုင်ယွန် အာကာသယာဉ်ရဲ့ သက်ကယ်စနစ်တွေ၊ လူသားတွေ ယာဉ်ထဲ အချိန်ကြာကြာ အသက်ရှင်နေထိုင်နိုင်ဖို့ လိုအပ်တဲ့ အထောက်အကူပြု ပစ္စည်းကိရိယာတွေဟာ ခက်ထန်ကြမ်းတမ်းတဲ့ အာကာသနက်ဝန်းကျင်မှာ မျှော်လင့်ထားသလို အလုပ်လုပ်/မလုပ် သေချာအောင် စမ်းသပ်စစ်ဆေးကြည့်ဖို့ ဒီမစ်ရှင်က ရည်ရွယ်ပါတယ်။ ဒါ့အပြင် အနာဂတ် လဆင်းမစ်ရှင်တွေအတွက် ကြိုပြင်ဆင်တဲ့အနေနဲ့ အာကာသယာဉ်မှူးတွေက  ကမ္ဘာ့ပတ်လမ်းအမြင့်ရောက်ရင် ယာဉ်ကို လူကိုယ်တိုင် လက်နဲ့ ပဲ့ထိန်း-လမ်းကြောင်းချပြီး ချိန်သားကိုက် လေ့ကျင့်မောင်းနှင်ကြပါလိမ့်မယ်။

ဒီမစ်ရှင်ဟာ ၂၀၂၂ ခုနှစ်က လူမဲ့လွှတ်တင်ခဲ့တဲ့ Artemis I ရဲ့ အောင်မြင်မှုအပေါ် အခြေခံထားတဲ့၊ အာကာသယာဉ်မှူးတွေ ပါဝင်တဲ့ အချက်အချာကျ စမ်းသပ်လေ့ကျင့်ရေးတစ်ရပ်လဲ ဖြစ်တယ်။ အကြောင်းက အပိုလိုခေတ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လူသားတွေကို လကမ္ဘာမြေပြင်ပေါ် ပြန်လည်ပို့ဆောင်ပေးမဲ့ Artemis III မစ်ရှင်ဟာ Artemis II ရဲ့ အောင်မြင်မှုညွှန်းကိန်းတွေပေါ် ရာနှုန်းအများစု မူတည်နေလို့ပါ။ Artemis III ဟာ စိန်ခေါ်မှုများပြီး ဘယ်သူမှ မရောက်ဖူးသေးတဲ့ လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းပေါ် ခြေချမှာမလို့ လက်ရှိ အိုရိုင်ယွန်ယာဉ်ရဲ့ စနစ်ယန္တရားတွေကို ကနဦးစမ်းသပ်ကြည့်ဖို့ မဖြစ်မနေ လိုပါတယ်။


၄။ မစ်ရှင်နောက်ကွယ်က ဧရာမစက်ယန္တရားကြီးများ

လူသားတွေကို လကမ္ဘာဆီ ပြန်ပို့ဖို့ရာ လူ့သမိုင်းမှာ အရွယ်အစားအကြီးဆုံးနဲ့ စွမ်းဆောင်ရည်အကောင်းဆုံး စက်ပစ္စည်းတွေကို သုံးရပါတယ်။ Artemis II မစ်ရှင်ဟာ Space Launch System (SLS) ဒုံးပျံနဲ့ Orion အာကာသယာဉ်တို့ရဲ့ ပေါင်းစပ်စွမ်းအားအပေါ် အားပြုထားတာပါ။ ဒီဧရာမဒုံးပျံကြီးက အလေးချိန် ပေါင် ၃.၅ သန်းကျော် ရှိပြီး ၃၂၂ ပေ မြင့်ပါတယ် — လေဘာတီရုပ်တုထက် ပိုမြင့်တဲ့ အရွယ်အစားပါ။ သူ့ထက် ပိုကြီးတဲ့ ဒုံးပျံကတော့ ၁၉၆၀-၇၀ ခုနှစ်ဝန်းကျင်က အပိုလိုမစ်ရှင်တွေမှာ သုံးခဲ့တဲ့ Saturn V ပါ၊ လောင်စာအပြည့် — ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင် ပေါင်းစပ်အရည် ဂါလံ ၇ သိန်း — ဖြည့်ထားရင် ပေါင် ၆.၅ သန်းကျော် လေးပြီး အမြင့်ပေ ၃၆၀ ကျော်ပါတယ်။ SLS ဟာ ပေါင် ၈.၈ သန်းရှိတဲ့ တွန်းကန်အား (Thrust) နဲ့ အာကာသဆီ အရှိန်ယူ ထောင်တက်မှာ ဖြစ်ပြီး အဲဒီကန်အားရဲ့ ၃ ပုံပုံ ၂ ပုံကို ဘေးတစ်ဖက်တစ်ချက်က ၁၇ ထပ်အမြင့်ရှိတဲ့ ဒုံးတွန်းစက် (Rocket booster) ၂ လုံးဆီက ရမှာပါ။ 

Artemis II ဒုံးပျံကြီးကို လွှတ်တင်ရေးစင် (Launch Pad) ဆီ ရွှေ့ရတာကလဲ အင်ဂျင်နီယာပိုင်းဆိုင်ရာ အံ့ချီးဖွယ်ရာပါပဲ။ ဒီအတွက်တော့ အလျား မီတာ ၄၀ နဲ့ အနံ ၃၅ မီတာရှိပြီး ပေါင် ၁၇ သန်းကျော် သယ်ဆောင်နိုင်တဲ့ Crawler-Transporter 2 (CT-2) သယ်ယူပို့ဆောင်ရေးယာဉ်က တာဝန်ယူခဲ့တာပါ။ မြင်သာအောင်ပြောရရင် စီတီတူးဟာ ဘက်စကတ်ဘောကွင်းအရွယ်ရှိပြီး ကုန်အပြည့်တင်ထားတဲ့ လေယာဉ်အစီး ၂၀ ကျော်ရဲ့ အလေးချိန်နဲ့ ညီမျှတဲ့ ဝန်ကို သယ်ဆောင်နိုင်ပါတယ်။ မျက်နှာပြင်ဧရိယာ ကြီးမားပြီး အင်မတန်လေးလံတဲ့ ဒုံးပျံတွေကို သယ်ဆောင်ချိန်မှာ တစ်နာရီကို တစ်မိုင်နှုန်းလောက်နဲ့ပဲ အမြန်ဆုံး သွားနိုင်ပြီး Artemis II မှာတော့ ယာဉ်အစိတ်အပိုင်းဆောက်လုပ်ပေါင်းစည်းရေးရုံ (Vehicle Assembly Building, VAB) က‌နေ ဒုံးလွှတ်စင်ဆီ ရောက်ဖို့ ၄ မိုင်ခရီးကို ၁၂ နာရီကျော်ကြာ သယ်ခဲ့ရတာပါ။ အရပ် ၆ ပေဝန်းကျင် လူ ၄ ယောက် နေထိုင်မဲ့ အိုရိုင်ယွန်ယာဉ်နဲ့ ထိန်းချုပ်ခန်းငယ်ကတော့ စခန်းချကား အရွယ်လောက်သာ ကျယ်ဝန်းပါတယ် — ဒါပေမဲ့ ဒီယာဉ်မှူး ၄ ယောက် ဆယ်ရက်ကျော်ကြာ နေထိုင်အလုပ်လုပ်ရင်း ရလာမဲ့ အာကာသ အတွေ့အကြုံတွေ၊ သုတေသနတွေအတွက် ရင်းနှီးမြှုပ်နှံမှုကတော့ အံ့မခန်းပါပဲ။ 


၅။ တစ်ခါမှ မမြင်ဖူးသေးတဲ့ လကမ္ဘာရဲ့ မြင်ကွင်းသစ်

လက သူ့ဝင်ရိုးပေါ်သူ လည်တဲ့နှုန်းနဲ့ ကမ္ဘာကို လှည့်တဲ့နှုန်း တူညီနေလို့ ကမ္ဘာကကြည့်ရင် လရဲ့ တခြားဘက်ခြမ်း (Far side) ကို လုံးလုံးမမြင်ရပါဘူး — ဒီဖြစ်စဉ်ကို Tidal Locking လို့ သိကြပါတယ်။ Artemis II အာကာသယာဉ်မှူးတွေကတော့ ဒီမစ်ရှင်မှာ လရဲ့ အနောက်ဘက်ခြမ်းကနေ ကွေ့ပတ်ကျော်လွန်သွားမှာဖြစ်လို့ လကမ္ဘာရဲ့ တစ်ဖက်ခြမ်းကို မျက်မြင်ကိုယ်တွေ့ မြင်ဖူးတဲ့ လက်ချိုးရေလို့ရတဲ့ လူသားစာရင်းထဲ ပါသွားမှာပါ။ မစ်ရှင်လမ်းကြောင်းအရလဲ အရင်က ဘယ်သူမှ မမြင်ဖူးသေးတဲ့ လရဲ့ ဖွဲ့စည်းပုံ/အစိတ်အပိုင်းတချို့ကို မြင်ခွင့်ရပါလိမ့်မယ်။ ယာဉ်ရဲ့ ရှုထောင့်ကနေ ကမ္ဘာကို အဝေးက ဂြိုဟ်တစ်လုံးအဖြစ် လှမ်းမြင်နိုင်မှာ ဖြစ်သလို၊ လနဲ့ နီးကပ်ချိန်မှာလဲ ဘက်စကတ်ဘောတစ်လုံးကို လက်တစ်ကမ်းအကွာက ကိုင်ကြည့်ရသလောက် အကြီးကြီး မြင်တွေ့ရမှာပါ။


၆။ စမ်းသပ်ခံတဖြစ်လဲ သုတေသီတွေ

Artemis II မှာ စက်ယန္တရားတွေ ဘယ်လောက်အလုပ်လုပ်သလဲ စမ်းသပ်တာအပြင် လနဲ့ နောင်တစ်ချိန် အင်္ဂါဂြိုဟ်ထိ ခြေဆန့်မဲ့ ရက်ရှည်ခရီးစဉ်တွေထဲ အာကာသနက် (Deep space) က လူ့ခန္ဓာကိုယ်ပေါ် ဘယ်လိုသက်ရောက်မှုမျိုး ရှိစေသလဲဆိုတာ နားလည်ဖို့ ကြိုးစားကြမှာပါ။ ဒါကြောင့် မစ်ရှင်အဖွဲ့သားတွေက သူတို့ကိုယ်တိုင် လကို တိုက်ရိုက်စောင့်ကြည့်လေ့လာ၊ နိုင်ငံတကာက CubeSats (သုတေသန ဂြိုဟ်တုငယ်) ၄ လုံး လွှတ်တင်တာတွေကို ကြီးကြပ်မှာ ဖြစ်သလို တစ်ချိန်တည်းမှာပဲ အာကာသနက် ခရီးသွားလာမှုက လူ့ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်တွေပေါ် ဘယ်လိုသက်ရောက်သလဲသိရဖို့ အစမ်းသပ်ခံအဖြစ်လဲ ပါဝင်ကြမှာပါ။ 


၇။ မျိုးဆက်သစ် နည်းပညာတွေရဲ့ စမ်းသပ်ကွင်း

Artemis II မှာ အာကာသနက်ထဲ လူသားတွေ ရေရှည်ရပ်တည်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ မျိုးဆက်သစ် နည်းပညာတွေကိုလဲ စမ်းသပ်သွားမယ်ဆိုပါတယ်။ ၁၀ ရက်တာ ခရီးစဉ်ထဲ ယာဉ်မှာ ပါတဲ့ ဆက်သွယ်ရေး၊ သက်ကယ်နဲ့ ပဲ့ထိန်းစနစ်တွေလို အသက်သွေးကြောယန္တရားတွေကို စမ်းသပ်အတည်ပြုသွားမှာပါ။ အဲဒီထဲက တစ်ခုက မြန်နှုန်းမြင့် လေဆာဆက်သွယ်ရေးစနစ် – Orion Artemis II Optical Communications System (O2O) ဖြစ်ပါတယ်။ အာကာသယာဉ်နဲ့ ကမ္ဘာဂြိုဟ် ဆက်သွယ်ပြီး သတင်းအချက်အလက်တွေနဲ့ ရုပ်သံမှတ်တမ်းတွေ ပေးပို့ဖို့ အရင်က သုံးခဲ့တဲ့ ရေဒီယိုလှိုင်းတွေနေရာမှာ အနီအောက်ရောင်ခြည် လေဆာတွေကို ပြောင်းသုံးသွားမှာပါ။ လပတ်လမ်းကြောင်းကနေ 4K အရည်အသွေးရှိတဲ့ ဗွီဒီယိုတွေကို ဒီ O2O နည်းပညာသုံးပြီး တိုက်ရိုက် (Live) ပို့လွှတ်နိုင်မယ် ဆိုပါတယ်။ ဒီ လေဆာဆက်သွယ်ရေးစနစ်ရဲ့ အားနည်းချက်က မြင်ကွင်းရှင်းဖို့ လိုတာမို့ အိုရိုင်ယွန်ယာဉ် လကမ္ဘာရဲ့ နောက်ကျောဘက်ခြမ်း ရောက်နေချိန်မှာတော့ ၄၅ မိနစ်ဝန်းကျင် အဆက်အသွယ် ပြတ်သွားမှာမျိုးပါ။

အရေးကြီးဆုံးစမ်းသပ်မှုတစ်ခုကတော့ မစ်ရှင်ရဲ့ နောက်ဆုံးအဆင့်မှာ ဖြစ်ပါတယ်။ အိုရိုင်ယွန်ယာဉ်ဟာ တစ်နာရီကို ကီလိုမီတာ ၄၀,၀၀၀ နှုန်းနဲ့ ကမ္ဘာ့လေထုထဲ ပြန်ဝင်မှာ ဖြစ်ပြီး လေထုနဲ့ယာဉ် ပွတ်တိုက်မှုကြောင့် အပြင်ဘက်အပူချိန် ၂,၇၀၀ ဒီဂရီ စင်တီဂရိတ်ကျော်အထိ မြင့်တက်သွားမှာပါ — နေမျက်နှာပြင်အပူချိန်ရဲ့ ထက်ဝက်လောက် ဖြစ်ပါတယ်။ ဒီအခြေအနေကို ရင်ဆိုင်နိုင်ဖို့ ယာဉ်ရဲ့ အပူကာဒိုင်း (Ablative heat shield) ကို အပူချိန်မြင့်တက်လာတာနဲ့အမျှ မျက်နှာပြင်သတ္တုလွှာတွေ ဖြည်းဖြည်းချင်းစီ တိုက်စားခံ-ကွာကျပြီး ပြင်းထန်တဲ့ အပူရှိန်တွေကိုပါ အိုရိုင်ယွန်နဲ့ ဝေးရာဆီ တစ်ပါတည်း လွင့်သွားစေဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ ဒီသဘောတရားက ပူအိုက်ချိန်မှာ ချွေးထွက်ပြီး ခန္ဓာကိုယ်အပူချိန်လျော့စေသလို ပုံစံမျိုး အလုပ်လုပ်တာပါ။


၈။ အင်ဂျင်ပျက်တောင် ပြန်လာနိုင်မဲ့ မစ်ရှင်

Artemis II အတွက် ဘေးကင်းရေးက ထိပ်တန်းဦးစားပေးဖြစ်ပြီး ပျံသန်းမှုအစီအစဉ်မှာလဲ ဂြိုဟ်ပတ်လမ်းဆိုင်ရာ ရူပဗေဒသဘောတရားတွေကို ပါးပါးနပ်နပ် အခြေခံရင်း ဆီစားသက်သာ၊ လုံခြုံရေးလဲ စိတ်ချရတဲ့ ယန္တရားတစ်ခု ထည့်ထားပါတယ်။ အဲဒါက လွှတ်တင်ပြီးတာနဲ့ အိုရိုင်ယွန်ယာဉ်ကို “Lunar free-return trajectory” လို့ခေါ်တဲ့ လပတ်အလွတ်ပြန်လမ်းကြောင်းအတိုင်း မောင်းနှင်မှာမျိုးပါ။

ကမ္ဘာကနေ လဆီ အာကာသယာဉ် လွှတ်တဲ့အခါ လတည့်တည့်ဆီ ချိန်ပစ်တာမဟုတ်ဘဲ လည်နေတဲ့ လရဲ့ ပတ်လမ်းတည်နေရာနဲ့ ယာဉ်ရောက်လာတဲ့အချိန် ကိုက်အောင် တွက်ချက် ဒီဇိုင်းဆွဲရပါတယ်။ အာကာသယာဉ်  လနဲ့ နီးလာတဲ့အခါ လရဲ့ ဆွဲငင်အားစက်ကွင်း (Gravitational Field) ထဲ ဝင်သွားပါတယ်။ ပုံမှန်ဆိုရင် လကို ပတ်ဖို့ ယာဉ်ရဲ့ အရှိန်ကို လျှော့ရပေမဲ့ အလွတ်ပြန်လမ်း (Free Return) ကို သုံးချိန်မှာ ယာဉ်ကို အရှိန်မလျှော့လိုက်ဘဲ လရဲ့ ဆွဲငင်အားကို သုံးပြီး နောက်ကနေ ဝိုက်ပတ်လိုက်တာပါ။ ဒီလိုနဲ့ အာကာသယာဉ် လရဲ့ အနောက်ဘက်ကို ရောက်သွားချိန်မှာတော့ လဆွဲငင်အားက ယာဉ်ကို လမ်းကြောင်းပြောင်း၊ ကွေးညွတ်သွားစေပါတယ် — လကိုယ်တိုင်ကလဲ ရွေ့နေတာဖြစ်လို့ ယာဉ်ကို သူ့ဆွဲငင်အားနဲ့ ဆွဲပြီး လေးခွနဲ့ ပစ်လိုက်သလို၊ အရှိန်နဲ့ ပြေးနေတဲ့ လူတစ်ယောက် တိုင်ကို လက်တစ်ဖက်နဲ့ လှမ်းဖမ်းပြီး ခိုစီး-လှည့်လိုက်သလို ကမ္ဘာမြေဆီ အရှိန်နဲ့ ပြန်ကွေ့သွားစေတာမျိုးပါ။ ဒီအလွတ်ပြန်လမ်းဒီဇိုင်းကြောင့် အိုရိုင်ယွန်ဟာ ကမ္ဘာမြေဆီ ပြန်ရောက်ဖို့ အင်ဂျင်အကြီးကြီးတွေ သုံးစရာမလိုဘဲ လဆီကနေ သူ့အလိုလို ပြန်ကန်ထွက်လာပါလိမ့်မယ်။ တကယ်လို့များ မစ်ရှင်မှာ အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ကြီးကြီးမားမားဖြစ်ခဲ့ရင်တောင် အဖွဲ့သားအားလုံး ကမ္ဘာဆီ ဘေးကင်းကင်း ပြန်ရောက်လာနိုင်မှာ ဖြစ်ပါတယ်။


၉။ အမွေးတုံးမျောက်တို့ရဲ့ အရေးပါတဲ့ ခြေလှမ်း

၁၀ ရက်ကြာမယ့် Artemis II ခရီးစဉ်ဟာ ဒီမှာတင် ပြီးဆုံးသွားမှာ မဟုတ်ဘဲ NASA ရဲ့ ကြီးမားကျယ်ပြန့်တဲ့ အာကာသနက် လေ့လာရေး စီမံကိန်းကြီးရဲ့ အစခြေတစ်လှမ်းပါ။ ဒီမစ်ရှင်ရဲ့ အောင်မြင်မှုက လကမ္ဘာလေ့လာရေးနဲ့ အဲဒီထက်ကျော်လွန်တဲ့ ခရီးစဉ်တွေအတွက် အရေးပါတဲ့ တံခါးပေါက်ပါပဲ။ မကြာခင် အကောင်အထည်ပေါ်မဲ့ နောက်တစ်ဆင့်ကတော့ လကမ္ဘာတောင်ဘက်စွန်းကို လူသားတွေ ဆင်းသက်မဲ့ Artemis III မစ်ရှင်ပါ။ Artemis III ရဲ့ ရေရှည်ရည်မှန်းချက်က လူသားတွေ လပတ်ဝန်းကျင်မှာ ကာလရှည်ကြာ နေထိုင်နိုင်ဖို့ပါ — Artemis IV နဲ့ V မစ်ရှင်တွေက စလို့ လပတ်လမ်းကြောင်းထဲ တည်ဆောက်မဲ့ Gateway အာကာသစခန်းငယ်က ဒီအိပ်မက်ရဲ့အစ ဖြစ်ပါတယ်။ ဒီစခန်းဟာ လကမ္ဘာမြေပြင်ဆင်းသက်ရေး မစ်ရှင်တွေအတွက် စုရပ်ဖြစ်လာမှာ ဖြစ်ပြီး နောင်တစ်ချိန် အင်္ဂါဂြိုဟ်ဆီသွားမဲ့ ခရီးစဉ်တွေအတွက်လဲ အဓိကနေရာ ဖြစ်လာမှာပါ။

အနှစ်ချုပ်ပြောရရင် Artemis စီမံကိန်းတစ်ခုလုံးဟာ လူသားတွေ၊ တစ်နည်းပြောင်းပြောရင် အမွေးတုံးမျောက်တွေရဲ့ မှတ်ကျောက်တင်မဲ့ အာကာသနယ်ချဲ့ခရီးအတွက် တာထွက်ဖြစ်ပါတယ်။ Artemis II ဟာ ဘက်ပေါင်းစုံ ပါဝင်တဲ့ ကြိုးပမ်းမှုကြီးတစ်ရပ်ပါ။ သိပ္ပံပညာအတွက် ထူးခြားတဲ့ စီမံကိန်းဖြစ်သလို ကမ္ဘာကြီးရဲ့ အာရုံကို ဆွဲဆောင်ဖမ်းစားရင်း အာကာသစူးစမ်းလေ့လာရေးကို တစ်ခေတ်ဆန်း နိုးထစေမဲ့ မစ်ရှင်တစ်ခုလို့လဲ ပြောနိုင်ပါလိမ့်မယ်။     ။


Zwe Thukha Min

Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People. With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.

Article Credits

Written by ZWE THUKHA MIN
Fact-Checking MIN Z
Final Review PYAE THUKHA
Design LIN THUKHA

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.