လူသားတို့ နေ့ထိုင်ရာ ဒီကမ္ဘာမြေကြီးမှာ စိတ်ဝင်စားဖို့ ကောင်းလှတဲ့ ဇီဝအမွေအနှစ်တွေ ရှိနေပါတယ်။ ဒီဇီဝအမွေအနှစ်တွေဟာ တစ်ရက်ပြီး တစ်ရက်၊ တစ်နှစ်ပြီး တစ်နှစ်၊ တစ်ခေတ်ပြီး တစ်ခေတ် ခရီးရှည်ကြီးတလျှောက် တည်ရှိလာခဲ့ကြပြီး အခုလက်ရှိခေတ်မှာလဲ ကမ္ဘာကြီးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုအဖြစ် ရှိနေပါတယ်။
လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ဒီကမ္ဘာမြေကြီးပေါ်မှာ ကျင်လည် ကျက်စားခဲ့ကြတဲ့ သက်ရှိတွေ အများအပြားရှိခဲ့ပါတယ်။ ဒီသက်ရှိတွေဟာ သေဆုံးမယ်၊ ပုပ်သိုးဆွေးမြေ့လာမယ်၊ အရိုးစုတွေ ကျန်ခဲ့မယ်၊ မြေထု ရွေ့လျားမှုကြောင့် အဲ့ဒီအရိုးစုတွေဟာ မြေထုအတွင်းကို တဖြည်းဖြည်းနဲ့ ရောက်သွားမယ်၊ နောက်ဆုံးတော့ ရုပ်ကြွင်းအနေနဲ့ တည်ရှိသွားကြတာပါ။ ဒီလိုနဲ့ ဒီမြေထုအတွင်းမှာ ဇီဝသယံဇာတအနေနဲ့ တည်ရှိလာကြပါတယ်။ အဲ့သလို သက်ရှိတွေ သေဆုံးပြီး နှစ်သန်းပေါင်းများစွာ ကြာတဲ့ အချိန်မှာ ဖြစ်သွားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို Fossil လို့ ခေါ်ပါတယ်။
Fossil လို့ ကြားလိုက်တာနဲ့ “Fuel” ဆိုတဲ့ ဝေါဟာရလေးကိုပါ တွဲပြီး မြင်မိတတ်ကြပါတယ်။ Fuel-လောင်စာ ဆိုတာ ဓာတုဓာတ်ပြုခြင်း (Chemical change) ဖြစ်တဲ့ အခါ စွမ်းအင်ကို ထုတ်ပေးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ Fossil Fuel ဆိုတာကတော့ ရုပ်ကြွင်းလောင်စာကို ဆိုလိုတာပါ။
Fossil Fuel ကို အဓိကအားဖြင့် အမျိုးအစား သုံးမျိုး ခွဲနိုင်ပါတယ်။ အဲ့ဒါတွေကတော့…
(၁) ကျောက်မီးသွေး (Coal)
(၂) ရေနံစိမ်း (Crude Oil) နဲ့
(၃) သဘာဝဓာတ်ငွေ့ (Natural Gas) တို့ပဲ ဖြစ်ပါတယ်။
Coal ဟာ အဓိကအားဖြင့် ကာဗွန် (Carbon)၊ ဟိုက်ဒရိုဂျင် (Hydrogen)၊ နိုက်ထရိုဂျင် (Nitrogen)နဲ့ ဆာလဖာ (Sulphur) ပါဝင်နေတဲ့ အပင်ရုပ်ကြွင်းတွေ ဖြစ်ပါတယ်။ အပင်တွေ သေဆုံးပြီးတဲ့ အချိန်မှာ သူတို့ဟာ အပိုင်းအစလေးတွေ အဖြစ်ကို ဆွေးမြေ့သွားကြပါတယ်။ မြေကြီးအတွင်း သန်းနဲ့ ချီတဲ့ နှစ်အတွင်းမှာ အပူနဲ့ ဖိအားကြောင့် ကျောက်မီးသွေးအဖြစ်ကို ပြောင်းလဲသွားပါတယ်။ သူ့ကို နှစ်ထောင်ချီပြီး လောင်စာအဖြစ် အသုံးပြုခဲ့ကြတယ်လို့ သိကြပေမဲ့ စက်မှုတော်လှန်ရေး မတိုင်ခင်တုန်းကတော့ ကျောက်မီးသွေးကို အကန့်အသတ်နဲ့ပဲ အသုံးပြုခဲ့ကြတာပါ။ Coal ဟာ အမဲရောင် အစိုင်အခဲတုံးကြီး ဖြစ်ပြီးတော့ သူ့ကို လောင်ကျွမ်းစေတဲ့အခါ ကျပ်ခိုးတွေ၊ အန္တရာယ်ရှိတဲ့ ဆာလဖာဒိုင်အောက်ဆိုဒ် (SO2) နဲ့ နိုက်ထရိုဂျင်အောက်ဆိုဒ်အုပ်စုဝင် ဓာတ်ငွေ့တွေ (NO၊ NO2၊ N2O) ကို ထုတ်လွှတ်ပေးပါတယ်။
Petroleum လို့လဲ ခေါ်ကြတဲ့ ရေနံစိမ်း (Crude Oil) ဟာ သဘာဝဓာတ်ငွေ့ (Natural Gas) နဲ့အတူ တွဲလျက်တွေ့ရတတ်တဲ့ Fossil Fuel တစ်မျိုးပဲ ဖြစ်ပါတယ်။ Crude Oilနဲ့ Natural Gas (Methane) တွေဟာ လွန်ခဲ့တဲ့ နှစ်များစွာက ရေနေသတ္တဝါတွေရဲ့ ရုပ်ကြွင်းကနေ ဖြစ်ပေါ်လာတဲ့ လောင်စာတွေ ဖြစ်ပါတယ်။ ဒီရေနေသတ္တဝါတွေဟာ သေဆုံးသွားကြတဲ့အခါ ပင်လယ်တွေ၊ သမုဒ္ဒရာတွေရဲ့ အောက်ခြေမှာ အနည်ထိုင်သွားကြပါတယ်။ ပြီးနောက်မှာတော့ သဲတွေနဲ့ တခြားအနည်တွေဟာ အလွှာအထပ်လိုက် ဖြစ်လာကြပြီး သူတို့အပေါ်မှာ ကျောက်သားတွေ ဖြစ်ပေါ်လာကြပါတယ်။ အပူနဲ့ ဖိအားမြင့်တွေကြောင့် သေဆုံးပြီး ရေနေသတ္တဝါတွေဟာ Petroleum နဲ့ Natural Gas တွေအဖြစ်ကို ပြောင်းလဲသွားကြပါတယ်။ Natural Gas ကို မီသိန်းဓာတ်ငွေ့ (Methane Gas) လို့လဲ ခေါ်ပါတယ်။
ယနေ့ခေတ်မှာတော့ Fossil Fuel တွေကို ကမ္ဘာအနှံ့ အသုံးချနေကြပြီ ဖြစ်ပါတယ်။ Fossil Fuelတွေ လောင်ကျွမ်းခြင်းဟာ စွမ်းအင်အများကိုလဲ ပေးနိုင်သလို အလွန်အကျွံလောင်ကျွမ်းရင်လဲ Greenhouse Gases တွေဖြစ်တဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကိုပါ ထုတ်လွှတ်ပေးနိုင်တာကြောင့် လူသားတွေအနေနဲ့ Global Warming မဖြစ်စေဖို့ကို အရေးပေးပြီးတော့ အထူးဂရုပြုပြီး ချင့်ချိန်ကာ အသုံးပြုသင့်ကြောင်း ပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ် ခင်ဗျာ။