May 10, 2026 | မြန်မာ

“သိပ္ပံဘယ်လိုအလုပ်လုပ်သလဲ”

ဒီနိုင်ငံမှာ သိပ္ပံကို အထင်သေးတဲ့ သူအတော်များပါတယ်၊ ဒါက နားမလည်တဲ့သူတွေရဲ့ အပြစ်လို့ ကျွန်တော်က မမြင်ပါဘူး။ ခေတ်အဆက်ဆက် ဖိနှိပ်ခံလာရတဲ့ နိုင်ငံရဲ့ ပညာရေးစနစ်ကြောင့် သိမှုအဆင့်အတန်းနိမ့်ပါးနေကြရတဲ့ အဖြစ်ပါ။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းမှာ သိပ္ပံကို ကိုးတန်းမတိုင်ခင်အထိ ဘာသာရပ်တစ်ခုအနေနဲ့ အတန်းတိုင်းမှာ လေ့လာရပါတယ်၊ ခန့်မှန်းချေ ငါးတန်းလောက်က စလို့ သိပ္ပံဖတ်စာအုပ်ရဲ့ အဖွင့်အခန်းတိုင်းမှာ…

Text size

ဒီနိုင်ငံမှာ သိပ္ပံကို အထင်သေးတဲ့ သူအတော်များပါတယ်၊ ဒါက နားမလည်တဲ့သူတွေရဲ့ အပြစ်လို့ ကျွန်တော်က မမြင်ပါဘူး။ ခေတ်အဆက်ဆက် ဖိနှိပ်ခံလာရတဲ့ နိုင်ငံရဲ့ ပညာရေးစနစ်ကြောင့် သိမှုအဆင့်အတန်းနိမ့်ပါးနေကြရတဲ့ အဖြစ်ပါ။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းမှာ သိပ္ပံကို ကိုးတန်းမတိုင်ခင်အထိ ဘာသာရပ်တစ်ခုအနေနဲ့ အတန်းတိုင်းမှာ လေ့လာရပါတယ်၊ ခန့်မှန်းချေ ငါးတန်းလောက်က စလို့ သိပ္ပံဖတ်စာအုပ်ရဲ့ အဖွင့်အခန်းတိုင်းမှာ သိပ္ပံမိတ်ဆက်ခေါင်းစဉ်နဲ့ သိပ္ပံဆိုတာ ဘာလဲကစလို့ သိပ္ပံရဲ့ အလုပ်လုပ်ပုံကြောင်း၊ သိပ္ပံပညာရှင်တွေရဲ့ အလုပ်လုပ်ပုံအကြောင်း၊ သိပ္ပံနည်းနာတွေအကြောင်း .. ဒါတွေသင်ရပါတယ်။ ကျွန်တော့်ကျောင်းက ဆရာမတွေထဲက တချို့က အဲ့ဒီအခန်းကို ကျော်ပစ်ပါတယ်၊ တချို့ကလဲ သင်ပေမဲ့ အကြမ်းဖျင်းလောက် စာသင်ချိန် တစ်ချိန် ယူပြီး chapter တစ်ခု အပြတ်ဖြတ်သင်ပါတယ်၊ ကျွန်တော့်ကျောင်းက သူငယ်ချင်းအများစုကလဲ ဒီ Chapter ကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့ကိုတောင် မသတ်မှတ်တာပါ၊ အလှကြည့်ဖို့ ထည့်ပေးထားသလိုပါပဲ။ သူတို့မကြည့်ရတဲ့ အကြောင်းအရင်းကလဲ အဲ့ဒီအခန်းက စာတွေက စာမေးပွဲမှာမှ မေးလေ့မေးထမရှိတာကိုး၊ ဒါကြောင့် ဘယ်သူမှ အဖက်မလုပ်တာ မဆန်းပါဘူး။ အဲ့ဒီရဲ့ အကျိုးဆက်က ဒီဘက်ခေတ်မှာ အတော်ကို ပြင်းထန်ပါတယ်။ မြင်သာအောင်ပြောရရင် ‘မင်းတို့သိပ္ပံဆိုတာလဲ ခန့်မှန်းချက် သက်သက်ပါပဲ၊ သီအိုရီတွေကလဲ တစ်ချိန်ကျ မှားတာပဲ၊ မင်းတို့လဲ အတိအကျ မသိပါဘူး’ စသဖြင့် ဒီလိုပြောဆိုချက်တွေ များပြားလာရတဲ့ အကြောင်းအရင်းက သာမန်ကျောင်းစာတောင် မကျေခဲ့ရတဲ့ အဖြစ်ကြောင့် ဖြစ်ပါတယ်၊ နိုင်ငံရဲ့ ပညာရေးစနစ်က ဘယ်လောက်စုတ်ပဲ့နေပါစေ၊ သင်ရိုးကတော့ သာမန်ကာလျှံကာ အခြေခံအသိလောက်ကို အသာလေး ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ မျိုးဆက်သစ်အရွယ် လူငယ်တွေ ကိုယ်တိုင်ကိုက ကျောင်းသင်ရိုးကနေ အေးအေးဆေးဆေးရနိုင်တဲ့ အခြေခံအသိလောက်၊ ငါးတန်းဖတ်စာအုပ်ရဲ့ ရှေ့ဆုံးအခန်း ပထမအရွက်မှာပါတဲ့ သိပ္ပံမိတ်ဆက်ထဲက အကြောင်းအရာလောက်ကိုတောင် မမှတ်မိ/မသိရှိနိုင်နေတဲ့ အခြေအနေတစ်ခုက အတော်ကို ဝမ်းနည်းဖို့ ကောင်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ စနစ်ဟောင်းပညာရေးနဲ့ ကြီးပြင်းခဲ့ရတာပါ၊ ကျွန်တော်တို့အခု မဂ္ဂဇင်းအဖွဲ့ထဲက စာရေးသူ တော်တော်များများကလဲ ဒီစနစ်ဟောင်းပညာရေးနဲ့ ကျင်လည်နေခဲ့ရသူတွေပါ။ ကျွန်တော်တို့ဆီမှာ မျှဝေတဲ့ အကြောင်းအရာတွေက အခြေခံဆန်ပါတယ်၊ ပညာရပ်ဆိုင်ရာ နက်နက်နဲနဲတွေ သိပ်မရှိပါဘူး၊ ကိုးတန်း ဆယ်တန်းသင်ရိုးမှာပါတဲ့ စာတွေများပါတယ်။ ဒီဆောင်းပါးမှာလဲ ကျွန်တော်တို့ အလယ်တန်းသိပ္ပံသင်ရိုးဆီ အလည်သွားကြပါမယ်၊ သိပ္ပံရဲ့ အလုပ်လုပ်ပုံအကြောင်း၊ Scientific method နဲ့ သိပ္ပံရဲ့ စနစ်တည်ရှိပုံတွေ၊ ဒါတွေနဲ့ ပတ်သက်လို့ မှားယွင်းနားလည်ထားတာတွေအကြောင်း တစ်ချက် ကြည့်ကြပါမယ်။

Scientific Method
______________

သိပ္ပံက ‘belief’ နဲ့ အလုပ်လုပ်တာ မဟုတ်ဘဲ ‘trust’ နဲ့ အလုပ်လုပ်တာ ဖြစ်လို့ သိပ္ပံသီအိုရီတစ်ခုဖြစ်တည်လာဖို့ဆိုတာ ‘ဘုရားဟောထားတာ’ ဆိုတဲ့ အဆိုပြုချက်တစ်ခုတည်းနဲ့ မရပါဘူး။ အဆင့်ပေါင်း မြောက်မြားစွာကို ဖြတ်ကျော်ရတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ပိုစ့်တွေမှာ ပြောသလိုပါပဲ၊ သိပ္ပံက universe ကို နားလည်နိုင်ဖို့အတွက် အသုံးပြုတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ သိပ္ပံက အချက်အလက် (Fact) ကို အခြေခံတာပါ။ ကျွန်တော်တို့ နေ့စဉ်ဘဝ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်ကြုံတွေ့နေရတဲ့ အရာတွေ အများကြီးရှိပါတယ်။ Fact တွေဆိုတာ ကျွန်တော်တို့ အမှန်တကယ် ကြုံတွေ့ခံစားနေရတဲ့ အရာမှန်သမျှ၊ သက်သေပြနိုင်တဲ့ အရာမှန်သမျှဖြစ်တယ်လို့ define လုပ်ချင်ပါတယ်၊ ကမ္ဘာကြီးက နေကိုလှည့်ပတ်နေတယ်၊ ကမ္ဘာမှာ နေ့နဲ့ ညဆိုပြီး အချိန်နှစ်ခုရှိတယ်၊ ကောင်းကင်ကြီးက နေ့ဘက်ကျ လင်းပြီး ညဘက်ကျ မှောင်မည်းနေတယ်၊ ရေက ၁၀၀ ဒီဂရီဆဲလ်စီးယပ်စ်မှာ ဆူပွက်တယ်။ ဒါတွေအကုန်လုံးက Fact တွေဖြစ်ကြပါတယ်။ အခုကျွန်တော် အပြင်ကို လှမ်းကြည့်လိုက်ပါတယ်၊ ကောင်းကင်ကြီးတစ်ခုလုံး ပြာနေပါတယ်၊ ဒါ Fact ပါပဲ။ မှန်ကန်ပါတယ်၊ ကောင်းကင်ကြီးက နေ့အခါဆို ပြာတာပေါ့။

ဒါဆို ဟုတ်ပြီလေ၊ ကိုယ်က ပြာတယ်ဆို ပြာတယ်ဆိုတဲ့ အဆင့်မှာ တစ်မနေချင်ဘူး။ နေ့အခါမှ ပြာတာလားဆိုတာ သိချင်သေးတယ်၊ အဲ့တာနဲ့ မနက်နေထွက်တာကို စောင့်ကြည့်တယ်၊ နေလုံးကြီး ထွက်လာပြီး ကောင်းကင်တစ်ခုလုံး ပြာလင်းနေပြီလေ။ ကျွန်တော်တို့ ကိုယ်တိုင်အတည်ပြုနိုင်ပါပြီ၊ ကောင်းကင်ကြီးက နေ့ထွက်လာတဲ့အခါ လင်းတယ်၊ အရောင်လေးက အပြာရောင်လေးပါ။ ဒီနားတင် မရပ်ဘူး။ နည်းနည်း ပိုသိချင်သေးတယ်၊ ကောင်းကင်က ဘာလို့ ပြာရတာလဲ၊ ဘာလို့ တခြားအရောင်မဖြစ်ဘဲ အပြာပဲ ဖြစ်နေရတာလဲ။ ဒါဆို ကျွန်တော်တို့ အချက်အလက်တစ်ခုကို အခြေခံပြီး မေးခွန်းစထုတ်မိပါပြီ။ ကောင်းကင်ကြီး ပြာတဲ့အကြောင်းကို သိချင်ရင် ဒီနေ့ခေတ်မှာတော့ ဂူဂဲခေါက်လောက်ပေါ့၊ ဖက်ဟပ်မှာလဲ တင်ထားတယ်၊ ရှာဖတ်လိုက်ရင် အိုကေတာပဲမလား။ ဒါပေမဲ့ ခုနက မေးခွန်းကို မေးမိတဲ့သူက ကောင်းကင်ဘာလို့ပြာတယ်ဆိုတာကို မသိရသေးတဲ့အချိန်ကာလတုန်းက လူဆိုရင်ရော။

ဒါဆိုရင်တော့ စစဉ်းစားမိပါပြီ။ လူ့သဘာဝအရတော့ ဖြစ်နိုင်ချေရှိတာတွေကို ထင်ကြေးပေးကြည့်ပါမယ်၊ စဉ်းစားကြည့်ပါ့မယ်၊ သိပ္ပံနည်းကျ စူးစမ်းလေ့လာခြင်းမှာတော့ ဒီအဆင့်က အဆိုကြမ်း (Hypothesis) တည်ဆောက်တဲ့အဆင့်ပါ။ ကောင်းကင်ကြီး ပြာတာသည် ပင်လယ်သမုဒ္ဒရာတွေက ရေပြာတွေ နေအလင်းကြောင့် ကောင်းကင်ကို ရောင်ပြန်ဟပ်တာ၊ အဖဘုရားသခင် ကမ္ဘာမြေကို ဖန်ဆင်းစဉ်အချိန်က ကမ္ဘာမြေပေါ် ဘလူးဘယ်ရီသီးစားပြီး ကျင်ငယ်စွန့်ခဲ့လို့ ပြာနေတာ၊ နေကလာတဲ့အလင်းတွေ ကမ္ဘာ့လေထုနဲ့ ထိပြီး အလင်းရောင်စဉ်တွေဖြာထွက်ကုန်တာကြောင့် ပြာနေတာ … မေးခွန်းတစ်ခုရဲ့အဖြေအတွက် ဒီလို ဖြစ်နိုင်ချေတွေကို စဉ်းစားမိပါတယ်၊ အဲ့တာက ခုနက ပြောတဲ့ အဆိုကြမ်းတွေ စတင်စဉ်းစားတဲ့အဆင့်ပေါ့။ သိပ္ပံပညာရှင်တွေက အဆိုကြမ်းတွေကို စဉ်းစားအဆိုပြုရာမှာ လက်ရှိသိရှိထားတဲ့ သိပ္ပံနည်းကျ အချက်အလက်တွေနဲ့ သုတေသနအဟောင်းတွေ၊ ဖြစ်နိုင်ချေအရှိဆုံးကိစ္စတွေကို ဆက်စပ်စဉ်းစားပြီးမှ အဆိုပြုကြတယ်။ ပြီးရင် အဲ့ဒီအဆိုကြမ်းတွေထဲကမှ ဖြစ်နိုင်ချေ အရှိဆုံး တစ်ခုကို ပြန်ရွေးပါတယ်၊ ခုနက အဆိုပြုချက်တွေထဲမှာ ရေပြာတွေကို နေအလင်းရိုက်ခတ်တာကြောင့် ကောင်းကင်ရောင်ပြန်တဲ့ ကိစ္စက မဖြစ်နိုင်တဲ့အခြေအနေရှိတယ်ဆိုရင် ပယ်လိုက်ပါတယ်၊ အလားတူပဲ ဘုရားသခင် ကျင်ငယ်စွန့်တာကလဲ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်လို့ ပယ်ပြန်ပါတယ်၊ နောက်ဆုံးတစ်ချက်ကတော့ နည်းနည်း ဟုတ်တုတ်တုတ်ရှိပါတယ်၊ သုတေသနတချို့ကလဲ ထောက်ခံနေပါတယ်။ ဒါဆို သူ့ကို တစ်ဆင့်တက်ပြီး လက်တွေ့စမ်းသပ်ချက်တွေ စလုပ်ပါတော့မယ်။

စူးစမ်းလေ့လာ မေးခွန်းထုတ်တဲ့အဆင့်၊ မေးခွန်းအတွက် ဖြစ်နိုင်ချေတွေကို စနစ်တကျစဉ်းစားတဲ့အဆင့်နဲ့ အဲ့ဒီဖြစ်နိုင်ချေတွေထဲက ဖြစ်နိုင်ချေအရှိဆုံးကို ရွေးချယ်တဲ့ကိစ္စ ပြီးတော့ အဲ့ဒီအဆိုပြုချက်တွေ မှန်/မမှန်ကို လက်တွေ့စမ်းသပ်ချက်တွေ ပြုလုပ်ပါတော့မယ်။ သုတေသနတွေအရ နေကလာတဲ့ ရောင်စဉ်တန်းတွေကို သုံးမြှောင့်ဖန်တုံးထဲ ပေးဖြတ်ကြည့်တဲ့အခါ လှိုင်းတွေက မှန်ကွေးကိုဖြတ်ရတော့ အရှိန်လျော့ကာ လမ်းကြောင်းသွေဖယ်ကုန်ပြီး အဲ့ဒီထဲက အပြာလှိုင်းက အတိုဆုံးဖြစ်နေတာကို တွေ့ခဲ့ရပါတယ်၊ ဒါဆိုရင်တော့ ကနဦးစမ်းသပ်ချက်အရ အပြာရောင်စဉ် ဖြာထွက်လို့ ပြာတာ ဖြစ်နိုင်ပါပြီ။ တခြား နည်းစနစ်တွေ .. ဥပမာ အလင်းလှိုင်းတွေရဲ့ လှိုင်းအလျားတွေ ကြိမ်နှုန်းတွေကို တိုင်းတာတွက်ချက်တာ၊ စက်ပစ္စည်းတွေနဲ့ စုံစမ်းထောက်လှမ်းတာ .. ဒီနည်းတွေနဲ့ အဆိုပြုချက်ကို သက်သေပြဖို့ ကြိုးစားပါတယ်၊ အကယ်၍ စမ်းသပ်ချက်တွေ တစ်ခုကနေ တဆင့် အဆိုပြုချက် မှန်ကန်တယ်လို့ အဖြေထွက်လာရင် နောက်တစ်နည်းနဲ့ ထပ်စမ်းပါတယ်၊ အဲ့ဒီလိုနဲ့ အမျိုးမျိုး အဖုံဖုံ ဘယ်နားက စမ်းစမ်း အဆင်ပြေပြီဆိုရင်တော့ သုတေသနတစ်ခုလုံးကို ပြန်လည်ဆန်းစစ်ပြီး လိုအပ်ချက်ရှိတဲ့ နေရာရှာပါတယ်၊ ဒီနေရာမှာ တကယ်လို့သာ စမ်းသပ်တဲ့ စမ်းသပ်ချက်တွေထဲက တစ်ခုခုက မမှန်ကန်ခဲ့ရင် ခုနက အဆိုပြုချက်တွေဆီ ပြန်ဆင်းပြီး အစက ပြန်သွားပါတယ်။ မှန်သွားရင်တော့ ခုနက အခြေအနေကနေ နောက်ဆုံး ကောက်နုတ်ချက်တွေထုတ်၊ အတည်ပြုပြီး သီအိုရီတစ်ခု တည်ဆောက်ပါတယ်၊ အဲ့ဒီသီအိုရီက Scientific Method ကို လိုက်နာထားပြီး ထပ်ခါထပ်ခါ ဆင့်ကဲအတည်ပြုထားတဲ့ သုတေသနတွေကတဆင့် ဖြစ်တည်လာတာဖြစ်တာကြောင့် အဲ့ဒီကထွက်လာတဲ့ သီအိုရီတစ်ခုက အဲ့ဒီဖြစ်စဉ်ကို ဘယ်လိုနည်းနဲ့မဆို တူညီတဲ့အဖြေတစ်ခုကိုပဲ ထုတ်ပေးပါတယ်၊ ဒါကြောင့် သီအိုရီတွေဆိုတာ ဖြစ်စဉ်တစ်ခု ဘယ်လိုအလုပ်လုပ်လဲဆိုတာ ရှင်းပြနိုင်ဖို့ စွမ်းဆောင်ပေးပါတယ်။ သီအိုရီတွေကတဆင့်လဲ နေက်ထပ်ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်၊ အဲ့ဒီ ကြိုတင်ခန့်မှန်းချက်တွေကနေ နောက်ထပ်အကြောင်းအရာအတွက် နောက်ထပ် အဆိုပြုချက်တွေ၊ အဆိုကြမ်းတွေ ဆက်လက်လုပ်ဆောင်ပါတယ်။

သီအိုရီတစ်ခုက သက်သေပြနိုင်တာနဲ့ ပြီးတာလဲ မဟုတ်ပြန်ပါ၊ သီအိုရီတစ်ခုကို တည်ဆောက်လိုက်တဲ့ ပညာရှင်တစ်ယောက်က သူ့ရဲ့ သုတေသနကို တခြားပညာရှင်တွေနဲ့လဲ အလားတူ ထပ်ဆင့်မျှဝေရပါတယ်၊ သုတေသနစာတမ်းတွေ၊ ရလဒ်တွေကို အဆင့်ဆင့် review လုပ်ခိုင်းပါတယ် (Peer review)။ Review လုပ်တဲ့သူတွေက အဲ့ဒီသီအိုရီကို သူတို့နည်း သူတို့ဟန်နဲ့ စမ်းသပ်နိုင်သလို၊ ချို့ယွင်းတဲ့နေရာတွေရှိရင်လဲ ထောက်ပြနိုင်တယ်။ လုံးလုံး မှားတာကို သက်သေပြနိုင်ခဲ့ရင်တော့ အဆိုကြမ်းအဆင့်ကနေတောင် ပယ်ဖျက်ခံရပါတယ်။

ဒီနေရာအထိ ပြန်ချုပ်ရရင် ဖြစ်နေတဲ့အရာတွေ၊ ကြုံတွေ့နေရသမျှတွေကို စူးစမ်းလေ့လာ မေးခွန်းထုတ်ရင်း စကြပါတယ်၊ မေးခွန်းအတွက် ဖြစ်နိုင်ချေရှိတဲ့ အရာတွေကို ထုတ်နုတ်ပါတယ်၊ အဲ့တာတွေကို လက်တွေ့စမ်းသပ်ပြီး မှန်ကန်ကြောင်း သက်သေပြပါတယ်၊ အဲ့ဒီကနေ Peer-review လုပ်ကြပါတယ်။ နောက် မှန်ကန်ရင် သီအိုရီအဖြစ် သတ်မှတ်ခံရပါတယ်၊ သီအိုရီတွေကနေတဆင့် ကြိုတင်ခန့်မှန်းမှုတွေ၊ ထပ်ဆင့်လေ့လာမှုတွေ ဆက်လုပ်ပါတယ်၊ အဲ့ဒီသီအိုရီမှန်ကြောင်း အထောက်အထားပြနိုင်မှာတွေကို လိုက်ရှာပါတယ်၊ ထည့်သွင်းပါတယ်၊ မှန်တာကနေ ပိုမှန်အောင်၊ များများမှန်အောင်၊ မှန်သထက်မှန်အောင် လုပ်ပါတယ်။ သီအိုရီတစ်ခုဖြစ်လာဖို့ အဆင့်အများကြီး ဖြတ်ရပါတယ်။

နမူနာအနေနဲ့ လူတွေဖျားနာကြတာက အချက်အလက်တစ်ခုပါ။ ဘာလို့ဖျားရလဲဆိုတဲ့မေးခွန်းအတွက် အဆိုကြမ်းတွေ စဉ်းစားပါ့မယ်။ မကောင်းမှုလုပ်လို့၊ ပယောဂဝင်လို့၊ ပြင်ပက ဗိုင်းရပ်စ်တစ်ခု ကိုယ်တွင်းဝင်ရောက်ပြီး ကိုယ်ခံအားစနစ်ကို တိုက်ခိုက်လို့ .. စသဖြင့် ဒီလို အဆိုကြမ်းတွေနဲ့ ဖြစ်နိုင်ချေရှိတာ စဉ်းစားပါ့မယ်။ အမှန်ကန်ဆုံး တစ်ခုကို ရွေးပါမယ်၊ စမ်းသပ်ပြီးတော့ အတည်ပြုပါမယ်။ ဆင့်ကဲသမိုင်းက Fact တစ်ခုပါ။ မှန်ကန်ပါတယ်၊ သူ့ကို သက်သေပြထားနိုင်တဲ့ နည်းနာတွေ မရေမတွက်နိုင်အောင်ရှိပြီးသားဖြစ်လို့ပါ။ သူ့ရဲ့ အဓိက အလုပ်လုပ်ပုံကို သဘာဝရဲ့ ရွေးချယ်ခြင်း : Natural Selection က ရှင်းပြထားပါတယ်၊ Natural Selection by Evolution theory က သီအိုရီတစ်ခုပါ။ လူတွေက ဗြဟ္မာတွေက ဆင်းသက်လာတာ မဟုတ်ဘဲ မျောက်တွေက ဆင်းသက်လာတယ်ဆိုတာ သက်သေပြနိုင်တဲ့ သီအိုရီတစ်ခုပါ။

နိယာမဆိုတာကတော့ အများအားဖြင့် သင်္ချာကိုအသုံးပြုပြီး ဖြစ်စဉ်တစ်ခုကို အသေးစိတ်ရှင်းပြနိုင်တဲ့ သိပ္ပံဆိုင်ရာနည်းနာတစ်ခုပါ။ နိယာမတွေက ဘာကြောင့် ဘာဖြစ်တယ်ဆိုတာကို မရှင်းပြပါဘူး၊ နမူနာအနေနဲ့ နယူတန်ရဲ့ နာမည်ကြီး ဒြပ်ဆွဲအားနိယာမအရ ဒြပ်ရှိတဲ့ အရာမှန်သမျှ အချင်းချင်းဆွဲငင်ပါတယ်။ သူတို့ဆွဲငင်တဲ့အကြောင်းက အကွာအဝေးနဲ့ ဒြပ်ထုအပေါ်မူတည်လို့ အဲ့ဒီကြားကို ချိတ်ဆက်တွက်ချက်နိုင်ဖို့ရာ ဖော်မြူလာတစ်ခု နယူတန်က ထုတ်ထားပါတယ်။ ဒါပေမဲ့ အဲ့ဒီညီမျှခြင်းကတော့ ဘာလို့ ဒြပ်တွေက အချင်းချင်းဆွဲလဲဆိုတာ မရှင်းထားသေးပါဘူး။ အဲ့ဒီလိုပဲ အဆိုကြမ်းတွေ ပြုစုပြီး စဉ်းစားရာကနေ အိုင်းစတိုင်းရဲ့ နာမည်ကျော် ယေဘုယျနှိုင်းရ သီအိုရီက ဒြပ်ဆွဲအားသီအိုရီအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါပေမဲ့ အိုင်းစတိုင်းကနေပြီး နယူတန်ရဲ့ ဒြပ်ရှိတဲ့အရာမှန်သမျှ ဆွဲငင်တယ်ဆိုတဲ့ မှန်ကန်ချက်တစ်ခုကို ဆန့်ကျင်လိုက်တာ မဟုတ်ဘဲ အဲ့တာကို အခြေခံလို့ အာကာသအနှိုင်းဘောင်ကနေတဆင့် ဒြပ်တွေကနေတဆင့် အာကာသအချိန်ပြင်ညီပုံယွင်းမှုနဲ့ ဒြပ်ဆွဲအားသက်ရောက်မှု ရှင်းလင်းပြလိုက်တာပါ။ အိုင်းစတိုင်းရဲ့ GR သီအိုရီက အင်မတန်သေးငယ်တဲ့ ဒြပ်အမှုန်တွေ၊ အက်တမ်အတွင်းက ကွာခ့်တွေကြား ဖြစ်နေတဲ့ ဒြပ်ဆွဲအားတွေကိုတော့ ရှင်းပြနိုင်ခြင်းမရှိပါဘူး၊ ဒီလိုပြောလိုက်လို့ အိုင်းစတိုင်းရဲ့ သီအိုရီက မှားသွားလား။

မမှားပါဘူး။ အိုင်းစတိုင်းရဲ့ GR သီအိုရီက ကွမ်တမ်အခြေအနေက ဒြပ်တွေရဲ့ ဒြပ်ဆွဲအားဆက်နွယ်မှုကို မရှင်းပြနိုင်ပေမဲ့ ကျွန်တော်တို့ လူသားတွေ ကြုံတွေ့ခံစားရတဲ့ အနှိုင်းဘောင်မှာတော့ ဒြပ်ဆွဲအားကို GR က အကောင်းဆုံး ရှင်းပြနိုင်ပါသေးတယ်။ ကွမ်တမ်အခြေအနေက ဒြပ်ဆွဲအားကို မရှင်းပြနိုင်လို့ အဲ့ဒီယေဘုယျနှိုင်းရသီအိုရီတစ်ခုလုံးကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်လို့ မရပါဘူး၊ ကိုယ်ဝယ်ထားတဲ့ ကားတစ်စီးရဲ့ တာယာတစ်လုံးက ပေါက်နေတယ်ဆိုရင် ဘယ်သူကမှ တာယာပေါက်နေလို့ နောက်ကားအသစ်တစ်စီးပဲ သွားဝယ်လိုက်တော့မယ်ဟေ့လို့ မလုပ်ပါဘူး။ အဲ့ဒီအစား ပေါက်နေတဲ့ တာယာကိုပဲ ပြင်မှာပါ။ သိပ္ပံက အဲ့လိုအလုပ်လုပ်ပါတယ်။ သိပ္ပံနည်းကျ သီအိုရီတွေမှာ မမှန်တာကို အစကတည်းက ဘောင်မသွင်းတာဖြစ်လို့ မှားတယ်ဆိုတာ မရှိပါဘူး။ ပိုမှန်တဲ့အခြေအနေဆီကိုပဲ ထပ်ဆင့်ပြုပြင်မွမ်းမံပြီး သွားကြရတာပါ။ ကမ္ဘာလုံးတယ်ဆိုတဲ့ သီအိုရီကို လက်ခံရာကနေ ကမ္ဘာကြီးက လုံးဝ လုံးဝန်းနေတာ မဟုတ်ဘဲ ဘဲဥသဏ္ဍာန်နဲ့ ခပ်ဆင်ဆင်ရှိတယ်ဆိုတာကို သိသွားလို့ အစက ကမ္ဘာလုံးတယ်ဆိုတာက မှားသွားတာမဟုတ်ပါဘူး။ ‘ပို’ မှန်သွားတာဖြစ်ပါတယ်။ ဆင့်ကဲသီအိုရီကို အခြေခံတဲ့ ဒါဝင်ရဲ့ မူလဘူတသီအိုရီ (pangenesis theory) ကို ဟူဂိုဒီဂရီးစ်က အဆင့်မြှင့်ဆန်းသစ်စေခဲ့သလို မန်ဒယ်ကလည်း မူလဘူတသီအိုရီကို အထောက်အကူပြုနိုင်မယ့် တွေ့ရှိချက်တွေနဲ့ ဆင့်ကဲသီအိုရီကြီးကို တိုးမြှင့်ဆန်းသစ်စေခဲ့တယ်။ အဲ့လို upgrade လုပ်လိုက်လို့ ဒါဝင့်ရဲ့ မူလ ဆင့်ကဲသီအိုရီက မှားသွားတာမဟုတ်ပါဘူး။ အသစ်အသစ်‌သော၊ ပိုမိုတိကျမှန်ကန်တဲ့၊ ပိုကောင်းတဲ့ သက်သေပြချက်တွေ ပေါ်လာလို့ မူလရှိနေတဲ့ သီအိုရီက မမှားပါဘူး။ “Refinement” လို့ခေါ်တဲ့ ပိုမိုမှန်ကန်တဲ့ သီအိုရီအဖြစ်ကို ဆန်းသစ်စေတာပါ။ ဒါကြောင့် မင်းတို့သိပ္ပံက မှားတာတွေလဲ ရှိပါတယ်ဆိုတဲ့ စကားကလဲ အလယ်တန်းစာမကျေတာကို လူသိစေပါတယ်။

သိပ္ပံသီအိုရီတိုင်းက အမှားခံနိုင်/အစမ်းသပ်ခံနိုင်ရပါတယ်
______________

ခုနကပြောတော့ မှားတာတွေကို ဘောင်မသွင်းဘူးလို့ ပြောပြီး ဒီမှာတော့ အမှားခံနိုင်တာ ဘာလားဟလို့ မတွေးလိုက်၊ မပြောလိုက်ပါနဲ့ဦး။ Falsifiability ဆိုတာ ကားလ်ပေါ့ပါမိတ်ဆက်ခဲ့တဲ့ သိပ္ပံနည်းကျ စူးစမ်းလေ့လာမှုတစ်ခုရဲ့ လော့ဂျစ်တစ်မျိုးပါ။ သိပ္ပံနည်းကျ သီအိုရီတွေမှာ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ မှန်ကန်တာ လုံးဝမရှိပါဘူး။ အဲ့ဒီအစား အဲ့ဒီသီအိုရီကိုပဲ သက်သေပြချက်တွေ၊ သုတေသနတွေ၊ မှန်ကန်ချက်တွေ ထည့်သွင်းပေါင်းစပ်ပြီး မှန်သထက် မှန်အောင် သွားရပါတယ်၊ သီအိုရီတိုင်းမှာလဲ သီအိုရီကို တည်ဆောက်ထားတဲ့ အဆိုပြုချက်တွေ ပါဝင်ပါတယ်။ အကယ်၍ အဲ့ဒီသီအိုရီထဲ ပါဝင်တဲ့ ဖော်ပြချက်လေးတစ်ခုက လက်ရှိ တွေ့ရှိချက်နဲ့ မကိုက်ခဲ့သည်ရှိသော်ဆိုတဲ့ ဖြစ်နိုင်ချေအပေါ် အခြေခံပြီး ဖြစ်လာတဲ့ လော့ဂျစ်တစ်ခုပေါ့။ တစ်နည်းအားဖြင့် ဘယ်သီအိုရီကိုမှ ၁၀၀ ရာခိုင်နှုန်း မှန်တယ်လို့ သက်သေမပြနိုင်ဘူးဆိုတာပါ။ သီအိုရီတွေကလဲ ကျွန်တော်တို့ လက်ရှိသိထားတဲ့ အသိပညာအရ ဘယ်အဖြစ်အပျက်က ဘယ်လိုဖြစ်လဲ ဘာလို့ဖြစ်လဲဆိုတာကို ရှင်းပြတာဖြစ်လို့ သိရှိမှုတွေ မြင့်မားလာတာနဲ့အမှျ ပိုမိုမှန်ကန်တဲ့ အခြေအနေကို တိုးမြှင့်တင်ပေးရတာပါ။ အဲ့ဒီလော့ဂျစ်ကို ကိစ္စတစ်ခုက သိပ္ပံနည်းကျ ရှင်းလင်းနိုင်ဖို့ ‘ဘောင်’ ဝင်ရဲ့လားဆိုတာကို ဆုံးဖြတ်တဲ့အခါလဲ သုံးကြပါတယ်၊ နမူနာအနေနဲ့ မြင်းမိုရ်တောင်ရှိတယ်ဆိုတဲ့ သီအိုရီတစ်ခု တစ်ယောက်ယောက်က ထလုပ်လိုက်တယ် ဆိုပါစို့။ ကျွန်တော်တို့အနေနဲ့ မြင်းမိုရ်တောင်ကို တစ်ခါမှလဲ မမြင်ဖူးပါဘူး။ အဲ့ဒီဟာ မှားကြောင်း သက်သေကလဲ မပြနိုင်ပါဘူး၊ မပြနိုင်တယ်ဆိုတာကလဲ အမှန်တကယ်မတည်ရှိတဲ့အရာတစ်ခုမလို့ မပြနိုင်တာပါ။ ရှိကြောင်းကို လက်တွေ့စမ်းသပ်နိုင်ဖို့ကလဲ မဖြစ်နိုင်ပါဘူး။ သိပ္ပံနည်းကျ သီအိုရီတွေက အမှန်တကယ်ဖြစ်ပျက်နေတဲ့ ကိစ္စတွေကိုတော့ သက်သေပြနိုင်ပေမဲ့ အမှန်တကယ် မတည်ရှိနေတဲ့ကိစ္စကိုတော့ သွားသက်သေပြလို့ မရပါဘူး။ အလားတူပဲ တစ္ဆေ၊ သရဲတွေ၊ သဘာဝလွန်ကိစ္စတွေကိုလဲ ထိုနည်းလည်းကောင်းပါပဲ။ အမှန်တကယ်မတည်ရှိနေတဲ့ ကိစ္စတစ်ခု၊ မှားကြောင်း သက်သေမပြနိုင်တာတစ်ခုကို သိပ္ပံနည်းကျ သီအိုရီလို့ မသတ်မှတ်နိုင်သလို သိပ္ပံနည်းအရလဲ မရှင်းနိုင် တစ်နည်း ဘောင်မဝင်နိုင်ပါ။ လော့ဂျစ်အရ တစ်ယောက်ယောက်ရဲ့ သီအိုရီက တည်ဆောက်ထားတဲ့ အစိတ်အပိုင်းတစ်ခုကို မှားယွင်းကြောင်း သက်သေမပြနိုင်တဲ့ အခြေအနေမှာ မရှိနေရင် အဲ့ဒါကို သိပ္ပံနည်းကျ သီအိုရီလို့ မသတ်မှတ်ပါဘူး။ သိပ္ပံပညာရှင်တွေိကိုယ်တိုင်ကလဲ သူတို့သီအိုရီမှာ လိုအပ်ချက်တွေ၊ ဖြည့်စွက်သင့်တာတွေနဲ့ အပြစ်အနာအဆာတွေကို အမြဲရှာနေတာဖြစ်လို့ တခြားတစ်ယောက်ကနေပြီးလဲ သူ့ဟာ မှားမမှားဆိုတာကို လာစမ်းသပ်နိုင်ပါတယ်။ ဒါကြောင့် မှားသွားနိုင်တဲ့ အခြေအနေ/ ဖြစ်နိုင်ချေရှိမှလဲ သိပ္ပံနည်းကျ သီအိုရီဖြစ်တာပါ။ ဒီနေရာမှာ မှားတယ်ဆိုတာကလဲ သီအိုရီတစ်ခုလုံးကို ဆိုလိုတာမဟုတ်ဘဲ သီအိုရီတစ်ခုက ပဟေဠိဆက်ရတဲ့ Puzzle အချပ်ကြီးဆိုရင် အထဲက puzzle လေးတစ်ခုက ချို့ယွင်းနေတာ (မှားတယ်လို့ မသုံးချင်ပေမဲ့) မှားနေတာမျိုးရှိရင် အဲ့ဒါနေရာမှာ ပိုမှန်တာကို အစားထိုးဖို့၊ အဆင့်မြှင့်ဖို့ လုပ်ကြတာမျိုးပါ။ ဒီလိုနည်းနဲ့ ကျွန်တော်တို့က သဘာဝတရားကြီးကို ပိုမိုနီးနီးစပ်စပ် နားလည်နိုင်စေပါတယ်။ သိပ္ပံရဲ့ အလုပ်လုပ်ပုံကို နားလည်ပြီဆိုရင်တော့ စကားဝိုင်းတစ်ခုရောက်ရင် ကျောက်ဆောင်ကြီးက ရေအန်တယ်ဆိုတာကို ယုံပေမဲ့ လဆွဲငင်အားကြောင့် ဒီရေတက်တယ်ဆိုတာကိုတော့ သံသယရှိတယ်လို့ မပြောမိဖို့ ရှောင်ကြဉ်ကြပါခင်ဗျာ။

ဆက်စပ်ဆောင်းပါးတွေကို ကောမန့်မှာ ဝင်ကြည့်နိုင်ပါတယ်။ ဝဘ်ဆိုက်ကတဆင့် ဖတ်ရင်တော့ ဘေးက ကွန်းတန့်အမျိုးအစားတွေကို နှိပ်ပြီး သက်ဆိုင်တဲ့ ဆက်စပ်ပိုစ့်တွေကို ဆက်ဖတ်နိုင်မှာပါ။

Fact Hub Myanmar page ကို ရီဗျူးဝင်ရေးပေးခဲ့ဖို့အတွက် တောင်းဆိုချင်ပါတယ်။

 

 

 

Zwe Thukha Min

Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People. With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.

Article Credits

Written by Zwe Thukha Min
Copy Editing Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.